စစ်တပ်ကအသာစီးယူထားတဲ့ ထိုင်းရွေးကောက်ပွဲ

မဲစစ်တမ်းကောက်ယူမှုအရလူကြိုက်အများဆုံးဖြစ်နေတဲ့သက်ဆင်ရဲ့သမီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မဲစစ်တမ်းကောက်ယူမှုအရလူကြိုက်အများဆုံးဖြစ်နေတဲ့သက်ဆင်ရဲ့သမီး

ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲအသစ်မေလမှာကျင်းပမှာဖြစ်တဲ့အတွက် လက်ရှိလွှတ်တော်ကို ဘုရင်ကဖျက်သိမ်းလိုက်ပါတယ်။

ဝန်ကြီးချုပ်ပရာယုချန်အိုချာရဲ့ပါတီကို အဓိကစိန်ခေါ်နေတာက ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ အဆက်အနွယ်ဖူးယာ့ထိုင်းပါတီဖြစ်ပါတယ်။ ဖူးယာ့ထိုင်းပါတီကို အခုခေါင်းဆောင်နေတာက ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့သမီးပေထုံထန်ရှင်နာဝပ်ပါ။ လွှတ်တော်ဖျက်သိမ်းပြီး ၄၅ ရက်နဲ့ ရက် ၆၀ အကြားမှာ ကျင်းပရမှာ ဖြစ်ပါတယ်။ အခုတော့ မေလ ၁၄ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပပြုလုပ်မယ်လို့ ကြေညာလိုက်ပါပြီ။

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဝန်ကြီးချုပ် ပရာယုချန်အိုချာဟာ ညီညွတ်သောထိုင်းနိုင်ငံဆိုတဲ့ပါတီသစ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ကွန်ဆာဗေးတစ်အတွေးအခေါ်၊ ဘုရင်စနစ်နဲ့ စစ်တပ်တို့ကိုကျောထောက်နောက်ခံပြုထားတဲ့ပါတီပါ။ သူဟာ ၂၀၁၄ ခုနှစ်မှာ စစ်တပ်ကိုဦးဆောင်ပြီး အာဏာသိမ်းခဲ့သူဖြစ်ပါတယ်။ အခုလည်း သူတို့ပါတီမှာ စစ်ခေါင်းဆောင်တွေအများအပြားပါဝင်မှာပါ။ အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်အရ ဝန်ကြီးချုပ်ဟာ သက်တမ်း ၈ နှစ်သာလုပ်ဆောင်ခွင့်ရှိလို့ သူဟာအရွေးကောက်ခံရရင်တောင် နောက်ထပ် ၂ နှစ်ပဲဝန်ကြီးချုပ်လုပ်ပိုင်ခွင့်ရှိပါတော့တယ်။

အသက် ၇၉ နှစ်ရှိ လက်ရှိဝန်ကြီးချုပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြိုင်ဘက်ပါတီခေါင်းဆောင်ပေထုံထန်ကတော့ သက်ဆင်ရဲ့ သမီး၊ ရင်လတ်ရဲ့တူမဖြစ်ပါတယ်။ အသက် ၃၆ နှစ်သာရှိပါသေးတယ်။ အသက် ၃၅ နှစ်ပြည့်မှ ဝန်ကြီးချုပ်လုပ်ခွင့်ရတာဖြစ်လို့ အသက်ပြည့်ပြည့်ချင်း ဝင်ရောက် အရွေးခံမှာဖြစ်ပါတယ်။ သူဟာဖူးယာ့ထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းဖို့ရှိပါတယ်။ သက်ဆင်အနွယ်ဝင်အစိုးရအဖွဲ့ ၃ ဆက်ဟာ အာဏာသိမ်းတဲ့နည်း သို့မဟုတ် တရားစွဲတဲ့နည်းတွေ အသုံးပြုပြီး စစ်တပ်အုပ်စုရဲ့ ဖြုတ်ချခံခဲ့ရဖူးပါတယ်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကိုယ်တိုင်ဟာ ၂၀၀၆ မှာအာဏာသိမ်းကတည်းက နိုင်ငံခြားမှာ ခိုလှုံနေခဲ့ရတာဖြစ်ပါတယ်။ သက်ဆင်ရဲ့ညီမ ဝန်ကြီးချုပ်ဟောင်း ရင်လတ်ဟာလည်း ၂၀၁၄ မှာတရားရုံးဆုံးဖြတ်ချက်နဲ့ ရာထူးဖြုတ်ချခံရပြီးကတည်းက နိုင်ငံခြားမှာခိုလှုံခဲ့ပါတယ်။

သက်ဆင်အနွယ်တွေဟာ ပဒေသရာဇ်အသိုင်းအဝိုင်း၊ စစ်တပ်အသိုင်းအဝိုင်းရဲ့ ဆန့်ကျင်မှုကို ခံရပေမဲ့ လူထုထောက်ခံမှုအားကောင်းတဲ့ပါတီဖြစ်ပါတယ်။ အထူးသဖြင့်ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသကျေးလက်ပြည်သူတွေရဲ့ ထောက်ခံမှုကို ကြီးကြီးမားမားရထားပါတယ်။

လက်ရှိအာဏာရပါတီကနေ အရွေးခံမဲ့စစ်ခေါင်းဆောင်ပရာဝစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒါပေမဲ့ ဝန်ကြီးချုပ်ပရာယုချန်အိုချာဟာ မဲတပြားမှ မပေးကြသေးခင်ကတည်းက အသာစီးရနေပြီးသူဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ စစ်တပ်ကခန့်ထားတဲ့ လွှတ်တော်အမတ် ၂၅၀ ကိုရရှိထားပြီးဖြစ်လို့ပါ။ ရွေးကောက်ပွဲမှာ ၁၂၆ နေရာရရုံနဲ့ သူဟာဝန်ကြီးချုပ်ဖြစ်နိုင်ပါပြီ။

ပြိုင်ဘက်ပါတီကတော့ မဲအရေအတွက်ရဲ့ ၇၅ ရာခိုင်နှုန်းကျော်ကိုရမှသာ ဝန်ကြီးချုပ်အရွေးကောက်ခံရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့အခြေခံဥပဒေဟာ စစ်တပ်ကသာ ရာသက်ပန်အာဏာရအောင် ဖန်တီးရေးဆွဲထားတဲ့ အခြေခံဥပဒေလို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ ဖူးယာ့ထိုင်းပါတီဟာ မဲအများစုအသာရပြီး နိုင်ခဲ့သည့်တိုင်အောင် ဝန်ကြီးချုပ်အရွေးကောက်မခံရဘဲ စစ်တပ်ခေါင်းဆောင်ကသာဝန်ကြီးချုပ်အရွေးခံရတာမျိုး ဖြစ်နိုင်ပါသေးတယ်။

ထိုင်းနိုင်ငံရေးမှာ ဘုရင်ရဲ့အခန်းကဏ္ဍဟာအရေးပါနေဆဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒီရွေးကောက်ပွဲမှာ အဓိကစောင့်ကြည့်ရမယ့်သူ ၃ ဦးရှိပါတယ်။ ပထမတဦးက လက်ရှိဝန်ကြီးချုပ်ပရာယုချန်အိုချာဖြစ်ပြီး သူဟာ အခြေခံဥပဒေရဲ့မျက်နှာသာပေးမှုကို ရထားသလို လက်ရှိအာဏာအဆောက်အအုံကိုစိုးမိုးထားသူလည်း ဖြစ်ပါတယ်။

နောက်တဦးကတော့ ပြိုင်ဘက်စစ်ခေါင်းဆောင် ပရာဝစ်ဝေါင်ဆုဝမ်ဖြစ်ပြီး သူဟာလက်ရှိအာဏာရပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အသင့်ခန့်ထားတဲ့ စစ်တပ်ကိုယ်စားလှယ် ၂၅၀ ရဲ့မဲတချို့ကိုခွဲဝေရရှိနိုင်သူတဦးဖြစ်ပါတယ်။

တတိယတဦးကတော့ သက်ဆင်ရဲ့သမီးပေထုံထန်ဖြစ်ပြီး သူဟာမဲစစ်တမ်းကောက်ယူမှုတွေမှာ လူထုမဲအများဆုံးရရှိထားသူဖြစ်ပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေက သူ့ဘက်မှာမရှိပါဘူး။ သူဟာ ၇၅ ရာနှုန်းကျော်အနိုင်ရမှသာ ဝန်ကြီးချုပ်ဖြစ်နိုင်မှာပါ။

ဒီရွေးကောက်ပွဲဟာ လူငယ်တွေဦးဆောင်ပါဝင်ကြတဲ့ ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်းမှာ ပထမဆုံးပြုလုပ်တဲ့ရွေးကောက်ပွဲပါ။ ၂၀၂၀ လူထုလှုပ်ရှားမှုက ဘုရင့်အာဏာကို ကန့်သတ်ဖို့နဲ့ စစ်တပ်အသာစီးရအောင်ရေးဆွဲထားတဲ့ အခြေခံဥပဒေကိုဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။