ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘာလီကျွန်းက မီးတောင်လှုပ်ရှားလို့ လေကြောင်းသတိပေး
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အာဂွန်းမီးတောင်ဟာ တပတ်အတွင်း ၂ ကြိမ်မြောက် လှုပ်ရှားမှုတွေ ရှိခဲ့ပြီး ပြာပူတွေ မီတာ လေးထောင်လောက် အမြင့်အထိ မှုတ်ထုတ်ခဲ့တဲ့အတွက် လေကြောင်းလိုင်းတွေကို အာဏာပိုင်တွေက အနီရောင်အဆင့် အမြင့်ဆုံး သတိပေးမှုတွေ ပြုလုပ်ထားပါတယ်။
အခုလို အနီရောင်အဆင့် သတိပေးချက်အရ မီးတောင် ပေါက်ကွဲနိုင်ချေ ရှိနေတဲ့အတွက် အဲဒီမီးတောင်နဲ့ ၇.၅ ကီလိုမီတာ ပတ်လည်အတွင်း နေထိုင်သူတွေကိုလည်း နေအိမ်က ထွက်ခွာဖို့ အာဏာပိုင်တွေက ပြောဆိုထားပြီး မီးတောင်ပြာတွေကို ကာကွယ်ဖို့ သိန်းနဲ့ချီတဲ့ မျက်နှာဖုံးတွေကိုလည်း အာဏာပိုင်တွေက စတင် ဝေငှ နေပါတယ်။
လောလောဆယ်မှာ ယာယီစခန်းမှာ ရောက်ရှိနေသူ အရေအတွက် ၂ သောင်းခွဲ လောက် ရှိနေပြီး ဒီနှစ်အစောပိုင်းက အလားတူ မီးတောင်လှုပ်ရှားမှုတွေကြောင့် လူပေါင်း တသိန်း လေးသောင်းလောက်အထိ ရွှေ့ပြောင်းခဲ့ရဖူးတာ ဖြစ်ပါတယ်။
ဘာလီကျွန်းဟာ ကမ္ဘာ့လှည့်ခရီးသွားတွေ လာရောက်ရာ အဓိကနေရာတခုဖြစ်ပြီး အဓိက အပန်းဖြေစခန်းတွေဖြစ်တဲ့ ကူတာနဲ့ ဆမင်ရတ် တို့နဲ့ အာဂွန်းမီးတောင်ရဲ့ အကွာအဝေးကတော့ မိုင်လေးဆယ်ကျော် ဝေးပါတယ်။
လောလောဆယ် ဒီကျွန်းရဲ့ အဓိကလေဆိပ်မှာ အဝင်အထွက် ရှိနေပေမယ့် မီးတောင်ပြာတွေ ဝင်ရင် လေယာဉ် အင်ဂျင်တွေကို ပျက်စီးစေနိုင်တဲ့အတွက် တချို့လေကြောင်း ခရီးစဉ်တွေ ဖျက်သိမ်းထားပါတယ်။
အာဂွန်းမီးတောင်က ထွက်လာတဲ့ ပြာတွေဟာ လွန်ဘွတ်ကျွန်းရှိတဲ့ အရှေ့ဘက်ကို ရွေ့လျားသွားတဲ့အတွက် ဒီကျွန်းက နိုင်ငံတကာ လေဆိပ်ကိုတော့ ပိတ်ထားရပါတယ်။
အခုလို မီးတောင်လှုပ်ရှားမှုတွေကြောင့် ဘာလီကျွန်းရဲ့ ခရီးသွား စီးပွားရေးမှာ အမေရိကန် ဒေါ်လာ သန်း ၁၁၀ ထိခိုက်ခဲ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ကျောက်လွှာ အက်ကြောင်းတွေ တိုးတိုက်ပြီး မီးတောင်တွေ ရှိနေတဲ့ ပစိဖိတ် သမုဒ္ဒရာမှာ တည်ရှိတာ ဖြစ်တဲ့အတွက် မကြာခဏ ငလျင်လှုပ်မှုနဲ့ မီးတောင် လှုပ်ရှားမှုတွေ ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။
အင်ဒိုနီးရှားနယ်နမိတ် အတွင်းမှာ လှုပ်ရှားမှုရှိတဲ့ မီးတောင်ပေါင်း ၁၃၀ ကျော်ရှိပြီး အခု အန္တရာယ်ရှိနေတဲ့ အာဂွန်းမီးတောင် ၁၉၆၃ ခုနှစ် က ပေါက်ကွဲခဲ့တဲ့အချိန်မှာ လူပေါင်း တထောင်ကျော် သေဆုံးခဲ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံက မီးတောင်ပေါက်ကွဲမှုတွေထဲမှာ ၁၈၈၃ ခုနှစ်က ဖြစ်ခဲ့တဲ့ ကရာကတိုးကျွန်း မီးတောင် ပေါက်ကွဲမှုက လူသိအများဆုံးဖြစ်ပြီး ဒီမီးတောင် ပေါက်ကွဲမှုကြောင့် ကျွန်းရဲ့ သုံးပုံ နှစ်ပုံလောက်အထိ ရေအောက် ရောက်ခဲ့ရပြီး ပေါက်ကွဲမှုနဲ့အတူ ဖြစ်ခဲ့တဲ့ ဆူနာမီ ငလျင်ဒဏ်ကြောင့် လူပေါင်း ၃ သောင်းကျော် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။