ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တောင်ကိုရီးယားက နျူကလီးယားဗုံး ဘာကြောင့် လိုချင်လာတာလဲ
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က မြေအောက်ခန်းစားသောက်ဆိုင်တစ်ခုက သီးသန့်ခန်းမှာ လူတစ်စု လျှို့ဝှက် နေ့လယ်စာစားဖို့ ရောက်နေကြပါတယ်။
ဒီအဖွဲ့ထဲက လူတချို့ဟာ ဘယ်သူဘယ်ဝါဆိုတာ အမည်မဖော်နိုင်အောင် သူတို့ ပါဝင်မှုက အကဲဆတ်သူတွေ၊ နိုင်ငံရေးသမားတွေ၊ သိပ္ပံပညာရှင်တွေနဲ့ တောင်ကိုရီးယားစစ်တပ်ကလူတွေပါ ပါဝင်နေပါတယ်။
သူတို့တွေ့ဆုံမှုဟာ အသစ်ဖွဲ့စည်းထားတဲ့ နျူကလီးယား မဟာဗျူဟာဖိုရမ်အတွက် အစည်းအဝေးပါ။ သူတို့အစီအစဥ်က တောင်ကိုရီးယားမှာ နျူကလီးယား လက်နက်တွေ ဘယ်လို ရအောင်လုပ်ကြမလဲဆိုတာ အတွက်ပါ။
တောင်ကိုရီးယားမှာ နျူလက်နက်ပိုင်ဖို့ဆိုတဲ့ အရင်က လက်ခံသူ နည်းတဲ့ အကြံအစည်က ပြီးခဲ့တဲ့ လပိုင်းမှာ တွင်ကျယ်လာခဲ့ပါတယ်။
ဘယ်လောက်အထိတောင် တွင်ကျယ်လာသလဲဆိုရင် တောင်ကိုရီးယား သမ္မတ ယွန်းဆွပ်ယိုး ကိုယ်တိုင်က နျူလက်နက်ပိုင်ဆိုင်ဖို့ဆိုတာကို တောင်ကိုရီးယားနိုင်ငံအတွက် ရွေးလို့ရတဲ့ အရာတစ်ခုအဖြစ် ကာကွယ်ရေး အစည်းအဝေးတစ်ခုမှာ ပြောကြားလာတဲ့ အထိပဲ ဖြစ်ပါတယ်။
သူ ဒီလိုပြောလိုက်တဲ့အတွက် လတ်တလော တောင်ကိုရီးယား သမ္မတ အဆက်ဆက်မှာ နျူလက်နက်ကိုင်ဖို့ ပထမဆုံး စပြောတဲ့ တောင်ကိုရီးယား သမ္မတလည်း ဖြစ်လာခဲ့ပါတယ်။
အခုအချိန်မှာတော့ ဒီကိစ္စကို တောင်ကိုရီးယား သတင်းစာ ကော်လံတွေမှာ နေ့စဉ်လိုလို အားပေး ဖော်ပြလာကြပြီး တောင်ကိုရီးယား လူထု လေးပုံ သုံးပုံလောက် ထောက်ခံလာတဲ့အထိ တွင်ကျယ်လာပြီ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံသားတွေ အနေနဲ့ နျူလက်နက်ကိုင်ထားတဲ့ မြောက်ကိုရီးယားကို စိုးရိမ်မှုတွေ တိုးလာနေတာကိုလည်း တွေ့ရပြီး သမ္မတ မစ္စတာ ယွန်းကိုယ်တိုင်ကလည်း ပြီခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အကူအညီယူဖို့ သွားရောက်ခဲ့တာကို တွေ့ရပါတယ်။
တောင်ကိုရီးယား နိုင်ငံဟာ ၁၉၇၀ တဝိုက်လောက်က အခုလိုပဲ နျူလက်နက် ကိုင်ဆောင်ဖို့ ဆိုတာကို စဉ်းစားကြည့်ခဲ့ဖူးပြီး လျှို့ဝှက် စီမံချက်တခုလည်း လုပ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဒါကို အမေရိကန်သိသွားချိန်မှာတော့ ပြတ်ပြတ်သားသား သတိပေးခဲ့ပါတယ်။ နျူကလီးယားလက်နက် ကိုယ့်ဘာသာရအောင် ဆက်လုပ်မလား အမေရိကန်ရဲ့ ရှိပြီးသားနျူကလီးယားလက်နက်အင်အားအပြည့်အစုံနဲ့ တောင်ကိုရီးယားကို ကာကွယ်ပေးတာ လိုချင်သလားဆိုတာ ရွေးစေခဲ့ပါတယ်။
တောင်ကိုရီးယားတို့က အမေရိကန်ရဲ့ အကာအကွယ်ပေးမှုကိုပဲ ရွေးခဲ့ပါတယ်။ အဲဒါကြောင့် လက်ရှိအချိန်အထိ အမေရိကန်တပ်သားတွေ သောင်းနဲ့ချီပြီး ကိုရီးယားကျွန်းဆွယ်မှာ တပ်စွဲထားဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိ ပထဝီနိုင်ငံရေး အခြေအနေကတော့ တောင်ကိုရီးယားက နျူလက်နက်ကိုင်ဖို့ ပထမဆုံး စစဉ်းစားခဲ့တဲ့ ကာလနဲ့ အများကြီး ကွာသွားခဲ့ပြီ ဖြစ်ပါတယ်။
လက်ရှိမှာ မြောက်ကိုရီးယားဟာ ဆထက်တပိုး ပိုပြီး ခေတ်မီလာတဲ့ ဒုံးကျည်နဲ့ နျူလက်နက်တွေကို ထုတ်လုပ်လာရာမှာ အမေရိကန်က မြို့တွေကို လှမ်းပစ်နိုင်တဲ့အထိ ဖြစ်လာတဲ့အတွက် တောင်ကိုရီးယားကို အရင်လို ကာကွယ်ပေးနိုင်ဦးမလား ဆိုတာ မေးစရာ ဖြစ်လာပါတယ်။
အခုလို အနေအထားမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက တောင်ကိုရီးယားကို တိုက်လာလို့ အမေရိကန်က ဝင်ပါရပြီဆိုရင် မြောက်ကိုရီးယားက အမေရိကန်မြေပေါ်မှာ နျူကလီးယားဗုံးဖောက်မယ်လို့ ခြိမ်းခြောက်လာနိုင်ကြောင်း တောင်ကိုရီးယားရဲ့ Nuclear Policy Forum ရဲ့ လျှို့ဝှက် အစည်းအဝေးက ယူဆခဲ့ပါတယ်။
ဒီလို အနေအထားမှာ အမေရိကန်ဟာ သူတို့ မြေပေါ်မှာ နျူဗုံး အဖောက်ခံပြီး ဝင်ပါမှာ မဟုတ်တော့ဘူးလို့လည်း ဒီ ဖိုရမ် အဖွဲ့က ယူဆထားတယ်လို့ သိရပါတယ်။
တောင်ကိုရီးယား Nuclear Policy Forum အဖွဲ့ဝင်တဦးဖြစ်သူ တောင်ကိုရီးယားရဲ့ အာဏာရ People Power ပါတီဝင် ချွိုင်ဂျီယောင်းက ဆိုရင်လည်း တခြားနိုင်ငံက ကိုယ့်နိုင်ငံကို လာကာကွယ်ပေးမယ်လို့ ယူဆရတာ အကျိုးအကြောင်း မဆီလျော်ဘူးလို့ ပြောဆိုခဲ့ပြီး ဒါဟာ ကိုယ့်ရဲ့ ပြဿနာနဲ့ ကိုယ့်တာဝန်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖိုရမ်ရဲ့ ဥက္ကဌ ဖြစ်သူ ပညာရှင် ချွမ်ဆောင်ချမ်းကတော့ မြောက်ကိုရီးယားသာ နောက်တခါ နျူလက်နက် စမ်းသပ်ပြခဲ့ရင် တောင်ကိုရီးယားက နျူလက်နက် မပျံ့ပွားရေး စာချုပ်က နုတ်ထွက်လိုက်သင့်တယ်လို့ ဆိုလာပါတယ်။
အခုလို နုတ်ထွက်ပြီးလို့ ခြောက်လအတွင်းမှာ မြောက်ကိုရီးယားဘက်က နျူလက်နက် စွန့်လွှတ်ရေး ဆွေးနွေးဖို့ သဘောမတူဘူးဆိုရင် တောင်ကိုရီးယားဘက်ကလည်း နျူလက်နက် စတင် ထုတ်လုပ်ဖို့ လုပ်သင့်တယ်လို့လည်း သူက ဆိုပါတယ်။
ဒီလို လုပ်ခြင်းအားဖြင့် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲ ဖြစ်မယ့် အလားအလာကိုလည်း လျှော့ချပြီးသွားမှာ ဖြစ်ပြီး အကြောင်းကတော့ တောင်ကိုရီးယားက နျူလက်နက်နဲ့ ပြန်လည် တုံ့ပြန်မယ်ဆိုရင် မြောက်ကိုရီးယားဘက်က စတိုက်ဖို့ အလားအလာလည်း နည်းမှာကြောင့် ဖြစ်တယ်လို့ မစ္စတာ ချွမ်က ဆိုပါတယ်။
အမေရိကန် အခြေစိုက် မူဝါဒနဲ့ သုတေသနရေးရာ အဖွဲ့ 38 North က ဂျန်နီတောင်းကတော့ တောင်ကိုရီးယား က နျူလက်နက် ကိုင်လိုက်လို့ မြောက်ကိုရီးယားဘက်က အရဲစွန့်တဲ့ လုပ်ရပ်မျိုးတွေ မလုပ်တော့ဘူးဆိုတဲ့ ယူဆချက်ကို ပြန်လည် စိန်ခေါ် မေးခွန်းထုတ်ခဲ့ပါတယ်။
နျူလက်နက်တွေ ပိုများလာလို့ ကမ္ဘာကြီးက ပိုပြီး လုံခြုံမသွားတဲ့ အခြေအနေကို နျူလက်နက် ကိုယ်စီ ကိုင်ထားကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ဆက်လက် တင်းမာနေတဲ့ သာဓက က ပြနေတဲ့အပြင် နျူလက်နက်ရှိနေလို့ပဲ နှစ်ဖက်စလုံးက နောက်ထပ် ရှေ့တိုးခွင့်ရသလို ဖြစ်သွားတယ်လို့ ဂျန်နီတောင်းက ဆိုပါတယ်။
တောင်ကိုရီးယားက နျူလက်နက် ကိုင်ဆောင်မှာကို အမေရိကန်ကလည်း အခုအချိန်အထိ လိုလားမှာ မဟုတ်ဘူး ဆိုပေမဲ့ အမေရိကန်ကြောင့်ပဲ တောင်ကိုရီးယားက နျူလက်နက် ကိုင်ချင်လာတာလည်း ဖြစ်နေနိုင်ပါတယ်။
အကြောင်းကတော့ ၂၀၁၆ မှာ အဲဒီအချိန်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီးယားဟာ အမေရိကန်ရဲ့ ကာကွယ်ပေးမှုကို အလကား ရယူနေပြီး ကုန်ကျစရိတ် မပေးဘူးဆိုရင် တပ်တွေ ရုပ်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒီလို ခြိမ်းခြောက်ခံလိုက်ရတဲ့အတွက် အမေရိကန်ရဲ့ ကာကွယ်ရေး ကတိပေးမှုဟာ ကတိပေးသူ ခေါင်းဆောင်ရဲ့ သက်တမ်းလောက်သာ ခံတယ်လို့ တောင်ကိုရီးယားဘက်က သတိထားမိသွားကြပြီး နျူလက်နက်ကိုင်ဆောင်ဖို့ ထောက်ခံတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေလည်း ပိုများလာခဲ့ပါတယ်။
၂၀၁၀ မှာ မြောက်ကိုရီးယားက တောင်ကိုရီးယား ကျွန်းတကျွန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် လူ လေးဦး သေဆုံးခဲ့ပြီး အဲဒီကာလက စစ်မှုထမ်းခဲ့သူ ကူဆောင်ဝပ် က ဆိုရင်လည်း အမေရိကန်ဟာ တောင်ကိုရီးယားကို ကာကွယ်တဲ့ကိစ္စမှာ သူတို့ နျူလက်နက်ကို သုံးတဲ့အထိ လုပ်ပေးမှာ မဟုတ်တဲ့အတွက် တောင်ကိုရီးယားက ကိုယ့်တာဝန် ကိုယ်ယူရတော့မယ်လို့ ဆိုလာပါတယ်။
သူ့အနေနဲ့ မြောက်ကိုရီးယားကိုသာမက တရုတ်ကိုလည်း စိုးရိမ်နေပြီး အင်အားကြီး နိုင်ငံတွေ ပတ်ချာလည် ဝိုင်းနေတဲ့ အနေအထားမှာ အပြိုင်အဆိုင် ရပ်တည်နိုင်ဖို့အတွက် တောင်ကိုရီးယားမှာ နျူလက်နက်လိုနေတယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။
ကိုရီးယားနှစ်ဖက် စစ်ပွဲဖြစ်ခဲ့တဲ့ ၁၉၅၀ ကို ကလေးဘဝနဲ့ ဖြတ်သန်းခဲ့ရပြီး နျူလက်နက် ဆန့်ကျင်ခဲ့ဖူးတဲ့ အသက် ၈၂ နှစ်အရွယ် ဟောင်အင်ဆု ကလည်း နိုင်ငံအများအပြားက နျူလက်နက် ထုတ်လုပ် ပိုင်ဆိုင်လာချိန်မှာ တောင်ကိုရီးယားမှာလည်း နျူလက်နက် မရှိလို့ မဖြစ်တော့ဘူးလို့ ပြောလာခဲ့ပါတယ်။
ဘီဘီစီကို ဒီကိစ္စနဲ့ ပတ်သက်ပြီး စကားပြောခဲ့တဲ့ အမျိုးသမီး နှစ်ဦးထဲက တဦးကတော့ တောင်ကိုရီးယားကို အမေရိကန်က ကာကွယ်ပါ့မလား ဆိုတာကို မတင်မကျ ဖြစ်နေတဲ့အတွက် နျူလက်နက် ရှိထားမှ ဖြစ်မယ်လို့ ပြောလာသလို နောက်တဦးဖြစ်တဲ့ ကလေးမိခင်တဦးကလည်း အမေရိကန်နဲ့ တောင်ကိုရီးယား ဆက်ဆံရေး အချိန်မရွေး ပြောင်းလဲ သွားနိုင်တာကို စိုးရိမ်နေပါတယ်။
အမေရိကန်ဘက်ကလည်း အခုလို သူ့မဟာမိတ်နိုင်ငံတွေက စိုးရိမ်မှုတွေကို ပြန်လည် ဖြေဖျောက်ဖို့ ကြိုးစားနေပြီး ဘူဆန် တောင်ပိုင်းမှာ နျူစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောကြီး လာချထားပေးခဲ့ပေမဲ့ ဒါမျိုးက အခုအချိန်မှာ မလုံလောက်တော့ဘူးလို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံရေးသမားတွေ အနေနဲ့ကတော့ အမေရိကန်က ဘယ်လို အခြေအနေမှာ တောင်ကိုရီးယားအတွက် နျူလက်နက် သုံးပေးမလဲ ဆိုတာမျိုး တိတိကျကျ မသိရတဲ့အတွက် စိုးရိမ်ပူပန်နေကြပြီး လက်တွေ့မှာ ဆိုရင်လည်း အမေရိကန်ဘက်က နျူလက်နက် မသုံးခင်မှာ တောင်ကိုရီးယားကို ကြိုပြောမယ်ဆိုတဲ့ သတ်မှတ်ချက်တောင် ရှိမထားပါဘူး။
38 North အဖွဲ့က မစ္စတောင်းကတော့ အမေရိကန်ဘက်က အနည်းဆုံးတော့ နျူလက်နက် အသုံးပြုမှုနဲ့ ပတ်သက်တဲ့ သတိပေး ဖုန်းလိုင်းတခု တောင်ကိုရီးယားနဲ့ ထားသင့်ပြီး နျူလက်နက် တကယ် သုံးမသုံး ဆုံးဖြတ်ချက်ကို အမေရိကန်ဘက်က ဆက်ကိုင်ထားမယ်ဆိုရင် လုပ်လို့ ဖြစ်နိုင်မယ်လို့ ယူဆနေပါတယ်။
တောင်ကိုရီးယား အခြေစိုက် Asan Institute က ကာကွယ်ရေး သုံးသပ်သူ ယန်အွပ်ကတော့ အမေရိကန်ဟာ တောင်ကိုရီးယားနဲ့ နျူလက်နက် မူဝါဒ ဆွေးနွေးရတာ တွန့်ဆုတ် နေတယ်ဆိုပေမဲ့ တကယ်တမ်း ကိုရီးယား ကျွန်းဆွယ်မှာ နျူစစ်ပွဲ ဖြစ်လာရင် ဒေသခံတွေပဲ အများဆုံး ခံရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့်လည်း တောင်ကိုရီးယား သမ္မတ ယွန်း ကိုယ်တိုင်က နျူလက်နက် ကိုင်ဖို့ ကိစ္စ ပြောလာတာဖြစ်ပြီး အမေရိကန်ကို သွယ်ဝိုက် ဖိအားပေးတာမျိုး ဖြစ်တယ်လို့ သူက ဆိုပါတယ်။
တောင်ကိုရီးယားအစိုးရ အနေနဲ့ နျူလက်နက် အသုံးပြုမှုနဲ့ ပတ်သက်လို့ အစီအစဉ်ဆွဲမှုနဲ့ လက်တွေ့ ပစ်ခတ်မှု အပိုင်းမှာ ပါဝင်ခွင့်ရဖို့ ရှေ့တိုး ကြိုးစားနေပြီး အမေရိကန်က တောင်ကိုရီးယားမှာ လာထားတဲ့ နျူလက်နက်ကို စစ်ဖြစ်ရင် သုံးခွင့်ရဖို့ကနေ အနည်းဆုံး နျူကလီးယားရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို အမေရိကန်နဲ့ ပူးပေါင်း ဖွဲ့စည်းဖို့အထိ ကြိုးစားလာနိုင်ပါတယ်။
ဒီလို အနေအထားမှာ တောင်ကိုရီးယား ခေါင်းဆောင်ပိုင်းက လူထု ကျေနပ်စေမယ့် အဖြေမျိုး ချပေးနိုင်လောက်တဲ့အထိ အမေရိကန်ဘက်က ခိုင်ခိုင်မာမာ တခုခု ပေးဖို့ လိုအပ်တယ် ဆိုတာကိုလည်း အမေရိကန်ဘက်က နားလည်ထားပါတယ်။
နိုင်ငံတကာ အခင်းအကျင်းကတော့ နျူလက်နက် မပျံ့ပွားရေးကို အလေးပေးတဲ့ အနေအထားရှိနေပြီး နျူလက်နက် ပိုင်ဖို့ ကြိုးစားတဲ့ မြောက်ကိုရီးယားနဲ့ အီရန် နှစ်နိုင်ငံစလုံးက နိုင်ငံတကာရဲ့ ဒဏ်ခတ်မှု အမျိုးမျိုး ခံထားရတာကို တွေ့ရမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားလူထု အနေနဲ့ နျူလက်နက် ကိုင်လိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို အသေအချာ မစဉ်းစားမိတာလည်း ဖြစ်နေနိုင်ပြီး အမေရိကန်က မကာကွယ်ပေးတော့တာ၊ တရုတ်က စီးပွားရေးဒဏ်ခတ်မှုတွေ လုပ်တာကြောင့် တောင်ကိုရီးယားဟာ နိုင်ငံတကာမှာ ဂုဏ်သိက္ခာကျကာ အထီးကျန်နိုင်ငံဖြစ်သွားနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
လက်ရှိ အနောက်အမြင်မှာ တောင်ကိုရီးယားရဲ့ နည်းဗျူဟာနဲ့ စီးပွားရေး အနေအထားအရ တကယ်တမ်း အကျဉ်ခံ နိုင်ငံ ဖြစ်သွားဖို့အထိ မရှိဘူးဆိုပေမဲ့ နိုင်ငံတကာမှာ နျူလက်နက် မပျံ့ရေး ရပ်တည်ချက်က ယုတ်လျော့လာနိုင်ပြီး နျူလက်နက် ကိုင်ချင်တဲ့ နောက်ထပ် နိုင်ငံတွေလည်း တိုးလာနိုင်ပြန်ပါတယ်။
ဒီလို အန္တရာယ်ရှိတဲ့ အလားအလာတွေကို သတိချပ်မိသူကတော့ နျူလက်နက်ကို ဆန့်ကျင်ခဲ့ဖူးပြီး လက်ရှိ ပြန်လည် ထောက်ခံထားတဲ့ အသက် ၈၂ နှစ်အရွယ် တောင်ကိုရီးယားနိုင်ငံသူ ဟောင်အင်ဆု ဖြစ်ပါတယ်။
တောင်ကိုရီးယားဟာ ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်ကာ ကိုယ်ကိုင်လိုက်တဲ့ နျူလက်နက်ကြောင့်ပဲ ပြန် ဒုက္ခရောက်နိုင်ပြီး အနာဂတ် မျိုးဆက်အတွက်တော့ စိတ်မကောင်းပါဘူး လို့ ဟောင်အင်ဆုက ပြောပါတယ်။