ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပြင်သစ်မှာ ဂျူးဘုရားကျောင်း မီးရှို့သူကို ရဲက အသေပစ်ခတ် ဖမ်းဆီး
ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်း ရူယန်မြို့မှာ ဂျူးဘုရားကျောင်းတစ်ခုမီးရှို့ခံခဲ့ရပြီးနောက် မီးရှို့တဲ့အမျိုးသားတစ်ဦးကို ပြင်သစ်ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအမျိုးသားဟာ ဓားနဲ့ သတ္တုထည်တစ်ခု လက်ထဲမှာကိုင်ထားပြီး ရဲတွေရှေ့ကို ဦးတည်သွားတဲ့အချိန်မှာပဲ ရဲအရာရှိတစ်ဦးက သေနတ်နဲ့ပစ်ခတ်လိုက်တာလို့ ရူယန်မြို့က အစိုးရရှေ့နေက ပြောပါတယ်။
မီးရှိုတဲ့သူဟာ အယ်လ်ဂျီးရီးယားနိုင်ငံက ဖြစ်ပြီး ပြင်သစ်ကနေ ပြည်နှင်ဒဏ်ပေးခံထားရလို့ အယူခံတင်ထားသူ ဖြစ်တယ်လို့ ပြင်သစ်သတင်းတွေမှာ ဖော်ပြပါတယ်။
ရူယန်ရဲ့မြို့တော်ဝန် နီကိုလတ်စ် မာယာ ရော့ဆင်ညောက ဘုရားကျောင်းကို တိုက်ခိုက်တာက ဂျူးအသိုင်းအဝိုင်းကို ထိခိုက်စေရုံသာမက တစ်မြို့လုံးကို “တုန်လှုပ်ခြောက်ခြားစေတယ်”လို့ ဆိုပါတယ်။
ဘုရားကျောင်းကနေ မီးခိုးငွေ့တွေ တလူလူတက်လာပြီးတဲ့နောက် မနက် ၆ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ ရဲတပ်ဖွဲ့ဘက်ကို လူတွေ အကြောင်းကြားခဲ့ကြပါတယ်။
ဘုရားကျောင်းမီးကိုတော့ နောက်ပိုင်းမှာ မီးသတ်သမားတွေက ထိန်းနိုင်ခဲ့ကြပါတယ်။ သေဆုံးသူက လွဲပြီး တခြားထိခိုက်ဒဏ်ရာရခဲ့တဲ့သူ မရှိဘူလို့ မြို့တော်ဝန်ကပြောပါတယ်။
ဘုရားကျောင်းထဲက ပျက်စီးဆုံးရှုံးမှု သိသိသာသာရှိခဲ့တယ်လို့ ပြောကြပါတယ်။ ''ကျွန်မ စိတ်မကောင်းဘူး။ ဒါက တကယ်ဆိုးဝါးတဲ့ ဖြစ်ရပ်ပါပဲ”လို့ ရူယန်မြို့ရဲ့ ဂျူးအသိုင်းအဝိုင်းအကြီးအကဲ နာတာချာ ဘန် ဟိုင်က ပြောပါတယ်။
မီးရှို့တဲ့သူဟာ ဘုရားကျောင်းထဲက ပြတင်းပေါက်သေးသေးလေးတစ်ခုထဲကို ဓာတ်ဆီဗုံး ပစ်ထည့်ပြီး မီးရှို့ခဲ့ပါတယ်။ မီးကြောင့် နံရံနဲ့ ပရိဘောဂတွေ မည်းသွားပြီး ဘာသာရေးစာအုပ်တွေတော့ မထိခိုက်ခဲ့ဘူးလို့ နာတာချာက ပြောပါတယ်။
ဘုရားကျောင်းမီးရှို့မှု ဖြစ်စဉ်နဲ့ ရဲက ပစ်ခတ် ဖမ်းဆီးမှု ၂ ခုစလုံးကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ဒေသဆိုင်ရာအစိုးရရှေ့နေက ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီး ဂျရဲဒ် ဒါမာနင်းကတော့ ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ တုံ့ပြန်မှုနဲ့ ရဲစွမ်းသတ္တိတွေအတွက် ချီးကျူးခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ဟားမတ်စ်က အစ္စရေးတောင်ပိုင်းကို တိုက်ခိုက်ခဲ့ပြီးနောက် ဖြစ်လာတဲ့ ဂါဇာစစ်ပွဲဂယက်ကြောင့် ပြင်သစ်နိုင်ငံဟာ တခြားအနောက်ဥရောပနိုင်ငံတွေလိုပဲ နိုင်ငံတွင်းမှာ ဂျူးမုန်းတီးမှုတွေ မြင့်တက်လာခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်တုန်းက ပြင်သစ်ကို နာဇီတွေ နယ်ချဲ့သိမ်းပိုက်ခဲ့ချိန်အတွင်း ဂျူးတွေကိုကူညီကယ်တင်ခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီး ၃,၉၀၀ အတွက် ပဲရစ်မြို့က အောင့်မေ့ဂုဏ်ပြုတဲ့ အထိမ်းအမှတ်နေရာပေါ်ကိုလည်း လက်ဖဝါးပုံတွေကို ဆေးနီနဲ့ ရေးဆွဲခံရပါတယ်။
ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်းကတော့ ဒီလို ပုံဖျက်တာတွေက ပြင်သစ်နိုင်ငံရဲ့ သူရဲကောင်းတွေနဲ့ ဟိုလိုကော့စ်ဖြစ်ရပ်တုန်းက သတ်ဖြတ်ခံရသူအတွက် အထိမ်အမှတ်ကို သေးသိမ်အောင် လုပ်တာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြင်သစ်ဟာ အစ္စရေးနဲ့ အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ ဂျူးလူမျိုးတွေအများဆုံးနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။
ပြင်သစ်ဂျူးအဖွဲ့အစည်းများကောင်စီ(Crif) ရဲ့ အကြီးအကဲ ရိုနသန် အာဖီကတော့ “ဂျူးတွေကို ခြိမ်းခြောက်ဖို့ရည်ရွယ်ချက်နဲ့ ဂျူးဘုရားကျောင်း မီးရှို့ခံခဲ့ရတာလို့” ပြောခဲ့ပါတယ်။
ဂျူးအသိုင်းအဝိုင်းထဲက အခြားထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အယ်လီ ကော်ချီရှာကတော့ “ကျွန်တော်တို့ နိုင်ငံမှာ “ဂျူးလူမျိုးတွေ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်အသစ်အပေါ် '' ခပ်မြန်မြန်တုံ့ပြန်ခဲ့တဲ့ ရဲတပ်ဖွဲ့ကို ကျေးဇူးတင်ပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ရူယန်မြို့ရဲ့ ဘုရားကျောင်းတွေဟာ အရင်ကလည်း တိုက်ခိုက်ခံခဲ့ရဖူးပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်တုန်းကလည်း ခရစ်ယာန်ဘုန်းကြီးတစ်ပါးဟာ ဘုရားဝတ်ပြုဆုတောင်းနေချိန်မှာပဲ ဓားနဲ့ ထိုးသတ်ခံခဲ့ရဖူးပါတယ်။