ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဩဂုတ် ၃၁ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- စစ်ခေါင်းဆောင်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ တရုတ်မှာ တွေ့ဆုံ
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရန်ဒြာမိုဒီတို့ဟာ တရုတ်နိုင်ငံ၊ တီရန်ကျင်းမြို့မှာတွေ့ခဲ့တယ်လို့ အိန္ဒိယက လာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆွေးနွေးပွဲကိုတက်ဖို့ အိန္ဒိယ ဝန်ကြီးချုပ်ရော၊ မြန်မာစစ်ခေါင်းဆောင်ပါ တရုတ်နိုင်ငံကို ရောက်နေကြတာပါ။
အခုတွေ့ဆုံမှုကိုတော့ ဒီနေ့ ညနေမှာပြုလုပ်မယ့် SCO ဆွေးနွေးပွဲမတိုင်ခင်မှာ သီးခြားပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကတော့ ''မြန်မာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သီးခြားတွေ့ဆုံခဲ့တယ်'' လို့ သူ့ရဲ့ ယူကျူ့ကနေ ရုပ်သံအတိုနဲ့ သတင်းထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်ဆိုတာတော့ မပြောထားပါဘူး။
စစ်အာဏာသိမ်းမှုအောက်က မြန်မာမှာ နေပြည်တော်နဲ့ ဒေလီကြား သံခင်းတမန်ခင်း ဆက်ဆံရေး တိုးမြှင့်နေပြီး အိန္ဒိယဟာ မြန်မာမှာလုပ်လက်စ ကုလားတန်မြစ်စီမံကိန်းအပါအဝင် စီမံကိန်းကြီးတွေကို ဆက်ပြီး အကောင်အထည်ဖော်နေသလို ယဥ်ကျေးမှု ဖလှယ်တဲ့လှုပ်ရှားမှုတွေလည်း ဆက်လုပ်နေပါတယ်။
မြန်မာစစ်ခေါင်းဆောင်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ အခုတစ်ကြိမ် တွေ့ဆုံမှုဟာ ၅ လအတွင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ဧပြီလတုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ BIMSTEC အစည်းအဝေးမှာ ပထမအကြိမ်တွေ့ဆုံထားကြပါတယ်။
လူမှုကွန်ရက်မှာ သူ့ကိုယ်သူ နတ်သမီးလို့ ရည်ညွှန်းပြောဆိုတဲ့ မဖြိုးအိအိဇော်ဆိုသူ အမျိုးသမီး ဖမ်းဆီးခံရ
နတ်သမီးလို့ နာမည်ခေါ်ပေးတဲ့သူတွေကို ငွေကြေးဘယ်လောက်ပေးမယ်ဆိုတဲ့ ပြောဆိုချက် ရုပ်သံဖိုင်တွေကြောင့် လူမှုကွန်ရက် Tik Tok နဲ့ ဖေ့ဘွတ်ခ်မှာ နာမည်ကြီးခဲ့တဲ့ မဖြိုးအိအိဇော်ကို သြဂုတ်လ ၃၀ ရက်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ အာဏာပိုင်တွေက ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သပြေကုန်းရပ်ကွက် Wyndham Grand Yangon ဟိုတယ်ထဲက မဖြိုးအိအိဇော် နေထိုင်တဲ့ အခန်းကို စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားတာလို့လည်း ဒီအကြောင်းသိတဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူက ပြောပါတယ်။
"လာဖမ်းတာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတောင် မပါဘူး" လို့ သူက ပြောပါတယ်။
အဖမ်းခံရတဲ့ မဖြိုးအိအိဇော်ဟာ Phyo Ei Ei Zaw ဆိုတဲ့ နာမည်နဲ့ Tik Tok အကောင့်မှာ ဖော်လိုဝါ တစ်သန်းကျော်ရှိသူဖြစ်သလို ဖေ့ဘွတ်ခ်မှာလည်း လူသိများပါတယ်။
ရွှေထည် လက်ဝတ်လက်စားတွေအပြည့် ဝတ်ဆင်ပြီး ဒေါ်လာ အပါအဝင် ငွေကြေးတွေကို အထပ်လိုက် ကိုင်ပြကာ သူ့မှာ ဘယ်လောက်အထိ ဝင်ငွေရှိနေတယ် ဘယ်လိုသုံးစွဲတယ် ဆိုတာတွေကိုလည်း သူ့ရဲ့ လူမှုကွန်ရက်တွေကနေ ပြောထားတာ တွေ့ရပါတယ်။
သူ့ကိုယ်သူ နတ်သမီးလို့ သုံးနှုန်းခေါ်ဆိုသလို သူ့ကို နတ်သမီး လို့ လူမှုကွန်ရက်တွေမှာ မှတ်ချက်ပေးတဲ့သူတချို့ကို ငွေကျပ် သိန်း ၅၀ ကစလို့ သူဆန္ဒရှိသလောက် ငွေလွှဲပေးနေတယ်လို့လည်း သူရဲ့ ရုပ်သံဖိုင်တွေထဲမှာပြောထားပါတယ်။
အဲဒီလိုပြောဆိုချက်တွေကြောင့် မဖြိုးအိအိဇော်ဟာ နတ်သမီး ဆိုတဲ့နာမည်နဲ့ လူအများက တွဲသိခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း လူမှုကွန်ရက်မှာ ပြောကြဆိုကြဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ မဖြိုးအိအိဇော်ကို အာဏာပိုင်တွေက ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတာနဲ့ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကို တိတိကျကျ မသိရသေးသလို စစ်ကော်မရှင်ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မဖြိုးအိအိဇော်ကို ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး ဘီဘီစီက မင်္ဂလာတောင်ညွန့် ရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည် ဖြေကြားတာ မရှိပါဘူး။
မလေးရှားမှာ သင်းခွေချပ် ဖမ်းဆီးသတ်ဖြတ်မှုနဲ့ မြန်မာ ၇ ဦး ထောင် ၈ နှစ်ကျော်စီ ချမှတ်ခံရ
မလေးရှားနိုင်ငံ၊ ပါဟမ်းပြည်နယ်၊ ဒူးရင်းခြံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ချင်းအမျိုးသား ၇ ဦးဟာ သင်းခွေချပ်တွေကို ဖမ်းဆီးမှုနဲ့ ထောင်ဒဏ် ၈ နှစ် ၄ လစီ ချမှတ်ခံလိုက်ရတယ်လို့ မလေးရှားမြန်မာလူမှုရေးအသင်းတာဝန်ရှိသူ ဦးအိုက်လွင်က ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ချင်းအမျိုးသားတွေဟာ ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကနေ ရွှေ့ပြောင်းလာကြသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။
သင်းခွေချပ်ကို မလေးရှားမှာ ရှားပါးမျိုးစိတ်အဖြစ်သတ်မှတ်ပြီး ဖမ်းဆီးတာကို တားမြစ်ထားပါတယ်။
မလေးရှား သစ်တောဌာနက ပြီးခဲ့တဲ့ ဧပြီမှာ ပါဟမ်းပြည်နယ်ထဲက စိုက်ပျိုးရေးခြံတွေကို လိုက်စစ်ဆေးတဲ့အခါ ဒူးရင်းခြံတစ်ခြံမှာ သင်းခွေချပ် အခွံ ၄၇၇ ခု၊ သားကောင် ဖမ်းတဲ့ကြိုး၊ ကြံ့သူတော်တစ်ကောင်ရဲ့ အရိုးနဲ့ အသားခြောက်တို့ကို တွေ့ရှိခဲ့တာပါ။
အဲဒီဒူးရင်းစိုက်ပျိုးရေးခြံမှာ အလုပ်လုပ်နေတဲ့ ချင်းအမျိုးသား ၇ ဦး ဖုန်းတွေကို စစ်ဆေးတဲ့အခါမှာလည်း သူတို့ဖမ်းဆီးထားတဲ့သင်းခွေချပ် ဓာတ်ပုံတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် မလေးရှားဥပဒေအရ တားမြစ်ထားတဲ့ တောရိုင်းတိရစ္ဆာန် ဖမ်းဆီးမှုအပါအဝင် အမှု ၄ မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပြီး ဩဂုတ် ၂၈ ရက်မှာ တရားရုံးက အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
တရားရုံး အမိန့်အရ သင်းခွေချပ်ကို ဖမ်းဆီးမှုအတွက် ထောင်ဒဏ်ငါးနှစ်နဲ့ ငွေဒဏ် မလေးရှားရင်းဂစ် တစ်သိန်းခွဲ (မြန်မာငွေ သိန်း ၁၅၀၀ ကျော်)၊ သားကောင်ဖမ်းဆီးတဲ့ကြိုးတွေ့တာ၊ သင်းခွေချပ် အရိုးနဲ့ အသားခြောက်တွေ တွေ့ရှိတာကြောင့် ထောင်ဒဏ် တစ်နှစ် လေးလ ချမှတ်တယ်လို့ သိရပါတယ်။
သူတို့တွေက ဒဏ်ငွေမပေးနိုင်တာကြောင့် ထောင်ဒဏ် နှစ်နှစ် ထပ်တိုးကျခံရတာ ဖြစ်တဲ့အတွက် စုစုပေါင်း ထောင်ဒဏ် ရှစ်နှစ် လေးလ ကျခံရမှာ ဖြစ်ပါတယ်။
"အဖမ်းခံရချိန်ကနေ အမိန့်ချတဲ့အထိ အချုပ်ခံရတဲ့ရက်တွေကိုတော့ ထည့်သွင်းခံစားခွင့်ရတယ်။ သူတို့က ရောင်းဝယ်တာမျိုးမဟုတ်ဘူး။ စားလိုက်ကြတာ။ အခွံအရေအတွက်အရရော သူတို့ပြောတာကရော သင်းခွေချပ် တစ်ကောင်တည်းပါပဲ" လို့ ဖမ်းဆီးခံရသူတွေကို လိုက်ပါကူညီပေးနေတဲ့ မလေးရှားမြန်မာ လူမှုရေးအသင်း တာဝန်ရှိသူ ဦးအိုက်လွင်က ပြောပါတယ်။
မလေးရှားနိုင်ငံမှာ ဒူးရင်းစိုက်ပျိုးရေးခြံတွေဟာ မြို့နဲ့ဝေးကွာတဲ့ သစ်တောတွေထဲမှာ ရှိတာကြောင့် တောရိုင်းတိရစ္ဆာန်တွေကို လွယ်လွယ်ကူကူ တွေ့နိုင်ကြတယ်လို့လည်း သိရပါတယ်။
၂၀၂၃ ခုနှစ် မတိုင်ခင်က တောရိုင်းတိရစ္ဆာန် ဖမ်းဆီးစားသောက်တာကြောင့် ပြစ်ဒဏ်ချခံရတဲ့ မြန်မာနိုင်ငံသား စိုက်ပျိုးရေးခြံ အလုပ်သမားတွေဟာ တစ်နှစ်မှာ တစ်မှုလောက်သာ ရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လာရောက်အလုပ်လုပ်ကိုင်သူတွေ များလာပြီး ဒီလိုအမှုတွေလည်း ပိုများလာတယ်လို့ ဦးအိုက်လွင်က ပြောပါတယ်။
၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ မလေးရှားသစ်တောဌာနက တရားစွဲတဲ့ ဒီလိုအမှုပေါင်း ၅ မှုထက်မနည်း ရှိနေတယ်လို့ မလေးရှားမြန်မာ လူမှုရေးအသင်းကနေ သိရပါတယ်။
ထိုင်းက လေဖိအားနည်းဆဲလ်အရှိန်ကြောင့် မြန်မာမှာ နေရာကွက် မိုးကြီးနိုင်
ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ လာမယ့် ၁၂ နာရီအတွင်း အားလျော့သွားမှာဖြစ်ပေမဲ့ သူ့အရှိန်ကြောင့် နောက်ထပ် သုံးရက်အတွင်း မြန်မာနိုင်ငံက တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ပြောပါတယ်။
ထိုင်းက လေဖိအားနည်းရပ်ဝန်းကတော့ လေပွေလှိုင်းအနေနဲ့ နောက်ထပ် ၁၂ နာရီအတွင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယား(ကရင်နီ) နယ်စပ်ဒေသတွေကို ဆက်ရွှေ့လျားနိုင်တယ်လို့ သိရပါတယ်။
လေဖိအားနည်းဆဲလ်အရှိန်ကြောင့် ကယား(ကရင်နီ) ၊ ကရင်၊ မွန်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ နေပြည်တော်၊ မန္တလေး၊ ရခိုင်၊ ရှမ်း(တောင်) ၊ တနင်္သာရီ၊ မကွေး စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။
ဒီအတောအတွင်းမှာပဲ ကယား(ကရင်နီ) ပြည်နယ်မှာ မိုးကြီးလို့ လွိုင်ကော်မြို့နယ်ထဲက မင်းစု၊ နန်းကွက် ရပ်ကွက်တွေနဲ့ လွိုင်ကော် နှစ်ထပ်ဈေးမှာ ဩဂုတ် ၃၁ ရက် ရေတွေ တက်လာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်း တောင်ငူမြို့နယ်မှာလည်း စစ်တောင်းမြစ်ရေတက်လို့ အလယ်ကျွန်းကျေးရွာ၊ ရပ်ကွက် ၈ စတဲ့ နေရာက ပြည်သူတချို့ကို လူမှုအဖွဲ့အစည်းတွေက ကူညီရွှေ့ပြောင်းပေးနေကြရပါတယ်။
မိုးများမယ့် သတိပေးချက်တွေ ရှိတာကြောင့် ရေဘေးကယ်ဆယ်ရေးစခန်း ၂၀ လောက် ဖွင့်ထားပြီလို့လည်း သိရပါတယ်။
ရခိုင်မှာ စစ်သင်္ဘောကို AA ပစ်ခတ်
ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းနဲ့ မာန်အောင်ကျွန်းကြားမှာ မြန်မာစစ်တပ်ရဲ့ စစ်သင်္ဘော တစ်စင်းကို အာရက္ခတပ်တော်(AA)က ပစ်ခတ်တာကြောင့် မီးလောင်ခဲ့တယ်လို့ အေအေပြောခွင့်ရ ဦးခိုင်သုခက ဘီဘီစီကို ပြောပါတယ်။
ရမ်းဗြဲကျွန်းနဲ့ မာန်အောင်ကျွန်းကြားမှာ သွားလာနေတဲ့ စစ်သင်္ဘောကို အေအေ ကမ်းခြေစောင့်တပ်ဖွဲ့တွေက ဩဂုတ် ၂၉ ရက်၊ ညနေ ၅ နာရီမှာ ပစ်ခတ်တာလို့ သူက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့စစ်သင်္ဘောရဲ့ရုပ်သံဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ရုပ်သံတွေမှာတော့ ရေလယ်မှာ မီးခိုးတွေ အူထွက်နေတဲ့စစ်သင်္ဘောတစ်စင်းကို တွေ့ရပြီး သင်္ဘော့ ပဲ့ပိုင်းမှာတော့ စစ်သားတွေဟာ အဖြူရောင် ပိတ်စကို ဝှေ့ယမ်းပြီး အကူအညီတောင်းခံနေတာကို မြင်တွေ့ရပါတယ်။
မိနစ်ပိုင်းသာကြာတဲ့အဲဒီရုပ်သံတွေထဲမှာတော့ မီးလောင်နေတဲ့ စစ်သင်္ဘောဟာ တဖြည်းဖြည်းချင်း ရေထဲ နစ်နေတာကို မြင်ရပါတယ်။
ဒီရုပ်သံထဲမှာပါတဲ့ စစ်သင်္ဘောဟာ ပစ်ခတ်ခံရတဲ့ သင်္ဘော ဟုတ် မဟုတ်ကို ဘီဘီစီအနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။
ဒါပေမဲ့ အဲဒီစစ်သင်္ဘောပေါ်က စစ်သားတွေ ဘာဆက်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အေအေ ပြောခွင့်ရ ဦးခိုင်သုခကတော့ အဲဒီစစ်သင်္ဘောဟာ ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲကျွန်းတဝိုက်မှာ လှည့်ပတ်သွားလာနေပြီး ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အတွဲလိုက် ဒုံးတွေနဲ့ ပစ်ခတ်နေတဲ့ စစ်သင်္ဘောလို့လည်း ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ) တို့တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။
စစ်ကောင်စီ အသွင်ပြောင်း စစ်ကော်မရှင်တပ်ဟာ ရခိုင်ပြည်နယ်ထဲမှာ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်တို့ကိုပဲ ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့ မြို့နယ်တွေကို အေအေက ထိန်းချုပ်ထားပါတယ်။
ရခိုင်မှာ စစ်သင်္ဘော ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး စစ်တပ်က တစ်စုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးတဲ့တရုတ်ကို ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင်ပြော
မြန်မာနဲ့ တရုတ်နယ်စပ်မှာ ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေး ဆောင်ရွက်ခဲ့တာကြောင့် တရုတ်နိုင်ငံကို ကျေးဇူးတင်တဲ့အကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
တရုတ်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ တီယန်ကျင်းမြို့ကို ရောက်နေတဲ့ စစ်ခေါင်းဆောင်နဲ့ သမ္မတ ရှီကျင့်ဖျင်တို့ မနေ့ သြဂုတ်လ ၃၀ ရက်မှာ တွေ့ဆုံချိန် သူက အခုလို ပြောလိုက်တာပါ။
"မြန်မာမြောက်ပိုင်း ဒေသဖွံ့ဖြိးရေးအတွက် နယ်စပ်ဒေသမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့များကို တရုတ်နိုင်ငံက ဖိအားပေး ဆောင်ရွက်မှုတွေကြောင့် ငြိမ်းချမ်းရေး ရလာတဲ့ အခြေအနေများ တွေ့လာရမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်"လို့ စစ်ခေါင်းဆောင်က တရုတ်သမ္မတကို ပြောတာပါ။
ထာဝရ ငြိမ်းချမ်းရေး ရမှသာ မြန်မာနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မှာ ဖြစ်တယ်လို့လည်း ဆက်ပြောခဲ့ပါတယ်။
သမ္မတရှီကျင့်ဖျင်ကတော့ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အတူတကွ ထိန်းသိမ်းပြီး မြန်မာနိုင်ငံက တရုတ်စီမံကိန်းဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်း ဘေးကင်းလုံခြုံမှုကို အာမခံပေးရမယ်လို့ ပြောပါတယ်။
မြန်မာစစ်ခေါင်းဆောင်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ကိုင်ထားမှာ ဖြစ်သလို တရုတ်နိုင်ငံနဲ့အတူ ပိုးလမ်းမ စီမံကိန်းတွေကို ပူးတွဲတည်ဆောက်မှာဖြစ်တယ်လို့ ဆွေးနွေးပါတယ်။
ဒါအပြင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု(SCO) ထိပ်သီးအစည်းအဝေးရဲ့ ဆွေးနွေးဖက်နိုင်ငံ ဖြစ်လာသလို အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ထောက်ခံပေးစေချင်တယ်လို့ စစ်ခေါင်းဆောင်က သမ္မတရှီကျင့်ဖျင်ကို ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့ဖက်ဆစ်တော်လှန်စစ်ပွဲ အရှေ့ပိုင်း စစ်မျက်နှာရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ခဲ့ပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အရေးပါတဲ့ ဆွေးနွေးဖက်နိုင်ငံ ဖြစ်တယ်လို့လည်း သမ္မတရှီကျင့်ဖျင်က ပြောပါတယ်။
တရုတ်သမ္မတနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ အခုတစ်ကြိမ် တွေ့ဆုံတာဟာ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပါတယ်။
န တရုတ်သမ္မတနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ မတွေ့ဆုံခင် ဝ တပ်ဖွဲ့ (UWSA) က ရှမ်းမြောက်ပိုင်းက မဟာမိတ်တွေဖြစ်တဲ့ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA)နဲ့ ရှမ်းပြည်တပ်မတော်(SSPP) တို့ကို သြဂုတ် ၂၀ ရက်က ပန်ဆန်းမြို့မှာ ခေါ်တွေ့ပြီး တရုတ်နိုင်ငံရဲ့ ဖိအားပေးမှု ပြင်းထန်တဲ့အကြောင်း အတိအလင်း ထုတ်ပြောခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး အပြီးမှာ သိမ်းပိုက်ခဲ့တဲ့မြို့တွေကို စစ်တပ်ထဲ ပြန်လွှဲပေးရေးကို တရုတ်က ကြားဝင် စေ့စပ်ညှိနှိုင်းပေးနေပါတယ်။
ရှမ်းမြောက်အရေးမှာ ပါဝင်ညှိနှိုင်းတာဟာ ငြိမ်းချမ်းရေးအတွက်သက်သက်သာဖြစ်တယ်လို့ တရုတ်ဘက်က အကြိမ်ကြိမ်ပြောဆိုထားပါတယ်။
တဖက်မှာလည်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့တရုတ်ခရီးစဥ် မတိုင်ခင်မှာပဲ ရွေးကောက်ပွဲ လုပ်မယ့် နေ့နဲ့ ခရိုင်မြို့ကြီးတွေကစလို့ ရွေးကောက်ပွဲ လုပ်မယ့်အကြောင်းကို ထုတ်ပြောထားပါတယ်။
ဒီလို ထုတ်ပြောတာဟာ မြန်မာ့ပြည်တွင်း နိုင်ငံရေးမှာ တရုတ်ရဲ့ ရပ်တည်မှုကို ထင်ဟပ်မှုလို့ အကဲခတ်တချို့က ထောက်ပြပြောဆိုပေမဲ့ တရုတ်ဘက်ကတော့ ရွေးကောက်ပွဲဟာ မြန်မာ့ပြည်တွင်းရေးလို့သာ ပြောထားပါတယ်။