သုံးမျိုးပေါင်းကျင်းပတဲ့ ၂၀၂၆ ထိုင်းရွေးကောက်ပွဲအကြောင်း သိသင့်သမျှ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တုန်းက ကျင်းပတဲ့ ကြိုတင်မဲပေးပွဲမှာ မဲရုံတွေအတွင်း မဲပေးနေတဲ့ ထိုင်းမဲဆန္ဒရှင်အချို့

ဓာတ်ပုံ ရင်းမြစ်, THAI NEWS PIX

    • ရေးသားသူ, ပဝီနာ နင်ဘု
    • ရာထူးတာဝန်, သတင်းထောက်၊ ဘီဘီစီ ထိုင်းဘာသာစကားဌာန
  • ဖတ်ရန်အချိန်: မိနစ် ၉

ထိုင်းဟာ ဖေဖော်ဝါရီလ ၈ ရက်မှာ ပြုလုပ်ဖို့ရှိတဲ့အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အသစ် ဘယ်သူဖြစ်မလဲဆိုတာကို ဆုံးဖြတ်မှာတင်မဟုတ်ပါဘူး။ နိုင်ငံ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေဒအသစ်ကို အလိုရှိ၊ မရှိဆိုတာကိုပါ ဆုံးဖြတ်မှာဖြစ်ပါတယ်။

မဲပေးခွင့်ရှိသူ ထိုင်းနိုင်ငံသား ၅၃ သန်းနီးပါးက လွှတ်တော်အမတ် အယောက် ၅၀၀ ကို ရွေးချယ်မှာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကတည်းက ကျင့်သုံးနေတဲ့ နိုင်ငံ့ဖွဲ့စည်းပုံအခြေခံဥပဒေကို အစားထိုးမလားဆိုတဲ့ ပြည်သူ့ဆန္ဒခံယူပွဲအတွက်ပါ မဲပေးမှာဖြစ်ပါတယ်။

အခုမဲပေးမှုဟာ Move Forward Party(MFP) ပါတီက လွှတ်တော်အမတ်နေရာကို အများစုရရှိခဲ့ပေမဲ့ အစိုးရမဖွဲ့နိုင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလ ရွေးကောက်ပွဲအပြီးမှာ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ထိုင်းမှာ ရွေးကောက်ပွဲကို စောပြီးကျင်းပတာ ဘာကြောင့်လဲ

ထိုင်းမှာ ပြီးခဲ့တဲ့ ၃ နှစ်တောင် မပြည့်တဲ့ကာလအတွင်း ဖုအာထိုင်းပါတီကနေ တက်လာတဲ့ ဝန်ကြီးချုပ် ၂ ဦးစလုံး ရာထူးကနေ ဖယ်ရှားခံရပါတယ်။

အိမ်ခြံမြေသူဌေးကြီး ဆေထာ ထဝီဆင်ဟာ ၂၀၂၃ -၂၀၂၄ ခုနှစ်မှာ ရာထူးယူပြီး တစ်နှစ် တောင်မပြည့်ခင်မှာပဲ ကျင့်ဝတ်ချိုးဖောက်တယ်လို့ဆိုပြီး ရာထူးကနေ ဖယ်ရှားခံရပါတယ်။

ဖုအာထိုင်း ပါတီရဲ့ဒုတိယမြောက် ဝန်ကြီးချုပ် သက်ဆင်ရဲ့သမီးထွေး ပေထုန်တန် ရှင်နာဝပ်ဟာလည်း ရာထူးယူပြီး ၁၀ လတောင် မပြည့်သေးခင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ ရာထူးကနေ ဖယ်ရှားခံရပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ပြောဆိုတဲ့ ဖုန်းခေါ်ဆိုမှု ပေါက်ကြားခဲ့တာနဲ့ပတ်သက်ပြီး သူ့ရှေ့က ဝန်ကြီးချုပ်ကို ဖယ်ရှားခဲ့တဲ့ဖွဲ့စည်းပုံခုံရုံးကနေပဲ ပေထုန်တန်ကို ဖယ်ရှားခဲ့ပါတယ်။

တရားရေး ကြားနာမှုအတွင်း ရုံးတော်ထဲမှာ မျက်မြင်သက်သေအနေနဲ့ မတ်တပ်ရပ်နေတဲ့ ပေထုန်တန် ရှင်နာဝပ်

ဓာတ်ပုံ ရင်းမြစ်, THAI NEWS PIX

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ရွေးကောက်ပွဲပြီးတဲ့နောက် ဖုအာထိုင်း ပါတီက ဝန်ကြီးချုပ် ၂ ဦးစလုံးကို ဖွဲ့စည်းပုံခုံရုံးကနေ ဖယ်ရှားခဲ့ပါတယ်

ဖုအာထိုင်းပါတီ အစိုးရပြိုလဲသွားတဲ့အခါ Move Forward ပါတီကို ပြောင်းလဲဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီ(People's Party)ဟာ ဖွဲ့စည်းပုံအသစ်ရေးဆွဲမယ့်လုပ်ငန်းစဉ် စတင်မယ်လို့ ကတိကဝတ်ပေးခဲ့တဲ့ ဖုန်ကျန်ထိုင်းပါတီက အနုတင် ချန်ဝီရာကူလ်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံခဲ့ပါတယ်။

နှစ်ပါတီစလုံးဟာ သဘောတူညီမှုစာချွန်လွှာ(MOA) ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖုန်ကျန်ထိုင်းဟာ အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

ဒါပေမဲ့ ဒီကတိကဝတ် သဘောတူညီမှုစာချွန်လွှာ(MOA) ကြာကြာမခံခဲ့ပါဘူး။ ဖွဲ့စည်းပုံအသစ်ကို ပိတ်ပင်ဖို့ အထက်လွှတ်တော်မှာ ဗီတိုအာဏာ ကျင့်သုံးရေးနဲ့ ပတ်သက်ပြီး နှစ်ပါတီကြား အငြင်းပွားခဲ့တာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းမှာတော့ ပြည်သူ့ပါတီ (People's Party) ဟာ ဖုန်ကျန်ထိုင်း ပါတီ အစိုးရကို ပေးထားတဲ့ သူ့ထောက်ခံမှုကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

အဲဒီနောက် ဝန်ကြီးချုပ်အနုတင်ဟာ လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ စောကျင်းပဖို့ လုပ်ခဲ့ပါတယ်။

ဖုန်ကျန်ထိုင်းပါတီက ဝန်ကြီးချုပ်လောင်း အနုတင် ချန်ဝီရာကာရဲ့ဓာတ်ပုံကို ကိုင်မြှောက်ပြီး လက်တွေလေထဲဝှေ့ အားပေးနေကြတဲ့ နိုင်ငံရေး လူစုဝေးမှုတစ်ခု

ဓာတ်ပုံ ရင်းမြစ်, THAI NEWS PIX

ဓာတ်ပုံ ပုံစာ, အမြင်သဘောထားစစ်တမ်းမှာတော့ ထိုင်းသက်ကြီးမျိုးဆက်ဟာ ရှေးရိုးစွဲဆန်တဲ့ နိုင်ငံရေးသမားတွေကို ပိုထောက်ခံကြောင်းပြသနေပါတယ်

တစ်ကြိမ်တည်းနဲ့ သုံးမဲ ပေးရတဲ့ စရိတ်အများဆုံးရွေးကောက်ပွဲ

ထိုင်းနိုင်ငံက ရွေးကောက်ပွဲ မဲရုံတစ်ခုမှာ ရွေးကောက်ပွဲအရာရှိတွေက မဲဆန္ဒရှင်တစ်ဦးကို မဲစာရွက်တွေ ကမ်းပေးနေတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, THAI NEWS PIX

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မဲပေးတဲ့နေ့မှာတော့ မဲဆန္ဒရှင်တွေဟာ အရောင်မတူတဲ့ မဲစာရွက် ၃ ရွက်ကို မဲရုံမှာ ရရှိမှာဖြစ်ပါတယ်။ အစိမ်းရောင်က ဒေသန္တရအဆင့် မဲဆန္ဒနယ်အမတ်လောင်းအတွက် ဖြစ်ပါတယ်။ အပြာရောင်မဲစာရွက်က နိုင်ငံရေးပါတီတွေကနေ ဝင်ပြိုင်တဲ့အမတ်လောင်းတွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အဝါရောင်မဲစာရွက်ကတော့ ဖွဲ့စည်းပုံဆိုင်ရာပြည်သူ့ဆန္ဒခံယူမှုအတွက် ဖြစ်ပါတယ်။

မဲဆန္ဒရှင်တွေဟာ ဖွဲ့စည်းပုံအသစ် ရေးဆွဲသင့် မသင့်ကို ဆန္ဒ ၃ မျိုးနဲ့ဖော်ပြနိုင်မှာဖြစ်ပါတယ်။ ''သဘောတူ''၊ ''မတူ'' နဲ့ ''မှတ်ချက်မပေး'' ဆိုတာထဲက တစ်ခုကို ရွေးချယ်ရမှာဖြစ်ပါတယ်။

မဲအများစုက သဘောတူလိုက်ပြီဆိုရင်တော့ လွှတ်တော်ဟာ ဖွဲ့စည်းပုံအသစ်ရေးဆွဲတာကို စတင်ဖို့ ဖြစ်မှာပါ။ လက်ရှိထိုင်းနိုင်ငံဖွဲ့စည်းပုံဟာ ၂၀၁၄ စစ်အာဏာသိမ်းမှုအပြီး ရေးဆွဲခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ စတင်အသက်ဝင်တာဖြစ်ပါတယ်။

အကုန်အကျ သက်သာအောင်လို့ဆိုပြီး မဲရုံ နှစ်ရုံစာကို မဲတစ်ရုံတည်းမှာပဲ မဲပေးနိုင်ဖို့ စီစဉ်ထားပေမဲ့ အခုတစ်ခေါက် ထိုင်းရွေးကောက်ပွဲဟာ ကုန်ကျစရိတ်အများဆုံးရွေးကောက်ပွဲ ဖြစ်လာမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပြည်သူ့ဆန္ဒခံယူပွဲ နှစ်ခုအတွက် တပြိုင်တည်းပြုလုပ်တဲ့အခုတစ်ခေါက် မဲပေးမှုဟာ ကုန်ကျစရိတ် ထိုင်းဘတ်ငွေ သန်း ၇,၈၀၀ ရှိမှာဖြစ်ပါတယ်။ ဒါဟာ ၂၀၁၉ နဲ့ ၂၀၂၃ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲတွေရဲ့ကုန်ကျစရိတ်ထက် ဘတ်ငွေ သန်း ၂ ,၀၀၀ ကျော် ပိုသုံးစွဲရတာဖြစ်ပါတယ်။

အဓိကအမတ်လောင်းတွေက ဘယ်သူတွေလဲ

ဘန်ကောက်မြို့လယ်မှာ ပြုလုပ်တဲ့ ပါတီလူထုစုဝေးပွဲမှာ ပြည်သူ့ပါတီ ဝန်ကြီးချုပ်လောင်း နတ်တာဖွန် ရုန်ပညာဝတ်ကို စကားပြောနေတာကို မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THAI NEWS PIX

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကနေ ပြောင်းလဲဖွဲ့လိုက်တဲ့ ပြည်သူ့ပါတီ ( People's Party) ကတော့ သူတို့ရဲ့ဝန်ကြီးချုပ်လောင်းအဖြစ် နတ်တာဖွန် ရုန်ပညာဝတ်ကို လျာထား

အခုတစ်ခေါက် ထိုင်းရွေးကောက်ပွဲမှာ ဝင်ပြိုင်တဲ့ပါတီ ၅၇ ပါတီကျော်ရှိပါတယ်။

ဒါပေမဲ့ ပြည်သူ့ပါတီ၊ ဖုန်ကျန်ထိုင်းပါတီနဲ့ ဖုအာထိုင်းပါတီတို့ဟာ အဓိကပါတီကြီးတွေဖြစ်ပါတယ်။

ပြည်သူ့ပါတီ(PP)ကတော့ ထိုင်းဖွဲ့စည်းပုံခုံရုံးကနေ ဖျက်သိမ်းခိုင်းခဲ့တဲ့ Future Forward Party (FFP) နဲ့ Move Forward Party (MFP) တို့ကနေ ပြောင်းလဲဖွဲ့စည်းလာတဲ့ပါတီဖြစ်ပါတယ်။

MFP ပါတီဟာ ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲမှာ မဲအများစုကို အနိုင်ရရှိခဲ့ပါတယ်။ ပြီးတော့ ၂၀၁၉ ရွေးကောက်ပွဲတုန်းကလည်း မဲနိုင်တဲ့ရလဒ်ကောင်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်ကြိမ်စလုံးမှာ အစိုးရ မဖွဲ့နိုင်ခဲ့ပါဘူး။ အခုတော့ PP ပါတီဟာ သူတို့ရဲ့ဝန်ကြီးချုပ်လောင်းအဖြစ် နတ်တာဖွန် ရုန်ပညာဝတ်ကို လျာထားပါတယ်။

နောက်ထပ် ပါတီကြီး တစ်ခုကတော့ ဖုအာထိုင်းပါတီဖြစ်ပါတယ်။ ဖုအာထိုင်းဟာ ပြီးခဲ့တဲ့ တစ်ခေါက် ရွေးကောက်ပွဲမှာ ဒုတိယနေရာကနေ ဦးဆောင်ခဲ့ပါတယ်။ ၂၀၂၆ ရွေးကောက်ပွဲမှာတော့ ဖုအာထိုင်းဟာ သက်ဆင်ရဲ့တူဖြစ်သူ ယော့ချနန် ဝုန်ဆာဝပ်ကို သူတို့ပါတီရဲ့ဝန်ကြီးချုပ်လောင်းအဖြစ် လျာထားပါတယ်။

အခုတစ်ခေါက် ရွေးချယ်ခံရမယ်ဆိုရင်တော့ ယော့ချနန်ဟာ ရှင်နာဝပ်မိသားစုမှာ နိုင်ငံ့ဝန်ကြီးချုပ်နေရာကို ရတဲ့ ၅ ဦးမြောက် မိသားစုဝင်ဖြစ်လာမှာပါ။

တတိယအကြီးဆုံးပါတီက ဖုန်ကျန်ထိုင်းပါတီဖြစ်ပြီး လက်ရှိအာဏာရပါတီလည်းဖြစ်ပါတယ်။ ဖုန်ကျန်ထိုင်းဟာ ၂၀၂၃ ရွေးကောက်ပွဲမှာ တတိယနေရာကနေ အနိုင်ရပါတယ်။ ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲအတွက်တော့ ပါတီဟာ လက်ရှိမှာ ထိုင်းဝန်ကြီးချုပ်တာဝန်ယူထားတဲ့ အနုတင် ချန်ဝီရာကူလ် ဖြစ်ပါတယ်။

အခုတစ်ခေါက် ထိုင်းရွေးကောက်ပွဲမှာ ဖုန်ကျန်ထိုင်းပါတီဟာ မဲအများစုကို နိုင်ပြီဆိုရင်တော့ ဒါဟာ ပါတီသမိုင်းမှာ တစ်နိုင်ငံလုံးအဆင့် ပထမဆုံးအနိုင်ရရှိမှုဖြစ်လာမှာပါ။

ရွေးကောက်ပွဲမတိုင်ခင် ထွန်းတောက်လာတဲ့အမျိုးသားရေး

ကျဆုံးစစ်သည် အောက်မေ့ဖွယ်နံရံ ကမ္ဗည်းပြားမှာ ရိုင်ဖယ်သေနတ်တစ်လက်အပေါ် ထောင်ထားတဲ့ စစ်သား ပြောက်ကျား ဦးထုပ်တစ်လုံးနဲ့ ပေါ်ပီပန်းအနီပွင့်တစ်ပွင့်ကို မြင်ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, THAI NEWS PIX

ဓာတ်ပုံ ပုံစာ, ထိုင်း- ကမ္ဘောဒီးယားနယ်စပ်အရေးဟာ ၂၀၂၆ ရွေးကောက်ပွဲမှာ ရှေ့ဆုံးက ပြေးပါတယ်

၂၀၂၆ ရွေးကောက်ပွဲမှာ နိုင်ငံ့စီးပွားရေး ပြန်ဦးမော့လာဖို့ မျှော်လင့်တာကလွဲရင် မဲဆန္ဒရှင်တွေ အာရုံစိုက်ကြတာက အမျိုးသားလုံခြုံရေးနဲ့ တရားမဝင်ငွေလုံးငွေရင်း ''ငွေညစ်'' တိုက်ဖျက်ရေးဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက စတင်တဲ့ ထိုင်း- ကမ္ဘောဒီးယားနယ်စပ်ရေးဟာ တင်းမာမှု လျော့ကျသွားပြီဖြစ်ပေမဲ့ လုံးဝဖြေရှင်းနိုင်တာတော့ မဟုတ်သေးပါဘူး။ နယ်စပ်က တိုက်ပွဲတွေဟာ ထိုင်းနိုင်ငံထဲမှာ အမျိုးသားရေး ခေါင်းထောင်လာစေပြီး လက်ရှိအချိန်အထိလည်း အရှိန်ကောင်းနေတုန်းဖြစ်ပါတယ်။

နိုင်ငံရေးပါတီအများစုနဲ့ နိုင်ငံရေးသမားတွေဟာ အမျိုးသားလုံခြုံရေးကို ရွေးကောက်ပွဲ မဲဆွယ်ကာလတစ်လျှောက်မှာ သူတို့ပါတီတွေရဲ့မူဝါဒအဖြစ် ကိုင်ဆွဲလာကြပါတယ်။ အခုတော့ အမျိုးသားရေး လှုပ်ရှားမှုတွေဟာ ရှေးရိုးစွဲနိုင်ငံရေးပါတီတွေထက် ရှေ့ရောက်နေတယ်လို့ မြင်သာပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ထိုင်းဟာ ထိုင်း- ကမ္ဘောဒီးယားနယ်စပ်နဲ့ ထိုင်း- မြန်မာနယ်စပ်တလျှောက်မှာ တရားမ၀င်ကျားဖြန့်လုပ်ငန်းတွေကြောင့် တရားမဝင်လှုပ်ရှားမှုတွေ တိုးခဲ့ပါတယ်။ ထိုင်းလူထုကတော့ ဒီလုပ်ငန်းတွေကနေ ရတဲ့ဝင်ငွေကို တရားမဝင် ''ငွေညစ်တွေ'' လို့ ရည်ညွှန်းပါတယ်။

ဒါကြောင့်ပဲ ထိုင်းနိုင်ငံရေးသမားတွေဟာ ငွေလုံးငွေရင်း ငွေညစ်တွေကို တိုက်ဖျက်မယ်ဆိုပြီး မဲဆွယ်လာပါတယ်။ အဲဒီလုပ်ငန်းတွေမှာပါဝင်တဲ့သူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်ပေးတာနဲ့ နှိမ်နင်းနိုင်အောင်လုပ်မယ်လို့ ပြောလာပါတယ်။

ထိုင်းမှာ ဝန်ကြီးချုပ်အသစ် ဘယ်တော့တက်လာမလဲ

ဖုန်ကျန်ထိုင်းပါတီ လူထုစုဝေးပွဲမှာ ထိုင်းအလံတွေ ဝှေ့ယမ်းပြနေတဲ့ မြင်ရတဲ့လူအုပ်ကြီး

ဓာတ်ပုံ ရင်းမြစ်, THAI NEWS PIX

ဓာတ်ပုံ ပုံစာ, သုံးနှစ်တောင်မပြည့်သေးတဲ့အချိန်အတွင်းမှာ ဝန်ကြီးချုပ် ၃ ယောက် ပြောင်းခဲ့တဲ့ထိုင်းမှာ ဇန်နဝါရီ ၈ ရက်မှာ ရွေးကောက်ပွဲ နောက်တစ်ကြိမ် ကျင်းပဖို့ရှိနေပါတယ်

ထိုင်းနိုင်ငံဟာ လွှတ်တော် ဒီမိုကရေစီနဲ့အတူ စဉ်းမျဉ်းခံဘုရင်စနစ်ကို တရား၀င် ကျင့်သုံးတဲ့ နိုင်ငံဖြစ်ပါတယ်။

မဲပေးမှုမှာ မဲဆန္ဒရှင်တွေဟာ ဝန်ကြီးချုပ်ကို တိုက်ရိုက်ရွေးချယ်တာ မဟုတ်ပါဘူး။ အဲဒီအစား လွှတ်တော်အမတ်တွေကို ရွေးချယ်တာဖြစ်ပါတယ်။ အဲဒီနောက် အမတ်တွေဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေးပါတီတွေက လျာထားခဲ့တဲ့ ဝန်ကြီးချုပ်လောင်းတွေကို လွှတ်တော်ထဲကနေ ရွေးချယ်ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံရေးပါတီတစ်ခုခုဟာ လွှတ်တော်ထဲ ထိုင်ခုံများများရရုံနဲ့ ဝန်ကြီးချုပ်နေရာအတွက် အနိုင်ရဖို့ရာ မဖြစ်နိုင်ပါဘူး။ ထိုင်းအောက်လွှတ်တော်မှာ အမတ်နေရာအများဆုံးကို ရရှိတော့မှ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲပြီးတဲ့အခါမှာ ရွေးကောက်ခံအမတ် အယောက် ၅၀၀ ဟာ ဝန်ကြီးချုပ်ရွေးချယ်ရေး မဲ ပေးဖို့ လွှတ်တော်အစည်းအဝေးခေါ်မှာဖြစ်ပါတယ်။ အဲဒီနောက် ဝန်ကြီးချုပ် တက်လာတဲ့အခါမှာ ဝန်ကြီးချုပ်ဟာ ဝန်ကြီး ၃၅ ဦးကျော်ပါဝင်တဲ့အစိုးရအဖွဲ့ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

၂၀၂၆ ရွေးကောက်ပွဲအပြီးမှာ လွှတ်တော်ထဲ ဝန်ကြီးချုပ်ရွေးချယ်ရေး မဲပေးမှုဟာ ဧပြီလနဲ့ မေလအတွင်းမှာ ပေါ်လာနိုင်ပါတယ်။ အစိုးရသစ်အဖွဲ့စည်းတာကတော့ ဇွန်လအထိ ကြာမြင့်နိုင်ပါတယ်။