ရခိုင်က ကုန်လမ်း ရေလမ်းအချို့ အကန့်အသတ်နဲ့ ထပ်ဖွင့်

ရခိုင်ပြည်နယ် အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား အပစ်ခတ်ရပ်စဲပြီးနောက် ပိတ်ထားခဲ့တဲ့ ရေလမ်း၊ကုန်းလမ်းအချို့ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက ထပ်ဖွင့်ပေးခဲ့ကြောင်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
အဲဒီလမ်းပိုင်းတွေကတော့ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ကို သွားတဲ့ ကုလားတန်မြစ်ရေကြောင်းလမ်းနဲ့ စစ်တွေ ပုဏ္ဏားကျွန်း ကားလမ်းပိုင်း၊ အငူမော် မောင်တော ကားလမ်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ရေလမ်းနဲ့ကုန်လမ်းအချို့ ပြန်ဖွင့်ပေးခဲ့ပေမယ် အကန့်အသတ်တွေ ရှိနေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျောက်တော် ပလက်ဝကို စစ်ကောင်စီ ဇက်ရေယာဉ်ပဲ သွားလာခွင့်ပြုသေးသလို ကုန်လမ်းအချို့ပြန်ဖွင့်ပေးပေမယ့် ဘယ် ကုန်စည်တွေ သယ်လို့ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ် ကျောက်တော်မြို့ကနေ ချင်းပြည်နယ် ပလက်ဝမြို့ကို သွားလာနေတဲ့ ကုလားတန်မြစ်ကြောင်း ရေကြောင်းလိုင်းကို သုံးလကျော်အကြာ ရပ်နားထားခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက် မနေ့ကစပြီး ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ ကုန်ပို့ဇက်ရေယာဉ်တစ်စီးတည်းသာ ပြေးဆွဲနေတာဖြစ်ပြီး ဆန်နဲ့ကုန်စည်တချို့ ကိုတော့ သယ်ယူခွင့်ကန့်သတ်ထားသေးတယ်လို့ပြောပါတယ်။
ဒါ့အပြင် ဒေသခံတွေရဲ့ ရေယာဉ်လိုင်းတွေကိုလည်း သွားလာခွင့်မပြုသေးဘူးလို့ ပလက်ဝမြို့ခံတွေက ပြောပါတယ်။
ပလက်ဝမြို့နယ်ဟာ ရခိုင်ပြည်နယ်နဲ့ ဆက်သွယ်သွားလာရတဲ့မြိုနယ်တစ်ခုဖြစ်ပြီး ကုလားတန်မြစ်ကြောင်းတစ်ခုတည်းကိုပဲ အသုံးပြုနေရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒေသတွင်း တိုက်ပွဲတွေပြင်းထန်လာတဲ့အချိန် စစ်ရေးအကြောင်းပြချက်နဲ့ စစ်ကောင်စီကနေ ကုလားတန်မြစ်ကြောင်း ဆက်သွယ်သွားလာရေးကို ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် ပလက်ဝမှာမြို့နယ်တစ်ခုလုံး ရိက္ခာပြတ်တောက်မှုနဲ့ကြုံနေရသလို ကုန်ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေတာဖြစ်တယ်လို့ ပလက်ဝမြို့က ကုန်သည်တစ်ဦးပြောပါတယ်။
ဒါ့အပြင် ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေအတွက် အဓိကကျတဲ့ ရန်ကုန်-စစ်တွေလမ်းမ ပုဏ္ဏားကျွန်း-စစ်တွေလမ်းပိုင်းကိုလည်း နိုဝင်ဘာ ၁၀ ရက် ကနေ ပိတ်ထားခဲ့တာ ကနေ သီတင်းပတ်သုံးပတ်အကြာ မနေ့က ဒီဇင်ဘာ ၃ ရက်နေ့ညနေပိုင်းက ပြန်လည်ဖွင့်ပေးလိုက်ပြီလို့ ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းတွေဆီကနေ သိရပါတယ်။
လေးလကျော် ပိတ်ထားခဲ့တဲ့ အငူမော်-မောင်တောကားလမ်းကိုလည်း ဖွင့်ပေးလိုက်ပြီဖြစ်တဲ့အတွက် ဒီဇင်ဘာ ၄ ရက် ဒီကနေ့မှာတော့ ကားတွေအသွားအလာရှိနေသလို ပြည်မဘက်ကနေ ကုန်စည်တွေတင်ဆောင်လာတဲ့ ကုန်ကားတွေ မောင်တောမြို့ထဲ ဝင်ရောက်လာတာ တွေ့နေရတယ်လို့ လွှတ်တော်အမတ်ဟောင်း ဦးမောင်အုန်းက ပြောပါတယ်။
"ကုန်ပစ္စည်းတွေဝင်လာတာတော့ တွေ့တယ် ကုန်ပစ္စည်း ကန့်သတ်မှု ရှိ မရှိဆိုတာနဲ့ ပတ်သက်လို့ တော့ မသိရသေး ဘူး"လို့ ဦးမောင်အုန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cj
ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်း ပိတ်ထားတဲ့လမ်းအားလုံးဖွင့်ပေးတာမဟုတ်ဘဲ ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်းနဲ့ မင်းပြား-မြေပုံလမ်း ပြန်အပါအဝင် လမ်းအချို့ကိုတော့ မဖွင့်သေးဘူးလို့သိရပါတယ်။
ကုန်းလမ်းအချို့ ပြန်ဖွင့်ပေးတဲ့အတွက် ကုန်စည်ပို့ဆောင်ရေးနဲ့ သွားလာရေးကိစ္စတွေအတွက် အဆင်ပြေနိုင်ပေမယ့် ကုန်စည်အမျိုးအစားတွေကန့်သတ်မှုတွေရှိ၊ မရှိဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်သူတွေကပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ် အတွင်းမှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား အပစ်ခတ်ရပ်စဲပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ စစ်တွေ ရသေ့တောင် ဘူသီးတောင် ရေလမ်းကို စတင် ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီးတော့ ဒေသတွင်းပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေး ရေယာဉ်လိုင်းတွေနဲ့ ဒေသခံတွေ အသုံးပြုသွားလာနေတဲ့ ရေယာဉ်တွေအားလုံးကို စစ်ကောင်စီက သွားလာခွင့် ပိတ်ထားခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါ်ကနေကျေးရွာတွေကို ဆန်နဲ့ ရိက္ခာ ဆေးဝါးစတာတွေကို သယ်ယူတာကိုလည်း စစ်ကောင်စီက တားမြစ်ထားခဲ့ပါတယ်။








