ထိုင်းမင်းသမီး အူဘွန်ရတ်ကို ဝန်ကြီးချုပ်လောင်း အဆိုပြုခဲ့တဲ့ ပါတီ ဖျက်သိမ်းခံလိုက်ရ

ဓာတ်ပုံ ရင်းမြစ်, AFP
အခုလနှောင်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်လောင်းအဖြစ် ထိုင်းဘုရင့် အစ်မတော်ကို ဝင်ပြိုင်ဖို့ အဆို တင်သွင်းခဲ့တဲ့ ထိုင်းရက်ဆာချာ့ပါတီ ကို ဖျက်သိမ်းပစ်ဖို့ အခြေခံဥပဒေ တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
ထိုင်းရက်ဆာချာ့ပါတီကို ၂၀၀၆ ခုနှစ်တုန်းက စစ်တပ် အာဏာသိမ်းပြီး ဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ်က ထောက်ခံ အားပေးနေတာပါ။
ထိုင်းရက်ဆာချာ့ပါတီ ဖျက်သိမ်းခံ လိုက်ရတဲ့အတွက် ရွေးကောက်ပွဲမှာ သက်ဆင် ရှင်နဝပ်ကို ထောက်ခံ အားပေးသူတွေ အနိုင်ရဖို့ ပိုခက်ခဲ သွားစေလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ၅ နှစ်တုန်းက စစ်အာဏာ သိမ်းခဲ့တဲ့ စစ်တပ်က အုပ်ချုပ်နေတာပါ။
မင်းသမီး အူဘွန်ရတ်ကို ရွေးကောက်ပွဲမှာ အဆိုတင်သွင်းခဲ့တာဟာ နိုင်ငံရေးမှာ ထိုင်းတော်ဝင်မိသားစုတွေ ဝင်ပါလေ့ မရှိတဲ့ ရပ်တည်မှုကို ထိခိုက်စေမယ်လို့ အခြေခံဥပဒေ တရားရုံးက ဒီကနေ့ ကြာသပတေးနေ့မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းရက်ဆာချာ့ပါတီရဲ့ အမှုဆောင်အဖွဲ့ဝင်တွေကိုလည်း နိုင်ငံရေး လောကမှာ ပါဝင်ခွင့် ၁၀နှစ် ပိတ်ပင်လိုက်သလို အခု ရွေးကောက်ပွဲမှာ ထိုင်းရက်ဆာချာ့ပါတီ ဝင်ပြိုင်ခွင့်ကိုလည်း တားမြစ်လိုက်ပါတယ်။
ထိုင်းဘုရင်စနစ်ဟာ နိုင်ငံရေးရဲ့ အထက်မှာ ရှိနေပြီး နိုင်ငံရေး ကြားနေတဲ့ မူကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။ ထိုင်းဘုရင့် မိဖုရားနဲ့ မင်းသမီးတွေဟာ ရွေးကောက်ပွဲမှာ မဲထည့်တာမျိုးလို နိုင်ငံရေးနဲ့ ပတ်သက်တဲ့ လုပ်ဆောင်မှုတွေမှာ ဘယ်တော့မှ ပါဝင်ဖို့ မရှိဘူးလို့ အချိန်အတော်ကြာ ပြုလုပ်ခဲ့တဲ့ တရားရုံး ကြားနာစစ်ဆေးမှုအပြီးမှာ တရားသူကြီး နခါရင် မက်ထရိုင်ရက် က ပြောသွားပါတယ်။
မတ်လ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်း အရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က ၂၀၁၄ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့အပြီး လက်ရှိ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ အာဏာ လွှဲပြောင်းခဲ့ပြီးကတည်းက ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။








