ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စိတ်မှတ်သိ အေအိုင် ဆော့ဖ်ဝဲတွေ ဝီဂါတွေမှာ တရုတ်စမ်းသပ်
- ရေးသားသူ, ဂျိန်း ဝိတ်ခ်ဖီးလ်ဒ်
- ရာထူးတာဝန်, နည်းပညာသတင်းထောက်
ဉာဏ်ရည်တု AI တပ်ထားတဲ့ ကင်မရာစနစ်နဲ့ လူတွေရဲ့ မျက်နှာမှတ်မိသိရှိတဲ့ နည်းပညာတွေကို အသုံးပြုပြီး လူတွေရဲ့ စိတ်အခြေအနေ ဖော်ထုတ်တာကို တရုတ်နိုင်ငံက ရှင်ကျန်းက ဝီဝါလူမျိုးတွေမှာ စမ်းသပ်နေတယ်လို့ သိလာရပါတယ်။
ရှင်ကျန်းပြည်နယ်က ရဲစခန်းတွေမှာ အဲဒီလို စနစ်တွေ တပ်ထားတာဖြစ်တယ်လို့ ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်က ဘီဘီစီကို ပြောပြတာပါ။
အဲဒီအထောက်အထားတွေကို ကြည့်လိုက်ရတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ယောက်ကတော့ အဲဒါက အံ့သြတုန်လှုပ်ဖွယ်ပဲလို့ ပြောပါတယ်။
အဲဒီထုတ်ဖော်ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ လန်ဒန်မှာ ရှိတဲ့ တရုတ်သံရုံးက တိုက်ရိုက်တုံ့ပြန်တာ မရှိပါဘူး။ ဒါပေမဲ့ လူမျိုးအုပ်စု အားလုံးကို နိုင်ငံရေးနဲ့ လူမှုရေး အခွင့်အရေးတွေ ရပိုင်ခွင့်ပေးထားတယ်လို့ ပြောပါတယ်။
ရှင်ကျန်းဟာ လူနည်းစု ဝီဂါ ၁၂ သန်း နေထိုင်တဲ့ ပြည်နယ်ဖြစ်ပြီး အများစုက မွတ်ဆလင်တွေပါ။
အဲဒီက ဒေသခံတွေဟာ နေ့စဥ် စောင့်ကြည့်ခံနေရတာပါ။ ပြီးတော့ အဲဒီနေရာဟာ ဝီဂါတွေကို ဝါဒဖြန့်တဲ့ ပြန်လည်လေ့ကျင့်ရေးစခန်းတွေ ရှိတဲ့နေရာပါ။ အဲဒီစခန်းတွေကို လူ့အခွင့်အရေးအုပ်စုတွေကတော့ လုံခြုံရေးတင်းကြပ်တဲ့ ထိန်းသိမ်းရေး စခန်းတွေလို့ ခေါ်ကြပါတယ်။ အဲဒီမှာ လူတစ်သန်းမက ထိန်းသိမ်း ခံခဲ့ရတယ်လို့လည်း ခန့်မှန်းခဲ့ကြပါတယ်။
တရုတ်အစိုးရကတော့ အဲဒီ ဒေသတွင်းမှာ စုံစမ်းစောင့်ကြည့်ရေး လိုအပ်တယ်လို့ အမြဲပြောနေခဲ့တာပါ။ သီးသန့်နယ်မြေ ထူထောင်လိုတဲ့ ခွဲထွက်ရေးသမားတွေက အကြမ်းဖက်တိုက်ခိုက်ပြီး လူတွေရာချီ သတ်ထားခဲ့လို့ အဲဒီလို စောင့်ကြည့်ဖို့ လိုတာလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောပြတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာက သူ့ရဲ့လုံခြုံရေးစိုးရိမ်မှုကြောင့် သူ့ဘယ်သူဆိုတာ ထုတ်မပြောဘဲ ဒါတွေကို ဘီဘီစီ သတင်းမြင်ကွင်းကျယ် အစီအစဥ်ကို ပြောပြဖို့ သဘောတူခဲ့ပါတယ်။ သူဘယ် ကုမ္ပဏီမှာ လုပ်တယ်ဆိုတာကိုလည်း ထုတ်မပြောပါဘူး။
ဒါပေမဲ့ စိတ်အခြေအနေထောက်လှမ်းစနစ်နဲ့ စမ်းသပ်ခံခဲ့ရတယ်ဆိုတဲ့ ထိန်းသိမ်းခံ ဝီဂါ ၅ ယောက်ရဲ့ ဓာတ်ပုံတွေကိုတော့ သူက ထုတ်ပြပါတယ်။
"တရုတ် အစိုးရက ဝီဂါတွေကို ဓာတ်ခွဲခန်းကြွက်တွေလို စမ်းသပ်မှုမျိုးစုံမှာ အစမ်းသပ်ခံတွေလို သုံးနေတာ" လို့ သူက ပြောပါတယ်။
ပြီးတော့ ရှင်ကျန်းပြည်နယ်ထဲက ရဲစခန်းတွေမှာ ကင်မရာတွေ တပ်ဆင်တုန်းက သူပါဝင်ခဲ့ပုံကို အကြမ်းဖျင်း ပြန်ပြောပြပါတယ်။
"မေးမြန်းမယ့်လူနဲ့ သုံးမီတာအကွာမှာ စိတ်မှတ်သိကင်မရာကို တပ်ပါတယ်။ အဲဒါက မုသားဖော်စက်နဲ့ ဆင်တူတယ်။ ဒါပေမဲ့ နည်းပညာ အများကြီးပိုမြင့်တယ်။"
အဲဒီအတွက် ရဲတွေက တရုတ်နိုင်ငံ တစ်ဝန်းက ရဲစခန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးတဲ့ လက်ချုပ်ခြေချုပ်တပ် ထိုင်ခုံတွေကို သုံးတယ်လို့လည်း သူက ပြောပါတယ်။
"လက်ကောက်ဝတ်တွေကို သံကွင်းနဲ့ ချုပ်ထားမယ်။ ခြေကျင်းဝတ်တွေကိုလည်း အဲဒီလို လုပ်ထားမယ်။"
မျက်နှာပေါ်က စိတ်ခံစားမှု ဖော်ပြချက်တွေ နဲ့ အရေပြားပေါ်က ချွေးပေါက်လေးတွေရဲ့ အပြောင်းအလဲ သေးသေးလေးတွေကိုတောင် ဉာဏ်ရည်တု စနစ်က ဘယ်လို စုံစမ်း၊ ခွဲခြားသုံးသပ်နိုင်အောင် လေ့ကျင့်ထားတယ်ဆိုတာကို သူက ပြောပြပါတယ်။
သူ့အပြောအရ အဲဒီဆော့ဖ်ဝဲက စက်ဝိုင်းပုံဇယားချပ်တစ်ခု ဖန်တီးလိုက်ပြီး အဲဒီထဲမှာ အနီရောင်အပိုင်းက မကောင်းတာတွေ၊ စိုးရိမ်ကြောင့်ကြစိတ်တွေကို ပြပါတယ်။
သူကတော့ အဲဒီ ဆော့ဖ်ဝဲဟာ "ဘာခိုင်လုံတဲ့ အထောက်အထားမှ မပါဘဲ ကြိုတင်အကဲဖြတ်ဖို့" ရည်ရွယ်တဲ့ ဆော့ဖ်ဝဲလို့ ပြောပါတယ်။
ရှင်ကျန်းပြည်နယ်မှာ သုံးတဲ့ စိတ်မှတ်သိဆော့ဖ်ဝဲ အကြောင်း မေးခွန်းတွေကို လန်ဒန်က တရုတ် သံရုံးက မတုံ့ပြန်ပါဘူး။
ဒါပေမဲ့ "နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အခွင့်အရေးတွေနဲ့ ဘာသာရေးလွတ်လပ်ခွင့်တွေကို ရှင်ကျန်းက လူမျိုးအုပ်စု အားလုံးမှာ ရပိုင်ခွင့် ရှိကြတယ်" ဆိုတာကိုတော့ ပြောပါတယ်။
"လူမျိုးနောက်ခံအသိုင်းအဝိုင်း ဘယ်လိုဖြစ်ဖြစ် လူတွေ သင့်သင့်မြတ်မြတ် နေနေကြတယ်။ ပြီးတော့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို တားမြစ်ချက်မရှိဘဲ တည်ငြိမ်အေးချမ်းတဲ့ ဘဝမှာ နေထိုင်နေကြပါတယ်။"
စိတ်ခံစားမှုတွေကို စုံစမ်းထောက်လှမ်းတယ်ဆိုတဲ့ အဲဒီ အထောက်အထားတွေကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုဖီ ရစ်ချတ်ဆန်ကို ပြခဲ့ပါတယ်။
"အဲဒါတွေက အံ့သြတုန်လှုပ်ဖွယ်တွေပါပဲ။ အဲဒါက လူတွေကို ဇယားချပ်လောက်နဲ့ ဆုံးဖြတ်လိုက်ရုံမကပါဘူး၊ အဲဒီအခြေအနေမှာ လူတွေဟာ အင်မတန်တင်းကျပ်၊ အင်မတန်ဖိအားများ၊ စိတ်လှုပ်ရှားရှုပ်ထွေးနေမှာဖြစ်ပြီး အဲဒါကို အပြစ်မကင်းတဲ့ လက္ခဏာတွေအဖြစ် မှတ်ယူလိုက်မှာ၊ ဆိုတော့ အဲဒါ နက်ရှိုင်းတဲ့ ပြဿနာပဲ။"
မသင်္ကာဖွယ် အပြုအမူတွေ
ကော်လိုရာဒို တက္ကသိုလ်က ဒါရန်းဘိုင်လာရဲ့ အဆိုအရ ဝီဂါတွေဟာ မျိုးဗီဇ နမူနာတွေကို ဒေသအာဏာပိုင်တွေဆီ ပုံမှန်ပေးနေကြရတယ်၊ ဒစ်ဂျစ်တယ်မှတ်တမ်းတင်ခံရတယ် ပြီးတော့ အများစုဟာ အစိုးရကခိုင်းတဲ့ မိုဘိုင်းလ်ဖုန်း အပ်ပလီကေးရှင်းကို ဖုန်းထဲထည့်ထားရတယ်လို့ သိရပါတယ်။ အဲဒီအပ်ပလီကေးရှင်းက သူတို့ရဲ့ အဆက်အသွယ်စာရင်းနဲ့ ဖုန်းမက်ဆေ့ချ်တွေရဲ့ အချက်အလက်တွေကို စုဆောင်းတဲ့ အပ်ပလီကေးရှင်းပါ။
"အခုဆို ဝီဂါတွေရဲ့ဘဝက အချက်အလက် ထုတ်စက်တွေ ဖြစ်နေပြီ"လို့ သူက ပြောပါတယ်။
"စမတ်ဖုန်းဆိုတာ ကိုယ်ဘယ်သွားသွား ယူသွားရမယ်ဆိုတာ လူတိုင်း သိကြပါတယ်။ တကယ်လို့ သယ်မသွားဘူးဆိုရင် အဲဒီလူ အဖမ်းခံရနိုင်တယ်။ ခြေရာခံစောင့်ကြည့်ခံနေကြရတယ်ဆိုတာ သူတို့တွေ သိကြပါတယ်။ ပြီးတော့ လွတ်လမ်းမရှိဘူးလို့ သူတို့ ခံစားနေကြရတယ်" လို့ သူက ပြောပါတယ်။
အဲဒီ အချက်အလက် အများစုကို Joint Operations Platform လို့ ခေါ်တဲ့ ကွန်ပျူတာစနစ်ထဲကို ထည့်ပါတယ်။ ဒါကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ကတော့ သံသယဖြစ်ဖွယ် အပြုအမူလို့ သတ်မှတ် ပါတယ်။
" ဥပဒေနဲ့ လုံးဝ လွတ်ကင်းတဲ့ ပုံမှန် လှုပ်ရှားမှု မျိုးစုံ ဆယ်ဂဏန်းမကတတွေရဲ့ အချက်အလက်တွေကို အဲဒီစနစ်က စုဆောင်းရယူပါတယ်။ လူတွေက ဘာလို့ အိမ်ရှေ့တံခါးက မထွက်ဘဲ နောက်ဖေးတံခါးထွက်တာလဲ၊ ဘာလို့ သူများကားထဲ ဓာတ်ဆီဖြည့်တာလဲ စတာမျိုးတွေကို အချက်အလက်တွေယူတယ်" လို့ မစ္စ ရစ်ချတ်ဆန်က ပြောပါတယ်။
"အာဏာပိုင်တွေက အခုဆိုရင် လူတွေရဲ့ အိမ်အပြင်ဘက် တံခါးတွေမှာ QR ကုဒ်တွေကို ကပ်ထားပါတယ်။ အဲဒါကြောင့် အဲဒီအိမ်မှာ ဘယ်သူ နေတယ်၊ ဘယ်သူတော့ မရှိဘူး စတာတွေကို သူတို့ လွယ်လွယ်နဲ့ သိနိုင်တယ်" လို့ သူက ပြောပါတယ်။
အလုံးစုံထိန်းချုပ်တဲ့ အာဏာရှင်စနစ်လား
တရုတ်နည်းပညာ ကုမ္ပဏီတွေနဲ့ သူတို့ အစိုးရ ဘယ်လောက် နီးနီးကပ်ကပ် ပတ်သက်သလဲဆိုတာ ဆွေးနွေးငြင်းခုံနေကြတာ ကြာပါပြီ။
အမေရိကန် အခြေစိုက် သုတေသနအုပ်စု IPVM က အဲဒီလို ကုမ္ပဏီတွေက မူပိုင်ခွင့်တင်တဲ့ သက်သေတွေ ထုတ်ဖော်ခဲ့ပါတယ်။ အဲဒါထဲမှာ မျက်နှာမှတ်သိ ဆော့ဖ်ဝဲတွေဟာ ဝီဂါတွေကို ရည်ရွယ်ပြီး ခွဲခြားသိအောင် လုပ်ထားတယ်ဆိုတာ ထုတ်ဖော်ခဲ့တာပါ။
ဟွာဝေးနဲ့ တရုတ် သိပ္ပံအကယ်ဒမီတို့က ၂၀၁၈ ဇူလိုင်မှာ မူပိုင်ခွင့်တင်ခဲ့တဲ့ မျက်နှာမှတ်သိ ဆော့ဖ်ဝဲဟာ လူမျိုးစုကို အခြေခံပြီး လူတွေကို ခွဲခြားသိနိုင်တယ်လို့ ဆိုပါတယ်။
ဟွာဝေးဘက်ကတော့ အဲဒါနဲ့ ပတ်သက်ပြီး "နည်းပညာကို သုံးပြီး ဘယ်လူမျိုးအသိုင်းအဝိုင်းက လူတွေကိုမှ ခွဲခြား၊ဖိနှိပ်တာကို လျစ်လျူရှုမထားဘူး" လို့ ပြောပြီး ဟွာဝေးက ဘယ်နေရာမှာပဲ လုပ်ကိုင်သည်ဖြစ်ပါစေ "အစိုးရနဲ့ (မပတ်သတ်ဘဲ) လွတ်လွတ်လပ်လပ်ရှိတယ်" လို့ ပြောပါတယ်။
One Person, One File system လူတစ်ယောက်၊မှတ်တမ်းတစ်ခု ဆိုတဲ့ နည်းပညာကို ဟွာဝေးက တီထွင်နေတယ်လို့ ယူဆနိုင်တဲ့ မှတ်တမ်းတစ်ခုကိုလည်း အဲဒီသုတေသနအဖွဲ့က တွေ့ရှိခဲ့ပါတယ်။
"လူတစ်ယောက်ချင်းစီအတွက် အစိုးရက ပုဂ္ဂိုလ်ရေးအချက်အလက်တွေ စုဆောင်းထားနိုင်ခြေ ရှိပါတယ်။ သူတို့ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ၊ ဆက်စပ်ပတ်သက်မှုတွေ၊ လူတစ်ယောက်က ဘယ်လို ပြုမူလှုပ်ရှားနိုင်ခြေရှိတယ်ဆိုတာနဲ့ ဘယ်လို အန္တရာယ်မျိုးလုပ်လာနိုင်ခြေရှိတယ်ဆိုတာတွေကို ထိုးထွင်းသိမြင်စေနိုင်မှာမျိုးတွေ သိမ်းထားနိုင်ခြေ ရှိပါတယ်" လို့ IPVM သုတေသနအဖွဲ့က ကော်နာဟီလီက ပြောပါတယ်။
ဟွာဝေးကတော့ One Person, One File စနစ်မှာ ပါဝင်ပတ်သက်နေသလားဆိုတဲ့ မေးခွန်းတွေကို သီးခြား ဖြေဆိုတာ မရှိပါဘူး။ ဒါပေမဲ့ သူတို့က ဘယ်နေရာမှပဲလုပ်လုပ် အစိုးရနဲ့ လွတ်လွတ်ကင်းကင်း ရှိတယ်လို့ပဲ ထပ်ပြီး ပြောပါတယ်။
လန်ဒန်က တရုတ်သံရုံးကတော့ အဲဒီလို စီမံကိန်းတွေအကြောင်း "သိမထားဘူး" လို့ ပြောပါတယ်။
တရုတ်ကုမ္ပဏီ Hikvision ရဲ့ မှတ်တမ်းမှတ်ရာတွေဖြစ်တဲ့ ဝီဂါတွေကို ခွဲထုတ်သိနိုင်တဲ့ အေအိုင်ကင်မရာတွေ ကြော်ငြာတဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ နောက်ထပ် နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ တာ့ဟွာ ကုမ္ပဏီက ရေးသားတဲ့ ဝီဂါတွေကို ခွဲထုတ်သိနိုင်တဲ့ ဆော့ဖ်ဝဲ မူပိုင်ခွင့်တိုကို တွေ့ခဲ့တယ်လို့လည်း IPVM က ဆိုပါတယ်။
တာ့ဟွာကတော့ သူတို့ရဲ့ မူပိုင်ခွင့်က တရုတ်မှာ အသိအမှတ်ပြုထားတဲ့ လူမျိုး ၅၆ မျိုးစလုံးကို ရည်ညွှန်းတာလို့ ဆိုပြီး ဘယ်လူမျိုးအုပ်စု တစ်ခုတည်းကိုမှ သီးသန့်ရည်ရွယ် လုပ်ထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။
"ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေက လူတွေရဲ့ လုံခြုံရေး ကူညီဖို့ ရည်ရွယ်ထားတာ" ဖြစ်ပြီး သူတို့လုပ်ကိုင်တဲ့ "စျေးကွက်တိုင်းရဲ့ ဥပဒေတွေနဲ့ စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာထားတယ်" လို့လည်း ဆိုပါတယ်။ တာ့ဟွာက ယူကေမှာလည်း လုပ်ငန်းလုပ်နေတဲ့ ကုမ္ပဏီပါ။
Hikvision က သူတို့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ အချက်အလက်အသေးစိတ်တွေက မမှန်ဘဲ "အွန်လိုင်းမှာ သေချာ မစိစစ်ဘဲ တင်ထားတာ" လို့ ဆိုပါတယ်။ ဒါ့အပြင် "လူနည်းစုကို ခွဲခြားသိနိုင်တဲ့ လုပ်ဆောင်ချက်နဲ့ ခွဲခြားစိတ်ဖြာတဲ့ နည်းပညာ" သူတို့ မရောင်းသလို ရှိလည်းမရှိဘူးလို့ ဆိုပါတယ်။
တရုတ် နိုင်ငံအဆင့် အေအိုင် ကြီးကြပ်မှု ကော်မတီက ဒေါက်တာလန်ရွှဲက အဲဒီ မူပိုင်ခွင့်တွေကို သူမသိထားဘူးလို့ ပြောပါတယ်။
"တရုတ်နိုင်ငံ အပြင်ဘက်မှာတော့ အဲဒီလို စွပ်စွဲချက်တွေ အများကြီး ရှိနေတာပဲ။ တော်တော်များများကတော့ တိတိကျကျလည်းမဟုတ်သလို မှန်လည်း မလည်းမမှန်ကြပါဘူး"လို့ သူက ဘီဘီစီကို ပြောပါတယ်။
"ကျွန်တော်ထင်တာကတော့ ရှင်ကျန်းဒေသအစိုးရမှာ ရှင်ကျန်းက လူတွေကို တကယ့်ကို ကာကွယ်ဖို့ တာဝန်ရှိသလို တကယ်လို့ အဲဒီလိုလုပ်ဖို့ နည်းပညာကို သုံးတယ်ဆိုရင်လည်း ဟုတ်ရင်ဟုတ်မှာပေါ့" လို့ ပြောပါတယ်။
ယူကေက တရုတ် သံရုံးကတော့ ဒီ့ထက် ပိုခပ်တင်းတင်း ကာကွယ်ပြီး ဘီဘီစီကို ပြောပါတယ်။
"ဝီဂါတွေကို ခွဲခြားစိတ်ဖြာသုံးသပ်တယ်ဆိုတဲ့ မျက်နှာမှတ်သိ ဆိုတဲ့ ဘယ်လို နည်းပညာမျိုးမှ ရှိကိုမရှိဘူး"လို့ ပြောပါတယ်။
နေ့စဥ်စောင့်ကြည်မှု
ကမ္ဘာမှာ တပ်ထားသမျှ စောင့်ကြည့် ကင်မရာအလုံး သန်း ၈၀၀ လောက်ရဲ့ တစ်ဝက်က တရုတ်မှာ တပ်ထားတာလို့ ခန့်မှန်းရပါတယ်။
ပြီးတော့ တရုတ်မှာ စမတ်စီးတီးတွေလည်း အများကြီးရှိပါတယ်။ ဥပမာ ချုံချင်းလို မြို့တွေပါ။ အဲဒီမြို့မှာ အေအိုင် ဉာဏ်ရည်တု စနစ်ကို မြို့ပြဝန်းကျင်စနစ်ထဲမှာ ထည့်သွင်းတည်ဆောက် အသုံးပြုထားပါတယ်။
ချုံချင်း အခြေပြု စုံစမ်းထောက်လှမ်း သတင်းထောက် ဟူလျိုက သူ့အတွေ့အကြုံကို ဘီဘီစီ သတင်းမြင်ကွင်းကျယ် အစီအစဥ်ကို အခုလို ပြောပြပါတယ်။
"အိမ်အပြင်ကို ထွက်ပြီး ဓာတ်လှေကားထဲ ခြေချလိုက်ပြီဆိုတာနဲ့ ကင်မရာက စရိုက်နေပြီ။ ကင်မရာတွေက နေရာတိုင်းမှာပဲလေ" လို့ ပြောပါတယ်။
"တစ်နေရာရာကို သွားဖို့ အိမ်က ထွက်ပြီဆိုရင် တက္ကစီခေါ်တယ်။ တက္ကစီကုမ္ပဏီက အဲဒီအချက်အလက်ကို အစိုးရဆီ ပို့လိုက်တယ်။ ပြီးရင် ကျွန်တော်က ကော်ဖီဆိုင်သွားပြီး သူငယ်ချင်းတွေနဲ့ တွေ့တယ်ဆိုပါတော့။ ဒါဆိုရင် အာဏာပိုင်တွေက ကျွန်တော့်ရှိနေတဲ့နေရာကို ကော်ဖီဆိုင်က ကင်မရာက တစ်ဆင့် သိနေပြီ။"
"ဖြစ်ဖူးတာတွေကတော့ သူငယ်ချင်းတွေနဲ့ တွေ့ပြီး မကြာခင်မှာပဲ အစိုးရဆီက တစ်ယောက်ယောက်က ကျွန်တော့်ကို ဆက်သွယ်လာတယ်။ ဟိုလူနဲ့ မတွေ့နဲ့၊ ဟိုဟာတွေ၊ ဒီဟာတွေမလုပ်နဲ့ ဆိုတာတွေ သူတို့က ကျွန်တော့်ကို သတိပေးတယ်။"
"အေအိုင်နဲ့ကတော့ ကျွန်တော်တို့ ဘယ်မှ ပြေးပုန်းလို့ ရမှာမဟုတ်ပါဘူး။"