သင်္ဘောသားမလိုတဲ့ ကုန်တင်သင်္ဘောကြီးတွေ ဘယ်လောက်တွင်ကျယ်လာနိုင်သလဲ

နော်ဝေးနိုင်ငံ တောင်ပိုင်းက ရေခဲတောင်ကြောင့်ဖြစ်လာတဲ့ ရေလက်ကြား Frier Fjord ပေါ်မှာ Yara Birkeland ဆိုတဲ့ သင်္ဘောငယ် တစီးကို စမ်းသပ်မောင်းနှင်နေပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ သာမန် သင်္ဘောငယ်တစီးလို့ ထင်ချင်စရာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသင်္ဘောကို တဆင့်ချင်း သင်္ဘောသားအရေအတွက် လျှော့ပြီး မောင်းနှင်နိုင်အောင် စမ်းသပ်နေတာဖြစ်ပြီး နောက်ဆုံးမှာ သင်္ဘောသားအပါအဝင် လူလုံးဝမပါပဲ မောင်းနှင်နိုင်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

မောင်းသူမဲ့ ကုန်တင်သင်္ဘောကို ဘယ်လို စမ်းသပ်နေသလဲ

လက်ရှိ ဒီသင်္ဘောမှာ စုစုပေါင်း လူငါးဦးလိုက်ပါပြီး စမ်းသပ်နေရာကနေ ပထမအဆင့် အနေနဲ့ လက်ရှိ ၂၀၂၃ အကုန်မှာ နှစ်ဦးသာပဲ လိုအောင် စမ်းသပ်နေတာ ဖြစ်ပါတယ်။

အခုလို တဆင့်ချင်း စမ်းသပ်မောင်းနှင်မှုတွေ အဆင်ပြေတယ်ဆိုရင် ၂၀၂၅ အထိ နောက်ထပ် နှစ်နှစ် လူလိုက်ပါ စမ်းသပ် အပြီးမှာ သင်္ဘောကို ထိန်းကျောင်းတဲ့ ဦးခန်းကို လုံးဝ ဖြုတ်ပယ်ပြီး မောင်းသူမဲ့ သင်္ဘောဖြစ်အောင် လုပ်နိုင်ဖို့ ရည်မှန်းချက် ရှိထားပါတယ်။

ဒီမောင်းသူမဲ့ ကုန်တင်သင်္ဘော စမ်းသပ်မှု မပြီးဆုံးသေးခင်မှာ အဲဒီ မီတာ ၈၀ (ပေ ၂၄၀ ခန့်) အရှည်ရှိတဲ့ Yara Birkeland သင်္ဘောကို မာလိန်မှူး ဆဗန် အိုးဒီဂါ့ဒ်က ထိန်းကျောင်းပေးနေတာလည်း ဖြစ်ပါတယ်။

မာလိန်မှူး အိုးဒီဂါ့ဒ်က ဘီဘီစီကို ပြောကြားရာမှာ သူတို့ဟာ ဒီ သင်္ဘောက ကိုယ်တိုင်ထိန်းကျောင်းနိုင်အောင် လက်ရှိ ပြေးဆွဲနေတဲ့ ကုန်တင်သင်္ဘောတွေမှာ မရှိသေးတဲ့ နည်းပညာသစ် အမြောက်အမြားကို စမ်းသပ်ပြီး အများကြီး ခေတ်ရှေ့ပြေးသွားအောင် လုပ်ဆောင်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

နောက်ဆုံး အဆင့်မှာဆိုရင် Yara Birkeland ဟာ ရေကြောင်းသွားလာမှုကို အာရုံခံ ကိရိယာမျိုးစုံကို အသုံးပြုမှာ ဖြစ်ပါတယ်။ ရေဒါနဲ့ ကင်မရာ အပါအဝင် ဒီကိရိယာတွေက ရတဲ့ အချက်အလက်တွေကို သင်္ဘောရဲ့ AI ကွန်ပျူတာက ဖတ်ယူပြီး လမ်းမှာတွေ့တဲ့ အရံအတားတွေကို အမျိုးအစားခွဲခြား၊ ရှောင်ရှား မောင်းနှင်နိုင်မယ်လို့လည်း ဆိုပါတယ်။

ဒီလို စမ်းသပ်မှု အောင်မြင်ပြီဆိုရင် သင်္ဘောမာလိန်မှူးက သင်္ဘောနဲ့အတူ လိုက်ပါစရာ မလိုတော့ဘဲ ကုန်းပေါ်ကနေပဲ ထိန်းကျောင်းပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကနဦးအနေနဲ့ ကီလိုမီတာ ၈၀ (မိုင် ၅၀) လောက် အကွာအဝေးမှာရှိတဲ့ အဝေးထိန်းစခန်းကနေ စတင် စမ်းသပ်မှာ ဖြစ်ပါတယ်။

ဒီလို အဝေးထိန်းစမ်းသပ်မှုမှာ သင်္ဘောအမြောက်အမြားကို တပြိုင်နက် စောင့်ကြည့် ထိန်းကျောင်းနိုင်အောင် လုပ်ဆောင်မှာ ဖြစ်သလို လိုအပ်လာရင် သင်္ဘော ကွန်ပျူတာတွေရဲ့ ဆုံးဖြတ်ချက်တွေကို လူသား မာလိန်မှူးတွေရဲ့ ညွှန်ကြားချက်နဲ့ အစားထိုး ကူညီပေးနိုင်မယ်လို့လည်း ဆိုပါတယ်။

မောင်းသူမဲ့ ကုန်တင်သင်္ဘောတွေ ဘယ်လို ရေကြောင်းနယ်ပယ်နဲ့ ကနဦး အဆင်ပြေနိုင်မလဲ

ဒီ Yara Birkeland သင်္ဘောကို Yara ဓာတ်မြေသြဇာ ကုမ္ပဏီက ပိုင်ဆိုင်တာဖြစ်ပြီး အဲဒီလို စမ်းသပ် ပြေးဆွဲမှုတွေ လုပ်နေတာ လပေါင်း အတော်ကြာပြီ ဖြစ်ပါတယ်။

ဒီသင်္ဘောဟာ ကုမ္ပဏီရဲ့ ဓာတ်မြေသြဇာ စက်ရုံကြီး တည်ရှိရာ Porsgrunn ဒေသကနေ Brevik ဆိပ်ကမ်းအထိ ၁၃ ကီလိုမီတာ (၈ မိုင်) ခရီးကို ကွန်တိန်နာ အလုံး ၁၀ဝ လောက်အထိ လက်တွေ့ တင်ဆောင်စမ်းသပ် ပြေးဆွဲပြီး အချက်အလက်တွေ စုဆောင်းနေတာလည်း ဖြစ်ပါတယ်။

အခုလို ရေကြောင်း ခရီးစဉ် တိုတောင်းပြီး ပုံမှန်လည်း သွားလာမှု ရှိတဲ့အပြင် ပုံသေ လမ်းကြောင်းလည်းရှိတဲ့ အခြေအနေဟာ ကိုယ်တိုင် ထိန်းကျောင်းနိုင်တဲ့ ကွန်တိန်နာသင်္ဘော နည်းပညာတွေ စတင် စမ်းသပ်ဖို့ သင့်တော်တဲ့ လုပ်ငန်းနယ်ပယ်တခုပဲလို့ One Sea Association လို့ခေါ်တဲ့ ရေကြောင်းကုမ္ပဏီတွေနဲ့တကွ အလိုအလျောက် မောင်းနှင်စနစ် ကျွမ်းကျင်သူတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့အဖွဲ့က အတွင်းရေးမှူးချုပ် ဆင်နီကာ ဟော်တိုနန်က ဆိုပါတယ်။

ဒီ Yara Birkeland သင်္ဘောစမ်းသပ်မှု စီမံကိန်းမှာ နည်းပညာ ထောက်ပံ့နေတဲ့ Kongsberg ကုမ္ပဏီဟာ နော်ဝေးက ကုန်စုံလက်ကားရောင်းဝယ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ Asko နဲ့ ပူးပေါင်းပြီး Oslo Fjord ရေလမ်းကြောင်းမှာ ဘက်ထရီလျှပ်စစ်သုံး ရှပ်ပြေးယာဉ် နှစ်စီးကိုလည်း စမ်းသပ်နေသလို အော်လဆန် မြို့မှာလည်း ကုန်တင်သင်္ဘော အသေးတစင်း စမ်းသပ်မောင်းနှင်တဲ့ စီမံချက်မှာလည်း ပါဝင်နေပါတယ်။

ရေကြောင်း မောင်းသူမဲ့ နည်းပညာက ဘယ်နယ်ပယ်တွေအထိ တွင်ကျယ်လာနိုင်သလဲ

Kongsberg Maritime ကုမ္ပဏီက မျိုးဆက်သစ် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ဒါရိုက်တာ မစ္စ အန်မာဂရိ ရစ္စ ကတော့ အခုလို မောင်းသူမဲ့ ရေကြောင်းသွားလာရေး နည်းပညာကို စိတ်ဝင်စားကြတဲ့ နယ်ပယ်တွေထဲမှာ ငါးဖမ်းလုပ်ငန်း၊ ရေကြောင်း ခရီးသည်တင် လုပ်ငန်းနဲ့ စစ်သင်္ဘောနယ်ပယ် တွေလည်း အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ကုမ္ပဏီဆိုရင် ပင်လယ်ပြင် အခြေပြု စွမ်းအင် ထုတ်လုပ်ရေး၊ သမုဒ္ဒရာ သုတေသနနဲ့ ကာကွယ်ရေးနယ်ပယ်တွေက အသုံးပြုသူတွေအတွက် ပင်လယ်ကြမ်းပြင် မြေပုံဆွဲမှု အဓိက လုပ်ပေးတဲ့ မောင်းသူမဲ့ ရေငုပ်ယာဉ်တွေကို ထုတ်လုပ်ရောင်းချနေပြီးသား ဖြစ်ပါတယ်။

လတ်တလော အနေနဲ့ Kongsberg ကုမ္ပဏီဟာ ပင်လယ်ရေအောက် ငါးများများ ကျက်စားတဲ့ နေရာကို ထောက်လှမ်းနိုင်တဲ့ ၈ မီတာ (၂၄ ပေ) အရှည်ရှိ ရေပြင်သွား မောင်းသူမဲ့ သင်္ဘောကို တီထွင်ထုတ်လုပ်လိုက်ပြီ ဖြစ်ပြီး ပဲတင်သံနဲ့ ထောက်လှမ်းတဲ့ ဆိုနာကိရိယာတွေ၊ ရေဒါတွေနဲ့ GPS စနစ် ပါဝင်ကာ AI ကွန်ပျူတာက အလိုအလျောက် ထိန်းကျောင်းပေးတာ ဖြစ်ပါတယ်။

အခုလို မောင်းသူမဲ့ ရေယာဉ် နည်းပညာကို အထူးစိတ်ဝင်စားနိုင်တဲ့ နယ်ပယ်ကတော့ ကုန်တင်သင်္ဘော နယ်ပယ်ဖြစ်ပါတယ်။ အဓိကကတော့ သင်္ဘောနဲ့ လိုက်ပါရမယ့် သင်္ဘောသားခန့်ထားရတဲ့ စရိတ် မကုန်ကျတော့တဲ့ အတွက်ကြောင့် ဖြစ်ပြီး သင်္ဘောအများအပြားကို အဖွဲ့တခုပဲ ထားပြီး ထိန်းကျောင်းနိုင်တဲ့အထိ ဖြစ်နိုင်ခြေ ရှိတယ်လို့ Kongsberg ရဲ့ နည်းပညာဆိုင်ရာ ဝါရင့် ဒုဥက္ကဌ ဘရွန်း ဂျယ်လဗင်းက ဆိုပါတယ်။

ရေကြောင်းမောင်းသူမဲ့ နည်းပညာကို တခြား ကုမ္ပဏီတွေကလည်း စမ်းသပ်နေရာမှာ ပြီးခဲ့တဲ့နှစ်က မစ်ဆူဘီရှီ သင်္ဘောဆောက်လုပ်ရေး ကုမ္ပဏီက ၂၂၂ မီတာ အရှည်ရှိတဲ့ ကားတင်ဆောင်တဲ့ သင်္ဘောကြီးကို မောင်းနှင် ကမ်းကပ် ပြနိုင်ခဲ့တာ တွေ့ရပါတယ်။

တောင်ကိုရီးယားရဲ့ ကုမ္ပဏီကြီးတခုဖြစ်တဲ့ HD Hyundai ဆိုရင်လည်း မီတာ ၃၀ဝ နီးပါး အရှည်ရှိပြီး တန်ချိန် တသိန်းခွဲနီးပါး လေးတဲ့ သဘာဝဓာတ်ငွေ့ ရည်တင် သင်္ဘောကြီးတစင်းကို အမေရိကန်နိုင်ငံ တက္ကဆပ် ပြည်နယ်ကနေ တောင်ကိုရီးယားအထိ မောင်းနှင်ရာမှာ စုစုပေါင်း အကွာအဝေး ကီလိုမီတာ ၂၀ဝ,၀ဝ၀ လောက်ရဲ့ ခရီးစဉ်တဝက် တလခရီးကို မောင်းသူမဲ့ စနစ်နဲ့ မောင်းပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခုလို မောင်းနှင်ပြနိုင်မှုမှာ မောင်းသူမဲ့ ထိန်းကျောင်းရုံ သက်သက်သာ မဟုတ်ဘဲ လောင်စာနဲ့ လေထုအဆိပ်သင့် ဓာတ်ငွေ ထုတ်လွှတ်မှု အသက်သာဆုံးဖြစ်အောင်လည်း သင်္ဘောထိန်းကျောင်းတဲ့ AI ကွန်ပျူတာက တွက်ချက်ပေးနိုင်ခဲ့တယ်လို့ ဒီသင်္ဘောမှာ နည်းပညာတပ်ဆင်ပေးတဲ့ HD Hyundai ရဲ့ ကုမ္ပဏီအခွဲ Avikus က ဆိုပါတယ်။

ရေကြောင်းနယ်ပယ်မှာ မောင်းသူမဲ့ နည်းပညာ အသားကျလာဖို့ ဘယ်လောက် အချိန်ယူရမလဲ

ရေကြောင်းနယ်ပယ်မှာ မောင်းသူမဲ့ နည်းပညာ အသုံးပြုပြီဆိုရင် လုံခြုံ စိတ်ချ ထိရောက်မှု ရှိဖို့အတွက် လိုအပ်လာရင် ကြားဝင် ညွှန်ကြားထိန်းကျောင်းနိုင်တဲ့ အဖွဲ့တဖွဲ့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနည်းပညာကို စတင်အသုံးပြုကာစ ကာလမှာ တစ်စုံတရာ လိုအပ်လာရင် ထိန်းကျောင်းပေးနိုင်မယ့် သင်္ဘောသား အဖွဲ့တဖွဲ့လည်း လိုက်ပါ စီးနင်းဖို့ လိုနေဦးမယ်လို့ နော်ဝေးအရှေ့တောင်ပိုင်း တက္ကသိုလ်က အသုံးချ အလိုအလျောက် မောင်းနှင်ခြင်း နည်းပညာဆိုင်ရာ တွဲဖက် ပါမောက္ခ မဲရီးယပ်စ် တန်နမ်က ဆိုပါတယ်။

တဖက်မှာလည်း အလိုအလျောက် မောင်းနှင်ထိန်းကျောင်းနိုင်တဲ့ စနစ်ကြောင့် သင်္ဘောပုံစံထုတ်မှု အသစ်တွေ ပေါ်လာမှာဖြစ်ပြီး သင်္ဘောသားတွေ မလိုတော့ဘူး ဆိုကတည်းက ကုန်တွေလည်း ပိုပြီး များများတင်နိုင်မယ်လို့လည်း သူက ဆိုပါတယ်။

အကြောင်းကတော့ သင်္ဘောသားတွေမလိုတော့တဲ့အတွက် နေစရာ အိပ်ဆောင်တွေ၊ မီးဖိုချောင်တွေ၊ လေပူ လေအေးပေး စနစ်နဲ့တကွ တခြား လူနေထိုင်ဖို့ တပ်ဆင်ရတဲ့ စနစ်တွေ ထည့်စရာမလိုတော့လို့ ဖြစ်တယ်လို့ ပါမောက္ခ တန်နမ် က ပြောပါတယ်။

တဖက်မှာလည်း ရေကြောင်းမှာ မောင်းသူမဲ့ နည်းပညာ အသားကျလာဖို့အတွက် နိုင်ငံတကာဖြန့်ကြက် သဘောတူရမယ့် ဥပဒေကြောင်းအရ အခက်အခဲနဲ့ စည်းကြပ်မှုဆိုင်ရာ အသစ်ထုတ်ပြန်ဖို့ လိုအပ်မှု အခက်အခဲတွေလည်း ရှိလာနိုင်ပြီး ဒီမောင်းသူမဲ့ သင်္ဘောတွေ ကိုယ်တိုင်ကလည်း ထိန်းသိမ်းပြုပြင်ပေးနေဖို့ လိုအပ်ချက် မရှိသလောက်ဖြစ်အောင် စနစ်တွေ ကောင်းနေဖို့ လိုအပ်မယ်လို့လည်း သူက ဆိုပါတယ်။

ဒီလို အတားအဆီးတွေ ရှိတယ် ဆိုပေမဲ့လည်း လမ်းမှာ အန္တရာယ်နဲ့ အနှောင့်အယှက် ကြုံနိုင်ခြေ အနည်းအများနဲ့ တွက်မယ်ဆိုရင် ပုံသေ လမ်းကြောင်းရှိမယ့် မောင်းသူမဲ့ ရေကြောင်း ပို့ဆောင်ရေး လုပ်ငန်းက မောင်းသူမဲ့ အိမ်စီးကားတွေ၊ မောင်းသူမဲ့ ကုန်တင်ကား လုပ်ငန်းတွေထက် လက်တွေ့ တွင်ကျယ်လာနိုင်ခြေ ပိုမြန်မယ်လို့လည်း ပါမောက္ခ တန်နမ်က သုံးသပ်ထားပါတယ်။