ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ချင်းတောင်တန်းကနေ မပြန်နိုင်သေးတဲ့ ဆရာဝန်မလေး အငြိမ်း
“စစ်ပွဲဒဏ်ရာ တိုက်ပွဲ ဒဏ်ရာတွေနဲ့ လူငယ်လူရွယ်လေးတွေ၊ ကလေးလေးတွေကို လက်လွှတ်လိုက်ရတဲ့အခါမှာ ဝမ်းနည်းမိပါတယ်။ အချိန်မတန်သေးဘဲနဲ့ ဒီလိုမျိုး ကြီးထွက်သွားရတာ၊ ဒါမျိုးကြီးကတော့ ခံစားရတာပေါ့နော်”။
၂၀၂၁ ခုနှစ်က စစ်တပ်က အာဏာသိမ်းပြီး သိပ်မကြာခင် လပိုင်းအတွင်းမှာပဲ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တဲ့ ချင်းပြည်နယ်ကို သွားရောက်ပြီး ဒေသခံတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတဲ့ ဆရာဝန်မလေး အငြိမ်းလို့ လူသိများတဲ့ ဒေါက်တာ အေးငြိမ်းသူ ပြောပြတာပါ။
စစ်ကောင်စီက အငြိမ်းကို အကြမ်းဖက်မှုတွေ လှုံ့ဆော်သူ ၊ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒေသအသီးသီးက လက်နက်ကိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေကို ထောက်ပံ့နေသူ အဖြစ် စွပ်စွဲထားပါတယ်။
အခု လောလောဆယ် ချင်းပြည်နယ်မှာ စစ်ဘေးရှောင်သူတွေနဲ့ တိုက်ပွဲတွေကြောင့် ဒဏ်ရာရလာတဲ့သူတွေကို သူ ဆေးကုပေးနေပါတယ်။
တိုက်ပွဲ ဒဏ်ရာ မဟုတ်ဘဲ ရိုးရိုး ဖျားနာရောဂါတွေ ခံစားကြရတဲ့ အသက်ကြီးသူတွေ၊ ကင်ဆာရောဂါနဲ့ ကိုယ်ကုသပေးဖို့ မတတ်နိုင်တဲ့ တခြားရောဂါတွေနဲ့ ကွယ်လွန် သွားကြရသူတွေထက် စစ်ပွဲကြောင့် ထိခိုက်ခဲ့ကြတဲ့ လူငယ်လူရွယ်တွေနဲ့ ကလေးတွေ သူ့လက်ထဲ သေဆုံးရတာကို တွေ့ရ မြင်ရတဲ့အခါ ဒေါက်တာ အေးငြိမ်းသူရဲ့ ရင်ထဲမှာ ယူကျုံးမရအောင် စိတ်ထိခိုက်တယ်လို့ ဆိုပါတယ်။
သူ ရောက်နေတဲ့ ချင်းပြည်နယ် ဆိုတာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒေသခံတွေရဲ့ တွန်းလှန် ခုခံစစ် မတိုင်ခင် အေးချမ်းတဲ့ အချိန်ကာလတုန်းကတောင် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆရာဝန် ဆိုတာ ရှားပါးတဲ့ နေရာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် မေလက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်ကိုသူ သွားရောက်ခဲ့ပါတယ်။
မသွားခင်က ခဏလောက်ပဲ နေမယ်လို့ ရည်ရွယ်ပြီး သွားခဲ့ပေမဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြားမှာ ဒဏ်ရာရတဲ့သူတွေနဲ့ စစ်ဘေးရှောင် တွေအတွက် ကျန်းမာရေး အခက်အခဲ တော်တော်ကြီးမားတာ သူ တွေ့မြင်ခဲ့ရပြီး ဒေသခံတွေအတွက် လုံခြုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရအောင်လုပ်ပေးမယ်၊ ဆေးရုံ တစ်ရုံဆောက်မယ် ဆိုပြီး အငြိမ်း ကြိုးစားခဲ့ပါတယ်။
ဆရာဝန်ရှားပါးတဲ့နေရာမှာ ဆေးရုံဆောက်သူ
ချင်းပြည်နယ်ကို ရောက်သွားခဲ့ချိန်က သူ ရောက်သွားတဲ့နေရာမှာ ဒေသခံ ဆရာဝန် နှစ်ယောက်ပဲ ရှိပြီး အနီးဝန်းကျင် မြိုနယ်တွေက ကျေးရွာတွေမှာဆိုရင် ဆရာဝန် ဆိုတာ မြင်တောင် မမြင်ဖူးကြဘူးလို့ ဒေါက်တာ အငြိမ်းက ပြောပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ ဆေးရုံ တစ်ရုံ ကြိုးစားတည်ဆောက်ရင်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ဆေးရုံကို အောင်အောင်မြင်မြင် တည်ဆောက်ပြီးစီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဆေးရုံမှာ အကြီးစားခွဲစိတ်မှုတွေပါ လုပ်နိုင်ဖို့ ဒေါက်တာ အငြိမ်း မျှော်လင့်ခဲ့ပါတယ်။
အခုတော့ ဆေးရုံလည်ပတ်ရေးမှာ ဒေါက်တာ အငြိမ်း က တာဝန်ယူဆောင်ရွက်ပြီး အသေးစား ခွဲစိတ်မှုတွေ ကိုယ်တိုင်လုပ်တယ်လို့ ပြောပါတယ်။ ကိုယ်တိုင် မတတ်နိုင်ရင်တော့ မြို့နယ်အတွင်းမှာ ရှိကြတဲ့ သူ့ရဲ့ စီနီယာ ဆရာဝန်တွေက လာရောက် ကူညီကြပါတယ်။
ဆေးရုံကို လာကြသူတွေက သေနတ်ဒဏ်ရာ မိုင်းဒဏ်ရာရသူတွေ များပြီး တစ်လကို ဆေးရုံတက်တဲ့ လူနာ ၃၀ ကနေ ၅၀ ကြား၊ နေ့စဉ် ဆေးရုံကို လာပြတဲ့ ပြင်ပ လူနာက တစ်ရက်ကို အနည်းဆုံး ၂၀ ကျော်နဲ့ တချို့ရက်တွေမှာ ၅၀ လောက် အထိ ရှိတယ်လို့ ဆိုပါတယ်။
အခုဆိုရင် ဆေးရုံ ရယ်လို့ ဖြစ်လာတာ တစ်နှစ် ပြည့်ခဲ့ပါပြီ။ ဒီကာလအတွင်း ဒေသခံ အမြောက်အမြားကို ဆေးဝါးကုသပေးခဲ့ပြီး ခွဲစိတ် မွေးဖွားပေးခဲ့တဲ့ မိခင် ၂၀ အပါအဝင် ခွဲစိတ်ကုသပေးခဲ့သူပေါင်း ၇၀ ကျော် ရှိတယ်လို့ ဒေါက်တာ အေးငြိမ်းသူက ပြောပါတယ်။
ဆေးရုံကိုလာဖို့ ခက်ခဲ သူတွေကို ဘယ်လိုကုပေးလဲ
အနီးအနားဝန်းကျင်က လူတွေက ဒီနေရာမှာ ဆေးရုံရှိတယ် သိပေမဲ့ မလာနိုင်ကြဘူးလို့ ဒေါက်တာ အငြိမ်းက ပြောပါတယ်။ သွားလာရေးက ခက်ခဲ ကုန်စျေးနှုန်းတွေကတက်၊ ဓာတ်ဆီဖိုးက စျေးကြီး၊ ခရီးသွားဖို့ ဆိုင်ကယ်က မရှိ ဆိုတဲ့ အခြေအနေတွေကြောင့် ဆေးရုံကို မလာနိုင်ကြတာလို့ သူက ဆိုပါတယ်။
ဒီတော့ သူ့ ဆေးရုံမှာ ပြင်ပလူနာ ပိတ်တဲ့ စနေ တနင်္ဂနွေ ရက်တွေဆိုရင် ဒေါက်တာ အငြိမ်းက Mobile Clinic ခေါ် ရွေ့လျား ဆေးခန်းတွေနဲ့ အနီးနားက ရွာတွေကိုထွက်ပြီး ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးပါတယ်။
ချင်းပြည်နယ်မှာက တနေရာနဲ့ တနေရာ သွားလာရ ခက်ခဲပါတယ်။ တရွာနဲ့ တရွာ လှမ်းမြင်နေရပေမဲ့ ဟိုဘက်တောင်ပေါ်ကရွာကို ဒီဘက်တောင် ပေါ်ကရွာကနေ နာရီနဲ့ချီ သွားကြရတယ်၊ ပိုဝေးတဲ့နေရာလည်းရှိတယ်လို့ ဒေါက်တာ အငြိမ်းက ပြောပါတယ်။ ဒီလိုသွားကုသပေးတာတွေကိုလည်း အခု ၂၀၂၂ ခု နှစ်ဆန်းပိုင်းလောက်အထိပဲ သူ သွားနိုင်ခဲ့ပါတယ်။ အရင်က တစ်လကို ၂ ရွာ သုံးရွာသွား ဆေးကုပေးနိုင်ခဲ့ပေမဲ့ အခုတော့ မသွားနိုင်တော့ပါဘူး။
မိုဘိုင်းဆေးခန်းနဲ့ ဆေးထွက်ကုရင် တရွာလုံးမှာရှိတဲ့ လူတွေအကုန်လာပြကြပြီး တချို့ ဆိုဆရာဝန်ကို မမြင်ဖူးလို့ ဆိုပြီး လာကြည့်သူတွေကို ရှိတယ်လို့ ဒေါက်တာ အငြိမ်းက ပြောပါတယ်။
ဒီတော့ ရွာလုံးကျွတ် ဆေးခန်းလာပြတဲ့ လူ တစ်ရာကျော် နှစ်ရာထဲမှာ ဆေးကုဖို့ လိုသူတွေရာ မလိုသူတွေရောပါလာပြီး ကုန်ကျစရိတ်များတယ်၊ ဆေးဝါးအတွက် ကုန်ကျစရိတ်ကြီးမားတယ်၊ အခု တော်လှန်ရေး ကာလ ကြာရှည်လာတော့ တစ်ဖက်က အကုန်အကျများလာချိန်မှာ တဘက်က အလှူငွေ နည်းလာတယ်လို့ ဒေါက်တာ အငြိမ်းက ပြောပါတယ်။
ဆေးဝါး ဝယ်ဖို့ ငွေရှိရင်တောင် စစ်ကောင်စီက လမ်းကြောင်းတွေ ပိတ်ထားတဲ့အတွက် အပ်တချောင်း၊ ပါရာစီတမော တဗူး ဝယ်ယူဖို့ သယ်ယူဖို့မှာ အခက်အခဲတွေ ရှိလာလို့ မိုဘိုင်းဆေးခန်းတွေ မထွက်တော့ဘဲ ဆေးရုံမှာပဲ ကုပေးပါတယ်။
ဖျက်ဆီးခံ အဆောက်အဦးတွေထဲ ဆေးရုံလည်း မလွတ်
လုံခြုံစိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတဲ့ ချင်းပြည်နယ်မှာ ဒေသခံတွေကို ကုသပေးနိုင်ဖို့ တည်ထောင်ကုသပေးနေခဲ့တဲ့ ဒေါက်တာ အငြိမ်းရဲ့ ခွဲစိတ်ဆေးရုံဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းက ရွာထဲကို ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေရဲ့ ဖျက်ဆီးတာ ခံခဲ့ရပြီး လူနာတွေလည်း ဆေးရုံကနေ ပြေးခဲ့ကြရတယ်လို့ သူက ပြောပါတယ်။
ဖျက်ဆီးခံခဲ့ရတဲ့ ဆေးရုံမှာ အရေးကြီးတဲ့ ခွဲစိတ်ကုသမှုတွေ မလုပ်နိုင်ဘဲ လအတန်ကြာ ပိတ်ထားခဲ့ရတယ်လို့ ဒေါက်တာ အငြိမ်းက ပြောပါတယ်။
အဲဒီနေ့က မွေးဖွားခါနီး ကိုယ်ဝန်ဆောင် အမျိုးသမီးကိုပါ သူနဲ့အတူခေါ်ပြီးထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။ နောက် တနေ့မှာတော့ ပြေးရင်းလွှားရင်းနဲ့ပဲ ရွာတရွာမှာ အဲဒီအမျိုးသမီး မီးဖွားနိုင်ခဲ့ပါတယ်။ မွေးဖွားခဲ့တဲ့ ကလေးငယ် ယောက်ျားလေးက အခုဆို တစ်နှစ် နီးပါးရှိပါပြီ။
ဒေါက်တာ အငြိမ်း အတွက်ကတော့ ကလေးငယ်လေးတွေကို ကုသပေးရင်း သူ ထားရစ်ခဲ့တဲ့ သမီးငယ်လေးကို သတိရ လွမ်းမိတဲ့ရက်တွေကို ကျော်ဖြတ်နေရ ပါတယ်။
အငြိမ်းအကြောင်း
အငြိမ်းလို့ လူသိများတဲ့ ဒေါက်တာ အေးငြိမ်းသူဟာ အသက် ၂၆ နှစ် အရွယ် ဆရာဝန် တစ်ယောက်ပါ။ ၂၀၂၀ ခုနှစ်က ဆေးပညာဘွဲ့ ရခဲ့ ပါတယ်။ သူ ဘွဲ့ရပြီး လပိုင်းမှာပဲ အာဏာသိမ်းမှု ဖြစ်ပါတယ်။
အိမ်ထောင်ရှင် ကလေးတစ်ယောက် မိခင်ဖြစ်တဲ့ အငြိမ်းက အသက် ၂ နှစ် မပြည့်သေးတဲ့ သမီးလေးကို ထားပြီး ချင်းပြည်နယ်ကို ထွက်လာခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူက သူနဲ့အတူ ရှိနေပေမဲ့ သမီးလေးကိုတော့ လုံးဝအဆက်အသွယ် မရတော့ဘူးလို့ ပြောပါတယ်။ ဒါကလည်း မိဘနဲ့ မိသားစုတွေ သူ့ကြောင့် အန္တရာယ် ဖြစ်မှာ စိုးလို့ တမင်ကို မဆက်သွယ်ဘဲနေတယ်လို့ ဒေါက်တာ အငြိမ်းက ပြောပါတယ်။
ကလေးကို ထားခဲ့ချိန်က ဖေဖေ မေမေ လောက်ပဲ ခေါ်တတ်ပြီး စကားသိပ်မပြောတတ်သေးတဲ့ အသက် ၂ နှစ်မပြည့်ခင် အရွယ်လေးပါ။ အခုဆို ၃ နှစ်ခွဲလောက် ရှိပြီဆိုတာ့ စကားတွေ တော်တော် ပြောတတ်နေလောက်ပြီ ထင်တယ်လို့ အငြိမ်းက မှန်းဆ တွေးကြည့်နေပါတယ်။
ဆေးခန်းလာပြတဲ့ အထဲမှာ ၃ နှစ်ခွဲ အရွယ် ကလေးတွေ တွေ့ရင် သမီးလေးက သူတို့ အရွယ်လောက် ဖြစ်နေမှာပဲလို့ တွေးမိ သတိရမိသလို ၂ နှစ် မပြည့်သေးတဲ့ စကား မပီကလာ ပီကလာ ပြောတတ်တဲ့ ကလေးအရွယ် တွေ့ရင်လည်း အဲဒီတုန်းက သမီးလေးက အဲဒီလို ပြောခဲ့တာဆိုပြီး အငြိမ်း လွမ်းရပြန်ပါတယ်။
သူ့ပတ်ဝန်းကျင်က ကလေးတွေ ဆိုရင် ဘယ်အချိန် လက်နက်ကြီး ကျမလဲ ဘယ်အချိန် ဗုံးကြဲခံရမလဲ၊ ဘယ်အချိန် အိမ်က ထွက်ပြေးရမလဲ စိတ်ပူနေရတာကို မျက်မြင်တွေ့နေရတော့ သူ့သမီးလေးက တိုက်ပွဲတွေမရှိတဲ့နေရာမှာ ငြိမ်းငြိမ်းချမ်းချမ်းနေရတယ်လို့ သူယူဆပြီး စိတ်ဖြေသိမ့်ပါတယ်။
လူအများပြောဆိုဝေဖန်တာခံခဲ့ရ
အငြိမ်းလို့ ခေါ်တဲ့ ဒေါက်တာ အေးငြိမ်သူကို အများပြည်သူတွေလှူဒါန်းတဲ့ ငွေကြေးကိစ္စနဲ့ ပတ်သက်လို့ စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
တိုင်းရင်းသားဒေသမှာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်မလေး အငြိမ်း ဆိုပြီး လူသိများလာပြီးနောက် ဆေးကုသရေးနဲ့ ဒေသအသီးသီးက ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေအတွက် ဆိုပြီး အများပြည်သူက သူ့ကို အလှူငွေတွေ အမြောက်အမြား လှူခဲ့ကြပါတယ်။
အဲဒီ အလှူငွေတွေကို အငြိမ်းက အလွဲသုံးစား လုပ်တယ် ဆိုပြီး တချို့က စွပ်စွဲခဲ့ပါတယ်။
အငြိမ်းဘက်ကလည်း ပြန်လည် ရှင်းလင်းတာတွေ၊ တိုင်းရင်သားတော်လှန်ရေးအဖွဲ့တွေက သူတို့ အလှူငွေတွေ လက်ခံရရှိကြောင်း အငြိမ်း ဘက်ကနေ ထောက်ခံပြီး ပြန်လည်ရှင်းပြခဲ့ကြတာတွေလည်း ရှိခဲ့တာ တွေ့ရပါတယ်။
အငြိမ်းကတော့ သူဟာ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသူတစ်ယောက်ဖြစ်လို့ စီမံခန့်ခွဲမှု ညံ့ဖျင်း အားနည်းခဲ့တယ် ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ လှူဒါန်းငွေကို ကိုယ်ကျိုးအတွက် တပြားတချပ်မှ သုံးစွဲတာ မရှိခဲ့ဘူးလို့ အခိုင်အမာ ပြောပါတယ်။
သူ့လက်ထဲ အလှူငွေတွေ အများကြီး ရောက်လာတဲ့အခါ ဘယ်လို လုံခြုံအောင် အကျိုးရှိအောင် လုပ်ရမလဲဆိုတာ တွေးတောကြံဆပြီး သူ့ရဲ့ ရန်ပုံငွေရှာဖွေရေး အဖွဲ့က အဖွဲ့သားတွေနဲ့အတူ တိုင်ပင်ပြီးမှ လုပ်ဆောင်ခဲ့တယ်လို့အငြိမ်းက ပြောပါတယ်။ ဒီလို လုပ်ဆောင်တဲ့နေရာမှာ လူထုက သဘောမကျတာ ပါသွားတာဖြစ်နိုင်တယ်လို့ လည်းဆိုပါတယ်။
စွပ်စွဲမှုတွေ စတင်ဖြစ်ခဲ့ချိန်က ဖြေရှင်းတာတွေ လုပ်ခဲ့ပေမဲ့ လက်ခံမသွားကြဘဲ နောက်တနည်းနဲ့ စွပ်စွဲတာတွေထပ်မံ ပေါ်ပေါက်လာတဲ့အပြင် သူတို့ရဲ့ လုံခြုံရေးကိုပါ ထိခိုက်လာတဲ့ အခြေအနေတွေ ကြုံလာရလို့ ဖြေရှင်းတာတွေ မလုပ်တော့ဘဲ ကိုယ်လုပ်စရာရှိတာတွေကိုပဲ ဆက်လုပ်နေတယ်လို့ အငြိမ်းက ပြောပါတယ်။
လောလောဆယ်မှာတော့ အငြိမ်းခေါ် ဒေါက်တာအေးငြိမ်းသူဟာ ချင်းပြည်နယ် တနေရာမှာ သူတည်ထောင် ထားတဲ့ ဆေးရံမှာ လူနာတွေကို ကုသပေးရင်နဲ့ သူ့ရဲ့ နေ့ရက်တွေကို ဖြတ်သန်း နေပါတယ်။
ခဏတာပဲ သွားရောက်ဖို့ ရည်ရွယ်ခဲ့တဲ့ နေရာကနေ အခု အချိန်အထိ အငြိမ်း မပြန်နိုင်သေးဘဲ ရှိနေပါတယ်။
သူရောက်ခါစ အချိန်လောက်ကလို ချင်းပြည်နယ်မှာ တိုက်ပွဲတွေ မကြာခဏ အပြင်းအထန် ဖြစ်တာတွေ မရှိတော့ပေမဲ့ သူနေတဲ့ နေရာအနီမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လက်နက်ကြီးတွေ ကျလို့ စိုးရိမ်ထိတ်လန့်ခဲ့ကြသေးတယ်လို့ အငြိမ်းက ပြောပါတယ်။
သူရဲ့ ဆေးရုံကိုကောင်းကောင်းမွန်မွန် လည်ပတ်နိုင်အောင် ဆက်လုပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ နေရာတွေကိုလည်း သွားရောက် ကူညီကုသပေးနိုင်ဖို့ သူ့ရဲ့ ရည်မှန်းချက် ကတော့ အငြိမ်းရဲ့ ရင်ထဲမှာ ဆက်လက်ရှိနေ ပါတယ်။
ဆရာဝန် ရှားပါးလိုအပ်နေတဲ့ ပဋိပက္ခဒေသမှာ ကိုယ်တတ်ကျွမ်းတဲ့ ဆေးပညာနဲ့ ဒေသခံ ပြည်သူတွေကို ကူညီကုသပေးနေတဲ့ အငြိမ်းဟာ ၂၀၂၂ ခုနှစ်အတွက် ဘီဘီစီ ရဲ့ ထူးခြားထင်ရှား အမျိုးသမီး ၁၀၀ စာရင်းမှာ ထည့်သွင်း ဖော်ပြခံရပါတယ်။
ဒီအတွက် ဝမ်းမြောက်ဂုဏ်ယူမိတယ်လို့ အငြိမ်းက ဘီဘီစီကို ပြောပါတယ်။