အင်ဒိုနီးရှားက မာရာပီ မီးတောင်ပေါက်ကွဲမှု တောင်တက်သမား ၁၁ ဦးသေဆုံး

အင်ဒိုနီးရှားက မာရာပီ မီးတောင် ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီးတဲ့နောက် မီးတောင်ဝ အနီးနားမှာ တောင်တက်သမား ၁၁ ဦးရဲ့ အလောင်းကို ပြန်တွေ့ထားတယ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

တောင်တက်သမား ၃ ဦးကိုတော့ တနင်္လာနေ့မှာ အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်ပါတယ်။ ပျောက်ဆုံးနေသူ နောက်ထပ် ၁၂ ဦးကို ရှာဖွေနေဆဲဖြစ်ပေမဲ့ မီးတောင်ပေါက်ကွဲမှု အသေးစားကြောင့် ရှာဖွေတာကို ဆိုင်းငံ့ထားရပါတယ်။

မီးတောင် ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ တောင်တက်သမား ၇၅ ဦးအထိရှိနေခဲ့တာဖြစ်ပေမဲ့ အများစုကို ဘေးကင်းကင်းနဲ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

မာရာပီတောင်ဟာ အင်ဒိုနီးရှားက မီးတောင်ရှင် ၁၂၇ တောင်ထဲမှာပါဝင်ပြီး တနင်္ဂနွေနေ့တုန်းက ပေါက်ကွဲမှုမှာ မီးတောင်ပြာတွေဟာ ပေပေါင်း ၉၈၀၀ နီးပါးအထိ ကောင်းကင်ကို ထိုးတက်ခဲ့ပါတယ်။

အခုတော့ အင်ဒိုနီးရှားအာဏာပိုင်တွေဟာ မီးတောင်ပေါက်ကွဲမှုအန္တရာယ် အမြင့်ဆုံးသတိပေးချက် အဆင့် ၂ သတ်မှတ်ထားပြီး ဒေသခံတွေအနေနဲ့ မီးတောင် အနီးနား ၃ ကီလိုမီတာအထိ မသွားလာဖို့ ကန့်သတ်ထားပါတယ်။

မီးတောင်ဝနားကနေ ပြန်တွေပြီး ကယ်ဆယ်ထားတဲ့ တောင်တက်သမား ၃ ဦးဟာ ''အားနည်းပြီး မီးလောင်ဒဏ်ရာအနည်းငယ်ရထားပါတယ်'' လို့ ပါဒန်ရှာဖွေကယ်ဆယ်ရေးအေဂျင်စီအဖွဲ့ခေါင်းဆောင် အဘ်ဒူ မာလစ်က ပြောပါတယ်။

တောင်တက်သမား ၄၉ ဦးကိုတော့ တနင်္လာနေ့ မနက်အစောပိုင်းမှာပဲ အဲဒီနေရာကနေ ကယ်ထုတ်ထားပြီး အများစုဟာ မီးလောင်ဒဏ်ရာတွေရထားပါတယ်။

တနင်္ဂနွေနေ့တုန်းက မီးတောင်ပေါက်ကွဲမှုကို ရိုက်ထူးထားတဲ့ရုပ်သံမှာတော့ မီးတောင်ပြာတွေဟာ ကောင်းကင်ကို ထိုးတက်သွားပြီး ကားတွေနဲ့ လမ်းတွေမှာလည်း မီးတောင်ပြာတွေအပြည့်ဖုံးအုပ်နေပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ တောင်ရဲ့ မြေမျက်နှာပြင်ကို ခက်ခက်ခဲခဲဖြတ်ကျော်ပြီး သေဆုံးရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ကယ်ထုတ်ပြီး အရေးပေါ်ကားတွေပေါ် တင်ဆောင်ပေးခဲ့ရပါတယ်။

''အရမ်းပူလွန်းတော့ တချို့က မီးလောင်ဒဏ်ရာတွေရထားတယ်။ တချို့ကိုတော့ ဆေးရုံကို ခေါ်သွားတယ်'' လို့ အနောက်ဆူမားတြား သဘာဝဘေး လျော့ပါးသက်သာရေးအေဂျင်စီခေါင်းဆောင် ရူဒီ ရီနယ်လ်ဒီက ပြောပါတယ်။

ကယ်ဆယ်ရေးသမားတစ်ဦးက ကျောပိုးလာတဲ့ ကယ်ဆယ်ခံ တောင်တက်သမားတစ်ဦးကတော့ နာကျင်မှုကို ညည်းညူရင်း ''ဘုရားမလို့'' ဆိုပြီး ပြောတယ်လို့ အေဖက်ပီ သတင်းမှာ ဖော်ပြပါတယ်။

ဒေသန္တရ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ဂျိုဒီ ဟာယာဝမ်ကတော့ မီးတောင်က ဆက်ပြီး ပေါက်ကွဲမှုဖြစ်နေမယ်ဆိုရင် ရှာဖွေကယ်ဆယ်ရေးဆက်လုပ်ဖို့ ''အန္တရာယ်များလွန်းလှတယ်'' လို့ သတင်းထောက်တွေကို ပြောထားပါတယ်။

ပေပေါင်း ၉၄၀၀ ကျော် ရှည်လျားတဲ့ မာရာပီတောင်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းရဲ့ အနောက်ဘက်စွန်းပိုင်းမှာရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ကျောက်လွှာ အက်ကြောင်းတွေ တိုးတိုက်ပြီး မီးတောင်တွေ ရှိနေတဲ့ ပစိဖိတ် သမုဒ္ဒရာမှာတည်ရှိတာဖြစ်တဲ့အတွက် မကြာခဏ ငလျင်လှုပ်မှုနဲ့ မီးတောင် လှုပ်ရှားမှုတွေရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။