၂၀၁၉ ထိုင်းရွေးကောက်ပွဲ - သိသင့်တဲ့ အချက် ၅ ချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images/AFP
ထိုင်းရွေးကောက်ပွဲမှာ မဲပေးနိုင်သူ ၅၁ ဒသမ ၄ သန်း ရှိပါတယ်။ အဲဒီထဲက ၇ သန်းလောက်က အခုမှ ပထမဆုံး မဲ စပေးမယ့်သူတွေ ဖြစ်ပါတယ်။
ပါတီ ၁၀၆ ပါတီကနေ အမတ်လောင်း ၁၄,၀၀၀ က ဝင်ပြိုင်ကြမှာပါ။ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အတွက် ဝင်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပါတီတွေထဲက ၁၀ ပါတီလောက်ကတော့ တခြားပါတီတွေထက် ပိုထင်ရှားတဲ့ပါတီတွေ ဖြစ်ပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံ ရွေးကောက်ပွဲရဲ့ စိတ်ဝင်စားစရာ အချက် ၅ ချက်ကို ကြည့်မယ် ဆိုရင် ...
၁။ ၂၀၁၄ အာဏာသိမ်းအပြီး ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲ
ထိုင်းရဲ့ပထမဆုံး ရွေးကောက်ခံ အမျိုးသမီး ဝန်ကြီးချုပ် ယင်းလတ်ကို ၂၀၁၄ ခုနှစ် မေလတုန်းက ဖြုတ်ချ အာဏာသိမ်းပြီးနောက် ပထမဆုံး ပြန်ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။ လချီကြာမြင့်တဲ့ လမ်းပေါ်ဆန္ဒပြပွဲတွေ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ ဖြစ်ပေါ်ခဲ့ပြီးနောက် အာဏာသိမ်းလိုက်တာပါ။ ထိုင်းနိုင်ငံရဲ့ ၁၃ ကြိမ်မြောက် အာဏာသိမ်းမှုကို ထိုင်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာက ဦးဆောင်ခဲ့တာပါ။
သူဟာ ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေး အမျိုးသားကောင်စီကို ဖွဲ့စည်းခဲ့တယ်။ သူ့တို့ကို ဝေဖန်သူတွေကို တော်ဝင်မိသားစုကို အသရေ ဖျက်မှု ဥပဒေ၊ ကွန်ပျူတာ ရာဇဝတ် ဥပဒေတွေနဲ့ ဖမ်းဆီးထောင်ချခဲ့တယ်။ ဒါပေမဲ့ နိုင်ငံရေးတည်ငြိမ်မှု ပြန်ရခဲ့လို့ စီးပွားရေးနဲ့ ခရီးသွားကဏ္ဍ တိုးတက်မှုကို အထောက်အကူဖြစ်စေခဲ့ပါတယ်။
ပြည်သူတွေ လက်ထဲ အာဏာပြန်ပေးမယ်လို့ အစပိုင်းတုန်းက ပရာယွတ်က ကတိပေးခဲ့ပေမဲ့ ရွေးကောက်ပွဲလုပ်မယ့်ရက်ကို အကြိမ်ကြိမ်ရွှေ့ခဲ့တာပါ။
သူက အခြေခံဥပဒေ အသစ်တစ်ခု ရေးဆွဲစေခဲ့ပါတယ်။ အတိုက်အခံတွေကို လူထုစည်းရုံးလှုံ့ဆော်မှုတွေ ပိတ်ပင်ခဲ့ပြီး လူထုဆန္ဒခံယူပွဲ လုပ်ခဲ့ပါတယ်။ ပြီးတော့ အစိုးရ တီဗီချန်နယ်တွေကနေ သောကြာနေ့တိုင်း သူ့မိန့်ခွန်းတွေ လွှင့်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
၂။ နိုင်ငံရေးလောကထဲ ရုတ်တရက်ပေါ်လာတဲ့ တော်ဝင်မင်းသမီး
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ဆက်နွှယ်တယ်ဆိုတဲ့ ထိုင်းရက်ဆာချာ့ပါတီက သူတို့ပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် ထိုင်းတော်ဝင်မင်းသမီးဟောင်းကို ဖေဖော်ဝါရီလတုန်းက အမည်စာရင်းသွင်းခဲ့လို့ ထိုင်းနိုင်ငံရေးလောက ရုတ်တရက် လှုပ်လှုပ်ရှား ဖြစ်ခဲ့ပါတယ်။ တော်ဝင်မင်းသမီးဟောင်း အူဘွန်ရတ်ဟာ လက်ရှိထိုင်းဘုရင်ရဲ့ အစ်မတော်ဖြစ်ပါတယ်။
အဲဒီသတင်းထွက်လာပြီး မိနစ်ပိုင်းအကြာမှာပဲ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကလည်း သူ့အစိုးရအဖွဲ့ ဝန်ကြီးတွေ ဦးဆောင်တည်ထောင်ထားတဲ့ ပါတီကနေ ဝန်ကြီးချုပ်လောင်းအဖြစ် စာရင်းသွင်းမယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။
ဒါပေမဲ့ နာရီပိုင်းအကြာမှာတော့ ဘုရင့်အစ်မတော် ထိုင်းနိုင်ငံရေးထဲဝင်တာကို သဘောမတူကြောင်းနဲ့ တော်ဝင်မိသားစု နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေရမယ်လို့ ဘုရင်က ထိုင်း အစိုးရ တီဗီတွေကနေ ကြေညာခဲ့ပါတယ်။
အမေရိကန် နိုင်ငံသားနဲ့ ၁၉၇၂ ခုနှစ်က လက်ဆက်လိုက်လို့ တော်ဝင်အဆောင်အယောင်တွေကို စွန့်ခဲ့တဲ့ မင်းသမီးကတော့ သူဟာ သာမန်လူဖြစ်နေပြီလို့ ပြန်ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘုရင့်ကြေညာချက်ထဲမှာတော့ မင်းသမီးဟာ တော်ဝင်မိသားစုဝင် အဖြစ်ဆက်ရှိနေတာဖြစ်တယ်၊ တိုင်းသူပြည်သားတွေကလည်း လေးစားကြတဲ့သူဖြစ်လို့ ရှေးအစဉ်အလာတွေကို ဆန့်ကျင်ပြီး နိုင်ငံရေးထဲ ဝင်တာ လုံးဝ မသင့်တော်ဘူးလို့ ဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
၃။ သက်ဆင် ထောက်ခံသူနဲ့ ဆန့်ကျင်သူတို့ အားပြိုင်ပွဲ
တော်ဝင်မင်းသမီးကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ မဟာမိတ် ပါတီကနေ တဆင့် နိုင်ငံရေးထဲဆွဲသွင်းလိုက်တာဟာ သက်ဆင်ကို ဘုရင်စနစ်ဆန့်ကျင်သူလို့ သူ့ပြိုင်ဘက်တွေက ပုံဖော်ထားခံရတာကို ခြေဖျက်ဖို့လုပ်တာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေကဆိုပါတယ်။ ဒါပေမဲ့ မင်းသမီးကို နိုင်ငံရေးထဲပါစေတာဟာ ဘုရင်စနစ်ကို အကျိုးယုတ်စေတယ်ဆိုပြီး ခွင်မပြုခဲ့ပါဘူး။
ပြီးတော့ အခု ရွေးကောက်ပွဲဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း တယ်လီကွန်း သူဌေးကြီး သက်ဆင်ကို ထောက်ခံသူတွေနဲ ဆန့်ကျင်သူတွေရဲ့ အားပြိုင်ပွဲပါ။ သူ့ကို ထောက်ခံသူတွေဟာ သူ့အပေါ် သစ္စာရှိသူတွေနဲ့ သူ့မိတ်ဆွေတွေ ဖြစ်ကြပါတယ်။ သူ့ကို ဆန့်ကျင်သူတွေဘက်မှာတော့ အာဏာသိမ်းဗိုလ်ချုပ်ကြီးတွေကို ဆန့်ကျင်သူနဲ့ ထောက်ခံသူတွေ ရောနှောရှိနေတဲ့ အုပ်စုတွေပါ။ တခြားပါတီငယ်တွေကတော့ ရွေးကောက်ပွဲအပြီး အာဏာရသွားတဲ့ ဘက်နဲ့ ပေါင်းမယ့် အဖွဲ့တွေပါ။
၂၀၀၆ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီး ဝန်ကြီးချုပ်ရာထူးက ဖြုတ်ချခံရပြီးနောက် သက်ဆင်ဟာ ဆယ်စုနှစ် တစ်ခုကျော် ပြည်ပမှာ ခိုလှုံနေသူပါ။ ဒီလိုအဝေးရောက်နေပေမဲ့ သူ့ကို ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ကျေးလက်တွေက မဲပေးသူတွေအကြား လူကြိုက်များဆဲ ဖြစ်ပါတယ်။ အဲဒီလို လူကြိုက်များတာကြောင့် သူထောက်ခံမှုပေးခဲ့တဲ့ ပါတီဟာ ၂၀၁၁ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရပြီး သူ့ရဲ့ညီမ ယင်းလတ်လည်း ထိုင်းရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
၂၀၁၇ အခြေခံ ဥပဒေအရ ပါတီတစ်ခုတည်းကနေ လွှတ်တော်ထဲ အမတ်နေရာ အများကြီး မရအောင် တားထားပါတယ်။ အဲဒါကြောင့် အခု ရွေးကောက်ပွဲမှာ အနည်းဆုံး ပါတီလေးခုကို သက်ဆင်က အထောက်အပံ့ပေးမယ်လို့ ယူဆရပါတယ်။ အဓိကပါတီကတော့ ဖုဝါ့ထိုင်း ပါတီပါ။
သက်ဆင်ရဲ့ အဓိက ပြိုင်ဘက်ပါတီတွေကတော့ -
- လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို ဝန်ကြီးချုပ်လောင်း အမည်စာရင်းသွင်းထားတဲ့ Palang Pracharat ပါတီ။ ဒီပါတီမှာ ပါတဲ့သူတွေက တစ်ချိန်တုန်းက သက်ဆင်နဲ့ လက်တွဲခဲ့ဖူးသူတွေ ဖြစ်တယ်။
- ထိုင်းရဲ့ သက်တမ်းအရင့်ဆုံး ပါတီဖြစ်တဲ့ ဒီမိုကရက်ပါတီ။ ဒီပါတီက ထိုင်းဝန်ကြီးချုပ်ဟောင်း အဖိဆစ် ဦးဆောင်တဲ့ ပါတီ။
- အသစ်ဖွဲ့လိုက်တဲ့ Action Coalition for Thailand ပါတီ။ ဒီပါတီက ၂၀၁၄ ခုနှစ်တုန်းက ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ရာထူးက ပြုတ်ကျစေတဲ့ ဆန္ဒပြပွဲတွေလုပ်ခဲ့တဲ့သူတွေ ဦးဆောင်တဲ့ပါတီတို့ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၄။ ပြိုင်ဆိုင်မှု တန်းတူအခွင့်အရေး ပေးမထားတဲ့ ရွေးကောက်ပွဲ
အရင်အာဏာသိမ်းမှုတွေက သင်ခန်းစာတွေအရ ပရာယွတ်နဲ့ သူ့အကြံပေးတွေဟာ သက်ဆင်နဲ့ သူ့ မဟာမိတ်တွေကို ရွေးကောက်ပွဲ အနိုင်ပေးတော့မှာ မဟုတ်ပါဘူး။
၂၀၁၇ အခြေခံ ဥပဒေဟာ ပါတီ တစ်ခုတည်းက အင်အား မကြီးထွားလာအောင် ရှုပ်ထွေးတဲ့ မဲပေးစနစ်တွေ လုပ်ထားပါတယ်။ သက်ဆင်ကို နိုင်ငံရေးထောက်ခံမှု အားပျော့သွားအောင် မဲဆန္ဒနယ်တွေကိုလည်း ပြင်ဆင် သတ်မှတ်ထားပါတယ်။
သက်ဆင်ရဲ့ သားသမီးတွေ ပိုင်တဲ့ တီဗီချန်နယ်တွေကို လူမှုအသိုင်းအဝိုင်းကိုသွေးကွဲအောင် လှုံ့ဆော်တယ်ဆိုပြီး ခေတ္တ ပိတ်ခဲ့တယ်။ သက်ဆင်နဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ အတိုက်အခံတွေကို တိုက်ခိုက်နေတဲ့ ချန်နယ်တွေကိုတော့ မပိတ်ခဲ့ဘူး။
နောက်ပြီး ပရာယွတ် ပါတီ အနေနဲ့ အမတ်နေရာအများစုရမှ အစိုးရဖွဲ့နိုင်တာမျိုး မဖြစ်အောင် အခြေခံဥပဒေကို ရေးထားတာပါ။ လွှတ်တော်ထဲမှာ ဝန်ကြီးချုပ်နေရာ အဆိုပြုနိုင်မယ့် အမတ် ၂၅၀ က ရွေးကောက်ခံမဟုတ်ဘဲ ပရာယွတ်က ခန့်ထားသူတွေ ဖြစ်လို့ပါ။
၅။ တက်လာမယ့် အစိုးရသစ်က ညီညွတ်အောင် လုပ်နိုင်ဖွယ် မရှိ
အခြေခံဥပဒေအရ ပါတီတစ်ခုတည်းက အများစု နိုင်မှာ မဟုတ်ပါဘူး။ အလယ်အလတ်နဲ့ ပါတီငယ်တွေကနေ ညွန့်ပေါင်းအစိုးရ ဖွဲ့ပြီး ပရာယွတ်ဟာ အထက်လွှတ်တော် ထောက်ခံမှုနဲ့ ဝန်ကြီးချုပ် ပြန်ဖြစ်လာနိုင်ခြေ ရှိပါတယ်။
စစ်တပ်ဆန့်ကျင်တဲ့ ပါတီတွေ လွှတ်တော်ထဲ အများစု ရောက်ကောင်း ရောက်လာနိုင်ပေမယ့် ဗိုလ်ချုပ်ကြီးတွေ ရေးထားတဲ့ အခြေခံ ဥပဒေကို ပြင်နိုင်ဖို့ အထိ အမတ်နေရာတွေ ရလာဖို့ မဖြစ်နိုင်သေးပါဘူး။
အစိုးရထဲရောက်လာသူတွေဟာ အခြေခံဥပဒေရဲ့ အမျိုးသားမဟာဗျူဟာ အနှစ် ၂၀ စီမံချက်အရ ဖွံ့ဖြိုးရေးမူဝါဒတွေကိုပဲ အကောင်အထည်ဖော်ရဖို့ ရှိပါတယ်။








