အေအိုင်ကြောင့် လူသားမျိုးနွယ် ဆိတ်သုဉ်းသွားနိုင်လား

အေအိုင်ကြောင့် လူသားတွေ မျိုးသုဉ်း ပျောက်ကွယ်တဲ့အထိ ဦးတည်သွားနိုင်တယ်လို့ သတိပေးနေကြတဲ့ကျွမ်းကျင်သူ တချို့မှာ OpenAI နဲ့ Google ရဲ့ Deepmind တို့ရဲ့ အကြီးအကဲတွေပါ ပါဝင်နေတာကို တွေ့ရပါတယ်။

အေအိုင်နဲ့ လူသား အနာဂတ်နဲ့ ပတ်သက်လို့ ဒီလို သတိပေးမှုမျိုးအထိ ရှိနေချိန်မှာ စက်တွေက လူတွေနေရာမှာ အစားထိုးလာမယ်ဆိုတဲ့ အခြေအနေက ဘယ်လောက် အထိ နီးစပ်လာပြီလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

ChatGPT က စလိုက်တဲ့ အေအိုင် ကျယ်ပြန့်မှု

လတ်တလော အေအိုင် ခေတ်စားလာရတဲ့ အကြောင်းအရင်းတခုဖြစ်တဲ့ ChatGPT ကို OpenAI က ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ စတင် ချပြခဲ့ပါတယ်။

အခုလို ချပြရာမှာ လူအများက အဲဒီ အေအိုင်ကို မေးခွန်းတွေ မေးကြ၊ စာတွေ ရေးခိုင်းကြ လုပ်ကြတဲ့အပြင် အခကြေးငွေ ပေးပြီး ကွန်ပျူတာ ဆော့ဖ်ဝဲ ရေးခိုင်းတာမျိုး အထိပါ လုပ်ကြရာမှာ ChatGPT ဟာ သမိုင်းတလျှောက်မှာ ကြီးထွားကျယ်ပြန့်မှု အမြန်ဆုံး အင်တာနက် အက်ပ် တခု ဖြစ်လာခဲ့ပါတယ်။

ဘယ်လောက်အထိ ကျယ်ပြန့်သွားခဲ့သလဲ ဆိုရင် နှစ်လ အတွင်းမှာ ပုံမှန် အသုံးပြုနေသူ သန်းတစ်ရာ ပြည့်သွားတဲ့အထိ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

နည်းပညာ စောင့်ကြည့်ရေး ကုမ္ပဏီ Sensor Town ရဲ့ အဆိုအရ ဆိုရင် အင်စတာဂရမ်က အလားတူ ပုံမှန် အသုံးပြုနေသူ သန်းတစ်ရာ ပြည့်ဖို့အတွက် ၂ နှစ်ခွဲ အချိန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

Microsoft ရဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုနောက်ခံနဲ့ OpenAI က သုတေသနပြု ဖန်တီးခဲ့တဲ့ ဒီ ChatGPT ရဲ့ အလွန်ကျော်ကြားလာမှုက လူသားမျိုးနွယ်ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ ခန့်မှန်းမှုတွေကိုလည်း ပြင်းထန်လာစေခဲ့ပါတယ်။

Center for AI Safety ဝက်ဘ်ဆိုဒ်က ကြေညာချက်တခု ထုတ်ပြန်ရာမှာ ဒါဇင်နဲ့ချီတဲ့ ကျွမ်းကျင်သူတွေက ထောက်ခံကြသလို တချို့ကလည်း အေအိုင်ကို စိုးရိမ်မှု အရမ်းလွန်ကဲသွားတာလို့ ဆိုသူတွေလည်း ရှိခဲ့ပါတယ်။

အဲဒီ ကြေညာချက်မှာ အေအိုင်ကြောင့် လူသားမျိုးနွယ် မျိုးသုဉ်းသွားနိုင်ခြေကို လျှော့ချဖို့ ဆိုတာဟာ လူ့အသိုင်းအဝိုင်း တစ်ခုလုံး ကြုံရနိုင်ခြေရှိတဲ့ ဖြစ်ရပ်ဆိုးတွေ ဖြစ်တဲ့ ကပ်ရောဂါ ကျရောက်မှုနဲ့ နျူကလီးယား စစ်ပွဲ ဖြစ်ပွားမှု တွေလိုပဲ အလားတူ ကမ္ဘာက ဦးစားပေးရမယ့် ကိစ္စ ဖြစ်တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

အေအိုင်က လူလုပ်နိုင်တာတွေကို ဘယ်လောက်လိုက်တုနိုင်သလဲ

လက်ရှိ အေအိုင်က လူရေးသားထားသလို သဘာဝကျအောင် ရေးနိုင်တဲ့ စာအမျိုးအစားတွေထဲမှာ ကျိုးကြောင်း ဆီလျော်အောင် တင်ပြရေးသားထားတဲ့ စကားပြေ၊ ကဗျာနဲ့ ဟာသ တွေသာမက ကွန်ပျူတာ ဆော့ဖ်ဝဲတွေကိုပါ ရေးသားနိုင်ပါတယ်။

ဒါ့အပြင် အေအိုင်ဟာ ပုံတွေ၊စာတွေကိုလည်း လူဖန်တီးထားသလို ဖန်တီးနိုင်ရာမှာ သရုပ်ပြပုံ၊ ဓာတ်ပုံနဲ့ အနုပညာပုံတွေကိုလည်း ဖန်တီးနိုင်ရာမှာ လက်ရှိ ChatGPT၊ DALL-E၊ Bard နဲ့ AlphaCode အေအိုင်တွေ ဖန်တီးထားတာတွေဆိုရင် လူတွေ ဖန်တီးထားတာနဲ့ ခွဲခြားကြည့်လို့ မရနိုင်လောက်အောင် တုပနိုင်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအေအိုင်တွေကို လက်ရှိ ကျောင်းသားတွေက သူတို့ ကျောင်းစာတွေကို ဒီအေအိုင်တွေကို လုပ်ခိုင်းတာ ရှိလာသလို နိုင်ငံရေးသမားတွေက သူတို့အတွက် မိန့်ခွန်းရေးခိုင်းတဲ့အထိ တွင်ကျယ် လာနေပါတယ်။

အမေရိကန် ဒီမိုကရက်ပါတီ အောက်လွှတ်တော် အမတ် ဂျိတ် အာခင်ကလော့စ် ဆိုရင် အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ပထမဆုံး အနေနဲ့ ChatGPT အေအိုင်က ရေးသားပေးထားတဲ့ မိန့်ခွန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြောကြားခဲ့ပါတယ်။

နည်းပညာကုမ္ပဏီကြီး အိုင်ဘီအမ်က ဆိုရင်လည်း အလုပ်နေရာ ခန့်ထားဖို့ ရှိတဲ့အထဲက အေအိုင်က လုပ်နိုင်တဲ့ အလုပ်နေရာ ၇၈၀ဝ အတွက် လူတွေ မခေါ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။

အဆင့် သုံးဆင့် မြင့်လာမယ့် အေအိုင်

လက်ရှိ တွင်ကျယ်နေတဲ့ အေအိုင်ရဲ့ လုပ်နိုင်စွမ်းတွေက အတော်များနေပြီလို့ ယူဆသူများအတွက် ပိုပြီး သတိချပ်စရာ ပေါ်လာတာကတော့ လက်ရှိ အေအိုင်က ပထမ အဆင့်မှာပဲ ရှိသေးပြီး နောက်ထပ် နှစ်ဆင့်အထိ အဆင့်မြင့်လာနိုင်သေးတယ်လို့ ဆိုပါတယ်။

အဲဒီ နောက်နှစ်ဆင့် မြှင့်တဲ့ အေအိုင်ပေါ်လာတဲ့အချိန်မှာ လူသားမျိုးနွယ်ရဲ့ ဆက်လက်ရှင်သန်နိုင်စွမ်းကို ခြိမ်းခြောက်လာနိုင်မယ်လို့လည်း တချို့ သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

၁။ ပထမအဆင့် ကန့်သတ် အေအိုင်

Narrow AI လို့ ခေါ်တဲ့ ကန့်သတ် အေအိုင်ဟာ ာ အလုပ်တာဝန် ပုံစံတစ်မျိုးကိုသာ လုပ်နိုင်ဖို့ ဖော်ဆောင်ထားတာ ဖြစ်ပြီး ထပ်ကျော့လုပ်နိုင်အောင် အစီအစဉ်ဆွဲထားတဲ့ လုပ်ငန်းစဉ်အတိုင်းလည်း လုပ်ဆောင်ထားနိုင်တဲ့ အေအိုင်မျိုးကို ခေါ်တာ ဖြစ်ပါတယ်။

အခုလို ကန့်သတ် အေအိုင် ကို အင်တာနက်ကရတဲ့ အချက်အလက်တွေ များများရယူကာ လေ့ကျင့်ပေးရပြီး သီးခြား ကန့်သတ်ပေးထားသလောက်သာလျှင် အင်တာနက်ပေါ်က အချက်အလက်တွေကို ရယူတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် စစ်တုရင် ကစားတတ်တဲ့ အေအိုင်မျိုးဖြစ်ပြီး လူသားကမ္ဘာ့ ချန်ပီယံကို နိုင်တဲ့အထိ ကစားနိုင်ပေမယ့် တခြားတာဝန်တွေတော့ မလုပ်တတ်တာမျိုး ဖြစ်ပါတယ်။

ယနေ့ခေတ် စမာ့ဖုန်းတွေမှာရှိတဲ့ အက်ပ်တွေ ဆိုတာဟာ အခုလို ကန့်သတ် အေအိုင် နည်းပညာကို သုံးကြတာ ဖြစ်ပြီး GPS မြေပုံ အက်ပ် ကစလို့ ဂီတနဲ့ ရုပ်သံဆိုင်ရာ အက်ပ်တွေက ကိုယ်ကြိုက်တဲ့ ပုံစံကို သိအောင် လေ့လာပြီး ဘာကြိုက်လောက်တယ်၊ ဘယ်သွားလောက်မယ် ဆိုတာကို အကြံပြုပေးကြတဲ့ အက်ပ်တွေ ဖြစ်ပါတယ်။

ကန့်သတ် အေအိုင် ဆိုပေမယ့်လည်း အဆင့်မြင့် အေအိုင်တွေဖြစ်တဲ့ မောင်းသူမဲ့ ကားတွေမှာသုံးတဲ့ အေအိုင်နဲ့ ChatGPT အေအိုင်ကလည်း အဲဒီအထဲမှာ အကျုံးဝင်ပါတယ်။

အခုလို အေအိုင်တွေဟာ အဆင့်မြင့် အေအိုင်တွေ ဖြစ်ပေမယ့်လည်း သူတို့ကို ကန့်သတ်ထားပြီးသား အခန်းကဏ္ဍထက် ကျော်လွန်ပြီး လုပ်နိုင်စွမ်း မရှိတဲ့အပြင် သူတို့ဘာ သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်စွမ်းလည်း မရှိကြတဲ့အတွက် ကန့်သတ် အေအိုင်အတွင်းမှာပဲ အကျုံးဝင်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း တချို့ ကျွမ်းကျင်သူတွေကတော့ ChatGPT နဲ့ AutoGPT တို့လို အလိုအလျောက် သူ့ဟာသူ သင်ယူဖို့ ပုံသွင်းထားပြီးသား အေအိုင်တွေဟာ နောက်ထပ် အေအိုင်တစ်ဆင့် ထပ်မြင့်သွားနိုင်တယ်လို့ ယူဆကြပါတယ်။

၂။ ဒုတိယအဆင့် စွယ်စုံ အေအိုင်နဲ့ စိုးရိမ်မှုများ

ယေဘုယျအားဖြင့် လူအသိဉာဏ်နဲ့ စွမ်းဆောင်ရတဲ့ ကိစ္စမှန်သမျှကို စက်ပစ္စည်းတခုက လုပ်ဆောင်နိုင်သွားပြီဆိုရင် စွယ်စုံ အေအိုင် အဆင့်ကို ရောက်သွားပြီလို့ ဆိုနိုင်မှာ ဖြစ်ပြီး စွမ်းရည်မြင့် အေအိုင် လို့လည်း ခေါ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မတ်လမှာ ChatGPT ရဲ့ နောက်ဆုံးပေါ် အေအိုင်ဖြစ်တဲ့ GTP-4 ထက် စွမ်းရည်မြင့် တဲ့ အေအိုင်တွေကို အဆင့်မြှင့် သင်ကြားပေးတာတွေကို အေအိုင် သုတေသနလုပ်နေတဲ့ ကုမ္ပဏီတွေက ခြောက်လလောက် ရပ်ဆိုင်းထားဖို့ နည်းပညာ ကျွမ်းကျင်သူ တထောင်ကျော်က နှိုးဆော်ခဲ့ပါတယ်။

လူသားရဲ့ အသိပညာကို စိန်ခေါ်နိုင်တဲ့ အေအိုင်စနစ်တွေဟာ လူ့အဖွဲ့အစည်းနဲ့ လူသားမျိုးနွယ်ကို နက်နက်ရှိုင်းရှိုင်း အန္တရာယ် ဖြစ်စေနိုင်တယ် ဆိုပြီး အက်ပဲ ကုမ္ပဏီ ပူးတွဲ ထူထောင်သူ စတိဗ် ဝူးဇနိယက်က ရေးသားခဲ့ရာမှာ ဒီတစ်သဘောတည်းရှိသူ နည်းပညာ နယ်ပယ်က နာမည်ကြီးတွေထဲမှာ အီလွန်မတ် လည်း ပါဝင်ခဲ့ပါတယ်။

အီလွန်မတ် ဆိုရင် Tesla လို လျှပ်စစ်ကား ကုမ္ပဏီကြီးနဲ့ SpaceX လို အာကာသ ခရီးသွားဆိုင်ရာ ကုမ္ပဏီကြီးတွေကို ပိုင်ဆိုင်သူ ဖြစ်ရုံသာမက လက်ရှိ ChatGPT ရဲ့ ကုမ္ပဏီ OpenAI ကို ပူးတွဲ ထူထောင်သူ တစ်ဦးဖြစ်ပြီး ဒီ ကုမ္ပဏီ ခေါင်းဆောင်ပိုင်းနဲ့ ပတ်သက်လို့ အငြင်းပွားရာက ဘုတ်အဖွဲ့ထဲက နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

အကျိုးအမြတ် ရှေ့မထားတဲ့ Future of Life Institute က ထုတ်ပြန်လိုက်တဲ့ ကြေညာစာမှာ ဆိုရင်လည်း အေအိုင် ကုမ္ပဏီတွေက သူတို့ရဲ့ သုတေသနတွေကို ရပ်ထားပေးဖိုက ငြင်းဆန်ခဲ့မယ်ဆိုရင် အစိုးရတွေကပါ ကြားဝင် တရားဝင် တားမြစ်ပေးရမှာ ဖြစ်ပြီး ဒါမှသာလျှင် လုံခြုံရေး အစီအမံတွေကို ပုံဖော် လုပ်ကိုင်လို့ ရနိုင်မယ် ဆိုပြီး ကျွမ်းကျင်သူတွေက သဘောတူထားပါတယ်။

အေအိုင် အနာဂတ် အန္တရာယ် စိုးရိမ်မှုက လွန်ကဲနေသလား

Future of Life Institute ရဲ့ ကြေညာစာကို လက်မှတ်ထိုးခဲ့သူ အောက်စဖို့ တက္ကသိုလ်က အေအိုင်ကျင့်ဝတ်ဆိုင်ရာ အဖွဲ့ဝင် ကယ်ရစ်ဆာ ဗေလိဇ်က သူဟာ Center for AI Safety က ထုတ်ပြန်တဲ့ ကြေညာချက်ကိုတော့ လက်မှတ် မထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အကြောင်းကတော့ လူသားမျိုးနွယ် ပျက်သုဉ်းမယ်ဆိုတဲ့ သတိပေးချက်တွေက အစိုးရိမ် လွန်ကဲတာသာ ဖြစ်တယ်လို့ သူက ယူဆလို့ ဖြစ်ပါတယ်။

လက်ရှိ တွင်တွင်ကျယ်ကျယ် သုတေသနပြုနေတဲ့ အေအိုင်တွေ ဆိုတာဟာ အသိဉာဏ် မြင့်မားလွန်းသလောက် အကန့်အသတ်ကလည်း မြင့်မားတဲ့အတွက် လည်သလောက်ကို အ တယ်လို့ ဆိုနိုင်ကြောင်း ကယ်ရစ်ဆာ ဗေလိဇ်က ဘီဘီစီကို ပြောပါတယ်။

သူ အမှန်တကယ် စိုးရိမ်တာကတော့ အေအိုင်က မှန်သယောင် ထင်ရစေတဲ့ သတင်းမှားတွေကို အမြောက်အများ ထုတ်လုပ်နိုင်စွမ်း ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ အမေရိကန် အထွေထွေ ရွေးကောက်ပွဲ ကျင်းပလာတော့မယ့် အနေအထားမှာ လက်ရှိ တွစ်တာလို အရေးပါတဲ့ လူမှုကွန်ရက် မီဒီယာတွေက သူတို့ရဲ့ အေအိုင် ကျင့်ဝတ်နဲ့ လုံခြုံရေးဆိုင်ရာ ဝန်ထမ်းတွေကို ဖြုတ်ပစ်နေတဲ့အတွက်လည်း အများကြီးပို စိုးရိမ်မိတယ်လို့ ကယ်ရစ်ဆာက ပြောပါတယ်။

လက်ရှိမှာ အမေရိကန်အစိုးရဘက်ကလည်း အေအိုင်ကြောင့် ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို အသိအမှတ်ပြုလာပြီး ပြီးခဲ့တဲ့ မေလ လေးရက်နေ့မှာ အမေရိကန်အိမ်ဖြူတော်က အေအိုင်နဲ့ ပတ်သက်တဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာတော့ အေအိုင်ဟာ လက်ရှိခေတ်မှာ အင်အားအကြီးဆုံး နည်းပညာတွေထဲက တစ်ခုဖြစ်ပြီး ဒီနည်းပညာကပေးတဲ့ အခွင့်အရေးတွေကို အရယူဖို့အတွက်ဆိုရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အရင်လျှော့ချထားဖို့ လိုမယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော်ကလည်း OpenAI ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ဆမ် အော့လ်တမန်းကို ChatGPT ပတ်သက်ပြီး ခေါ်ယူ မေးမြန်းခဲ့ပါတယ်။

ဆမ် အော့လ်တမန်းကလည်း အထက်လွှတ်တော် ဆီးနိတ် အမတ်တွေနဲ့ ကြားနာမှုအတွင်း ပြောကြားရာမှာ အေအိုင် ရဲ့ စွမ်းအားက ကြီးသထက် ကြီးမားလာတဲ့အတွက် အေအိုင် နယ်ပယ်ကို အစိုးရက ကြီးကြပ်ပေးဖို့ အရေးကြီးကြောင်း ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

Future of Life Institute က အများပြည်သူဆိုင်ရာ မူဝါဒရေးရာ သုတေသီ ကားလို့ အစ်ဂနားစီးယိုး ဂူတဲရက်စ်ကတော့ လက်ရှိ အေအိုင် ရဲ့ အကြီးအကျယ် စိန်ခေါ်နေတဲ့ အချက်တွေထဲက တစ်ခုကို ဘီဘီစီကို ပြောပြခဲ့ပါတယ်။

အဲဒီ စိန်ခေါ်ချက်ကတော့ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကို ကိုင်တွယ်ဖို့အတွက် အစိုးရပိုင်းနဲ့ ပညာရှင်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ IPCC လို အဖွဲ့မျိုး အေအိုင်ကို ထိန်းကျောင်းဖို့ ရှိမနေတာ ဖြစ်ပါတယ်။

အေအိုင်ကို ဘယ်လို စည်းကြပ်ရမလဲ ဆိုတာကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကျွမ်းကျင်သူများ စုပေါင်း အဖွဲ့အစည်း မရှိတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

၃။ တတိယအဆင့် အသိဉာဏ်လွန် အေအိုင်

အေအိုင်ရဲ့ နောက်ဆုံးအဆင့် ရောက်ရှိမှုဆိုတဲ့ အသိဉာဏ်လွန် အေအိုင် ဆိုတာကတော့ ဒုတိယအဆင့် စွယ်စုံ အေအိုင် အဆင့် ရောက်ပြီးသွားပြီဆိုရင် နောက်တဆင့် တက်မယ့် အခြေအနေ ဖြစ်တယ်ဆိုတဲ့ သဘောထား ယူဆချက် ဖြစ်ပါတယ်။

ဒီအဆင့်မှာ အသိဉာဏ်လွန် အေအိုင် ဆိုတဲ့အတိုင်း ဒီအေအိုင်ရဲ့ အသိဉာဏ်စွမ်းရည်က လူသားမျိုးနွယ်ရဲ့ အသိဉာဏ်စွမ်းရည်ထက် သာသွားမယ်လို့လည်း ဆိုပါတယ်။

အောက်စဖို့ တက္ကသိုလ်က အတွေးအခေါ် ပညာရှင်လည်းဖြစ် အေအိုင် ကျွမ်းကျင်သူလည်းဖြစ်တဲ့ နစ်ခ် ဘော်စထွန်ကတော့ အသိဉာဏ်လွန် အေအိုင် ဆိုတာကို အောက်ပါအတိုင်း အဓိပ္ပာယ်ဖွင့်ခဲ့ပါတယ်။

နစ်ခ် ဘော်စထွန်ရဲ့ အဓိပ္ပာယ်ဖွင့်ချက်အရ ဒီအေအိုင်ရဲ့ အသိဉာဏ်ဟာ နယ်ပယ်တိုင်းက အတော်ဆုံး လူ့ဦးနှောက်တွေရဲ့ စွမ်းဆောင်နိုင်စွမ်းထက် အများကြီး သာသွားတာ ဖြစ်ပြီး အခုလို သာလွန်သွားတဲ့ နယ်ပယ်တွေထဲမှာ သိပ္ပံနည်းကျ တီထွင်ဖန်တီးနိုင်မှု၊ ယေဘုယျ အသိဉာဏ်နဲ့ လူမှုရေး စွမ်းရည် တို့လည်း အပါအဝင် ဖြစ်မယ်လို့ ဆိုပါတယ်။

လူသားတွေ အနေနဲ့ အင်ဂျင်နီယာ ဖြစ်လာဖို့၊ သူနာပြု ဖြစ်လာဖို့ ဒါမှမဟုတ် ရှေ့နေ ဖြစ်လာဖို့ဆိုရင် အချိန်အကြာကြီး လေ့လာသင်ယူရပါတယ်။

တစ်ဖက်မှာ အေအိုင်ရဲ့ ဒုတိယအဆင့် စွယ်စုံ အေအိုင် ကတော့ တောက်လျှောက် ပိုတော်သထက် တော်အောင် ဆက်လက် သင်ယူနေလို့ရပြီး လူတွေလောက်လည်း အချိန် အကြာကြီး ယူစရာမလိုတဲ့အတွက်ကြောင့်လည်း အသိဉာဏ်လွန် အေအိုင် အဆင့်ကို တက်သွားနိုင်တာဖြစ်တယ်လို့ ဂူတဲရက်စ်က ဘီဘီစီကို ရှင်းပြပါတယ်။

အနာဂတ်သိပ္ပံ ဝတ္ထုနဲ့ ဇာတ်လမ်းတွေထဲကလို လူသားမျိုးနွယ် ပျက်သုဉ်းသွားနိုင်တာလား

ကမ္ဘာတစ်ဝန်း လူသိများထင်ရှားတဲ့ အနာဂတ်သိပ္ပံ ရုပ်ရှင် The Terminator မှာ ဆိုရင် လူသားမျိုးနွယ် ပျက်စီးသွားအောင် အေအိုင်က နျူကလီးယားစစ်ပွဲ ဖြစ်စေလိုက်တယ် ဆိုတဲ့ ဇာတ်ကွက် အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။

ပရင်စတန် တက္ကသိုလ်က ကွန်ပျူတာ သိပ္ပံပညာရှင် အာဗင်း နာရာရနန် ကတော့ သိပ္ပံဇာတ်လမ်းတွေထဲက လူတွေ အေအိုင် ကပ်ဘေးဆိုက်တဲ့ အနေအထားမျိုး ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ အေအိုင်ရဲ့ အစွမ်းက ဒီလို ဇာတ်ကွက်တွေထဲက အနေအထားမျိုး လုပ်နိုင်ဖို့ အဝေးကြီးလိုပါသေးတယ်။ ဒါတွေကြောင့် အေအိုင်ရဲ့ ရေတို အန္တရာယ်တွေကို အာရုံမစိုက်မိဘဲ ဖြစ်စေတယ်လို့လည်း သူက ဆိုပါတယ်။

အေအိုင်လို လူမဟုတ်တဲ့ စက်ကိရိယာတခုက လူသားမှာရှိသလို ကျယ်ပြန့်တဲ့ အသိဉာဏ်စွမ်းရည်မျိုး၊ အထူးသဖြင့် စိတ်ခံစားမှု ဆိုင်ရာ အသိဉာဏ်မျိုးအထိ ရှိလာနိုင်သလား ဆိုတာ အငြင်းအခုံတွေ အများကြီး ရှိနေဆဲ ဖြစ်ပါတယ်။

ဒီလို အငြင်းအခုံ ရှိတယ်ဆိုရာမှာ အထူးသဖြင့် စွယ်စုံ အေအိုင် ပေါ်လာဖို့ နီးစပ်နေပြီလို့ ယူဆသူများရဲ့ အစိုးရိမ်ဆုံး အခြေအနေတွေထဲမှာ အဲဒီလို လူသားမျိုးနွယ် ပျက်သုဉ်းသွားစေအောင် တိုးတက်လာတဲ့ အေအိုင် အခြေအနေလည်း အပါအဝင် ဖြစ်ပါတယ်။

စက်ပစ္စည်းတွေကို သူတို့ရဲ့ လုပ်ကိုင်မှု အတွေ့အကြုံတွေက ပြန်လည် သင်ယူပြီး တိုးတက်အောင် လုပ်နိုင်မှုမှာ ရှေ့ဆောင် တဦးဖြစ်ပြီး အေအိုင်ရဲ့ ခေါင်းကိုင်ဖခင်ကြီးလို့လည်း တင်စားခေါ်ဝေါ်ခံရတဲ့ ဂျော့ဖရီ ဟင်တန် ကတော့ အဲဒီ စွယ်စုံ အေအိုင် အဆင့်ရောက်ဖို့ နီးစပ်နေလောက်ပြီလို့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

ဂျော့ဖရီ ဟင်တန်ဟာ ဂူဂဲ ကုမ္ပဏီကနေ မကြာသေးခင်ကမှ အနားယူထားသူ ဖြစ်ပြီး အသက် ၇၅ နှစ် ရှိပြီလည်း ဖြစ်ပါတယ်။

သူ့ရဲ့ အမြင်အရ အေအိုင်လို စက်ပစ္စည်းတွေက လောလောဆယ် လူတွေလောက် ဉာဏ်မကောင်းသေးဘူး ဆိုပေမယ့် မကြာခင်မှာ ကောင်းလာတော့မယ်လို့ ယူဆကြောင်းကိုလည်း ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။

ဂျော့ဖရီ ဟင်တန်က သူ ဂူဂဲကနေ အနားယူကြောင်း ကြေညာတဲ့ စာကို နယူးယော့တိုင်း သတင်းစာကို ပို့ခဲ့ရာမှာ သူ အေအိုင်လောကမှာ လုပ်ခဲ့တာတွေအတွက် အခုအချိန်မှာ နောင်တရနေပြီလို့ ပြောဆိုခဲ့ပါတယ်။

အကြောင်းကတော့ အေအိုင်ကို မကောင်းတဲ့သူတွေက မကောင်းတာတွေ လုပ်ဖို့ အသုံးပြုမှာကို စိုးရိမ်လို့ဖြစ်ပြီး ဥပမာအားဖြင့် ဗလာဒီမီယာ ပူတင်လို လူမျိုးက စက်ရုပ်တွေကို သူတို့ဘာသာ သူတို့ တဆင့်ခံ ကိုယ်ပိုင် လိုလားချက်တွေ ထုတ်နိုင်စွမ်း ထည့်ပေးလိုက်တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို စွမ်းရည် ရသွားတဲ့ အေအိုင် စက်ရုပ်တွေဟာ နောက်ဆုံးမှာ သူတို့ လုပ်ပိုင်ခွင့် ပိုလိုအပ်တယ် ဆိုတာမျိုး ရည်မှန်းချက် ထားလိုက်မယ်ဆိုရင် လူသားတွေ ဆက်လက် အသက်ရှင် ရပ်တည်နိုင်ဖို့ အန္တရာယ်ရှိတဲ့အထိ ဖြစ်လာနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ အေအိုင်ဟာ ရေတိုမှာတော့ အန္တရာယ်ထက် အကျိုးရှိနိုင်တာတွေက အများကြီးသာတဲ့အတွက် အေအိုင်ကို သုတေသနပြုပြီး တိုးတက်ကောင်းမွန်အောင် လုပ်နေတာကို မရပ်သင့်ဘူးဆိုပြီးတော့လည်း ဂျော့ဖရီ ဟင်တန်က သူ့ရဲ့ ယူဆချက်ကို ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

လူသားမျိုးနွယ် ပျက်သုဉ်းမှာလား အသက်မဆုံးမှာလား

နာမည်ကျော် ရူပဗေဒ ပညာရှင် စတီဗင် ဟော့ကင်းကတော့ သူမကွယ်လွန်ခင် လေးနှစ်အလိုဖြစ်တဲ့ ၂၀၁၄ ခုနှစ်မှာ အေအိုင်နဲ့ ပတ်သက်လို့ အတော်ပြတ်သားလှတဲ့ သတိပေးချက်တခုကို ဘီဘီစီကို ပြောဆိုခဲ့ဖူးပါတယ်။

အေအိုင်ကို အပြည့်အဝ ဖွံ့ဖြိုးအောင် လုပ်လိုက်မယ်ဆိုရင် လူသားမျိုးနွယ် ပျက်သုဉ်းသွားနိုင်ပြီး ဒီလို အသိဉာဏ်ရှိသွားတဲ့ စက်ကိရိယာမျိုးဟာ သူ့ဟာသူ ထိန်းကျောင်းပြီး ပိုပိုပြီး ကောင်းလာအောင် သူ့ကိုယ်သူ လျင်လျင်မြန်မြန် ပြုပြင် ပြောင်းလဲသွားလိမ့်မယ် ဆိုပြီး စတီဗင် ဟော့ကင်းက သတိပေးခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာတော့ အေအိုင် အနာဂတ်အတွက် စိတ်အားအထက်သန်ဆုံး ပညာရှင်တွေထဲက တဦးဖြစ်တဲ့ ရေးလ် ကာ့ဇ်ဝေးလ် ကတော့ လူတွေဟာ အလွန် အသိဉာဏ်မြင့်တဲ့ အေအိုင်ကို အသုံးပြုပြီး ဇီဝဗေဒ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အနာဂတ်ဝါဒီ တီထွင်သူတဦးဖြစ်ပြီး စာရေးဆရာ တဦးလည်းဖြစ်တဲ့ ကာ့ဇ်ဝေးလ်က အေအိုင် သုတေသီ တဦးလည်း ဖြစ်ပြီး Silicon Valley က Singularity University ပူးတွဲ ထူထောင်သူလည်း ဖြစ်ပါတယ်။

ရေးလ် ကာ့ဇ်ဝေးလ်က ၂၀၁၅ ခုနှစ်မှာ အနာဂတ်ဟောကိန်းတခု ထုတ်ခဲ့ရာမှာ လူတွေဟာ ၂၀၃၀ ခုနှစ်အရောက်မှာ ထာဝရရှင်သန်ရေး တိုးတက်မှုကို ရရှိမယ်လို့ ဆိုပါတယ်။

အဲဒီ အလွန်သေးငယ်တဲ့ စက်ရုပ် nanobots လေးတွေဟာ လူတွေရဲ့ ကိုယ်ခန္ဓာအတွင်းမှာ ဘယ်ရောဂါအတွက်မဆို ပြုပြင်ပေးတာ၊ ကုသပေးတာတွေ လုပ်ပေးခြင်းအားဖြင့် လူတွေ မသေစေတော့မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဂူတဲရက်ဇ်ကတော့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အေအိုင်ကို ထိန်းကျောင်းပေးတဲ့ စနစ်တခု ဖန်တီးပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ အေအိုင်ကို အထိန်းအကွပ် မထားဘူးဆိုရင် အနာဂတ်မှာ အေအိုင်ဟာ ကမ္ဘာပေါ်က လူတိုင်းရဲ့ အချက်အလက်တွေနဲ့ အမူအကျင့်တွေကို သိထားမယ်ဆိုရင် ဒီအေအိုင်က လူတွေ စိတ်ကူးကြည့်ဖို့ မဖြစ်နိုင်တဲ့ ပုံစံမျိုးနဲ့ ထိန်းချုပ် သွာနိုင်တယ်လို့ သူက ဆိုပါတယ်။

အဆိုးဆုံး ဖြစ်နိုင်ခြေကို ပြောရရင် လူနဲ့ စက်ရုပ် စစ်ပွဲဖြစ်တာမျိုးမဟုတ်ပါဘူး။ အဆိုးဆုံးဆိုတာက လူတွေက သူတို့ကိုယ် သူတို့ အေအိုင်ရဲ့ ပုံသွင်းခံလို့ ခံရမှန်းမသိ ဖြစ်ပြီး အသက်ရှင်ရတဲ့ အခြေအနေဖြစ်မယ်လို့လည်း ဂူတဲရက်ဇ်က မှတ်ချက်ပေးခဲ့ပါတယ်။