‘‘ကမ္ဘာပျက်နေသလိုပဲ’’ - စဥ့်ကူး ၄ လောင်းပြိုင်လူသတ်မှု

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မန္တလေး- မြစ်ကြီးနားလမ်းမကြီးပေါ်က ငွေတောင် ရွာသူ ရွာသားတွေဟာ စက်တင်ဘာလ ၁၇ ရက် မနက်အစောပိုင်းကို စိုးရိမ်ထိတ်လန့်စိတ်တွေနဲ့ နိုးထခဲ့ကြရပါတယ်။
ကားလမ်းမကြီးဖြတ်တဲ့ ရွာလယ်စားသောက်ဆိုင်အရှေ့မှာ အလောင်းတစ်လောင်း၊ ရွာကနေ အထွက် ညောင်ပင်ဝန်းရွာအသွား ကားလမ်းမကြီးပေါ်မှာ အလောင်း ၃ လောင်းကို ဒေသခံတွေ မနက်လင်းပိုင်းမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။
ဒီအလောင်း ၄ လောင်းဟာ ရွာလယ် လမ်းမကြီးဘေးမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင် ၂ ဆိုင်က အသက် ၄၀ ကျော်အရွယ်တွေဖြစ်ကြတဲ့ ဦးသိန်းဇော်၊သူ့ဇနီး ဒေါ်သဲနုငယ်၊ ညီမဖြစ်သူဒေါ်လွင်လွင်ဌေးနဲ့ သူ့ခင်ပွန်း ဦးခင်မောင်ချင်းတို့ ဇနီးမောင်နှံ ၂ တွဲဖြစ်ပါတယ်။
(ဒီသတင်းမှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ပါဝင်နေတယ်ဆိုတာ ကြိုတင်သတိပေးပါရစေ)
စက်တင်ဘာလ ၁၇ ရက် မနက်အစောပိုင်းမှာ လူတစ်စုက ကားတစ်စီးနဲ့ရောက်လာပြီးတဲ့နောက် ဦးသိန်းဇော်ကို သူ့ စားသောက်ဆိုင် မြနန်းဟေမာန်ရှေ့၊ ဇနီးဖြစ်သူ ဒေါ်သဲနုငယ်၊ ခယ်မဖြစ်သူ ဒေါ်လွင်လွင်ဌေးနဲ့ မယားညီအစ်ကို ဦးခင်မောင်ချင်းတို့ ၃ ဦးရဲ့ အလောင်းတွေကိုတော့ အရပ်အခေါ် အမဲခုံလို့ ခေါ်ကြတဲ့ ညောင်ပင်ဝန်းရွာဘက်အသွားနေရာမှာ သေဆုံးလျက် ပြန်တွေ့ခဲ့ရတာပါ။
‘‘ကိုသိန်းကိုတော့ သူ့ဆိုင်ရှေ့မှာပဲ အလောင်းပြန်တွေ့တာ။ မျက်နှာမှာ ထိုးကြိတ်ခံထားရတာ ရုပ်တောင်ပျက်သွားပြီ။ သေနတ်ပစ်ခံထားရတဲ့ ကျည်ရာက ပါးစပ်ကနေနောက်စေ့ကို ပေါက်ထွက်သွားတယ်’’ လို့ ရွာခံတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
အဲဒီနောက် မနက် ၆ နာရီဝန်းကျင်လောက်မှာတော့ ဒေါ်သဲနုငယ်၊ ဒေါ်လွင်လွင်ဌေးနဲ့ ဦးခင်မောင်ချင်း တို့ ၃ ဦးအလောင်းကို ရွာအပြင်ဘက်မှာ ထပ်မံတွေ့ခဲ့ကြတာပါ။
ဒီဇနီးမောင်နှံတွေဟာ ကားလမ်းဘေး ခြံဝန်းတစ်ခုတည်းမှာ စားသောက်ဆိုင် ၂ ဆိုင်ကို ကပ်လျက်ဖွင့်ထားကြသူတွေ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
‘‘ညသန်းခေါင်လောက်မှာ လူတချို့ ကားတစ်စီးနဲ့ရောက်လာပြီး ကိုခင်မောင်ချင်းနဲ့ မလွင်လွင်ဋ္ဌေး တို့ အိမ်ကို အိမ်ရှင်တွေလားဆိုပြီး ဝင်တယ်။ ပြီးတော့မှ မသဲနုငယ်တို့ အိမ်ကို ဝင်တာ။ တံခါး ဖွင့်ခိုင်းပေမဲ့ ကိုသိန်းက မဖွင့်ပေးလို့ အိမ်တံခါးကို ဖျက်ပြီးဝင်သွားတာ။ ဆဲဆိုကြိမ်းမောင်းသံတွေရောကြားရတယ်။ ကမ္ဘာပျက်နေသလိုပဲ၊ အနားက အိမ်တွေ ဘယ်သူမှ မီးဖွင့်ပြီး ထွက်မကြည့်ရဲခဲ့ကြဘူး’’ လို့ ရွာခံ တစ်ဦးက ပြောပါတယ်။
ဒါတွေဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘီဘီစီက ထပ်မံသိရှိရတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။
ဒီလူ ၄ ဦး သတ်ဖြတ်ခံရပြီး ရက်ပိုင်းအကြာမှ အခုလို အခြေအနေကို ပတ်ဝန်းကျင်က ထုတ်ပြောလာဖြစ်ပါတယ်။
ဒီမတိုင်ခင်တုန်းကတော့ ဖြစ်စဥ်ကို လုံခြုံရေးစိုးရိမ်စိတ်နဲ့ ဘယ်သူမှ ထုတ်မပြောလို့ အလောင်းတွေ့ရှိခဲ့ရတဲ့ အခြေအနေကိုသာ သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။
‘‘ပျော်ပျော်နေတတ်ကြတဲ့ မိသားစုလည်း မဟုတ်ဘူး။ နည်းနည်းကျပ်တည်းတော့ စီးပွားရေးလုပ်မယ်။ ကြွေးမြီလည်း နည်းနည်းပါးပါးရှိတာ စျေးရောင်းရင်းဆပ်မယ်။ သာမန်မိသားစုပါပဲ။ ကိုသိန်းနဲ့ မသဲနုတို့ကတော့ ကလေး ၂ ယောက်ကို ဖြစ်ထွန်းအောင်မြင်စေတဲ့ ဆန္ဒရှိတာပေါ့လေ’’ လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက သတ်ဖြတ်ခံရသူတွေနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ ဦးခေါင်း၊ ရင်ဘတ်၊ နံဘေး၊ နောက်ကျောတွေမှာ ကျည်ဖောက်ရာတွေ အပြင်လက်တွေနဲ့ ပေါင် မှာ ဓားနဲ့မွှန်းရာတွေနဲ့ပါ သေဆုံးနေတာလို့ ကျန်ရစ်တဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဦးသိန်းဇော်နဲ့ ဒေါ်သဲနုငယ်တို့မှာ အသက် ၂၀ ကျော်အရွယ် သားနဲ့သမီး ကျန်ရစ်ပါတယ်။
သားဖြစ်သူက ရန်ကုန်ရောက်နေပြီး သမီးဖြစ်သူကလည်း အခင်းဖြစ်တဲ့ညမှာ ခြံဝင်းအနောက်ပိုင်းကအိမ်မှာ သွားအိပ်နေတာဖြစ်လို့ ဒီလူငယ်တွေ အသတ်ဘေးက လွတ်ခဲ့တာလို့ မိသားစုနဲ့နီးစပ်သူက ယုံကြည်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ ငွေတောင်ရွာမှာ သတ်ဖြတ်ခံရသူ ၄ ဦးဟာ ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်လို့ အခုကာလမှာ သတ်ဖြတ်ခံရတာဆိုပြီး ရေးသားဖြန့်ဝေကြပါတယ်။
မိသားစုနဲ့ နီးစပ်သူတွေ၊ ပုဂ္ဂိုလ်ရေးခင်မင်သူတွေကို ဘီဘီစီက လိုက်လံမေးမြန်းတဲ့အခါမှာတော့ ‘‘သတ်ဖြတ်ခံရသူတွေဟာ ကြံ့ခိုင်ရေးမဟုတ်သလို NLD ပါတီဝင်လည်း မဟုတ်ပါဘူး။ သာမန် အရပ်သားတွေပါ။ နိုင်ငံရေးမှာ ပါဝင်သူတွေ မဟုတ်ကြဘူး။ ကောင်းရာကောင်းကြောင်း စျေးရောင်းနေသူတွေ’’လို့ ပြောပြကြပါတယ်။
ဒီလူ ၄ ဦးကို လူတစ်စုက ညဘက်မှာ လာရောက်သတ်သွားတယ်လို့သာ ပတ်ဝန်းကျင်မှာ သိကြပေမဲ့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို အခုအထိ မသိကြသေးပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်တုန်းက ဒီမိသားစုရဲ့ စားသောက်ဆိုင် ၂ ဆိုင်မှာ လာစားသောက်ကြတဲ့ လူတစ်စု အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာ အခုလို သတ်ဖြတ်ခံရမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
‘‘ဟိုဘက်ဆိုင်နဲ့ ဒီဘက်ဆိုင်မှာ စားသောက်နေကြသူတွေ စကားများကြပြီး ပစ်ခတ်ကြတာ။ အဲဒီတုန်းက ဒေသခံပျူစောထီးအဖွဲ့ဝင်ခေါင်းဆောင်တစ်ဦးရဲ့သား သေနတ်မှန်သွားတယ်လို့ သိရတယ်။ အဲဒီဖြစ်ရပ် ဆိုင်မှာဖြစ်သွားအပြီးမှာ အခုလို သတ်ဖြတ်ခံရတာ’’လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
ပျူစောထီးဆိုတာ စစ်တပ်ကိုထောက်ခံပြီး စစ်တပ်က သင်တန်းပေးနေတယ်လို့ ဒေသခံတွေကြား ခေါ်ဝေါ်ကြတဲ့ လက်နက်ကိုင်အရပ်သားတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ပျူစောထီးမရှိသလို ရပ်ရွာလုံခြုံရေးလိုအပ်လို့ အကူအညီတောင်းခံလာမှ ပြည်သူ့စစ်ဖြစ်အောင် ဖွဲ့စည်းကူညီပြီး လက်နက်တပ်ဆင်ပေးတာရှိတယ်လို့ လူသိရှင်ကြားပြောထားပါတယ်။
ငွေတောင်ရွာ စားသောက်ဆိုင် ၂ ဆိုင်က ဇနီးမောင်နှံ ၂ ဦးသတ်ဖြတ်ခံရမှုဟာ ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာကို မသိရသေးသလို ဘယ်အဖွဲ့ကမှလည်း သူတို့လက်ချက်ဖြစ်တယ်ဆိုတာ ထုတ်ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။
‘‘မိဘတွေ သတ်ဖြတ်ခံရတဲ့ညတုန်းက အိမ်ခွဲအိပ်လို့ အသက်မသေဘဲ ကျန်ခဲ့တဲ့ သူတို့ သမီးလေးဆို မနက်ခင်းပိုင်းမှာ ဆိုင်ရှေ့မှာ သူ့အဖေအလောင်းတွေ့တာ၊ အမေနဲ့ အဒေါ် ဦးလေးတွေရဲ့ အလောင်းတွေကို တွေ့ပြီး စိတ်ဒဏ်ရာရသွားလို့ ဘယ်သူနဲ့မှ စကားမပြောတော့ဘူး။ ကျွန်မတို့ကတော့ ဒီဖြစ်စဥ်ကို အမှန်တရားအတိုင်းပေါ်စေချင်တယ်’’ လို့ သေဆုံးသူတွေရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
သတ်ဖြတ်ခံရသူတွေရဲ့ အလောင်းတွေကိုတော့ စက်တင်ဘာလ ၁၇ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ရက်မကူးဘဲ စျာပနပြုလုပ်ခဲ့ပါတယ်။
စက်တင်ဘာလ ၂၂ ရက်မှာတော့ ငွေတောင်ရွာမှာ ကျန်ရစ်သူ မိသားစုဝင်တွေက သေဆုံးသူတွေအတွက် ရက်လည် ဆွမ်းကပ်ကြဖို့ ရှိနေပါတယ်။
တစ်ဖက်မှာလည်း မြန်မာပြည်တွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် လပေါင်း ၂၀ အတွင်းမှာ နိုင်ငံရေးပယောဂပါတဲ့ အပြန်အလှန်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၆၃၃၇ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ နော်ဝေနိုင်ငံ အခြေစိုက်၊ အော်စလိုငြိမ်းချမ်းရေးသုတေသနအဖွဲ့ရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။








