သန္တာကျောက်တန်းတွေကို အကာအကွယ်မပေးခဲ့တဲ့ အတွက် သြစတြေးလျအစိုးရကို တရားစွဲဆိုတဲ့ သတင်း နဲ့ စက်တင်ဘာ ၁၈ ရက် ညပိုင်း နိုင်ငံတကာ သတင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျောက်မီးသွေးတူးဖော်မှု လုပ်ငန်းတွေကြောင့် ရာသီဥတု ပြောင်းလဲမှုကို သက်ရောက်ကာ Great Barrier သန္တာကျောက်တန်းတွေကို ထိခိုက်ခဲ့တဲ့အတွက် အဲဒီလို မဖြစ်အောင် အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ သူတို့နိုင်ငံ အစိုးရကို သြစတြေးလျ တက်ကြွလှုပ်ရှားသူတွေက ရုံးတင် တရားစွဲလိုက်ပါတယ်။
ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်တွေ၊ သိပ္ပံနည်းကျ အထောက်အထားတွေကို ဝန်ကြီး တန်ညာ ပလစ်ဘက်ဆက် ပစ်ပယ်ခဲ့တာက တရားဥပဒေနဲ့ မညီဘူးလို့ သူတို့က စွပ်စွဲထားပါတယ်။
ဒီအမှုမှာ နယူးဆောက်ဝေးလ် ပြည်နယ်က ကျောက်မီသွေး မိုင်း ၂ နေရာကို နောက် ဆယ်စုနှစ်အထိ လုပ်ပိုင်ခွင့် ချဲ့ထွင်ပေးဖို့ တောင်းခံတဲ့ လျှောက်လွှာတွေကိုလည်း အာရုံစိုက်ထားပါတယ်။
သြစတြေးလျနိုင်ငံဟာ ၂၀၃၀ မှာ ကာဗွန်ထုတ်လွှင့်မှု ၄၃% လျှော့ချဖို့ ကတိပြုထား ပါတယ်။
ဒါပေမဲ့ အာဏာရ လေဘာ အစိုးရက ကျောက်မီးသွေးမိုင်း လုပ်ပိုင်ခွင့် အသစ်တွေကို ဆက်လက်အတည်ပြုပေးနေပါတယ်။
ယူကရိန်း ကာကွယ်ရေး ဝန်ကြီးသစ်က လက်ထောက်တွေကို အလုပ်ဖြုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်း ကာကွယ်ရေး ဝန်ကြီးသစ်က စနစ်ကို ပြန်လည်အစပြုဖို့ လိုတယ်လို့ ဆိုကာ သူ့ လက်ထောက်တွေထဲက ၆ ယောက်ကို အလုပ်ဖြုတ်လိုက်ပါတယ်။
ယူကရိန်းစစ်နဲ့ ပတ်သက်ပြီး စွမ်းဆောင်ရည်ရှိတဲ့ ပြောခွင့်ရသူ အမျိုးသမီး လို့ သတ်မှတ်ထားကြပြီး ကမ္ဘာ့မီဒီယာတွေမှာ ခဏခဏတွေ့မြင်ရတတ်တဲ့ ဟန်နာ မာလီယာလည်း အဲဒီအဖြုတ်ခံရတဲ့ သူတွေထဲမှာ ပါဝင်ပါတယ်။
ယူကရိန်း ကာကွယ်ရေး ဝန်ကြီးသစ် ရာထူးရလာတဲ့ သီတင်း ၂ ပတ်အကြာ လောက်မှာပဲ အခုလို အပြောင်းအလဲတွေ ဖြစ်လာခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာန ထဲမှာ လာဘ်စားမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေက အချိန်အတော် ကြာကြာကတည်းက အကျယ်အပြန့် သတင်းထွက်နေခဲ့တာပါ။
သမ္မတ ဇယ်လန်းစကီးက ရုရှားနဲ့ တိုက်နေရတဲ့ စစ်ပွဲမှာ "ချဉ်းကပ်မှု အသစ်" လိုအပ် တယ်လို့ အဲဒီ ကာကွယ်ရေးဝန်ကြီး အပြောင်းအလဲ လုပ်တဲ့အချိန်က ပြောခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန် အကျဉ်းသား လဲလှယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရန်မှာ ဖမ်းဆီးခံနေရတဲ့ အမေရိကန် အကျဉ်းသား ၅ ယောက် အိမ်ပြန်ဖို့အတွက် တီဟီရန် လေဆိပ်ကနေ ထွက်ခွာလာပြီလို့ သိရပါတယ်။
အမေရိကန် ထောင်တွေထဲမှာ ကျနေတဲ့ အီရန် အကျဉ်းသား ၅ ယောက်လည်း တချိန်တည်းမှာ လွတ်မြောက်လာတော့မှာပါ။
ဒီအကျဉ်းသား လဲလှယ်မှုကို ကြားက စီစဉ်ပေးသူက ကာတာ နိုင်ငံပါ။
ဒီလဲလှယ်မှု အစီအစဉ်အရ ဒိုဟာက ဘဏ်စာရင်းတခုထဲကို အမေရိကန် ဘက်က ဒေါ်လာ ၆ ဘီလျံ လွှဲပေးထားတယ်လို့ အီရန်က ပြောပါတယ်။
အရင်က အီရန် ရေနံ နဲ့ ပတ်သက်တဲ့ ဒီငွေတွေကို အမေရိကန်က ထိန်းချုပ်ထား တာပါ။
ဒီငွေတွေကို တတိယ ပါတီက သူတွေက စီမံခန့်ခွဲမှာ ဖြစ်ပြီး အီရန်အတွက် အစားအစာနဲ့ ဆေးဝါးတို့ ဝယ်ယူရေးမှာသာ သုံးစွဲရမှာပါ။
အမေရိကန် ထိပ်တန်း ရီပတ်ပလီကန် ခေါင်းဆောင်တွေနဲ့ အီရန် လှုပ်ရှား တက်ကြွ သူ တွေက ဒီအပေးအယူ ကိစ္စဟာ ဓားစာခံတွေ ပိုဖမ်းဖို့ အားပေးသလိုသာ ဖြစ်လိမ့်မယ်လို့ သတိပေးကြပါတယ်။








