ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘီဘီစီသတင်းထောက်ကယ်ခဲ့တဲ့ လော်ရီကားထဲက အမျိုးသမီးတွေ
- ရေးသားသူ, ခွေလူးဘင်
- ရာထူးတာဝန်, ဘီဘီစီ ဗီယက်နမ်ဘာသာစကားဌာန
ပြင်သစ်မှာ လော်ရီကားထဲ ပိတ်လှောင်ခံရပြီး ခေါ်ဆောင်သွားခံရတဲ့ အမျိုးသမီးခြောက်ယောက် ဟာ ရဲကို အသိပေးအကြောင်းကြားခဲ့တဲ့ ဘီဘီစီရဲ့ အကူအညီကြောင့် လွတ်မြောက်ခဲ့ပါတယ်။
ရွှေ့ပြောင်းဝင်လာသူတွေဖြစ်နိုင်တဲ့ အဲဒီအမျိုးသမီး ခြောက်ယောက်ထဲမှာ လေးဦးက ဗီယက်နမ်လူမျိုးတွေဖြစ်ပြီး နှစ်ဦးကတော့ အီရတ်လူမျိုးတွေဖြစ်ပါတယ်။
သူတို့ ဟာ လော်ရီကားထဲမှာပိတ်မိနေချိန်မှာ ထိတ်လန့်တုန်လှုပ်ကြောက်ရွံ့နေကြသလို အသက်ရှုလို့ မရတဲ့အထိ ဖြစ်နေတယ်လို့ အဲဒီထဲကအမျိုးသမီးတစ်ဦးက သူတို့လော်ရီကားထဲမှာရှိနေချိန် ဘီဘီစီသတင်းထောက်ကို ဆက်သွယ်ပြီး ပြောခဲ့ပါတယ်။
ဘီဘီစီ အနေနဲ့ ရဲတပ်ဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခဲ့ပြီး လော်ရီကားမောင်းသူကို တားခိုင်းပေးဖို့ ပြောခဲ့ပါတယ်။
ကားထဲကနေ အသံတွေကြားရတဲ့အတွက် ယာဥ်မောင်းကလည်း ရဲကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ ပြင်သစ်ရဲတပ်ဖွဲ့က လော်ရီကားမောင်းသူကို စစ်မေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
ဘီဘီစီ ဗီယက်နမ်ဘာသာစကားဌာနက သတင်းထောက် ခွေလူးဘင်က သူ့ဆီ မက်ဆေ့ချ်တစ်ခုဝင်လာရာက ဒီအမျိုးသမီးတွေကို ကယ်တင်နိုင်ခဲ့တဲ့ အဖြစ်ကို ပြန်ပြောပြထားပါတယ်။
ဘာတွေဖြစ်ခဲ့တာလဲ
ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက ကျွန်မရဲ့ ဖုန်းစခရင်မှာပေါ်လာတဲ့စာကိုဖတ်ဖြစ်ခဲ့ရာက စခဲ့ပါတယ်။
'' အအေးခန်းကွန်တိန်နာကားနဲ့ ပြင်သစ်ကနေ အင်္ဂလန်ကို နယ်စပ်ကနေဖြတ်သွားတဲ့သူတွေ ရှိနေတယ်''
အဲဒီစာတိုလေးကိုဖတ်လို့မဆုံးခင်မှာပဲ ဖုန်းတစ်ခုဝင်လာပါတယ်။
''ဥရောပမှာ နေတဲ့သူပါလား ခင်ဗျာ။ အမြန်ဆုံးကူညီပေးပါ။ အရေးပေါ်ဖြစ်နေပါတယ်'' ဆိုတဲ့ထိတ်လန့်ကြောက်ရွံ့ပြီး အလျင်လိုနေတဲ့ အသံနဲ့ တစ်ဖက် ဖုန်းခေါ်လာသူက ပြောပါတယ်။
ကျွန်မတစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရတယ်။ ၂၀၁၉ ခုနှစ်က ဗြိတိန်နိုင်ငံ အက်ဆက်စ် မှာ လော်ရီကားတစ်စီးရဲ့ ကုန်သေတ္တာကြီးအတွင်းမှာ အသက်ရှုကျပ်ပြီးသေဆုံးခဲ့ရတဲ့ ဗီယက်နမ်ရွှေ့ပြောင်းဝင်ရောက်သူ ၃၉ ယောက်ရဲ့ ဖြစ်ရပ်က ကျွန်မစိတ်ထဲမှာ အသစ်လိုဖြစ်နေတုန်းပဲလေ။
ဖုန်းခေါ်လာတဲ့သူက ဘယ်သူလဲ ကျွန်မမသိဘူး။ ဒါပေမဲ့ သူကျွန်မကိုသိနေတယ်ဆိုတာက အက်ဆက် ဖြစ်စဥ်ကို ကျွန်မသတင်းယူခဲ့တုန်းက ကျွန်မဆက်သွယ်ခဲ့တဲ့ ဗီယက်နမ်တွေ အများကြီးရှိတော့ အဲဒီအထဲက တစ်ယောက်ဖြစ်နိုင်ပါတယ်။
ဖုန်းခေါ်လာတဲ့သူကို ကျွန်မမေးခွန်းတချို့မေးခဲ့ပေမဲ့ ကျွန်မလိုချင်တဲ့အချက်အလက်တွေကို သူ့ဆီက မရခဲ့ပါဘူး။
အဲဒီတော့ ကျွန်မသိတာက - လော်ရီကားထဲမှာ ခြောက်ယောက်လောက်ရှိမယ့် လူတစ်စု ပိတ်မိနေတယ်။ ကားရဲ့ လိုင်စင်နံပါတ်ကို မသိဘူး။ ဘယ်နေရာကနေ ဘယ်ကိုသွားနေတယ်ဆိုတဲ့ ဦးတည်ချက်ကိုလည်းမသိရဘူး။
အဲဒါ ကျွန်မသိထားတာ အကုန်ပဲ၊ ဖုန်းခေါ်တဲ့သူပြောတုန်းက အဲဒီလော်ရီကားက ပြင်သစ်ထဲမှာရှိနေပါတယ်။ ဒါပေမဲ့ ကြည့်ရတာ မူလဦးတည်သွားမယ့် အင်္ဂလန်ကိုသွားမယ့်ပုံမပေါ်တော့ဘဲ ပြန်လှည့်သွားပုံရပါတယ်။
လော်ရီကားပေါ်မှာ အမျိုးသမီးခြောက်ဦးပါတယ်လို့ ကျွန်မကိုပြောတယ်။ အဲဒီကားက လေအေးပေးစက်ဖွင့်ထားတာကြောင့် ကားအတွင်းထဲမှာ သူတို့ အရမ်းအအေးလွန်ပြီး ထိတ်လန့် တကြားဖြစ်နေကြတယ်လို့လည်း ဆိုပါတယ်။။
ဒါပေမဲ့ သူတို့ အဲဒီအလုံပိတ်ကားထဲကနေ အပြင်ကိုဆက်သွယ်နိုင်သေးတယ်။ နောက်ပြီးတော့ ကျွန်မကို ဖုန်းခေါ်လာတဲ့သူက ကားထဲမှာ ရှိနေတဲ့ မိန်းကလေးတစ်ယောက်ကို ကျွန်မနဲ့ ချိတ်ပေးခဲ့ပါတယ်။
''အရမ်းအေးနေပြီ။ လေအေးတွေထွက်နေတယ်'' အမျိုးသမီးငယ်တစ်ဦးက ငှက်ပျောသီးတွေသယ်လာတဲ့ အဲဒီလော်ရီကားထဲကနေ စာပို့တယ်။ ကားကို သံပြားတွေနဲ့ပိတ်ထားတယ်လို့လည်း သူကပြောပါတယ်။
သူက ကျွန်မကို ကားထဲကသူတို့အခြေအနေကို ဗီဒီယိုအတိုလေး နှစ်ခုပို့ပေးပါတယ်။
ဗီဒီယိုတစ်ခုမှာ မှောင်မိုက်နေတဲ့ အခန်းလိုအခြေအနေကိုတွေ့ရတယ်။ သစ်သီးတွေထည့်ထားတဲ့ ကတ်ထူသေတ္တာတွေက ခေါင်မိုးအထိ ရှိနေပြီး ကြမ်းပြင်ပေါ်မှာထိုင်ဖို့ နေရာကျဉ်းကျဉ်းလေးပဲ ကျန်တော့တယ်။ သူတို့ ချောင်းဆိုးနေကြတယ်။ အဲဒီထဲက အမျိုးသမီးငယ်တစ်ယောက်က အင်္ဂလိပ်လို ပီပီသသနဲ့ ''ကျွန်မ အသက်ရှုလို့ မရတော့ဘူး'' လို့ပြောတာ ကြားရပါတယ်။
အဲဒီထဲကအမျိုးသမီးတစ်ယောက်က သူတို့လော်ရီကားထဲကို ည ၁၂ နာရီ ခွဲမတိုင်ခင် ရောက်နေတယ်လို့ပြောတယ်။ အဲဒီအချိန်ကတည်းကဆိုရင် သူတို့ လော်ရီကားထဲမှာ ၁၀ နာရီကျော် ရှိနေခဲ့ပါပြီ။ လော်ရီကားစထွက်ကတည်းက လမ်းကြောင်းတွေပြောင်းနေလို့ သူတို့စိတ်ထဲ မှာ မသက်မသာ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
ကျွန်မမှာ အများကြီးစဥ်းစားဖို့ အချိန်မရှိပါဘူး။ ကျွန်မ ပြင်သစ်မှာရှိတဲ့ ဘီဘီစီသတင်းဌာနက လုပ်ဖော်ကိုင်ဖက်တွေကို ဆက်သွယ်ခဲ့တယ်။ တချိန်တည်းမှာပဲ လန်ဒန်မှာရှိနေတဲ့ ပြင်သစ်သတင်းစာ Le Monde က သတင်းထောက်ကိုလည်း အကြောင်းကြားခဲ့တယ်။ သူကလည်း ပါရီမှာရှိတဲ့ သူ့ရဲ့ သတင်းစာက လူဝင်မှုဆိုင်ရာ သတင်းတွေ အဓိကလုပ်တဲ့ဌာနက လုပ်ဖော်ကိုင်ဖက်တွေကို ချက်ချင်းချိတ်ဆက်ခဲ့တယ်။
လော်ရီကားကိုခြေရာခံခြင်း
ကျွန်မနဲ့ ဆက်သွယ်နေတဲ့ ကားထဲက အမျိုးသမီးက သူ့ရဲ့ live GPS location - ကားအဲဒီအချိန်မှာ ရောက်ရှိနေတဲ့ တည်နေရာကို ပို့ပေးခဲ့တယ်။ ကျွန်မကြည့်လိုက်တော့ လော်ရီကားက လီယွန်မြို့မြောက်ပိုင်း၊ ဒရာဆီ နားက E 15 အဝေးပြေးလမ်းပေါ်မှာဆိုတာ မြင်ခဲ့ရတယ်။
အဲဒါနဲ့ ကျွန်မလည်းချက်ချင်းပဲ ပြင်သစ်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို လော်ရီကားရှိနေတဲ့နားက အနီးစပ်ဆုံးရဲဌာနကို အကူအညီတောင်းဖို့ ပြောခဲ့တယ်။ ရဲတွေနဲ့ သူတို့ အဆက်အသွယ်ရခဲ့ပြီး ကျွန်မကလည်း ကျွန်မမှာ ရှိတဲ့ အချက်အလက်တွေအားလုံးကို ပို့ပေးခဲ့ပါတယ်။
လော်ရီကားထဲမှာရှိတဲ့ အမျိုးသမီးက အပြင်ကို ဖုန်းခေါ်လို့မရတော့ပါဘူး။ ဘာကြောင့်လဲဆိုတာတော့ကျွန်မသိဘူး။ သူတို့ သုံးတဲ့ ဆင်းကတ်မ်ကြောင့် ဖြစ်နိုင်ပါတယ်။
ကျွန်မတို့လိုအပ်တဲ့ အချက်အလက် တွေအားလုံးကိုစုလိုက်တယ်။ နောက်ပြီးတော့ လော်ရီကားရဲ့ တည်နေရာကို ပါရီက အလွတ်တန်းသတင်းထောက် ဖန်ကာအိုရဲ့ ဖုန်းဆီကို တောက်လျှောက်ပို့ပေးခဲ့သလို ဥရောပမှာရှိတဲ့ ဘီဘီစီအဖွဲ့နဲ့ ပြင်သစ်ရဲတွေဆီကိုလည်းပို့ပေးခဲ့တယ်။
ရုတ်တရက်ကြီး တည်နေရာညွှန်ပြမှုအဆက်ပြတ်ခဲ့ပြီး လော်ရီကားလည်း ပျောက်သွားခဲ့တယ်။
ဒါပေမဲ့ အဲဒီထဲက အမျိုးသမီးငယ်လေးက ကျွန်မကို စာတွေပို့နေတုန်းပဲ။ လေအေးပေးစက်ပိတ်သွားပြီ၊ ပိုပြီးတော့ အသက်ရှုရခက်လာတယ်လို့ သူကပြောတယ်။
''ကျွန်မတို့ အရမ်းကိုအသက်ရှုကျပ်နေပြီ'' လို့ သူရေးပို့ခဲ့တယ်။
နေရာကျဥ်းကျဥ်းလေးထဲမှာပိတ်မိနေတဲ့ သူတို့ကို ဗီဒီယိုထဲမှာမြင်ခဲ့ရတယ်လေ။ သူတို့ နောက်ထပ်တောင့်မခံနိုင်တော့မှာကို ကျွန်မစိုးရိမ်ခဲ့တယ်။
ကျွန်မ သူတို့ကိုစိတ်တည်ငြိမ်အောင်ထားဖို့၊ စိတ်အေးအေးထားဖို့၊ စကားတွေမပြောဘဲ လေကိုချွေတာဖို့ နဲ့ ရဲတပ်ဖွဲ့ အမြန်ရောက်လာလိမ့်မယ်ဆိုပြီး ပြောနေရတယ်။
ကျွန်မ မှာ ကွန်ပျူတာကြည့်လိုက်၊ ဖုန်းကြည့်လိုက် နဲ့ တော်တော်ကို စိတ်မောနေခဲ့ပြီး သတင်းကိုစောင့်နေခဲ့တယ်။
ရဲတွေကား ကားကို တွေ့ပြီ
ခဏလောက် စကားပြောပြီးတဲ့အချိန်မှာ ကျွန်မသိလိုက်ရတာက အဲဒီအမျိုးသမီးရဲ့ အဖော်သုံးယောက်က အစက လိုက်ဖို့ ရှိပေမဲ့ လော်ရီကားထဲကို မဝင်ခင်မှာ သူတို့နဲ့အတူမလိုက်ဖို့ ဆုံးဖြတ်ပြီးနေခဲ့တယ်ဆိုတာပဲ။ ဘာကြောင့် သူတို့အဲဒီဆုံးဖြတ်ချက်ကို ချခဲ့တယ်ဆိုတာ ကျွန်မမသိဘူး။ ဒါပေမဲ့ အဲဒီ မလိုက်ဖြစ်ခဲ့တဲ့သူတွေက လော်ရီကားရဲ့ လိုင်စင်နံပါတ်ကို ဓာတ်ပုံရိုက်ထားခဲ့ပါတယ်။
ဓာတ်ပုံအရဆိုရင် ကားက အိုင်ယာလန် လိုင်စင်နံပါတ်ပြားလို့ ဖော်ပြနေပါတယ်။ ကျွန်မဖုန်းမှာလည်း ကားရဲ့ တည်နေရာကို ပြန်မြင်လာရတယ်။
ရုမ်းဒေသမှာရှိတဲ့ ရဲတပ်ဖွဲ့ က ကျွန်မတို့ကိုပြောတာက သူတို့ ကားရဲ့ တည်နေရာရှိနိုင်တဲ့ နေရာကို သိခဲ့ပြီး အဲဒီကားကို ကြားဖြတ်တားဆီးလိုက်မယ်လို့ ဆိုတယ်။
ကျွန်မ ကားထဲက အမျိုးသမီးဆီ စာပို့ခဲ့တယ်။ ဒါပေမဲ့ သူကျွန်မစာကို မဖတ်တော့ဘူး၊ ရဲတွေရောက်သွားပြီး သူတို့ဖုန်းတွေကိုသိမ်းလိုက်တာဖြစ်နိုင်ပါတယ်။
ကားပေါ်ပါလာသူ ဗီယက်နမ်လေးယောက် ပြောတာကတော့ သူတို့ အင်္ဂလန်ကိုဘေးကင်းလုံခြုံစွာနဲ့ရောက်မယ်ဆိုတဲ့ကတိနဲ့ လော်ရီကားပေါ်လိုက်ခဲ့တာလို့ ပြောပါတယ်။
ကျွန်မအတွက်တော့ သူတို့ပြင်သစ်မှာ ဘေးကင်းစွာရှိနေပြီဆိုတာ သိလိုက်ရတာကပဲ စိတ်သက်သာရာ ရခဲ့ပါတယ်။ သူတို့ဘေးကင်းပြီလို့ ကျွန်မကိုယ်ကျွန်မပြောခဲ့တယ်။ အဲဒါကပဲ အရေးအကြီးဆုံးပဲလေ။
ပြင်သစ်စံတော်ချိန် ညနေ ၅ နာရီလောက်မှာတော့ ပြင်သစ်ရဲ့ အမှုစွဲအရာရှိ လေတီရှာဖရန်ကတ်က အဲဒီလော်ရီကားဟာ လစ်သူယေးနီးယားက ယာဥ်ဖြစ်ပြီး ယာဥ်မောင်းကိုတော့ စုံစမ်းစစ်ဆေးခဲ့တယ်လို့ပြောပါတယ်။
ဖရန်ကတ် ထပ်ဖြည့်ပြောတာက အမျိုးသမီး ခြောက်ယောက်မှာ လေးယောက်က ဗီယက်နမ်တွေ၊ သူတို့ထဲက တစ်ယောက်ကအသက်မပြည့်သေးသူဖြစ်ပြီး နောက် နှစ်ယောက်ကတော့ အီရတ်ကဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်က ဗြိတိန်နိုင်ငံ အက်ဆက်စ် မှာ ဗီယက်နမ် ၃၉ ယောက် လော်ရီကားထဲမှာ ပိတ်မိပြီးသေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြီး ရှိနေတာတောင်မှ ဗီယက်နမ် အမျိုးသမီးငယ်တွေ အခုလို လော်ရီကားနောက်ထဲက လိုက်ပြီး နယ်စပ်ဖြတ်ကျော်ဝင်ဖို့ ကြိုးစားနေကြသေးတာ ဘာကြောင့်လဲဆိုတဲ့ တိကျတဲ့အဖြေကိုတော့ ကျွန်မ မသိသေးပါဘူး။