ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အေအေ ထိုးစစ် ရခိုင်ကို ကျော်လွန်လာမလား
အာရက္ခတပ်တော် (အေအေ) ဟာ ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ တိုင်းသုံးခု အစပ်က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ပြီးတဲ့နောက် ရခိုင်နယ်ခြားအစပ်အထိ အပြည့်အဝထိန်းချုပ် ထားနိုင်ပြီဆိုတဲ့ သတင်းစကားကို ပေးခဲ့ပါတယ်။
ရခိုင်-မကွေးအစပ်နဲ့ ရခိုင်-ပဲခူးအစပ်က တပ်စခန်းတချို့ကို သိမ်းပိုက်ခဲ့ပြီး ရခိုင်-ဧရာဝတီ အစပ်မှာ သံချပ်ကားတွေ မောင်းပြခဲ့ပါတယ်။
ရခိုင်ပြည်နယ်ကို ကုန်းလမ်းက ဝင်ရောက်နိုင်တဲ့ အဓိကဝင်ပေါက်သုံးခုလုံးကို ထိန်းချုပ်ထားလိုက်တာလည်း ဖြစ်ပါတယ်။
အေအေရဲ့ထိုးစစ်ဟာ ရခိုင်နယ်နိမိတ်ကို ကျော်လွန်လာတာမျိုး ဖြစ်လာတဲ့အတွက် ရခိုင်ပြည်နယ်ထဲက တပ်စခန်းတွေကို မြန်မာစစ်တပ်က အလွယ်တကူ ပြန်သိမ်းလို့မရအောင်သုံးတဲ့ စစ်ရေးဗျူဟာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ရခိုင်နဲ့ တိုင်းသုံးတိုင်းအစပ်က တိုက်ပွဲတွေ
ရခိုင်ပြည်နယ်ဟာ ဧရာဝတီတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းတို့နဲ့ ထိစပ်နေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်အပြီးမှာတော့ ရခိုင်အစပ်က နယ်မြေတွေကို ခိုင်မာအောင် အေအေက အားထုတ်လာပါတယ်။
ဧရာဝတီတိုင်းနယ်နိမိတ်ထဲက ပွိုင့် (၂၆၃) စခန်းနဲ့ ပွိုင့် (၃၆၉) စခန်းနှစ်ခုကို အာရက္ခတပ်တော်က ဒီလထဲမှာပဲ သိမ်းပိုက်ခဲ့ပါတယ်။
ပွိုင့် (၂၆၃) စခန်းကို မြန်မာစစ်တပ်က ဇန်နဝါရီလ (၂၇) ရက်မှာ လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေသုံးပြီး ထိုးစစ်ပြန်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒီစခန်းတွေဟာ ရခိုင်ပြည်နယ်မှာတိုက်ပွဲတွေမဖြစ်ခင်က အရေးမပါခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ မြန်မာစစ်တပ်အတွက် ဧရာဝတီတိုင်းကို အေအေမဝင်ရောက်လာနိုင်အောင်တားဆီးရမဲ့ အရေးပါတဲ့ ခံစစ်စခန်းတွေဖြစ်လာပါတယ်။
ဧရာဝတီအစပ်က အေအေရဲ့တိုက်ပွဲတွေကို လူသိများကြပေမဲ့ ပဲခူးတိုင်းအစပ်အထိ ထိုးစစ်ရောက်လာတဲ့အချိန်မှာတော့ စစ်ရေးအကဲခတ်တွေက အာရုံစိုက်လာကြပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်ရိုးမတောင်တန်းတစ်လျှောက်ကမြန်မာစစ်တပ်ရဲ့ လက်ကျန်စခန်းတွေကို ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် မြန်မာစစ်တပ်ဟာ ပဲခူးတိုင်းအစပ်မှာတန်ပြန်ထိုးစစ်ဆင်နေပါတယ်။
အေအေက မြန်မာစစ်တပ်ရဲ့ မိုးထိတောင်စခန်းကို ဇန်နဝါရီလ (၂၁) ရက်က စတင်ပြီး ငါးရက်ကြာအပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အေအေကထုတ်ပြန်တဲ့ဓာတ်ပုံတွေထဲ လက်နက်ကြီးလက်နက်ငယ်တွေအပြင် ဒရုန်းနဲ့ ဂျန်ဘာတွေကိုပါ တွေ့ရပါတယ်။
မိုးထိတောင်စခန်းဝန်းကျင်ဟာ တိုက်ပွဲတွေမရှိခင်က တောတောင်ထဲမှာ စွန့်စားခရီးထွက်သူတွေ၊ တောင်တက်စက်ဘီးစီးသူတွေ သွားရောက်ကြတဲ့နေရာဖြစ်ပါတယ်။ ပဲခူးအနောက်ခြမ်းနဲ့ထိစပ်နေတဲ့ မြို့တချို့ကနေ ငပလီကို ဒီလမ်းကိုအသုံးပြုပြီး သွားကြပါတယ်။
မိုးထိတောင်စခန်းဟာ ပဲခူးတိုင်းအနောက်ခြမ်းအစွန်မှာရှိပြီး အနီးဆုံးမြို့က ဥသျှစ်ပင်ဖြစ်ပါတယ်။
ဒါ့အပြင် မကွေးတိုင်းထဲမှာဆိုရင်လည်း အေအေရဲ့ထိုးစစ်ဟာ အမ်း-ပဒါန်း ကားလမ်းမအတိုင်း ငဖဲမြို့နယ်ထဲ အထိရောက်လာပါတယ်။
မြန်မာစစ်တပ်ဘက်ကလည်း တပ်မ (၉၉) တပ်မမှူးကိုယ်တိုင် ထိုင်ပြီး အပြင်းအထန်ခုခံပါတယ်။
ဂုတ်စီးရိုးကျေးရွာအနီးမှာ ဇန်နဝါရီလ (၂၇) ရက်က တိုက်ပွဲပြင်းထန်ပြီး မြန်မာစစ်တပ်ဘက်က ဆုတ်ခွာပေးနေရတယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
နယ်စပ်အစည်းအတားလား၊ ရခိုင်ပြည်နယ်အလွန်ထိုးစစ်လား
စစ်ရေးအကဲခတ်တွေကတော့ အေအေရဲ့ ရခိုင်ပြည်နယ်အစပ်ကို တိုက်ခိုက် ထိန်းချုပ်မှုတွေနဲ့ ပတ်သက်ပြီး အမြင်နှစ်မျိုးရှိကြပါတယ်။ ပထမတစ်မျိုးကတော့ အေအေက သူ့ပြည်နယ် နယ်နိမိတ်ကို ခိုင်မာအောင် နယ်စပ်တွေအထိ ကာကင်းထုတ်ထားတာလို့ ဆိုပါတယ်။
အေအေဟာ ပြည်နယ်နယ်နိမိတ်အဆုံးမှာ နယ်ခြားစောင့်စခန်းတွေချပြီး ပြည်နယ်အစပ်က တိုင်းတွေအထိ လှုပ်ရှားစစ်ကြောင်းထိုးတဲ့ ဗျူဟာကို သုံးနေတယ်လို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
''ရခိုင်ပြည်နယ်ထဲက ဆုံးရှုံးသွားတဲ့နယ်မြေတွေကို တပ်ဘက်က တန်ပြန်ထိုးစစ်မဆင်နိုင်အောင် လုပ်တာ'' လို့ သူကပြောပါတယ်။
ဧရာဝတီတိုင်းနယ်နိမိတ်ထဲက ပွိုင့် (၂၆၃) စခန်းနဲ့ (၃၆၉) စခန်းတွေဟာ ရခိုင်နဲ့ ဧရာဝတီအစပ်က အချက်အချာအကျဆုံး တောင်ကုန်းတွေဖြစ်ပြီး ဒီစခန်းတွေလွန်ရင် မြေပြန့်ပဲရှိပါတော့တယ်။
ပဲခူးအစပ်က မိုးထိတောင်စခန်းဆိုရင်လည်း ရခိုင်ရိုးမအစွန်က တပ်စခန်းဖြစ်ပြီး ပဲခူးအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုနယ်မြေထဲ ရောက်နေပြီဖြစ်ပါတယ်။
မကွေးအစပ်က အမ်း-ပဒါန်း ကားလမ်းတလျှောက်က တိုက်ပွဲတွေမှာ တပ်မ (၉၉) အပြင် သာစည်အခြေစိုက် အမှတ် (၄၁၉) ခြေမြန်တပ်နဲ့ ကျောက်ဆည်အခြေစိုက် အမှတ် (၁၄) ခြေမြန်တပ် တို့ လည်းပူးပေါင်းပါဝင်ခဲ့ပါတယ်။
ပဒါန်းမှာ အမှတ် (၉၀၅) အမြောက်စခန်းရှိပြီး ဗိုလ်မှူးချုပ်တစ်ဦး ကွပ်ကဲပါတယ်။
ကာကွယ်ရေးပစ္စည်းစက်ရုံတွေရှိတဲ့ မကွေးတိုင်းထဲကို အေအေ ဝင်မလာနိုင်အောင် ခံစစ်ပြင်ထားတဲ့ အဓိက တပ်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒီအခြေအနေတွေကိုကြည့်ရင် အေအေဟာ စစ်မကျွံသေးဘဲ သူ့နယ်နိမိတ်ကို ခိုင်မာအောင် ကာကွယ်တဲ့ အနေအထားလို့ စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
တကယ်လို့ အေအေဟာ တိုင်းတွေထဲအထိ စစ်ဆင်ရင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက အခရာဖြစ်လာလိမ့်မယ်လို့ သူကပြောပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဆိုတဲ့နေရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ရော၊ သူ့လက်အောက် မဟုတ်တဲ့တပ်တွေကိုပါ ဆိုလိုတယ်လို့ သူကပြောပါတယ်။
မကွေး၊ ပဲခူး နဲ့ ဧရာဝတီတို့ဟာ မြန်မာစစ်တပ်ရဲ့ အဓိကနေရာတွေဖြစ်လို့ ဒီတိုင်းတွေကို တော်လှန်စစ် ရောက်ရှိလာတာဟာ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အရေးပါတဲ့ တိုးတက်မှုလို့ သဘောထားတဲ့အကြောင်း ကျောင်းသားလက်ရုံးတပ်တော် စစ်ဦးစီးချုပ် ကိုမင်းလတ်ဥက္ကာက ပြောပါတယ်။
ဒေသကာကွယ်ရေးတပ်တွေ နဲ့ မဟာမိတ်ဆက်ဆံရေး
ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပူးပေါင်းစစ်ဆင်မှုကို မြန်မာနိုင်ငံရဲ့ စစ်မျက်နှာပြင်အတော်များများမှာတွေ့ရပါတယ်။
ကချင်လွတ်လပ်ရေးတပ် KIA နဲ့ PDF ပူးပေါင်းမှုက အားအကောင်းဆုံးဖြစ်ပြီး စစ်ကိုင်းနဲ့ ကချင် စစ်မျက်နှာပြင်တွေမှာ ပူးပေါင်းလှုပ်ရှားကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၃ ခုနှစ် အောာက်တိုဘာ ၂၇ ရက်က ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာလည်း မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပါဝင်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်က အေအေရဲ့ တိုက်ပွဲတွေမှာလည်း ပူးပေါင်းတိုက်ခိုက်ပေးခဲ့တဲ့ မဟာမိတ်တပ်တွေရှိပြီး ရခိုင်အလွန်က တိုက်ပွဲတွေအတွက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တွေ နဲ့ အေအေက ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက်ထားတယ်လို့ အေအေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ကျောင်းသားလက်ရုံးတပ်တော်ဟာ ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ စစ်ဦးစီးချုပ်က ပြောပါတယ်။
''တိုင်း ၃ တိုင်းထဲကို ထိုးစစ်ဝင်ရောက်လာရင် အရင်ထက်ပိုပြီးတော့ ပိုမို ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာပါလိမ့်မယ်'' လို့ ကိုမင်းလတ်ဥက္ကာက ပြောပါတယ်။
ဧရာဝတီတိုင်းအစပ်မှာဆိုရင်လည်း AYA PDF အမှတ် (၂၉) ဗျူဟာက အေအေနဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေ လုပ်နေတယ်လို့ စစ်ရေးအရင်းမြစ်တချို့က ပြောပါတယ်။
အေအေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တချို့ကို သင်တန်းပေးတာတွေ၊ တိုက်ပွဲတွေမှာ အတူတိုက်ခိုက်တာတွေအပြင် လက်နက်တပ်ဆင်မှုတချို့ကိုပါ လုပ်ဆောင်ပေးခဲ့တဲ့အကြောင်း အေအေနဲ့ နီးစပ်တဲ့ စစ်ရေးအရင်းအမြစ်ကပြောပါတယ်။
ပဲခူး၊ မကွေးနဲ့ ဧရာဝတီလို နေရာတွေဟာ မြန်မာစစ်တပ် အာကောင်းတဲ့ နေရာတွေဖြစ်လို့ PDF တွေအနေနဲ့ ရုန်းကန်ရနိုင်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။
''အရေးကြီးဆုံးအချက်ကတော့ အေအေအနေနဲ့ ရခိုင်ပြည်နယ်ကိုကျော်လွန်ပြီး တိုင်းတွေကို စစ်ကျွံလေလေ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ပိုရှည်လေလေ ဖြစ်မှာပါ။ အဲဒါက သူတို့ကို အခက်တွေ့စေလိမ့်မယ်'' လို့ စစ်ရေးအကဲခတ်တစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။
အေအေအာရုံစိုက်မယ့်နေရာ
အေအေက ရခိုင်ပြည်နယ်ပြင်ပအထိ စစ်ရေးချဲ့လာတယ်လို့ သုံးသပ်မှုတွေရှိလာပေမဲ့ ရခိုင်ပြည်နယ်ထဲမှာ အေအေ သိမ်းပိုက်ဖို့ကျန်နေတဲ့ မြို့နယ် ၃ ခုရှိနေပါသေးတယ်။
အစိုးရရုံးစိုက်ရာစစ်တွေ၊တရုတ်စီမံကိန်းကြီးတွေရှိတဲ့ကျောက်ဖြူ နဲ့ မာန်အောင်ကျွန်းတို့ပဲ ဖြစ်ပါတယ်။
အေအေအနေနဲ့ ၃ မြို့လုံးကိုတိုက်ခိုက်နိုင်တဲ့ အင်အားရှိပေမဲ့ သူတို့တကယ်အာရုံစိုက်မှာက စစ်တွေ လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
စစ်တွေမြို့ အနီးပတ်ဝန်းကျင်မှာ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုတွေ နေ့တိုင်းရှိနေတယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။
စစ်တွေကိုသာ အေအေက သိမ်းပိုက်နိုင်ခဲ့ရင် ပြည်နယ်အစိုးရအဖွဲ့ရုံးကိုရော တိုင်းစစ်ဌာနချုပ်ကိုပါ ပထမဆုံးသိမ်းနိုင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်လာမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် (အေအေ)က ၂၀၂၄ ဒီဇင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့လည်း စစ်တွေအတွက်အထူးပြင်ဆင်ထားပြီး စစ်တွေမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး သာမက ရခိုင်ပြည်နယ်ကိုတာဝန်ယူရတဲ့ အမှတ်(၃)စစ်ဆင်ရေးအထူးအဖွဲ့မှူးကိုယ်တိုင် ရောက်နေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ရုံးက ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။
အေအေအနေနဲ့ ရခိုင်နဲ့ထိစပ်နေတဲ့ တိုင်းသုံးတိုင်းအစပ်က တပ်စခန်းတွေကို တပြိုင်တည်းတိုက်တာအပြင် မောင်တောင်၊အမ်း၊တောင်ကုတ်နဲ့ ဂွ တို့ကို တပြိုင်တည်းတိုက်ပြခဲ့တဲ့ အင်အားကြောင့် စစ်တွေကိုလည်း အချိန်မရွေးတိုက်နိုင်တယ်လို့ စစ်ရေးအကဲခတ်တွေကပြောပါတယ်။
''အေအေက စစ်တွေကိုတိုက်လိမ့်မယ်။ သူတို့ အချိန်တစ်ခုကို စောင့်နေတာ ဖြစ်နိုင်တယ်'' လို့ အေအေနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။