တစ်တော့ကို ပိတ်ဖို့ အမေရိကန်တရားရုံးချုပ်အတည်ပြုတဲ့နောက် ဘာဆက်ဖြစ်မလဲ

    • ရေးသားသူ, တွမ် ဂါကန် နဲ့ လဇ် မက်မဟွန်
    • ရာထူးတာဝန်, နည်းပညာသတင်းထောက်

တရားရုံးချုပ်က တစ်တော့ ကို ပိုင်တဲ့ ကုမ္ပဏီ ByteDance(ဘိုက်ဒန့်စ်)ရဲ့ နောက်ဆုံးအယူခံကို ပယ်ချလိုက်ပြီးတဲ့နောက်မှာတော့ အမေရိကန် ဒေသစံတော်ချိန် ဇန်နဝါရီ ၁၉ ရက်ကစလို့ အမေရိကန်မှာ တစ်တော့ အသုံးပြုခွင့်ပိတ်ပင်ခံရဖို့ သေချာသွားပါပြီ။

တစ်တော့ ကို ပိတ်ပင်လိုက်တာဟာ ကုမ္ပဏီဘက်က ကန့်ကွက်နေသလို တစ်တော့နဲ့ သူ့ရဲ့သုံးစွဲသူ သန်း ၁၇၀ ရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေတာမရှိဘူးလို့ တရားရုံးချုပ်က တွေ့ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံ့အမြင့်ဆုံးတရားစီရင်ရေးအာဏာပိုင်ကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က တစ်တော့ သုံးတဲ့ အမေရိကန်ပြည်သူ သန်းချီကို တစ်တော့ မသုံးတော့အောင် တကယ်ပဲရပ်တန့်နိုင်မှာလား။

မကြာခင်ရက်ပိုင်းအတွင်း သမ္မတရာထူးအတွက် ကျမ်းသစ္စာကျိန်ဆိုဖို့ရှိတဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကတော့ တစ်တော့ရဲ့အနာဂတ်က သူ့လက်ထဲမှာပဲရှိတယ်လို့ ပြောပါတယ်။

ပိတ်ပင်တဲ့ဥပဒေ အာဏာတည်မယ့်ရက် နောက်တစ်နေ့ တနင်္လာနေ့က ထရမ့်ရဲ့ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲပဲဆိုတော့ အချိန်အခါကိုက်ပဲလို့ အိမ်ဖြူတော်ကလည်း ဆိုပါတယ်။

ဒီတော့ ဘာဆက်ဖြစ်မလဲ။

တစ်တော့ ပိတ်ပင်မှုကို ထရမ့်က ကြားဝင် ဖြေရှင်းနိုင်လား

ထရမ့်ဟာ တစ်တော့ကို ပိတ်ပင်ဖို့ သဘောတူခဲ့ဖူးပေမဲ့ ရွေးကောက်ပွဲကာလ ၂၀၂၄ တစ်နှစ်လုံးမှာတော့ ဒီဥပဒေကို လုံးဝလက်မခံဘူးလို့ အကြိမ်ကြိမ်ပြောဆိုခဲ့သလို အထမမြောက်ခဲ့ပေမဲ့ နှောင့်နှေးအောင်လည်း ကြိုးစားခဲ့ဖူးပါတယ်။

တရားရုံးက အမိန့်ချပြီးချိန်မှာတောင် ဒီလူမှုကွန်ရက်ပလက်ဖောင်းနဲ့ပတ်သက်လို့ သူ ဘယ်လိုဆုံး ဖြတ်မယ်ဆိုတာ မပြောပေမဲ့ တစ်တော့ ရဲ့အနာဂတ်ဟာ သူ့ပေါ်မူတည်နေတယ်လို့ စီအန်အန်(CNN) သတင်းဌာနနဲ့အင်တာ ဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။

လူမှုကွန်ရက်စာမျက်နှာမှာတော့ သူ့ရဲ့နောက်ထပ်လုပ်ဆောင်ချက်တွေ အကောင်အထည်ပေါ်လာဖို့ အချိန်တစ်ခု လိုတယ်လို့ ဆိုထားတာပါ။

"တရားရုံးချုပ်ကတော့ မျှော်လင့်ထားသလိုပါပဲ။ ဒါကို အားလုံးက လေးစားလိုက်နာရမယ်"

"သိပ်မကြာခင်မှာပဲ တစ်တော့နဲ့ ပတ်သက်တဲ့ ကျွန်တော့်ဆုံးဖြတ်ချက်ကို ချဖို့ဖြစ်လာမှာပါ။ ဒါပေမဲ့ အခြေအနေ အရပ်ရပ်ကိုလည်း စောင့်ကြည့်လေ့လာဖို့ အချိန်လိုပါတယ်"

သူအရင်ကတည်းက ပြောခဲ့ဖူးတဲ့ နိုင်ငံရေးအရ အဖြေရှာသွားမယ်ဆိုတာကိုတော့ ဒီအင်တာဗျူးမတိုင် ခင်ကတည်းက ရှင်းရှင်းလင်းလင်းပြောပြီးသားပါ။

တရုတ် သမ္မတရှီကျင့်ပင်နဲ့ တစ်တော့ကိစ္စ၊ ကုန်သွယ်ရေးကိစ္စတွေပြောခဲ့တယ်လို့ သောကြာနေ့တုန်းက တရားရုံးအမိန့်မချခင်လေးမှာပဲ ထရမ့်က ဆိုပါတယ်။

" ပြဿနာတွေကို အတူတူ မြန်မြန် ဖြေရှင်းနိုင်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်" လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့တာပါ။

ထရမ့်ရဲ့အမျိုးသားလုံခြုံရေးအကြံပေးဖြစ်လာမယ့် မိုက်ခ်ဝေါ့ဇ်ကတော့ ရွေးကောက်ခံသမ္မတဟာ တစ်တော့ ကို အရင်အတိုင်းအသုံးပြုနိုင်မယ့်နည်းလမ်းတွေ ရှာကြံနေတယ်လို့ ဖောက်စ် သတင်းဌာနကို ကို ပြောခဲ့ပါ တယ်။

အမေရိကန်တွေ တစ်တော့ကို ဆက်သုံးနိုင်အောင် နဲ့ သူတို့ရဲ့အချက်အလက်တွေကို ကာကွယ်စောင့်ရှော က် ပေးသွားမယ်လို့ ဆိုချင်တာပါ။

"ဒါနဲ့ပတ်သက်လို့ သမ္မတ အမိန့်ကြေညာချက်တွေ ထုတ်ပြန်တာမျိုးမလုပ်ခင်မှာ ကျွန်တော် ကြိုတော့မပြောချင်ပါဘူး။ ဒါပေမဲ့ ဒီအချက်ကို အကောင်အထည်ဖော်ဖို့ နည်းလမ်းဖန်တီးမှာပါ"လို့ မစ္စတာဝေါ့ဇ်က ပြောပါတယ်။

ဘိုင်ဒန်အစိုးရကတော့ ဒီဥပဒေကို အတင်းအကျပ် မလိုက်နာခိုင်းဘူးလို့ အတိအလင်း ပြောဆိုထားပြီးသားပါ။

ထရမ့်လက်ထက်မှာလည်း ဥပဒေကရှိပေမဲ့ တရားရေးဌာန(DoJ)ဘက်က လျစ်လျူရှုထားပေးဖို့ ညွှန်ကြားတဲ့လမ်းကို ရွေးလို့ရနိုင်ပါတယ်။

အစိုးရက အက်ပဲ(Apple) နဲ့ ဂူဂဲလ်(Google) တို့ကို ကြိုပြောထား တာမျိုးလည်း ရှိလာနိုင်ပါတယ်။ အဲဒါကတော့ ဒီကုမ္ပဏီထုတ် ဖုန်းအပါအဝင် ပစ္စည်တွေမှာ တစ်တော့ ကို ဒေါင်းလုပ်ဒ်ဆွဲတာ ဆက်လက်ခွင့်ပြုထားရင်လည်း အရေး မယူဘူးဆိုတာမျိုးကိုပါ။

ဆိုလိုရင်းကတော့ ဥပဒေက စာအုပ်ထဲမှာသာရှိပြီး အမှန်တကယ်ကျင့်သုံးမှာ မဟုတ်ဘူးဆိုတဲ့သဘော ပါပဲ။

ဒီနေရာမှာ တစ်ခုရှိတာက ဥပဒေကို ချိုးဖောက်တာလည်း ပြဿနာမရှိဘူးလို့ သိနေတဲ့အတွက် သက်ဆိုင်ရာလုပ်ငန်းတွေအတွက်တော့ သိပ်အဆင်မပြေလှပါဘူး။

ဘာကြောင့်လည်းဆိုရင် အပြစ်မပေးဘူးဆိုတာ သမ္မတရဲ့အပြောသာဖြစ်ပြီး လက်တွေ့မှာ ဥပဒေချိုး ဖောက်နေရတာက သူတို့လုပ်ငန်းတွေ ဖြစ်နေတာပါ။

ပိတ်ထားတဲ့ တစ်တော့ကို ဆက်သုံးလို့ ရနိုင်မလား

ထရမ့်သာ တစ်တော့ ပြန်ဖွင့်ပေးဖို့ မလုပ်နိုင်ခဲ့ရင် ဘာဆက်ဖြစ်လာမလဲ။

သေချာတာကတော့ အမေရိကန်ဒေသတွင်းမှာ တစ်တေ့ ဒေါင်းလုပ်ဒ်ရယူလို့မရအောင် App Store ကို အမိန့်ပေးညွှန်ကြားမှာပါ။

ဒါပေမဲ့ DoJ က ပြောကြားချက်အရဆိုရင် ဥပဒေအကောင်အထည်ဖော်ရေး နဲ့ ကုမ္ပဏီတွေ လိုက်လျော ညီထွေဖြစ်ရေး လုပ်ငန်းစဉ်ဟာ အချိန်နဲ့အမျှ ပြောင်းလဲလာနိုင်ပါတယ်။

လူတွေက တစ်တော့ကို ဒစ်ဂျစ်တယ်လ်စတိုးတွေကနေ တရားဝင်ယူသုံးလို့မရတော့ဘူးဆိုရင်တောင် ဖုန်းထဲမှာ အရင်ရှိနှင့်ပြီးသားသူတွေအတွက် ဒါက ပြဿနာ မဟုတ်တော့ပါဘူး။

ဒါပေမဲ့ တရားဝင်မရတော့တာကြောင့် အမေရိကန်က အသုံးပြုသူတွေအနေနဲ့ အဆင့်မြှင့်တင်ထားတဲ့ တစ်တော့ အက်ပ်အသစ်တွေကို မရနိုင်တော့ပါဘူး။

ဒီအချက်ကြောင့်ပဲ အချိန်ကြာလာတာနဲ့အမျှ စနစ်ချို့ယွင်းပြီး အသုံးပြုလို့မရတဲ့အဆင့်ရောက်သွား တော့မှာပါ။

နောက်တစ်ချက်ကတော့ တစ်တော့ ဟာ လုံခြုံရေးဟာကွက်တွေကို အဆင့်မြှင့်တင်တာတွေလုပ်ပြီး ဖာထေး ထားတာပါ။

အဆင့်မြှင့်တင်ထားတဲ့ အက်ပ်တွေမရတော့ရင် ဖုန်းလိုမျိုး ပစ္စည်းသန်းနဲ့ချီဟာ ဟက်ကာတွေရဲ့ပစ် မှတ် ဖြစ်လာနိုင်ပါတယ်။

အခုလိုပိတ်ပင်တာကို ရှောင်လို့ရတဲ့လမ်းတွေ ရှိပါတယ်။

တစ်တော့ ပေါ်မှာတောင် VPN နဲ့ ကျော်ပြီး ကိုယ်က တခြားနိုင်ငံတစ်ခုရောက်နေသယောင် ရှောင်လွှဲတဲ့ နည်းတွေသုံးကြဖို့ သတင်းပေးတဲ့ရုပ်သံတွေအများကြီး တွေ့နေရပါပြီ။

မြန်မာမှာ စစ်တပ်က အသုံးပြုခွင့်ပိတ်ပင်ထားတဲ့ ဖေ့ဘုတ်ခ်ကို VPN ဘယ်လိုခံပြီးသုံးလို့ရတယ်ဆို တာ အချင်းချင်းသတင်းဖြန့်ဝေကြ သလိုပါပဲ။

App Store တွေမှာလည်း အသုံးပြုတဲ့နိုင်ငံနေရာမှာ ကိုယ့်နိုင်ငံ မဟုတ်တာကို ပြောင်းပြီး အဲဒီ နိုင်ငံမှာ သုံးလို့ရတဲ့ အက်ပ်တွေ ရယူနိုင်ပါတယ်။

တစ်ဖက်မှာ ထည့်စဉ်းစားစရာလိုတာက ဝန်ဆောင်မှုရယူအသုံးပြုခွင့်သတ်မှတ်ချက်ကို ချိုးဖောက်ရာ ကျတာကြောင့် ပြဿနာရှိ နိုင်ပါတယ်။

ဖုန်းကို အခုလိုပြုပြင်ပြောင်းလဲတာတွေလုပ်ပြီး အင်တာနက်က အက်ပ်တွေကို ဒေါင်းလုပ်ဒ် ရယူတာက မူပိုင်ခွင့်ဥပဒေကို ချိုးဖောက်ရာကျတဲ့အပြင် ပြောင်းလဲခြင်းကြောင့်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေရှိပါ တယ်။

ဒါကို အစိုးရကလည်း ကြိုမြင်တာကြောင့် အပေါ်မှာပြောခဲ့တဲ့နည်းလမ်းတွေသုံးပြီး အက်ပ်ကို မရယူ နိုင်အောင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ ထပ်မံပိတ်ပင်ဖို့ ညွှန်ကြားတာမျိုး လုပ်လာနိုင်ပါ တယ်။

မြန်မာမှာ VPN တချို့ကိုပါ သုံးမရအောင် စစ်ကောင်စီဘက်က ပိတ်လိုက်သလိုမျိုး ညွှန်ကြားချက်တွေ ဖြစ်ပါတယ်။

တစ်တော့ ပိတ်ပင်တားမြစ်ချက်ဟာ ဒီနည်းလမ်းတွေအတိုင်းဖြစ်လာခဲ့မယ်ဆိုရင်တောင် သုံးချင်တဲ့သူက တော့ နည်းလမ်းမျိုးစုံရှာပြီးဆက်သုံးနေဦးမှာပါပဲ။

ဒါပေမဲ့ အရင်ကသုံးခဲ့ရသလိုတော့ မဟုတ်တော့ဘူးပေါ့။

တစ်ဖက်မှာလည်းအစိုးရဘက်က သုံးလာနိုင်စရာ တခြားနည်းလမ်းတွေလည်းရှိနေပါသေးတယ်။

ဥပမာပြောရရင် ၂၀၂၀ တုန်းက အိန္ဒိယမှာ တစ်တော့ ကို ပိတ်ပင်တော့ ဒီအက်ပ်ကို ရယူလို့ မရအောင် လုပ်ဖို့ အစိုးရက အင်တာနက်ကုမ္ပဏီတွေကိုပါ တစ်ခါတည်း ညွှန်ကြားချက်ထုတ်ခဲ့တာမျိုး ဖြစ် ပါတယ်။

နောက်ဆုံးမှာတော့ တစ်တော့ဟာ အမေရိကန်မှာ တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားလိမ့်မယ်လို့ တစ်တော့ ရဲ့ ရှေ့နေက တရားရုံးချုပ်ကို ပြောပါတယ်။

အခြေအနေရဲ့ ရှုပ်ထွေးမှုက ကျွမ်းကျင်သူတွေကိုတောင် နောက်ဘာဖြစ်မလဲဆိုတာ မရှင်းမလင်း ဖြစ်စေတယ်လို့ တရားရုံးမှာ တစ်တော့ဘက်ကနေ လျှောက်လဲခဲ့သူ ဂျော့ဂျီယာ နည်းပညာတက္ကသိုလ် ပါမောက္ခ မီလ်တန်အယ်လ်မူလာက ပြောပါတယ်။

သေချာတာကတော့ သုံးစွဲသူတွေနဲ့ အင်တာနက်အပေါ် သက်ရောက်ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

"ဒါဟာ နိုင်ငံ၊တရားစီရင်မှု နယ်နိမိတ်တွေအပေါ် မူတည်ပြီးတော့မှ အင်တာနက်ကို အပိုင်းပိုင်းဖြတ်သုံးရတော့မယ်ဆိုတာ တရားဝင်ကြေညာလိုက်တာပါပဲ" လို့ သူက ပြောပါတယ်။

ဝယ်သူအသစ်ပေါ်လာ မလား

ဒီမတိုင်ခင်အထိ ByteDance ဟာ အမေရိကန်မှာ လည်ပတ်နေတဲ့ တစ်တော့နဲ့ ပတ်သက်ပြီး ပိုင်ဆိုင်မှုတွေကို ထုတ်မရောင်းဘူးလို့ ပြောထားပြီးသားပါ။

ဒါပေမယ့် ခုချိန်မှာ တစ်တော့ ကို အမှန်တကယ် ပိတ်ပင်ခံရမှုနဲ့အတူ အဲဒီပြောဆိုမှု ပြောင်းလဲသွားနိုင်မှာလား။

နောက်ပြီး သူ့ကိုယ်သူ ညှိနှိုင်းရေးမှာ အထူးကျွမ်းကျင်သူလို့ ဂုဏ်ယူနေတဲ့ သမ္မတက အိမ်ဖြူတော်ကို ပြန်ရောက်လာတဲ့အချိန်မှာရော ဘာတွေဖြစ်လာနိုင်ပါလဲ။

အလားအလာရှိတဲ့ ဝယ်သူတွေဟာ ဆက်လက်တန်းစီနေပြီး ကုမ္ပဏီကို ဘီလျံနာ သူဌေး အီလွန်မာ့ခ်ကို ရောင်းချဖို့ စဉ်းစားနေတယ်လို့ အင်္ဂါနေ့က ဘလွန်းဘာ့ဂ်သတင်းက ဖော်ပြပေမဲ့ တစ်တေ့ ကတော့ ဒါဟာ အခြေအမြစ်မရှိဘူးလို့ ပြောဆိုထားတာပါ။

ထရမ့်ရဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း စတီဖင် မနျူချင်နဲ့ ဘီလျံနာ စီးပွားရေးသမား ဖရန့်ခ် မက်ကော့တို့ဟာလည်း ဝယ်ယူဖို့ စိတ်ဝင်စားတယ်လို့ အရင်တုန်းက ပြောနေသူတွေထဲ ပါကြပါတယ်။

တစ်တော့ ကို ဈေးပြိုင်ပေးဝယ်ယူရေးအတွက် အကျိုးတူ ရင်းနှီးမြှုပ်နှံသူတွေဆီက ဒေါ်လာ ဘီလျံ ၂၀ ရဖို့ နှုတ်အားဖြင့် သဘောတူထားပြီးဖြစ်တယ်လို့ လော့ဆန်းဂျလိစ်ဒေါ့ဂျာ ဘေ့စ်ဘောအသင်း ပိုင်ရှင်ဟောင်း မစ္စတာ မက်ကော့က ပြောပါတယ်။

နောက်ပြီး တစ်တော့ ကို ဝယ်ယူဖို့ အဆိုပြုသူထဲမှာ ထင်မှတ်မထားတဲ့သူတစ်ယောက်လည်း ရှိပါတယ်။

ကမ္ဘာကျော် YouTuber MrBeast ဖြစ်ပါတယ်။

ဘီလျံနာတွေက တစ်တော့ဝယ်ယူရေး စကား စလာတဲ့အတွက် သူ့ဘက်ကလည်း စိတ်ဝင်စားလာကာ ဝယ်နိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒါဟာ ဟာသတစ်ခုလို့ ထင်စရာရှိပေမဲ့ သူ့မှာ ကြိုးစားကြည့်ဖို့နဲ့ အက်ပ်ကို ကယ်တင်ဖို့ ငွေကြေး အင်အား ရှိနေပါတယ်။

MrBeast ဟာ တစ်တော့ ဖော်လိုဝါ သန်း ၁၀၀ ကျော်ရှိနေတာပါ။

တစ်တော့အစား ဘယ်လူမှုကွန်ရက်ဆီ လူတွေ ခြေဦးလှည့်နိုင်လဲ

၂၀၂၄ ခုနှစ်အတွင်း ပျမ်းမျှအားဖြင့် တစ်ရက်ကို ၅၁ မိနစ်လောက် အသုံးပြုတဲ့ အသုံးပြုသူပေါင်း သန်း ၁၇၀ ကျော် အမေရိကန်မှာ ရှိတယ်လို့ TikTok က ဆိုပါတယ်။

တစ်တော့ကို ပိတ်ပစ်တာ ဒါမှမဟုတ် အသုံးပြုနိုင်မှု လျော့ကျအောင် လုပ်တာတွေဟာ သူ့ရဲ့ ကြီးမားတဲ့ နည်းပညာပြိုင်ဘက်တွေအတွက် အလွန်အမင်း များပြားတဲ့ အခွင့်အလမ်းကို ဖြစ်စေတယ်လို့ Insider Intelligence က ဆန်းစစ်သူ ဂျက်စမင် အန်ဘတ်ဂ်က ပြောပါတယ်။

"Metaက ပိုင်ဆိုင်တဲ့ Instagram Reel နဲ့ Google က ပိုင်ဆိုင်တဲ့ YouTube Short တွေဟာ Tiktok ကနေ ရွှေ့လာကြမယ့် အသုံးပြုသူတွေ၊ ဖန်တီးထုတ်လုပ်သူတွေနဲ့ ကြော်ငြာရှင်တွေအတွက် အကိုက်ညီဆုံး ဖြစ်တယ်"လို့ သူက ဆိုပါတယ်။

Meta ပလက်ဖောင်းတွေ အားလုံးလိုပဲ Facebook ဟာလည်း အကျိုးအမြတ် ရနိုင်တယ်ဆိုပေမဲ့ မာ့ခ်ဇူကာဘတ် ကြေညာခဲ့တဲ့ အငြင်းပွားဖွယ် မူဝါဒအပြောင်းအလဲကြောင့် ဆွဲဆောင်နိုင်မှုဟာ လျော့ကျမယ့် အလားအလာ ရှိနိုင်တယ်လို့ မစ္စ အန်ဘတ်ဂ်က ပြောပါတယ်။

အသုံးပြုသူတွေရွှေ့တဲ့နောက်ကို ကြော်ငြာရှင်တွေ လိုက်လာမှာဖြစ်လို့ ဒီ တစ်တော ပိတ်ပင်မှုဟာ တခြား လူမှုကွန်ရက် ပလက်ဖောင်းတွေကို ကြီးမားတဲ့ ငွေကြေးအကျိုးအမြတ်တွေ ရရှိစေနိုင်ပါတယ်။

"တစ်တော့မှာ ဆက်ကြော်ငြာလို့ မရတော့ရင် သူတို့ရဲ့ ကြော်ငြာငွေတွေ Meta နဲ့ Google ဆီကိုခွဲဝင်လာကြလိမ့်မယ်လို့ ကျွန်တော်တို့နဲ့ စကားပြောထားတဲ့ အရောင်းဌာန အကြီးအကဲတွေက အတည်ပြု ပြောကြပါတယ်။ ဒါဟာ ၂၀၂၀ ခုနှစ် အိန္ဒိယမှာ တစ်တော့ကို ပိတ်ပင်လိုက်တုန်းက တွေ့ခဲ့ရတဲ့ ပုံစံအတိုင်းပါပဲ" လို့ Forrester ရဲ့ အဓိက လေ့လာဆန်းစစ်သူ ကယ်လ်စီ ချိကရင်းက ဆိုပါတယ်။

ByteDance ကပဲ ပိုင်ဆိုင်တဲ့ Lemon 8 ဟာ တစ်တော့ ပိတ်ပင်မှုအပြီးမှာ လူတွေ ပြောင်းသုံးနိုင်ချေများတဲ့ အက်ပ်ဆိုပေမဲ့ ဥပဒေပြဋ္ဌာန်းချက်မှာ ကုမ္ပဏီက ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် လုပ်ကိုင်တဲ့ တခြား အက်ပ်တွေ အပေါ်လည်း သက်ရောက်နေပါတယ်။

ဒီဟာက ဘာကိုဆိုလိုလဲဆိုရင် Lemon 8 ဟာလည်းပဲ အမေရိကားမှာ အသုံးပြုလို့မရအောင် လုပ်ဆောင်မှုနဲ့ ကြုံတွေ့နိုင်တယ် ဆိုတာပဲ ဖြစ်ပါတယ်။

အခြား အနိုင်ရဖို့ ဖြစ်နိုင်ခြေရှိသူတွေမှာတော့ တစ်တော့မှာ ထင်ရှားတဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ တိုက်ရိုက် ထုတ်လွှင့်မှုတွေကို တင်ဆက်ခြင်းနဲ့ နာမည်ရလာတဲ့ တွစ်ချ်(Twitch) ဖြစ်ပါတယ်။ Twitch ကို ဂိမ်းဆော့သူတွေ ကောင်းကောင်းသိကြပြီး အခြားနယ်ပယ်တွေမှာလည်း ပိုလူသိများလာအောင် ဆက်လက်လုပ်ဆောင်နေပါတယ်။

အမေရိကားက အသုံးပြုသူတွေကြားမှာ RedNote လို့ သိကြတဲ့ တခြား တရုတ်ပိုင်ပလက် ဖောင်း Xiaohongshu ဟာ အမေရိကန်နဲ့ ဗြိတိန်တို့မှာ သိသိသာသာ လူသုံးများပြီး တိုးတက်လာတာကို ‌မြင်ရပါတယ်။

တစ်တော့ ကို လက်ရှိ ရှိနေတဲ့ ဘယ်အက်ပ်နဲ့မှ အစားထိုးလို့ မရနိုင်ဘူးလို့ ပြောဆိုချက် တချို့ ရှိပါတယ်။

အထူးသဖြင့် TikTok Shop လို့ခေါ်တဲ့ တစ်တော့ကနေ စျေးတယ်နိုင်တဲ့နေရာဟာ အသုံးပြုသူတွေကို ဗီဒီယိုတွေကနေတဆင့် ထုတ်ကုန်တွေ တိုက်ရိုက်ဝယ်နိုင်ပြီး အမေရိကန်က ထုတ်လုပ်သူတွေအတွက် လည်း ငွေအများအပြား ရစေပါတယ်။

TikTok မှတပါး လူတွေအတွက် ချက်ချင်းပြောင်းသုံးချင်လောက်စရာ ယှဉ်ပြိုင်နိုင်သူမရှိဘူးလို့ ဒစ်ဂျစ်တယ် ကြော်ငြာအေဂျင်စီတစ်ခုဖြစ်တဲ့ Code 3ရဲ့ အမှုဆောင်အရာရှိ ခရိတ်အက်ကင်ဆန်ကလည်းဆိုပါတယ်။

သူ့အေဂျင်စီမှာဆိုရင်လည်း TikTok Shop ကမ်ပိန်းတွေလုပ်ဖို့ လုပ်ငန်းရှင်တွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ စာချုပ်အသစ်တွေ ဆက်ချုပ်ဆိုနေရတုန်းပဲလို့ ရှင်းပြပါတယ်။