မျောက်ကျောက်ရောဂါ-ကိုယ့်ကို ဘယ်လိုကူးနိုင်လဲ၊ စိုးရိမ်စရာ ကောင်းသလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖရိကတိုက်အပြင်ဘက် ဥရောပ၊ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျ နိုင်ငံတွေမှာ monkeypox လို့ ခေါ်တဲ့ မျောက်ကျောက်ရောဂါ ကူးစက်မှုပေါင်း အနည်းဆုံး ၉၂ ခု ရှိခဲ့ပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံကနေ အတည်ပြု သိရပါတယ်။
မျောက်ကျောက်ရောဂါ လူအစုလိုက်အပြုံလိုက် ဖြစ်လေ့ဖြစ်ထ မရှိတဲ့ နိုင်ငံ ၁၂ နိုင်ငံမှာ မျောက်ကျောက်ရောဂါလို့ ယူဆရတဲ့ ရောဂါဖြစ်မှု ၂၈ ခု တွေ့ထားရပြီး စစ်ဆေးနေတယ်လို့ WHO က ပြောပါတယ်။
ဒါပေမဲ့ ဒါဟာ ကိုဗစ်ရောဂါသစ်တစ်ခု ထပ်ဖြစ်လာမယ့် အခြေအနေမျိုး မဟုတ်ဘူးဆိုတာကို WHO အဖွဲ့က ကျွမ်းကျင်သူ ပညာရှင်တွေက အလေးအနက် ပြောနေကြပြီး ခုလက်ရှိ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုဟာ ထိန်းချုပ်လို့ ရနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတော့ မျောက်ကျောက်ရောဂါနဲ့ ပတ်သက်လို့ လူတွေ ဘယ်လောက် သိကြပါလဲ။
မျောက်ကျောက်ရောဂါ ဆိုတာ ဘာလဲ
မျောက်ကျောက်ရောဂါဟာ မျောက်ကျောက် ဗိုင်းရပ်စ် (monkeypox virus) ကြောင့် ဖြစ်တဲ့ ရောဂါပါ။ ဒီဗိုင်းရပ်စ်ဟာ ကျောက်ရောဂါ ဗိုင်းရပ်စ် မိသားစုထဲက ဖြစ်ပြီး ရောဂါပြင်းထန်မှု အများကြီး နည်းပါတယ်။
ဒီရောဂါကို အာဖရိက အလယ်ပိုင်းနဲ့ အနောက်အာဖရိကဒေသတွေမှာ တွေ့ရလေ့ ရှိပြီး အထူးသဖြင့် အမြဲစိမ်းသစ်တောဒေသတွေမှာ ပိုတွေ့ရတတ်ပါတယ်။
ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံက သစ်တောထူထပ်တဲ့ ဒေသတချို့မှာ ပြီးခဲ့တဲ့နှစ် တစ်နှစ်တည်းမှာတင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှု ၁၂၀၀ ကျော် ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် မေလ တစ်ရက်နေ့အထိ သေဆုံးသူ ၅၇ ဦး ရှိခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။
မျောက်ကျောက်ရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ
ကနဦး ရောဂါလက္ခဏာတွေက ကိုယ်ပူ၊ ခေါင်းကိုက်၊ အကြိတ်ရောင်၊ ခါးကိုက်၊ ကြွက်သားနာကျင်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။

အဲဒါတွေ ဖြစ်ပြီးတဲ့နောက်မှာ အင်ပြင်တွေ ပေါ်လာတတ်ပါတယ်။ အရေပြား နီရဲလာရာကနေ တဖြည်းဖြည်းနဲ့ အင်ပြင်ဖုလေးတွေ စပေါ်လာပြီး အရည်ကြည်ဖုလေးတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီနောက်မှာတော့ ပြည်ဖုတွေ အဖြစ် ပြောင်းသွားတယ် လို့ WHO ရဲ့ ကျောက်ရောဂါဆိုင်ရာဌာန အကြီးအကဲ ဒေါက်တာ ရိုဆာမန် လူး၀စ်စ် က ပြောပြပါတယ်။
"အဲဒီနောက်မှာတော့ ပြည်ဖုတွေက တဖြည်းဖြည်း ခြောက်သွားပြီး အနာဖေးတွေ တက်လာပါလိမ့်မယ်။ ပြီးရင် အနာဖေးတွေ ကွာကျသွားပါတယ်" လို့ သူက ပြောပါတယ်။
"အင်ပြင်ဖုတွေက ယားတာမျိုး၊ နာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ သက်သာသွားတတ်ပါတယ်"လို့ အမေရိကန်အခြေစိုက် ဂျွန်ဟော့ပ်ကင်းစ် ကျန်းမာရေးဌာနက ဒေါက်တာ အမက်ရှ် အဒယ်လီယာက ပြောပြပါတယ်။
"အင်ပြင်တွေက တဖြည်းဖြည်း ပျောက်သွားပါလိမ့်မယ်။ လူအများစုကတော့ နောက်ဆက်တွဲ ပြဿနာ ကြီးကြီးမားမား မဖြစ်တတ်ကြပါဘူး" လို့ သူက ဘီဘီစီကို ပြောပါတယ်။ ပုံမှန်ကတော့ ဒီရောဂါက သူ့ဟာသူပဲ ပျောက်သွားတတ်ပြီး ၁၄ ရက်ကနေ ၂၁ ရက်လောက် ကြာတတ်ပါတယ်။
မျောက်ကျောက်ရောဂါက ဘယ်လို ကူးစက်သလဲ
မျောက်ကျောက်ရောဂါဟာ ရောဂါရှိနေတဲ့ မျောက်၊ ကြွက် ဒါမှမဟုတ် ရှဉ့်လို တိရစ္ဆာန်မျိုးကနေ လူကို ကူးစက်နိုင်ပါတယ်။ လူအချင်းချင်း ကူးတာမျိုးက သိပ်ဖြစ်လေ့ မရှိပါဘူး။ ဒါပေမဲ့ ရောဂါရှိနေသူနဲ့ အနီးကပ် ထိတွေ့ရင်တော့ ကူးနိုင်ပါတယ်။
ဒီရောဂါက ကွဲအက်နေတဲ့ အရေပြား၊ အသက်ရှူလမ်းကြောင်း၊ မျက်စိနဲ့ ပါးစပ်တို့ကနေ ကူးစက်နိုင်ပါတယ်။
မျောက်ကျောက် အင်ပြင်တွေ ထွက်နေသူ ဝတ်တဲ့ အဝတ်အစား၊ အသုံးပြုတဲ့ အိပ်ရာခင်း ဒါမှမဟုတ် မျက်နှာသုတ်ပုဝါတွေနဲ့ ထိတွေ့မိရင်လည်း ရောဂါကူးနိုင်ပါတယ်။
မျောက်ကျောက်ဗိုင်းရပ်စ်ပိုးက ပြောင်းလဲလာသလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါကို အသေအချာ မသိပါဘူးလို့ ဒေါက်တာ လူးဝစ်စ်က ပြောပါတယ်။
ဒီဗိုင်းရပ်စ်က မျိုးဗီဇ သိပ်ပြောင်းလေ့ မရှိတဲ့ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်တယ်လို့ သူက ပြောပါတယ်။ ကျောက်ရောဂါ ဗိုင်းရပ်စ်ဟာ DNA ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်လို RNA ဗိုင်းရပ်စ်မျိုးတွေထက် ဗီဇပြောင်းနှုန်း အရမ်းကိုနည်းလွန်းတယ်လို့ ဒေါက်တာ လူးဝစ်စ်က ရှင်းပြပါတယ်။
ဒီဗိုင်းရပ်စ်အတွင်းထဲမှာ ဗီဇပြောင်းသွားတယ် ဆိုတဲ့ အထောက်အထား မတွေ့ရသေးပေမဲ့ ဒါနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေက အချက်အလက်တွေ စစုဆောင်း လေ့လာနေကြပြီလို့ သူက ပြောပါတယ်။
တကယ်လို့ ရောဂါကူးစက်မှုတချို့ရဲ့ ဖြစ်စဉ်ပေါ် အခြေခံပြီး ဒီဗိုင်းရပ်စ်က ပြောင်းလဲလာတယ် ဆိုရင်တော့ ရောဂါဗေဒပညာရှင်တွေ အနေနဲ့ ဆွေးနွေးသုံးသပ်မှုတွေ ချက်ချင်း စလုပ်လာကြလိမ့်မယ်လို့ ဒေါက်တာ လူး၀စ်စ်က ပြောပါတယ်။
လိင်တူဆက်ဆံသူတွေမှာ ရောဂါကူးဖို့ အန္တရာယ် ပိုများသလား
ဥရောပမှာ လက်ရှိဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါကူးစက်မှုအတွင်း ကူးစက်သူအတော်များများဟာ တခြားအမျိုးသား တစ်ယောက်နဲ့ လိင်ဆက်ဆံခဲ့တဲ့ အမျိုးသားတွေ ဖြစ်ကြတယ်လို့ တွေ့ရပါတယ်။ ဒါပေမဲ့ မျောက်ကျောက်ရောဂါကို လိင်ကနေတဆင့် ကူးစက်တဲ့ ရောဂါအဖြစ် သတ်မှတ်မထားပါဘူး။
WHO အဖွဲ့က ကျွမ်းကျင်သူပညာရှင် အန်ဒီ ဆီးလ် က "ဒီရောဂါဖြစ်တဲ့ သူတွေထဲမှာ အမျိုးသားတွေ ပါနေပေမဲ့ လူတချို့နဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြောနေကြသလို ဒါဟာ "လိင်တူရောဂါ" ဆိုတာကတော့ မဟုတ်ပါဘူး။ အနီးကပ် ထိတွေ့မိရင် ဘယ်သူမဆို ဒီရောဂါ ကူးစက်နိုင်ပါတယ်" လို့ ပြောပါတယ်။
"လိင်ကနေ ကူးစက်တဲ့ ရောဂါတွေဆိုတာက လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှသာ ရောဂါကူးစက်လေ့ ရှိတာပါ။ မျောက်ကျောက်ရောဂါကတော့ လိင်မဆက်ဆံရင်လည်း ရောဂါကူးစက်နိုင်ပါတယ်" လို့ ဆိုပါတယ်။ အမျိုးသားအချင်းချင်း လိင်ဆက်ဆံတဲ့သူ အတော်များများမှာ ဒီရောဂါ တွေ့ရတာက ဒီအုပ်စုဟာ သူတို့မှာ ရောဂါလက္ခဏာတွေ တွေ့တဲ့အခါမျိုးမှာ တခြားသူတွေထက် ပိုသတိထား စိုးရိမ်တတ်ကြတဲ့အတွက် လူပိုသိတာ ဖြစ်နိုင်တယ်လို့ သူပြောပါတယ်။
အခုရောဂါဖြစ်ပွားသူ စာရင်းဟာ လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေများလား ဆိုပြီး လာဆေးစစ်ကြတဲ့သူတွေထဲက စာရင်း ဖြစ်တယ်လို့ အန်ဒီ ဆီးလ်က ပြောပါတယ်။ "အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူတွေဟာ ပုံမှန်မဟုတ်တဲ့ အင်ပြင်မျိုး တွေ့ရင် ဆရာဝန်နဲ့ အမြန်ဆုံးပြပြီး ပျောက်အောင် ကုချင်တတ်ကြပါတယ်။"
မျောက်ရောဂါအကြောင်း သတင်းတွေကို မီဒီယာသတင်းဌာနတွေက ဖော်ပြတဲ့အခါ အများစုက အသားမည်း၊ အသားညိုတဲ့ ကလေးတွေရဲ့ ပုံတွေကို သုံးနေကြတာနဲ့ ပတ်သက်လို့လည်း တချို့က ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလူတွေဟာ စာနာစိတ် ကင်းမဲ့သူတွေ ဖြစ်တယ်လို့ Foreign Press Association သတင်းမီဒီယာရဲ့ အာဖရိကဌာနက ဒေါသတကြီး ဝေဖန်ခဲ့ပြီး ဒါဟာ အာဖရိကန်လူမျိုးတွေနဲ့ လူမည်းတွေအပေါ် ထားရှိတဲ့ အဆိုးမြင်စိတ်ကို ပိုကြီးထွားလာအောင် လုပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မျောက်ကျောက်ရောဂါဟာ ကမ္ဘာပေါ်က ဘယ်ဒေသမှာမဆို ဖြစ်နိုင်ပြီး ဘယ်လူမျိုးမဆို ဖြစ်နိုင်တယ် လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ "ဘယ်လူမျိုး ဘာအသားအရောင်ကိုမှ ဒီရောဂါအကြောင်း မျက်နှာဖုံးမှာ ထည့်ဖော်ပြစရာ မလိုဘူးလို့ ယူဆပါတယ်" လို့ ဆိုပါတယ်။
ကလေးငယ်တွေမှာ မျောက်ကျောက်ရောဂါ ဖြစ်နိုင်သလား
ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ လူပျို၊ အပျိုဖော်ဝင်စ လူငယ်တွေနဲ့ လူကြီးတွေထက် ရောဂါလက္ခဏာ ပိုဆိုးဆိုးရွားရွား ခံရနိုင်ဖွယ် ရှိတယ်လို့ WHO အဖွဲ့ကြီးက ဆိုပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကလေးမွေးဖွားစဉ် ဒါမှမဟုတ် ခန္ဓာကိုယ်ချင်း ထိတွေ့မိရာကနေ သန္ဓေသားလောင်း ဒါမှမဟုတ် မွေးကင်းစ ကလေးငယ်ကိုလည်း ကူးစက်နိုင်ပါတယ်။
မျောက်ကျောက်ရောဂါကြောင့် အသက်ဆုံးနိုင်သလား
မျောက်ကျောက်ရောဂါဟာ ပုံမှန်အားဖြင့် ကိုယ့်ကိုကိုယ် ထိန်းချုပ်ကုသနိုင်တဲ့ ရောဂါတစ်ခု ဖြစ်တယ်လို့ WHO က ပြောပါတယ်။ ဒါပေမဲ့ ရောဂါပြင်းထန်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လတ်တလော ကာလတွေမှာ မျောက်ကျောက်ရောဂါကြောင့် လူသေဆုံးမှုဟာ ၃ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒါပေမဲ့ ဒီကိန်းဂဏန်းကို ရှင်းပြနိုင်ဖို့ကတော့ အတော်လေး ရှုပ်ထွေးပါတယ်။
"တစ်ခါတလေ လူသေဆုံးမှုနှုန်းဟာ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီလူအတော်များများဟာ ဆေးကုသစောင့်ရှောက်မှု ရဖို့ ခက်ခဲတဲ့ ဒေသတွေမှာ နေထိုင်နေသူတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" လို့ ဒေါက်တာ အဒယ်လီဂျာ က ပြောပါတယ်။
မျောက်ကျောက်ရောဂါမှာ "အနောက်အာဖရိက"နဲ့ "အာဖရိက အလယ်ပိုင်း" ဆိုပြီး မျိုးကွဲနှစ်မျိုး ရှိပါတယ်။ လက်ရှိ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ပထမတစ်မျိုးနဲ့ ဆက်နွှယ်နေပါတယ်။
"သတင်းကောင်းကတော့ အနောက်အာဖရိက မျောက်ကျောက်ရောဂါဟာ အာဖရိကအလယ်ပိုင်း မျောက်ကျောက် ရောဂါထက် ရောဂါပြင်းထန်မှု ပိုနည်းတဲ့ အချက်ပါ။ ဒီတော့ ဒီမျိုးကွဲကြောင့် ရောဂါပြင်းထန်လာနိုင်တဲ့ လူက သိပ်ရှိမှာ မဟုတ်ဘူးလို့ မျှော်လင့်ထားပါတယ် " လို့ မဲလ်ဘုန်းမြို့ ဒီကင်တက္ကသိုလ်ရဲ့ ရောဂါဗေဒဆိုင်ရာ ပါမောက္ခ ကက်သရင်း ဘဲနက် က ဘီဘီစီကို ပြောပါတယ်။
မျောက်ကျောက်ရောဂါကို ဘယ်လိုကုသလဲ
မျောက်ကျောက်ရောဂါကုသနည်းကတော့ ရောဂါလက္ခဏာတွေ လျော့သွားရေးကို ကနဦး အာရုံစိုက် ကုတာ ဖြစ်ပါတယ်။
"ဗိုင်းရပ်စ်ပိုးကုတဲ့ ဆေးတွေ ရှိပါတယ်။ ဒါပေမဲ့ ဘယ်လောက် ထိရောက်သလဲဆိုတာကတော့ ရောဂါ စောစောတွေ့တာအပေါ် မူတည်နေတယ်"လို့ ပါမောက္ခ ဘဲနက် က ပြောပါတယ်။
ဒီဗိုင်းရပ်စ်အတွက် သီးသန့်ကုတဲ့ ကာကွယ်ဆေး မရှိပေမဲ့ ကျောက်ရောဂါ ကာကွယ်ဆေးကတော့ မျောက်ကျောက်ရောဂါအတွက် ၈၅ ရာခိုင်နှုန်း ထိရောက်တယ်လို့ WHO ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါပေမဲ့လည်း ကိုဗစ်ရောဂါလိုမျိုး လူဦးရေအလိုက် ကာကွယ်ဆေးဖို့တော့ လုပ်မှာ မဟုတ်ဘူးလို့ ပါမောက္ခ ဘဲနက် က ပြောပါတယ်။
အသက်ကြီးပိုင်း လူတချို့ကတော့ (၁၉၈၀ ပြည့်လွန်နှောင်းပိုင်းတုန်းက အမြစ်ပြတ် ကုနိုင်ခဲ့တဲ့ ကျောက်ရောဂါ ကာကွယ်ဆေး စီမံကိန်း) တုန်းက ကျောက်ရောဂါ ကာကွယ်ဆေး ထိုးထားခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်များတဲ့ နေရာတွေမှာ အလုပ်လုပ်နေကြသူ ကျန်းမာရေးဝန်ထမ်းတွေကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးတွေ ထိုးပေးရကောင်း ထိုးပေးရနိုင်ပါတယ်။
စိုးရိမ်စရာ ရှိသလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရောဂါကူးစက်မှုတွေ မြင့်တက်လာတာ တွေ့ရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ယူဆနေကြပေမဲ့လည်း လူထုတစ်ရပ်လုံးအပေါ် အန္တရာယ်ပေးနိုင်မယ့် အခြေအနေကတော့ အရမ်းကို နည်းတယ်လို့ ဆိုပါတယ်။
တကယ်လို့ ရောဂါ အရမ်းမပြင်းထန်ဘဲ အနာကြီးကြီး မဖြစ်တာမျိုး ဒါမှမဟုတ် ဆရာဝန်ဆီမှာ လာကုတာမျိုး မလုပ်ဘူးဆိုရင်တော့ အဲဒီလူတွေမှာ ရောဂါဖြစ်တာကို မသိလိုက်တာမျိုးတွေ ရှိကောင်း ရှိနိုင်ပါတယ် လို့ ပါမောက္ခ ဘဲနက်က ပြောပါတယ်။
မျောက်ကျောက်ရောဂါရဲ့ ရောဂါအစပျိုးကာလက ၁၂ ရက်လောက် ကြာတဲ့အတွက် ခုထုတ်ပြန်ထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေဟာ လက်ရှိ ရောဂါကူးစက်မှု အတိုင်းအတာကို လောလောဆယ် ထင်ဟပ်ပြတာမျိုး မရှိသေးဘူးလို့ ဒေါက်တာ အဒယ်လီယာကလည်း ထောက်ပြထားပါတယ်။
"အခုလောလောဆယ် တွေ့နေရတဲ့ ရောဂါကူးစက်မှုတွေဟာ အစောပိုင်းက ရောဂါကူးစက်ခဲ့သူတွေ ဖြစ်ပြီး မျောက်ကျောက်ရောဂါဟာ တချို့ လူမှုကွန်ရက်အသိုင်းအဝိုင်းတွေမှာပဲ ကူးစက်နေတာလို့ သိထားပါတယ်။ ဒီတော့ ရောဂါဗေဒပေါ် အခြေခံပြီး နောက်ထပ် ကူးစက်မှုတွေ ထပ်ရှိလာဦးမယ်လို့ မျှော်လင့်ရပါတယ်"
ဒါပေမဲ့ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုဟာ ကမ္ဘာတဝန်း အရေးပေါ် ကျန်းမာရေးအခြေအနေမျိုး ဖြစ်လာနိုင်သလားလို့ မေးကြည့်တဲ့အခါ WHO အဖွဲ့က ဒေါက်တာ မာရီယာ ဗန် ကာခို့ဗ်က "ဒါဟာ ထိန်းချုပ်လို့ ရတဲ့ အခြေအနေပါ"လို့ ပြောပါတယ်။
"အထူးသဖြင့် မျောက်ကျောက်ရောဂါ အခုလက်ရှိ ဖြစ်ပွားနေတဲ့ ဥရောပနဲ့ မြောက်အမေရိကဒေသတွေက နိုင်ငံတွေမှာ ဒီရောဂါကို ထိန်းချုပ်လို့ ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီရောဂါ လူအစုလိုက်အပြုံလိုက် ဖြစ်နေတဲ့ နိုင်ငံတွေကိုတော့ မျက်ခြေမပြတ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
"ဗိုင်းရပ်စ်တစ်မျိုးက ထူးထူးခြားခြား ပြောင်းလာတယ် ဒါမှမဟုတ် ထူးထူးခြားခြား ကူးစက်လာတယ်ဆိုရင် စိုးရိမ်စရာပါ။ ဒါပေမဲ့ ဒီရောဂါက ကပ်ရောဂါကြီးတစ်ခု ဖြစ်လာနိုင်သလား ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ လူထုတရပ်လုံးကို အန္တရာယ်ပေးလာနိုင်သလား ဆိုရင်လည်း မပေးနိုင်ဘူးလို့ ဖြေပါရစေ။"








