ဘာကင်ဟမ်နန်းတော်ကနေ ဝက်စ်မင်စတာခန်းမဆီ ခေါင်းတလားတော် ပင့်ဆောင်ပွဲ

မွန်းလွဲ ၂ နာရီ ၂၂ မိနစ် မှာ စတင်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

နတ်ရွာစံ အဲလစ်ဇဘက် ဘုရင်မကြီးကို အများပြည်သူ နောက်ဆုံးအကြိမ် နှုတ်ဆက် ဂါရဝပြု နိုင်အောင် ရုပ်ကလပ် ထည့်သွင်းထားတဲ့ ခေါင်းတလားတော်ကို လန်ဒန်မြို့တော်ရဲ့ အထင်ကရ ပါလီမန် အဆောက်အဦး၊ ဝက်စ်မင်စတာ ခန်းမကြီးမှာ ထားရှိမယ့် “lying-in-state” နေ့ရက် ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့ ဒေသအချိန် မွန်းလွဲပိုင်းမှာ ဘုရင်မကြီးရဲ့ စံအိမ်တော် ဘာကင်ဟမ်နန်းတော်ကနေ ဝက်စ်မင်စတာ ခန်းမကြီးရှိရာဆီ နိုင်ငံတော် မင်းပွဲသဘင် အခမ်းအနားနဲ့ စီတန်း လှည့်လည် သယ်ဆောင်ကြမှာ ဖြစ်ပါတယ်။

စီတန်းလှည့်လည်ပွဲကို မျက်မြင် တွေ့ကြရဖို့နဲ့၊ ဝက်စ်မင်စတာ ခန်းမကြီးထဲ ခေါင်းတလားတော်ကို ဝင်ရောက် ကြည့်ရှု ဂါရဝ ပြုနိုင်ကြဖို့ လန်ဒန်မြို့၊ သိမ်းမြစ်ဘေးတလျှောက်နဲ့ နန်းတော်ကို ဦးတိုက်ရာ လမ်းတွေ တလျှောက် ကမ္ဘာ့နေရာ အနှံ့က ရောက်လာကြတဲ့ ကြီးမားလှတဲ့ လူအုပ်ကြီး စုဝေး နေကြပါတယ်။

ချားလ်စ်ဘုရင်ကြွချီလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

သမော်လ်တလျှောက် စောင့်နေကြတဲ့ ပြည်သူတွေကို နှုတ်ဆက်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ချားလ််စ်ဘုရင်နဲ့ အတူ သားတော်နှစ်ပါးလည်း လမ်းလျှောက် လိုက်ပါမယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

တော်ဝင် အစဥ်အလာအတိုင်း အမြောက်ဆွဲရထားပေါ် တင်ပြီး ပင့်ဆောင်သွားမယ့် ခေါင်းတလားတော်နောက်မှာ တတိယမြောက် ချားလ်စ်ဘုရင်နဲ့ သားတော်တွေ ဖြစ်တဲ့ မင်းသားဝီလျမ်နဲ့ မင်းသားဟယ်ရီတို့ လမ်းလျှောက် လိုက်ပါကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နတ်ရွာစံ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ကျန် သားတော်သမီးတော် ၃ ပါးဖြစ်တဲ့ အဲန်းမင်းသမီး၊ မင်းသားအင်ဒရူးနဲ့ မင်းသား အက်ဒွပ်တို့လည်း လိုက်ပါ လမ်းလျှောက် ပို့ဆောင်ကြမှာ ဖြစ်ပါတယ်။

ဘုရင့်မိဖုရားကြီး ကမီလာ၊ အိမ်ရှေ့စံရဲ့ ကြင်ရာတော် ဝေလမင်းသမီး ကက်သရင်း၊ မင်းသာအက်ဒွပ်ရဲ့ ကြင်ရာတော် ဖြစ်တဲ့ ဝက်စ်ဆက်မြို့စားကတော် ဆိုဖီနဲ့ မင်းသားဟယ်ရီရဲ့ ကြင်ရာတော် ဆပ်ဆက်နယ်စားကတော် မက်ဂန် တို့က မော်တော်ယာဥ်နဲ့ လိုက်ပါကြမှာ ဖြစ်ပါတယ်။

အဲဒီလို အခမ်းအနားနဲ့ စီတန်းလှည့်လည် ပို့ဆောင်ချိန်မှာ လန်ဒန်မြို့လယ် ဟိုက်ဒ်ပါ့ခ် ဥယျဥ်တော်အတွင်းကနေ သေနတ်တွေ ပစ်ဖောက် ဂုဏ်ပြု နေကြမှာ ဖြစ်ပြီး၊ ပါလီမန် အဆောက်အဦးကြီးမှာ ရှိတဲ့ နာမည်ကျော် ဘစ်ဘဲန် နာရီစင်ကြီးကနေလည်း ခေါင်းလောင်းတွေ ထိုးခတ်မှာ ဖြစ်ပါတယ်။

နန်းတော်တဝိုက် လူအုပ်ကြီးစုဝေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဗြိတိန်က အကောင်းဆုံးမြင်းကြီးတွေ ပါဝင်မယ့် မင်းပွဲ

ခေါင်းတလားတော်ကို ဝင်ရောက်ကြည့်ရှုကြမယ့်သူတွေ သိန်းနဲ့ချီ ရှိမယ်လို့ မျှော်လင့်ရပြီး၊ လန်ဒန်မြို့လယ်မှာ ရဲအစောင့်အကြပ်နဲ့ လုံခြုံရေး အစီအမံတွေ ကြီးမားတဲ့ ပမာဏနဲ့ ချထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နောက်ဆုံးကြားသိထားရတဲ့ အစီအစဥ်တွေ ခေါင်းတလားတော် သယ်ဆောင်ပွဲ စီတန်းလှည့်လည်မှုကို ဗြိတိသျှ စံတော်ချိန် မွန်းလွဲ ၂ နာရီ ၂၂ မိနစ်မှာ စတင်မှာ ဖြစ်ပြီး၊ ဘာကင်ဟမ် နန်းတော်ကနေ ဝက်စ်မင်စတာ အရောက် မိနစ် ၄၀ ဝန်းကျင် အချိန်ယူသွားဖို့ ရှိပါတယ်။

ဝက်စ်မင်စတာ ခန်းမမှာတော့ ဝတ်ပြုဆုတောင်းပွဲကို အင်္ဂလန် ခရစ်ယာန်ကျောင်းတော်ရဲ့ ဦးစီးဦးဆောင် ကင်တာဘရီ ဂိုဏ်းချုပ် ဘုန်းတော်ကြီးက ကမကထလုပ် ကျင်းပသွားမှာ ဖြစ်ပြီး၊ မိနစ် ၂၀ ဝန်းကျင် အချိန်ယူမှာ ဖြစ်ပါတယ်။

ဝက်စ်မင်စတာခန်းမကို ခေါင်းတလားတော် သယ်ဆောင်ပွဲမှာ ပါဝင်ကြမယ့် သူတွေ အားလုံး အခုလို ပူဆွေးဝမ်းနည်းဖွယ် အခါသမယမှာ အင်မတန် လေးနက်တဲ့ စိတ်သဘောထားတွေနဲ့ တာဝန်ကိုယ်စီ ထမ်းဆောင်နေကြတယ်လို့ ဘုရင့် တော်ဝင် မြင်းဆွဲ အမြောက်တပ်က ဗိုလ်ကြီး အေမီကူးပါးက ဆိုပါတယ်။

အင်မတန် တာဝန်ကြီးမှာ ဖြစ်ပေမယ့် တစ်သက်တစ်ခါ အခမ်းနားဆုံး၊ အပြစ်အနာအကင်းဆုံး စီတန်းလှည့်လည်ပွဲ လုပ်ဆောင်ကြဖို့ အားလုံး အဆင်သင့်ပဲလို့လည်း ဗိုလ်ကြီးအေမီကူးပါးက ဘီဘီစီကို ပြောပါတယ်၊။

ဒီ စီတန်းလှည့်လည်ပွဲမှာ ဗြိတိန်တခွင် အကောင်းဆုံး မြင်းတွေ ပါဝင်ကြမှာ ဖြစ်ပြီး ဘုရင်မကြီး ခေါင်းတလားတော်ကို သယ်ဆောင်မယ့် လှည်းကို ဆွဲကြမယ့်ထဲက ဝင်ဆာဆိုတဲ့ မြင်းကြီးကို ဗိုလ်ကြီးကူးပါးက ဘီဘီစီသတင်းထောက်ကို ပြသပါတယ်။

စီတန်းပွဲရဲ့ အရှေ့ဆုံးက ဦးဆောင်ပြီး စီတန်းလှည့်လည်ပွဲ အနှေးအမြန်ကို အဓိက ထိန်းကျောင်းသွားမှာကတော့ အင်မတန် ဒေါင်ကောင်းလှတဲ့ လက်ဝါး ၁၈ ပြန် ရှည်တဲ့ စစ်မြင်းကြီး လော့ဒ် ဖိုင်းရာဘဲန် ဖြစ်ပါတယ်။

မွန်းတည့်ချိန် မတိုင်ခင်မှာပဲ ဘာကင်ဟမ် နန်းတော်ရှိရာဆီ ချားလ်စ် ဘုရင် ကြွချီဆိုက်ရောက်လာပြီး၊ နန်းတော်ကို ဦးတိုက်ထားရာ သမော်လ် လမ်းတလျှောက် စုဝေး စောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေကို လက်ပြဝှေ့ရမ်း နှုတ်ဆက်ခဲ့ပါတယ်။

ဝက်စ်မင်စတာ ခန်းမမှာ ခေါင်းတလားတော်ထားရှိပြီး နောက်မှာတော့ ဘုရင်မကြီးရဲ့ စျာပန အခမ်းအနားကို လာမယ့် တနင်္လာနေ့၊ စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပဖို့ စီမံထားပြီး၊ အဲဒီနေ့ကို ရုံးပိတ်ရက် ကြေညာ ထားပါတယ်။

မင်းခမ်းမင်းနားနဲ့ သယ်ဆောင်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ခေါင်းတလားတော် သယ်ဆောင်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images