ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းအရေးမှာ တောင်ကိုရီးယားက ဘာ့ကြောင့် အရေးပါလာနိုင်သလဲ
တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးဟာ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေ တိုးလုပ်လာချိန်မှာ အမေရိကန်ရဲ့ စစ်ရေးထောက်ပံ့ဖို့ အာမခံချက်ကို ရရှိခဲ့တယ် ဆိုပေမယ့် အခုလို သဘောတူညီမှု ရတဲ့ကိစ္စမှာ ယူကရိန်းအရေးလို နောက်ထပ် ပထဝီနိုင်ငံရေးကိစ္စတခု ဆက်စပ်နေနိုင်ပါတယ်။
တောင်ကိုရီးယား သမ္မတဟာ ဧပြီလ ၂၅ ရက်နေ့က စတင်တဲ့ ခြောက်ရက်တာ ခရီးစဉ်နဲ့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပြီး ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအပြီး အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ဖွဲ့မှု အနှစ် ၇၀ ပြည့် အထိမ်းအမှတ်အတွက် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ လက်နက်တင်ပို့မှု
ယူကရိန်း-ရုရှား စစ်ပွဲ တစ်နှစ်ကျော်လာချိန်မှာ နည်းပညာမြင့် လက်နက်သုံး စစ်ပွဲတွေက ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာကိုလဲ မြင်ရလိမ့်မယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြရာမှာ အတိုင်းအတာတခုအထိ မှန်ကန်ပေမယ့် တင့်ကားနဲ့ အဝေးပစ် အမြောက် အစရှိတဲ့ သမားရိုးကျ လက်နက်တွေရဲ့ အခန်းကဏ္ဍက ဆက်လက် အရေးပါနေတာကိုလည်း တွေ့ရပါတယ်။
ဒါ့ကြောင့်ပဲ တောင်ကိုရီးယားဟာ ယူကရိန်းအရေးမှာ အရေးပါလာနိုင်တာဖြစ်ပြီး ကေပေါ့နဲ့တကွ ဆမ်ဆောင်းလို နိုင်ငံတကာ ကုမ္ပဏီကြီးတွေရှိတဲ့ တောင်ကိုရီးယားဟာ ကမ္ဘာမှာ အများဆုံး စစ်လက်နက် တင်ပို့ ရောင်းချတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လကပဲ ထွက်ပေါ်လာတဲ့ Stockholm International Peace Research Institute (SIPRI) ရဲ့ အစီအရင်ခံစာအရ တောင်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာပေါ်မှာ နဝမမြောက် အများဆုံး လက်နက်ရောင်းတဲ့ နိုင်ငံဖြစ်တယ် ဆိုတာ တွေ့ရပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ လက်နက်တန်ဖိုး အများဆုံး တင်ပို့မှု စံချိန်တင်ခဲ့တယ်လို့ ကြေညာခဲ့ပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၇ ဘီလျံ ဖိုး အထိ တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားဟာ ၁၉၅၃ မှာ မြောက်ကိုရီးယားနဲ့ အပစ်ရပ်ရေး စာချုပ်သာ ချုပ်ထားခဲ့ပြီး သူတို့နဲ့ စစ်ဖြစ်နေတဲ့ အနေအထား ရှိနေသေးတဲ့အတွက် အခုလို လက်နက်တင်ပို့မှု များပြားတယ် ဆိုတာကလည်း အံ့သြစရာလို့ မဆိုနိုင်ပါဘူး။
The Center for Strategic and International Studies က ကိုရီးယားရေးရာ ဥက္ကဋ္ဌ ဒေးဗစ်ချာ ကတော့ တောင်ကိုရီးယားဟာ ခဲယမ်းမီးကျောက် သိုလှောင်ထားနိုင်မှုမှာဆိုရင် ကမ္ဘာ့အများဆုံး မဟုတ်ရင်တောင် အများဆုံးတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့အပြင် ခဲယမ်းမီးကျောက် ထုတ်လုပ်နိုင်မှုမှာလည်း အကြီးအကျယ် အများအပြား ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုးက အမေရိကန်ကို မလာရောက်ခင်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာလည်း ဒေါက်တာ ချာက ယူကရိန်းနဲ့တကွ ယူကရိန်းကို ကူညီနေတဲ့ မဟာမိတ် နေတိုးတပ်ဖွဲ့ဝင်တွေ လိုအပ်နေတာကလည်း အဲဒီ ခဲယမ်းမီးကျောက်တွေပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ယူကရိန်းကို လက်နက်ပေးဖို့ တောင်ကိုရီးယား ဖိအားပေးခံနေရ
အမှန်တကယ် လက်တွေ့မှာ ဆိုရင်လည်း အနောက်နိုင်ငံတွေကလည်း ယူကရိန်းကို လက်နက်တိုက်ရိုက် ထောက်ပံ့ဖို့ တောင်ကိုရီးယားကို ပိုပြီး ဖိအား ပေးလာနေတာကို တွေ့နေရပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်က တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးနဲ့ ထိပ်သီး အစည်းအဝေး ကျင်းပချိန်မှာ အလားတူ ဖိအားပေးမယ်လို့ ခန့်မှန်းချက်တွေ ရှိခဲ့ပေမယ့် အနည်းဆုံး အများအမြင်မှာတော့ ဒီလို ဖြစ်ခဲ့ပုံ မပေါ်ခဲ့ပါဘူး။
တောင်ကိုရီးယား သမ္မတရုံးရဲ့ ဝါရင့် အရာရှိတစ်ဦးက ဝါရှင်တန်မြို့က သတင်းထောက်တွေကို ပြောကြားရာမှာ သမ္မတ နှစ်ဦးက ယူကရိန်းကို စစ်ရေး အကူအညီပေးဖို့ ကိစ္စ ထည့်မပြောကြဘူးလို့ ဆိုပေမယ့် ယူကရိန်းအရေးကိုတော့ အနည်းငယ် ဆွေးနွေးခဲ့ကြတယ်လို့ အတည်ပြုခဲ့ပါတယ်။
တောင်ကိုရီးယားဟာ ယူကရိန်းဘက်ကို ထောက်ပံ့မှု ရှိတယ်ဆိုပေမယ့် လူသားချင်းစာနာမှု ဆိုင်ရာနဲ့ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့တွေပဲ ပေးနေသေးရာမှာ လက်နက်ပါ ထောက်ပံ့ဖို့ ဖိအားတွေလည်း ဆက်ရှိဦးမယ်လို့ ကျွမ်းကျင်သူတွေက သဘောတူကြပါတယ်။
တောင်ကိုရီးယားက ဘာ့ကြောင့် ယူကရိန်းကို လက်နက်မပေးတာလဲ
လောလောဆယ်မှာ တောင်ကိုရီးယားဟာ ယူကရိန်းကို ဓာတ်ငွေ့ကာကွယ်ရေး မျက်နှာဖုံးတွေ၊ ကျည်ကာ အဝတ်တွေနဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ပေးနေတာ ဖြစ်ပါတယ်။
တောင်ကိုရီးယား အစိုးရဟာ လောလောဆယ်မှာတော့ စစ်ဖြစ်နေတဲ့ နိုင်ငံတွေကို လက်နက်ပေးမှု တားမြစ်ထားတဲ့ ဥပဒေကို ကိုးကား အသက်ဝင်စေပြီး တိုက်ရိုက် လူသေစေနိုင်တဲ့ လက်နက်ကိုတော့ မပေးဘူးဆိုတဲ့ ရပ်တည်ချက်ကို တောင့်ခံနေပါတယ်။
အခုလို လုပ်ရတဲ့ တစ်စိတ်တစ်ပိုင်း အကြောင်းရင်းကတော့ အမေရိကန်တပ်တွေကို ကာကွယ်ရေးအတွက် လက်ခံထားမှုနဲ့တကွ တရုတ်နဲ့ ရုရှားတို့လို အင်အားကြီး အိမ်နီးချင်းနိုင်ငံတွေလည်း ရှိနေတဲ့ ရှုပ်ထွေးတဲ့ ပထဝီ နိုင်ငံရေးအခြေအနေမှာ တောင်ကိုရီးယားက သိမ်မွေ့တဲ့ ချိန်ခွင်လျှာအနေအထားကို ညှိနေရလို့လည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားဟာ နိုင်ငံတကာက ရုရှားကို ချမှတ်တဲ့ စွမ်းအင်ရောင်းချမှုဆိုင်ရာ ဒဏ်ခတ်မှုတွေမှာ မပါဝင်ဘဲ ရုရှားဆီက ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တွေကို အမြောက်အမြား ဝယ်ယူနေတာလည်း ဖြစ်ပြီး ဒါ့ကြောင့်ပဲ မြောက်ကိုရီးယားကို အသာရစရာ တစ်ကြောင်း ဖြစ်မယ်လို့လည်း ဆိုပါတယ်။
သာမန် နိုင်ငံတွေ အတွက်တောင် သဘောတရား အယူဝါဒရေးရာ ကွဲပြားလွန်းတဲ့ စစ်ပွဲမှာ ဘက်တစ်ဖက်ကို လိုက်ဖို့ ခက်ခဲတဲ့ အနေအထား ရှိပြီး ကိုရီးယားလို နှစ်ခြမ်းကွဲနေတဲ့ အနေအထားမှာဆို ပိုလို့တောင် တစ်ဖက်တည်းကို ပုံပြီး အားပေးလိုက်တာက ရူးမိုက်ရာ ကျမယ်လို့ ဆိုးလ်မြို့အခြေစိုက် မြောက်ကိုရီးယားရေးရာ လေ့လာရေး တက္ကသိုလ်က ပါမောက္ခ ကင်ဒေါင်ယက်က ဘီဘီစီကို ပြောပါတယ်။
နိုင်ငံ တစ်နိုင်ငံအနေနဲ့ သံတမန်ရေးရာမှာ နည်းဗျူဟာ ချမှတ်မှု ကိုယ်ပိုင် လုပ်ပိုင်ခွင့် ရှိဖို့က နည်းဗျူဟာ သတ်သတ်မှတ်မှတ် မထားမှုနဲ့ တစ်သမတ်တည်းထားမှု တို့ထက် ပို အရေးပါ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။
အကြောင်းကတော့ စစ်ဖြစ်နေတဲ့ တစ်ဖက်ဖက်ကို လက်နက်ပေးလိုက်မယ်ဆိုရင် လိုသလို နည်းဗျူဟာ ကိုယ်ပိုင် ချမှတ်နိုင်မှု ဆိုတဲ့ ပြုလွယ် ပြင်လွယ် ဖြစ်မှုကို ဆုံးရှုံးရမယ့် အမှားကြီး ကျူးလွန်မိမှာ မို့လို့ ဖြစ်တယ်လို့ ပါမောက္ခ ကင်က သုံးသပ်ခဲ့ပါတယ်။
တကယ်တမ်းမှာလည်း တောင်ကိုရီးယား သမ္မတ ယွန်းက ယူကရိန်းစစ်ပွဲအတွင်း အရပ်သားတွေကို အကြီးအကျယ် ထိခိုက်တဲ့ စစ်ဆင်ရေးတွေ ဖြစ်လာရင် ယူကရိန်းကို စစ်ရေး အကူအညီ ပေးကောင်း ပေးနိုင်မယ်လို့ ရိုက်တာကို ပြောဆိုလိုက်ပြီး မကြာခင်မှာပဲ ရုရှားက တန်ပြန် သတိပေးခဲ့တာကို တွေ့ရပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အနီးစပ်ဆုံး မဟာမိတ်တွေထဲက တစ်ဦးဖြစ်တဲ့ ယခင် ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗက်ဒက်က သူ့ရဲ့ တယ်လီဂရမ် ချန်နယ်မှာ ရုရှားဘက်ကလည်း အပြန်အလှန် ဆိုတာမျိုး လုပ်မယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
အခုလို ယူကရိန်းကို စစ်ရေး ကူညီနိုင်တယ်လို့ ပြောလာတဲ့ နိုင်ငံဟာ ရုရှားက အဲဒီ နိုင်ငံရဲ့ အနီးဆုံး အိမ်နီးချင်း မြောက်ကိုရီးယားကို ရုရှားရဲ့ နောက်ဆုံးပေါ် လက်နက်တွေ ပေးလိုက်တာ တွေ့ရရင် ဘယ်လိုများ တုံ့ပြန်မှာပါလိမ့် ဆိုပြီး ခနဲ့တဲ့တဲ့ သတိပေးစကား ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားက ယူကရိန်းအရေးမှာ စစ်ရေးအရ ဘယ်လိုဝင်ကူနိုင်သလဲ
ဘယ်လိုပဲ ဖြစ်ဖြစ် တောင်ကိုရီးယားဟာ ဖိအားတွေကြားမှာ သူတို့ ယူကရိန်းကို လက်နက် ပေးမပေး ကိစ္စအတွက် ရပ်တည်ချက်ကို လူမသိအောင် ပြောင်းလိုက်ပုံရတဲ့ အခြေအနေတွေကိုလည်း တွေ့နေရပါတယ်။
ပိုလန်ဟာ ယူကရိန်းကို သူတို့ပိုင် လက်နက်တွေ ထောက်ပံ့ထားရာမှာ တောင်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်မှာ သူတို့အတွက် အကြီးဆုံး လက်နက်ရောင်းချမှု စာချုပ်ကို ပိုလန်နဲ့ ချုပ်ဆိုခဲ့ပြီး တင့်ကားနဲ့ တိုက်လေယာဉ်တွေပါ ပါဝင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် တောင်ကိုရီးယား နေ့စဉ်သတင်းစာ ဒေါင်အီဘို ရဲ့ ဖော်ပြချက်အရ ဆိုရင်လည်း တောင်ကိုရီးယားဟာ အမေရိကန်ကို ၁၅၅ မီလီမီတာ အဝေးပစ်အမြောက် ကျည်ဆံကြီး အလုံး ငါးသိန်း ရောင်းချမှုအစား ငှားရမ်းတယ် ဆိုတဲ့ သဘောတူညီမှု ယူနိုင်ခဲ့ပြီး ဒါတွေဟာ လက်နက် မထောက်ပံ့မှုဆိုင်ရာ သူတို့ရဲ့ ဥပဒေကို ရှောင်လွှဲတာ ဖြစ်နိုင်ပါတယ်။
အခုလို တောင်ကိုရီးယားက လုပ်ပေးခြင်းအားဖြင့် အမေရိကန်နဲ့ သူ့ရဲ့ နေတိုးတပ်ဖွဲ့ဝင် မဟာမိတ်နိုင်ငံတွေအတွက် ယူကရိန်းကို လက်နက်ခဲယမ်းထောက်ပံ့ရာမှာ အတိုင်းအတာ တစ်ခုအထိ ဆုတ်သာ လှည့်သာ ရှိမှာ ဖြစ်ပါတယ်။
အကြောင်းကတော့ ယူကရိန်းကို စစ်ရေးထောက်ပံ့နေတဲ့ နိုင်ငံတွေ အနေနဲ့ ယူကရိန်းကို ပေးလို့ ကိုယ်ပိုင် လက်နက်တွေ လျှော့သွားချိန်မှာ တောင်ကိုရီးယားဆီက လက်နက်တွေနဲ့ အစားထိုးထားပြီး ယူကရိန်းကို သူတို့ ကိုယ်ပိုင် လက်နက်တွေ ဆက်လက် ထောက်ပံ့နေနိုင်မှာကြောင့် ဖြစ်ပါတယ်။