ထိုင်းရွေးကောက်ပွဲ - မဲနိုင်ရုံနဲ့ အာဏာရဖို့ သေချာပြီလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျွန်နသန်ဟက်ဒ်
- ရာထူးတာဝန်, အရှေ့တောင်အာရှရေးရာသတင်းထောက်
- ရေးသားပေးပို့သည့်နေရာ, ဘန်ကောက်
- ဖတ်ရန်အချိန်: မိနစ် ၁၃
ဆတ္ထာဆစ် မက်ကီ ပေါ့တာဆက်ဟာ ထိုင်းက ပြည်သူ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းအရည်အချင်းစံနှုန်းတွေ အပြည့်ရှိသူဖြစ်ပါတယ်။ ပါတီဟာ ငယ်ရွယ်မယ်၊ အမြင်ရှိမယ်၊ အလုပ်ကြိုးစားမယ်ဆိုရင် ကိုယ်စားလှယ်လောင်းစာရင်းထဲ သွင်းလေ့ရှိပါတယ်။
သူဟာ ရုပ်သံဇာတ်လမ်းထုတ်လုပ်ရေးနယ်ပယ်ကို စွန့်လွှတ်ခဲ့ပြီး ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူပါ။
နယ်ဘက်မှာရှိတဲ့ သူ့မွေးရပ် နာခွန် ရတ်ချာဆီမာမြို့အနီးက အမတ်နေရာတစ်နေရာကို အနိုင်ရရှိခဲ့ပါတယ်။
သူဟာ One Piece ဂျပန်အန်နီမေးဇာတ်လမ်းတွဲထဲက အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ လက်ဖီရဲ့ ဦးထုပ်နဲ့ အလံကို အသုံးပြုပြီးမဲဆွယ်ပါတယ်။ အဲ့ဒီရုပ်သံဇာတ်လမ်းတွဲထဲက ဇာတ်ဆောင်တွေရဲ့ ဝတ်စားဆင်ယင်မှုကို အာရှမှာလတ်တလောဖြစ်ပွားခဲ့တဲ့ လူငယ်ဆန္ဒပြမှုတွေမှာ မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ သူဟာ သူ့ပါတီရဲ့ မူဝါဒတွေကို ပေါ့ပေါ့ပါးပါးရုပ်သံတွေနဲ့ နေ့စဉ်ထုတ်လွှင့်ပေးနေပြီး လူမှုမီဒီယာမှာ ကြည့်ရှုသူသန်းပေါင်းများစွာရှိနေပါတယ်။
"နိုင်ငံရေးကို အရင်မျိုးဆက်တွေက ပျင်းစရာကောင်းအောင်လုပ်ခဲ့ကြတာ၊ ကျွန်တော်ကတော့ ပျော်စရာကောင်းအောင်လုပ်ပါမယ်" လို့ သူကပြောပါတယ်။
"ဒါကြောင့် လက်ဖီနဲ့ မီနီစီးရီးလေးတွေကို တင်ဆက်နေတာပေါ့၊ မဲဝယ်ဖို့ ငွေမရှိပါဘူး၊ ကျွန်တော်တို့က သာမန်ပြည်သူတွေပါ၊ ဒါပေမဲ့ ကာလရှည်ကြာနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့တော့ စိတ်ဆုံးဖြတ်ထားပါတယ်၊ ဒါကို ကျေးလက်နေပြည်သူတွေလည်း သိမယ် ထင်ပါတယ်" လို့ သူက ပြောပါတယ်။
ထိုင်းပြည်သူအများစုဟာ ပြည်သူ့ပါတီရဲ့ ပြောဆိုမှုတွေကို သဘောတူကြတယ်လို့ အများပြည်သူအမြင်စစ်တမ်းတွေအရသိရပါတယ်။ ဖေဖော်ဝါရီလ ၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲနီးလာတာနဲ့အမျှ သူတို့ဟာ ပြိုင်ဘက်တွေထက် လူကြိုက်များမှုမှာ ပုံမှန်အသာစီးရနေပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံမှာတော့ ရွေးကောက်ပွဲမှာ အနိုင်ရရှိရုံနဲ့ မလုံလောက်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
လွန်ခဲ့တဲ့ သုံးနှစ်မပြည့်မပြည့်မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ တိုးတက်ရေးအမြင်ရှိတဲ့ ရှေ့သို့လှမ်းချီပါတီဟာ ထင်မထားလောက်အောင် အနိုင်ရရှိခဲ့ပါတယ်။ ပါတီဟာ အမြစ်ကနေလှန်ပြီး လူမှုစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးမယ်လို့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။ အဲဒီစည်းရုံးမှုတွေထဲမှာ ထိုင်းက ဩဇာကြီးမားလှတဲ့ စစ်တပ်နဲ့ သူ့ရဲ့ အကြီးမားဆုံး စီးပွားရေးလုပ်ငန်းတွေကို တာဝန်ခံတတ်လာအောင်လုပ်ပေးဖို့ပါပါတယ်။
တော်ဝင်မိသားစုကိုစော်ကားရင် ချမှတ်နေတဲ့ ပြင်းထန်တဲ့ပြစ်ဒဏ်တွေကို လျှော့ချပေးဖို့လည်း ပါဝင်ပြီး စိန်ခေါ်မှုကြီးပါတယ်။
ဒါပေမဲ့ ဩဇာကြီးမားလှတဲ့ ရှေးရိုးစွဲဝါဒီအင်အားစုတွေ အထူးသဖြင့် ရွေးကောက်ခံမဟုတ်တဲ့ အထက်လွှတ်တော်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတို့က ရှေ့သို့လှမ်းချီပါတီ အစိုးရမဖွဲ့နိုင်အောင် ပိတ်ပင်ခဲ့ပြီး ပါတီကို ဖျက်သိမ်းခဲ့ပါတယ်။
ပါတီခေါင်းဆောင်တွေကိုလည်း နိုင်ငံရေးမှာ ပါဝင်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ တော်ဝင်မိသားစုဆိုင်ရာဥပဒေနဲ့ပတ်သက်လို့ ပါတီရဲ့အဆိုပြုချက်တွေဟာ နိုင်ငံရေးစနစ်တစ်ခုလုံးကို အမြစ်လှန်ဖျက်သိမ်းဖို့ လုပ်ဆောင်တာပဲဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ထိုင်းနိုင်ငံရေးက လှိုင်းတန်ပိုးထန်ခဲ့ပါတယ်။ သက်တမ်းတိုတဲ့ ညွန့်ပေါင်းအစိုးရတွေ၊ ဖွဲ့စည်းပုံခုံရုံးက ဝန်ကြီးချုပ်နှစ်ဦးကို ဖြုတ်ချတာအပြင် ကမ္ဘာဒီးယားနဲ့လည်း စစ်ဖြစ်ပါသေးတယ်။
ဒီနိုင်ငံရေးနောက်ခံကားချပ်မှာ ပြုပြင်ပြောင်းလဲရေးဝါဒီတွေ အာဏာရဖို့ နောက်တစ်ကြိမ်ကြိုးပမ်းလာပါပြီ။
ဒီတစ်ကြိမ်မှာတော့ ပြည်သူ့ပါတီအမည်နဲ့ပါ။
သူတို့ရဲ့ ငယ်ရွယ်တက်ကြွမှုနဲ့ အမြင်တွေကြောင့် ပါတီမဲဆွယ်စည်းရုံးမှုလုပ်တိုင်း တက်ရောက်သူ များစွာရှိခဲ့ပါတယ်။
နာခွန် ရတ်ချာဆီမမှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့တွေ့ဆုံပွဲတစ်ခုမှာဆိုရင် ပါတီခေါင်းဆောင်သစ် အသက် ၃၈ နှစ်အရွယ် ဆော့ဝဲအင်ဂျင်နီယာဟောင်း နတ်ထာဖွန် ရူယန်ပန်ယာဝပ်ကို ရော့ခ်အဆိုတော်တစ်ဦးလို ကြိုဆိုခဲ့ကြပြီး သူနဲ့ဆဲလ်ဖီရိုက်ခွင့်ရရေး လူတန်းရှည်ကြီးဖြစ်အောင် တန်းစီခဲ့ကာ သူ့ကို ပန်းကုံးတွေ စွပ်ပေးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဂျွန်နသန်ဟက်ဒ်
မက်ကီနဲ့ သူ့လက်ထောက်နှစ်ဦးဟာ သူ့ရဲ့မဲဆန္ဒနယ်ကို စကူတာလေးတွေနဲ့ လှည့်လည်သွားလာပြီး ဆည်မြောင်းတွေ၊ စပါးကွင်းတွေ၊ ထိုင်းအရှေ့မြောက်ပိုင်းကျေးရွာလေးတွေရဲ့ ထုံးစံဖြစ်တဲ့ သစ်သားအိမ်လေးတွေကို ဖြတ်ကာ ဒေသခံတွေရဲ့ စကားကိုနားထောင်ခဲ့ကြပါတယ်။ အရင်ကလို စီးပွားရေးတိုးတက်မှုကို မောင်းနှင်တဲ့အရာဟာ ရပ်တန့်သွားပြီဖြစ်ပြီး စီးပွားရေးအကျပ်အတည်းဆိုက်နေတဲ့ လူ့အဖွဲ့အစည်းအကြောင်း သူတို့ပြောကြပါတယ်။
ကျေးလက်ဒေသမှာ အလုပ်အကိုင်ကောင်းကောင်းမရှိတာမို့ လူငယ်တွေဟာ အလုပ်ရှာဖို့ နေရပ်စွန့်ခွာနေရတယ်လို့ ကျေးရွာအကြီးအကဲ လာ အော် ခိုဆန်တီယာက ပြောပါတယ်။
"ဆင်းရဲမွဲတေတဲ့ ပြဿနာကို ဘယ်သူကမှ ကျွန်မတို့ကို လာမကူညီကြဘူး"လို့ သူက ပြောပါတယ်။ ထိုင်းဟာ အာရှမှာ အိမ်ထောင်စုအလိုက်ကြွေးမြီအများဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်နေပါတယ်။ ပြည်တွင်းထုတ်ကုန်တန်ဖိုးကလည်း တစ်နှစ်ကို ၂ ရာခိုင်နှုန်းအောက်နှုန်းနဲ့တိုးနေတာမို့ အိမ်နီးချင်းနိုင်ငံတွေထက် နိမ့်နေပါတယ်။
အသက် ၂၈ နှစ်အရွယ် ခရစ်ဆာနာ လိုဆန်တီယာကတော့ သူအလုပ်လုပ်ခဲ့တဲ့ အီလက်ထရွန်နစ်စက်ရုံ အရင်နှစ်အကုန်ပိုင်းမှာ ပိတ်သွားတာမို့ စားနိုင်သောက်နိုင်ရုံ လူမှုဖူလုံရေးထောက်ပံ့ကြေးရလာရေး ကူညီပေးဖို့ မက်ကီကို အကူအညီတောင်းထားပါတယ်။
ကျေးလက်ဒေသက ထိုင်းလူငယ်အများစုလိုပဲ သူလည်း အသက် ၁၅ နှစ်မှာ ပညာရေးတပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀၊ ၄၀ လောက်က ထိုင်း နိုင်ငံစီးပွားရေးတိုးတက်အောင် ကူညီခဲ့တဲ့ ကျွမ်းကျင်မှုနည်းပါတဲ့ ကုန်ထုတ်လုပ်ရေးအလုပ်အကိုင်တွေဟာ အခုအချိန်မှာ ဗီယက်နမ်လို နိုင်ငံတွေဘက်ကို ရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။
ကုန်ကျစရိတ်နည်းလို့ဖြစ်ပါတယ်။
ကျေးလက်မှာ သက်ကြီးရွယ်အိုတွေ အတော်များတာကို မက်ကီ သတိထားမိခဲ့ပါတယ်။ ထိုင်းနိုင်ငံလူဦးရေ ကျဆင်းနေတာ ငါးနှစ်ရှိပါပြီ။ အရင်နှစ်မှာတော့ ကလေးမွေးဖွားနှုန်းဟာ ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဒါဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးထဲပါဝင်ပါတယ်။
လူငယ်အများအပြား ကျေးလက်ကိုစွန့်ခွာနေတာမို့ မက်ကီဟာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် ဒေသတွင်း လေ့ကျင့်သင်ကြားပေးရေးနဲ့ ပိုမိုကောင်းမွန်တဲ့ စီမံခန့်ခွဲရေးဆိုင်ရာ အွန်လိုင်းစနစ်ရှိလာရေး၊ မိသားစုဝင်တွေမရှိတော့ဘဲ အိမ်အပြင်မထွက်နိုင်တော့တဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်နိုင်ရေးတို့ကို အဆိုပြုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဂျွန်နသန်ဟက်ဒ်
ထိုင်းနိုင်ငံကို ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ ပြည်သူပါတီရဲ့ အဆိုပြုချက်တွေဟာ အခြားပါတီတွေနဲ့ကွဲပြားနေပါတယ်။
ပါတီဟာ စစ်အစိုးရလက်ထက်မှာ ရေးဆွဲခဲ့ပြီး ဖွဲ့စည်းပုံခုံရုံးလို ရွေးကောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေက ရွေးကောက်ခံအစိုးရကို ကန့်သတ်ထိန်းချုပ်ဖို့ အခွင့်အာဏာအများကြီးပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဦးစားပေးလုပ်ဆောင်နေပါတယ်။
ပါတီဟာ ကြိုးနီစနစ်ကြီးမားနေတဲ့ ဗြူရိုကရေစီစနစ်ကို ချောမွေ့အောင်လုပ်ဆောင်ဖို့နဲ့ ပညာရေးစနစ်ကို အဆင့်မြှင့်တင်ဖို့ဆန္ဒရှိပါတယ်။
စစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လုပ်ပိုင်ခွင့်ကိုလည်း ကန့်သတ်ချင်နေပါတယ်။ စစ်တပ်ကရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပါတီကထောက်ခံပြီး ရွေးကောက်ပွဲနဲ့အတူ ပြည်သူ့ဆန္ဒခံယူပွဲပါလုပ်မှာဖြစ်ပါတယ်။
ပြည်သူ့ပါတီရဲ့ အဓိကပြိုင်ဘက်နှစ်ပါတီဖြစ်တဲ့ ဝန်ကြီးချုပ် အနုတင်ရဲ့ ဖုန်ကျန်ထိုင်းပါတီနဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ဖုအာထိုင်းပါတီတို့ကတော့ လူပြိန်းကြိုက်မူဝါဒတွေကို ဦးစားပေးနေပါတယ်။
အနုတင်ကတော့ ကမ္ဘာဒီးယားနဲ့ နယ်စပ်စစ်ပွဲအတွင်း ပြတ်ပြတ်သားသား ရပ်တည်ခဲ့တာတွေ၊ စစ်တပ်ကို ထောက်ခံခဲ့တာတွေကို ထောက်ပြပြီး အမျိုးသားရေးကတ်ကို အသုံးပြုနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဂျွန်နသန်ဟက်ဒ်
" ကျွန်တော်တို့မြေကို အသက်ပေးပြီးကာကွယ်မယ်လို့ ကတိပေးပါတယ်" လို့ သူက ဘန်ကောက်မှာ ပြုလုပ်တဲ့ မဲဆွယ်စည်းရုံးရေးခရီးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ "ရန်သူက ခြိမ်းခြောက်လို့မရတဲ့ ဝန်ကြီးချုပ်မျိုးလိုချင်ရင် ကျွန်တော့်ပါတီကို မဲပေးကြပါ" လို့ သူက တိုက်တွန်းထားပါတယ်။
သူဟာ အခြားပါတီတွေက အမတ်တွေကို ဘက်ပြောင်းဖို့ တိုက်တွန်းထားပြီး သူ့ပါတီကို ကွန်ဆာဗေးတစ်နိုင်ငံရေးအင်အားစုအဖြစ် တည်ထောင်နိုင်ဖို့အတွက် လုပ်နိုင်ကိုင်နိုင်စွမ်းရှိတဲ့ ပညာရှင်တွေကို သိမ်းသွင်းနေပါတယ်။
အာရုံစိုက်ချင်စရာ အများကြိုက်မူဝါဒတွေနဲ့ လူကြိုက်များခဲ့တဲ့ ဖုအာထိုင်းပါတီကတော့ အမျိုးသားမဲစနစ်နဲ့ တစ်ရက်ကို သန်းကြွယ်သူဌေးသစ် ကိုးဦး ပေါ်အောင်လုပ်မယ်လို့ ကတိပြုထားပါတယ်။ ပါတီနှစ်ခုလုံးဟာ ထောက်ပံ့ကြေးပေးတာတွေ၊ လျှော့ဈေးပေးတာတွေလုပ်မယ်လို့ ကမ်းလှမ်းထားပေမဲ့ ထိုင်းနိုင်ငံမှာ အမြစ်တွယ်နေတဲ့ ပြဿနာတွေကို ဒီလို ဆေးမြီးတိုတွေနဲ့ မကုစားနိုင်ဘူးလို့ ဘောဂဗေဒပညာရှင်တွေက သတိပေးထားပါတယ်။
"ဒါက ပြဿနာအရင်းအမြစ်ကိုမရှာဘဲ လမ်းလွဲလိုက်နေတာပဲ" လို့ သမားဆတ်တက္ကသိုလ်က ဘောဂဗေဒပါမောက္ခ အပီချတ် ဆာထစ်နီရာမိုင်က ပြောပါတယ်။
"လက်ထဲငွေထည့်ပေးပြီး စီးပွားရေးတိုးလာအောင်လုပ်တဲ့နည်းတွေက သုံးလေဆေးယဉ်လေဖြစ်တဲ့ အကိုက်အခဲပျောက်ဆေးတွေလိုပါပဲ" လို့ သူက သတိပေးထားပါတယ်။
သူ့အမြင်မှာတော့ ပြည်သူ့ပါတီကသာ ရွေးကောက်ပွဲနိုင်ဖို့ထက် ရေရှည်ကို စဉ်းစားပေးနေတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တန်ညာ
နှစ်လိုဖွယ်ကောင်းတဲ့ စွန့်ဦးလုပ်ငန်းရှင် တာနာထုံ ဂျွန်ရွန်ရန်ကစ်ဟာ ပြည်သူ့ပါတီကို ၂၀၁၇ ခုနှစ်မှာထောင်ပါတယ်။
အဲဒီတုန်းကနာမည်က အနာဂတ်သို့ချီ ဖြစ်ပါတယ်။ ပါတီစထောင်ကတည်းက ဩဇာကြီးမားတဲ့ ကွန်ဆာဗေးတစ်တွေက အန္တရာယ်လို့ ရှုမြင်ခြင်းကိုခံခဲ့ရပါတယ်။
အဲဒီအချိန်တုန်းက ထိုင်းဟာ စစ်အုပ်ချုပ်ရေးလက်အောက်မှာရှိခဲ့ပါတယ်။ စစ်ဦးစီးချုပ်ကဆိုရင် ရှေ့သို့လှမ်းချီပါတီကို စစ်အေးခေတ်က ကွန်မြူနစ်တွေ လက်နက်ကိုင်ပုန်ကန်တာနဲ့နှိုင်းယှဉ်ခဲ့ပါတယ်။ ထိုင်းမှာရှိတဲ့ အကုန်လုံးကို ပြုပြင်ပြောင်းလဲရမယ်လို့ တာနာထုံက ပြောခဲ့တာဟာ ကွန်ဆာဗေးတစ်တွေက မထိရလို့ သတ်မှတ်ထားတဲ့ ဘုရင်စနစ်ပါ ပါဝင်လာမှာကို တချို့က စိုးရိမ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ အနာဂတ်သို့ချီပါတီဟာ မထင်ထားလောက်အောင် မဲအများအပြားရခဲ့ပါတယ်။
အဲဒီနောက် တည်ဆဲအခြေအနေကို ခြိမ်းခြောက်တယ်ဆိုပြီး ဖွဲ့စည်းပုံခုံရုံးဟာ တာနာထုံကို နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်ပိတ်ပင်ခဲ့ပါတယ်။
ခုံရုံးဟာ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကို အရင်ကလည်း နိုင်ငံရေးနယ်ပယ်ကနေ ဖယ်ရှားခဲ့ဖူးပါတယ်။
တာနာထုံဟာ ပုံနှိပ်လုပ်ငန်းကုမ္ပဏီတစ်ခုမှာ ရှယ်ယာအနည်းငယ်ပါခဲ့ဖူးပြီး ဒါက နိုင်ငံရေးသမားတွေက သတင်းမီဒီယာကို ချုပ်ကိုင်ခွင့်ပိတ်ပင်တဲ့ စည်းမျဥ်းကို ချိုးဖောက်တာပဲလို့ ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
နောက်နှစ်မှာတော့ အနာဂတ်သို့ချီပါတီကို ခုံရုံးက ဖျက်သိမ်းခဲ့ပြီး အကျိုးဆက်အဖြစ် အဲဒီနှစ်အကုန်ပိုင်းအထိ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ကာ ပထမဆုံးအကြိမ်အဖြစ် ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခဲ့ကြပါတယ်။
နောက်ရွေးကောက်ပွဲကျင်းပတဲ့ ၂၀၂၃ ခုနှစ်ရောက်ချိန်မှာတော့ အပြောင်းအလဲကို အများပြည်သူရဲ့လိုလားချက်က ပိုမိုကြီးမားလာပြီး အနာဂတ်သို့ချီပါတီကို ဆက်ခံတဲ့ ရှေ့သို့လှမ်းချီပါတီဟာ မမျှော်လင့်ဘဲ မဲအများအပြားရခဲ့တာမို့ ဖျက်သိမ်းခံရလုနီးနီးဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဂျွန်နသန်ဟက်ဒ်
အခုရုံးပိတ်ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို အားလုံးက စောင့်ကြည့်နေကြပါတယ်။ ပြည်သူ့အမြင်စစ်တမ်းတွေအတိုင်း ပြည်သူ့ပါတီဟာ အရင်ကထက် အမတ်နေရာပိုရရှိမယ်ဆိုရင် အနီးဆုံးပြိုင်ဘက်ထက် အသာစီးရမှာဖြစ်ပေမဲ့ ဘယ်ပါတီကမှ လွှတ်တော်တွင်း အများစုဖြစ်တဲ့ အမတ်နေရာ ၅၀၀ ကိုရရှိဖို့ မလွယ်ဘူးလို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။
ဒီတစ်ကြိမ်မှာတော့ အထက်လွှတ်တော်ဟာ အစိုးရသစ်ကိုရွေးချယ်ရာမှာ ဝင်ရောက်ပါဝင်ခွင့်ရရှိမှာမဟုတ်ပါဘူး။
ဒါပေမဲ့ ပြည်သူ့ပါတီကို ပိတ်ပင်ဖို့ လုပ်ကြဦးမယ်လို့ အားလုံးက မျှော်လင့်ထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅ ဦးအပါအဝင် ခေါင်းဆောင် ၄၄ ဦးဟာ ဘုရင်စနစ်ကိုကာကွယ်ပေးတဲ့ ဥပဒေပြင်ဆင်ရေးကို ထောက်ခံတယ်ဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံမှာ တိုင်ကြားမှုတစ်ခုရှိနေပါတယ်။
ဒီအတိုင်းဆိုရင် သူတို့အားလုံးကို နိုင်ငံရေးနယ်ပယ်ကနေ ပိတ်ပင်ခွင့်ရသွားနိုင်ပါတယ်။ အဲဒီဥပဒေအရ လက်ရှိကိုယ်စားလှယ်လောင်းနှစ်ဦးဟာ ထောင်ဒဏ်ကျခံရဖို့ရှိနေပါတယ်။
"သူတို့က ကျွန်တော်တို့ကို ကြောက်နေတာဗျ၊ သူတို့က အပြောင်းအလဲကို ကြောက်နေတာ၊ သူတို့က မနက်ဖြန်ကို မနေ့ကလိုပဲဖြစ်စေချင်တာ၊ ကျွန်တော်တို့ပါတီကိုဖျက်သိမ်းပြီး ခေါင်းဆောင်တွေကို နိုင်ငံရေးမှာ ပါလို့မရအောင် ပိတ်ပင်တာကြောင့် ကျွန်တော်တို့ အင်အားနည်းသွားမယ်ထင်နေတာ" လို့ တာနာထုံက ပြည်သူ့ပါတီရဲ့မဲဆွယ်ရေးဘတ်စ်ကားပေါ်မတက်ခင် ပြောပါတယ်။
"တကယ်တော့ ကျွန်တော်တို့က ပိုအင်အားကြီးလာနေတာပါ" လို့ သူက ဆက်ပြောပါတယ်။
သူ့ပါတီဟာ အစိုးရအဖွဲ့မှာ ပါဝင်ခွင့်ရမယ်ဆိုရင်တောင် အာဏာရလာချိန်မှာ လုပ်နိုင်တာနဲ့ပတ်သက်လို့ ကန့်သတ်ချက်တွေကရှိနေဆဲပါ။
ဒါကြောင့် သူတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဦးစားပေးနေပြီး ရွေးကောက်ခံအစိုးရကိုတောင် ဖြုတ်ချနိုင်တဲ့ ဖွဲ့စည်းပုံခုံရုံးလို ကွန်ဆာဗေးတစ်အဖွဲ့အစည်းတွေရဲ့ အင်အားကို လျှော့ချနိုင်အောင် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
အဲဒီကိစ္စမှာတော့ သူတို့နဲ့ ဖုအာထိုင်းပါတီတို့က ရည်မှန်းချက်တူနေပါတယ်။ ဖုအာထိုင်းပါတီက ဝန်ကြီးချုပ်နှစ်ဦးဟာလည်း အာဏာရချိန်နှစ်နှစ်အတွင်း ဖြုတ်ချခံခဲ့ရပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရှိလာဖို့ အတားအဆီးတွေများနေပါတယ်။ ဖြစ်စဉ်ဟာ နှစ်ပေါင်းများစွာကြာနိုင်သလို အလွယ်တကူပဲ ပိတ်ပင်ခံရနိုင်ခြေရှိနေပါတယ်။
"ထိုင်းနိုင်ငံသာ တကယ့်ကိုစစ်စစ်မှန်မှန်နဲ့လည်ပတ်နေတဲ့ ဒီမိုကရေစီနိုင်ငံသာဆိုရင် ဒီလိုလုပ်ရပ်တွေရှိလာမှာမဟုတ်ဘူး"လို့ ချူလာလောင်ကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် ဆီရီပန် နော့ဆွန် ဆာဝက်စ်ဒီးက ပြောပါတယ်။
"ကျွန်တော်တို့မှာ ရွေးကောက်ပွဲပုံံမှန်ကျင်းပတယ်၊ တစ်ခါတလေ စစ်အာဏာသိမ်းတယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲက အောက်လွှတ်တော်က အမတ်တွေကိုပဲ ရွေးကောက်နိုင်တယ်၊ ဘယ်သူအုပ်ချုပ်ခွင့်ရမယ်ဆိုတာ မဆုံးဖြတ်နိုင်ဘူး၊ ဘယ်သူအုပ်ချုပ်မလဲကို ထိပ်တန်းလူ့မလိုင်ကွန်ရက်နဲ့ ရွေးကောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေကပဲ ဆုံးဖြတ်နေတာပါ။ သူတို့က ပြည်သူ့ဆန္ဒကို ဗီတိုအာဏာနဲ့ ပယ်ချနိုင်တဲ့နေရာမှာနေနေတာ" လို့ သူကပြောပါတယ်။












