လနဲ့ချီပိတ်ထားတဲ့ ရခိုင်က ကုန်လမ်းရေလမ်းအချို့ ပြန်ဖွင့်ပေး

စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် တို့ကို ပြေးဆွဲနေတဲ့ ရေလမ်းကြောင်းကို ပြန်ပြေးစွဲဖို့ စစ်တပ်က ပြန်ခွင့်ပြု

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

ဓာတ်ပုံ ပုံစာ, စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် တို့ကို ပြေးဆွဲနေတဲ့ ရေလမ်းကြောင်းကို ပြန်ပြေးစွဲဖို့ စစ်တပ်က ပြန်ခွင့်ပြု

ရခိုင်ပြည်နယ်အတွင်း စစ်ရေးအကြောင်းပြချက်နဲ့ လနဲ့ချီကြာ ပိတ်ထားခဲ့တဲ့ ရေလမ်းနဲ့ ကုန်လမ်းခရီးအချို့ကို စစ်ကောင်စီကပြန်ပြီး ဖွင့်ခွင့်ပြုလိုက်တယ်လို့ စစ်တွေဒေသခံတွေထံက တစ်ဆင့်သိရပါတယ်။

ပိတ်ထားတဲ့ ရေလမ်းတွေထဲကမှ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် တို့ကို ပြေးဆွဲနေတဲ့ ရေလမ်းကြောင်းကို ပြန်ပြေးစွဲဖို့ စစ်တပ်က ပြန်ခွင့်ပြုတာလို့ သိရပါတယ်။

 အဲ့ဒီလိုင်းကိုတော့ နိုဝင်ဘာ ၂၈ ရက် မနက်ဖြန်မှာ ရေယာဉ်တွေ စတင်ပြေးဆွဲကြတော့မှာဖြစ်တယ်လို့ ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းရဲ့ မန်နေဂျာ ဦးအောင်သန်းဦးကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကုန်လမ်းတချို့ ပြန်ဖွင့်ပေးခဲ့ပေမယ့် ရန်ကုန်အဝေးပြေးလမ်းမရဲ့ စစ်တွေ-ပုဏ္ဏားကျွန်းလမ်းပိုင်းအပါအဝင် အငူမော်-မောင်တောလမ်း၊ မောင်တောမြောက်ပိုင်းလမ်းနဲ့ ရသေ့တောင်-ပုဏ္ဏားကျွန်းလမ်း စတဲ့ကုန်းလမ်းတွေကတော့ ပိတ်ဆို့ခံနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

 ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း (၂၀) ကျာ်က လူ ၇၀၀၀ လောက်စစ်ဘေးရှောင်နေရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ,  ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း (၂၀) ကျာ်က လူ ၇၀၀၀ လောက်စစ်ဘေးရှောင်နေရ

 နိုဝင်ဘာ ၂၈ ရက် မနက်ဖြန်ကစလို့ စစ်တွေ ဘူးသီးတောင် ရေယာဉ်လိုင်းကို စတင် ပြေးဆွဲပေးသွားမှာဖြစ်ပြီး ကျန်တဲ့ပိတ်သိမ်းခံထားရတဲ့ လိုင်းတွေကိုတော့ ခွင့်ပြုပေးတာမရှိသေးဘူးလို့ ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းရဲ့ မန်နေဂျာ ဦးအောင်သန်းဦးက ဆိုပါတယ်။

“ဘူးသီးတောင်လိုင်းကိုတော့ မနက်ဖြန်ကစပြီး ပြေးဆွဲလို့ရပြီလို့ အကြောင်းကြားလာတာပေါ့။ မနက်ဖြန်စပြီး ထွက်ပါမယ်။ ကျန်တဲ့ မြောက်ဦး၊ မြေပုံလိုင်းတွေကိုတော့ ခွင့်ပြုပေးတာမရှိသေးဘူး”လို့ သူက ပြောပါတယ်။

ဘူးသီးတောင်-စစ်တွေလိုင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ ပိတ်သိမ်းထားခဲ့တာဖြစ်ပြီး အခုနိုဝင်ဘာ ၂၆ ရက်နေ့ စစ်ကောင်စီနဲ့ အေအေတို့အကြား အပစ်ခတ် ရပ်စဲလိုက်ပြီးနောက်နေ့မှာပဲ ပြေးဆွဲခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။

 အခုလို ဆက်သွယ်သွားလာရေးလမ်းခရီးတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေသွားလာရေး အခက်အခဲနဲ့ကြုံနေကြရသလို ကုန်စည်ဈေးနှုန်းမြင့်တာတွေအပြင် တချို့မြို့နယ်တွေမှာ စားသုံးကုန်စည် ပြတ်လပ်တာတွေ နဲ့လည်း ကြုံနေကြရတာဖြစ်ပါတယ်။

စစ်တွေမြို့ကနေ ရခိုင်ပြည်နယ်ရဲ့ ဒေသအနှံ့အပြားကို ပြေးဆွဲနေတဲ့ရေယာဉ်တွေနဲ့ စီးပွားရေးလုပ်ငန်းသုံးရေယာဉ်တွေ အဓိကအသုံးပြုနေကြတဲ့ ဆတ်ရိုးကျချောင်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်တွေမြို့ကနေ ရခိုင်ပြည်နယ်ရဲ့ ဒေသအနှံ့အပြားကို ပြေးဆွဲနေတဲ့ရေယာဉ်တွေနဲ့ စီးပွားရေးလုပ်ငန်းသုံးရေယာဉ်တွေ အဓိကအသုံးပြုနေကြတဲ့ ဆတ်ရိုးကျချောင်း

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစလို့ ကုန်းလမ်းဆက်သွယ်ရေးတွေကို စစ်ကောင်စီက တစ်မြို့နယ်ပြီး တစ်မြို့နယ် ပိတ်ဆို့မှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီးတော့ ဒေသတွင်းပြေးဆွဲနေတဲ့ ခရီးသည်ပို့ဆောင်ရေး ရေယာဉ်လိုင်းတွေနဲ့ ဒေသခံတွေ အသုံးပြုသွားလာနေတဲ့ ရေယာဉ်တွေအားလုံးကို သွားလာခွင့် ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြို့ပေါ်ကနေကျေးရွာတွေကို ဆန်နဲ့ ရိက္ခာ ဆေးဝါးစတာတွေကို သယ်ယူတာကိုလည်း စစ်ကောင်စီက တားမြစ်ထားခဲ့ပါတယ်။

ပုံမှန်ပြေးဆွဲနေတဲ့ ရေကြောင်းလိုင်းတွေကို ပိတ်သိမ်းထားတဲ့အချိန်အတွင်း ပုဂ္ဂလိက ရေယာဉ်လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းလည်ပတ်မှုမရှိခဲ့တဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေနဲ့ကြုံခဲ့ရပြီး အခုပြန်လည်ပြေးဆွဲခွင့်ပြန်ရလို့ရှိရင် လုပ်းငန်ပြန်လည် လည်ပတ်နိုင်တော့မှာဖြစ်သလို ခရီးသည်တွေအတွက်လည်း အဆင်ပြေချောမွေ့မှုတွေရှိလာမှာဖြစ်တယ်လို့ ဦးအောင်သန်းဦးက ပြောပါတယ်။ 

ဆေးဝါးတွေပါ ပြည်နယ်အတွင်း ဆေးရုံအချို့မှာ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဆေးဝါးတွေပါ ပြည်နယ်အတွင်း ဆေးရုံအချို့မှာ ပြတ်လပ်မှုဖြစ်ပေါ်ခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့အကြား ပစ်ခတ်ရပ်စဲတာဟာ ရခိုင်ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲအကျပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအဖြစ် ပြုလုပ်ခဲ့တာလို့ အေအေရဲ့ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ပြီး နိုဝင်ဘာ ၂၇ ရက် ဒီကနေ့မှာပဲ ရခိုင်ပြည်နယ်အတွင်းက ရေကြောင်းပို့ဆောင်ရေးလိုင်းတချို့ကို ပြန်လည်ပြေးဆွဲခွင့်ကို စစ်ကောင်စီကခွင့် ပြုပေးခဲ့ပါတယ်။

 အခုလို ကုန်လမ်းရေလမ်းတွေကို ပြန်ဖွင့်ပေးတဲ့ လမ်းပိုင်းတွေမှာလည်း မှတ်ပုံတင်သာမက၊ သင်္ကာမကင်းသူတွေလို့ စစ်တပ်က ယူဆသူတွေအားလုံးကို တင်းတင်းကျပ်ကျပ်စစ်ဆေးတာ အဲဒါအပြင် ဒေသခံတွေနဲ့အတူ သယ်ယူလာတဲ့ ဆန်၊ ဆေးဝါးရိက္ခာတွေကိုလည်း သယ်ဆောင်ခွင့် မပြုထားတာတွေကိုလည်း ပြန်လည်ခွင့်ပြုပေးဖို့ လိုတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတွေ အသုံးပြုသွားလာနေတဲ့ ကုန်းလမ်းရေလမ်းတွေကို ပြန်လည်သွားလာခွင့်ပြုပေးသလို စစ်ကောင်စီအနေနဲ့ လမ်းခရီးတစ်လျှောက်မှာရှိတဲ့ ဂိတ်တွေကနေ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုပြုလုပ်တာတွေကိုပါ လျှော့ချပေးဖို့လိုတယ်လို့ ‌ဒေသခံတွေက ထောက်ပြပြောဆိုကြတာလည်းရှိပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျန်တဲ့ကုန်းလမ်းရေလမ်းတွေကို ပြန်လည်ဖွင့်ပေးဖို့ကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ကောင်စီရဲ့ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်သွယ်မရခဲ့ပါဘူး။