'ကကွက်ကို ကိုယ်တိုင်ဖန်တီးခဲ့တာ' - အင်ဒိုလူငယ်လေးရဲ့ ကမ္ဘာကျော်လှေပြိုင်ပွဲအက

ဓာတ်ပုံ ရင်းမြစ်, LENSA RAMS/ TIKTOK
- ရေးသားသူ, ဖမ်းဝမ်၊ အက်စတူဒက်စထရာ အာဂျင်ရာစထရီနဲ့ ဂျိုဟာနက်စ် ဟူတာဘာရက်
- ရာထူးတာဝန်, ဘီဘီစီသတင်း
- ရေးသားပေးပို့သည့်နေရာ, စင်္ကာပူနဲ့ ဂျာကာတာ
သာမန်ကကွက်တစ်မျိုးကနေ အွန်လိုင်းမှာ ပြောစမှတ်ဖြစ်ရတဲ့ကကွက်၊ အဲဒီနောက် အခုနောက်ပိုင်း ကမ္ဘာကျော်အားကစားသမားတွေပါ လိုက်လုပ်လာကြတဲ့ ကကွက်တစ်ခု အင်ဒိုနီးရှား လှေပြိုင်ပွဲကနေ ထွက်လာပါတယ်။
အင်ဒိုနီးရှား လူငယ်လေးတစ်ယောက် လှေပြိုင်ပွဲ ရေပြင်မှာ ပြေးနေတဲ့ လောင်းလှေ ဦးထိပ်မှာ ဟန်ချက်ညီညီရပ်ပြီး လှေအဟုန်နဲ့အလိုက် ယိမ်းနွဲ့နေပုံက ကမ္ဘာတလွှား အထူးခြားဆုံးအကအဖြစ် ကျော်ကြားသွားခဲ့တာပါ။
လှေထိုးသားတွေရဲ့ ရည်းလေ့အော်သံနဲ့အတူ လှေအရွေ့မှာ ဟန်ချက်မပျက်ကနေတဲ့ မျက်မှန် အမည်းတပ် အဲဒီလူငယ်လေးရဲ့ရုပ်သံက ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကမ္ဘာတစ်ဝန်းက လူမှုကွန်ရက်သုံးစွဲသူတွေရဲ့ စာမျက်နှာတွေမှာ ပြောစမှတ်ဖြစ်ခဲ့တာပါ။
ဒါကို အင်တာနက်အသုံးအနှုန်း Aura farming ဆိုတဲ့စကားရပ်ကို အကြွရွဆုံးကိုယ်စားပြုတဲ့ကကွက်လို့ ညွှန်းတဲ့အထိ ဖြစ်လာပါတယ်။ တစ်စုံတစ်ယောက်က ရွှင်လန်း နှစ်လိုဖွယ်ရှိတဲ့ပုံစံ လုပ်ပြတဲ့အခါမှာ သုံးတဲ့အသုံးအနှုန်းလည်းဖြစ်ပါတယ်။
သူ့ရဲ့ အက အလှည့်အပြောင်း လှုပ်ရှားမှု ပုံစံတွေဟာ လွယ်ကူရှင်းလင်းပြီး လိုက်လုပ်ချင်လောက်အောင် ဆွဲဆောင်မှုရှိတာကြောင့် အမေရိကန် ဘောလုံးသမား ထရဲဗစ် ကဲလန့်စ် ၊ ပြိုင်ကားမောင်းသူ အဲလက်စ် အယ်လ်ဘွန် နဲ့ PSG ဘောလုံးအသင်းက ကမ္ဘာကျော် အားကစားသမားတွေကပါ ဒီလှုပ်ရှား ကဟန်ကို လိုက်ကနေကြပါပြီ။
ဒီဖြစ်ရပ်နောက်က အဓိက လူငယ်လေးကတော့ ၁၁ နှစ်အရွယ် ရေးရန် အာခန် ဒီကာ ဆိုသူ ဖြစ်ပါတယ်။ ဒီကာကတော့ ကျော်ကြားသွားတဲ့ သူ့ရဲ့အကဟာ ရုတ်တရက် သူ့စိတ်အာရုံထဲ အလိုလို ပေါ်လာတာလို့ ကလိုက်တဲ့ကကွက်လို့ ဘီဘီစီကို ပြောပါတယ်။
"ဒီအကကို ကိုယ်တိုင် ဖန်တီးခဲ့တာ" လို့ သူက ဘီဘီစီ အင်ဒိုနီးရှားဘာသာစကားဌာနကို ပြောပြီး "ကဟန်က ကြိုလေ့ကျင့်ထားတာမဟုတ်ဘဲ သူ့အလိုလိုကို ဆက်တိုက်ထွက်လာတာ"လို့ ဆိုပါတယ်။
ကွမ်တန် ဆင်ဂင်ဂီ ရီဂျန်စီ ရွာက ပဉ္စမတန်းကျောင်းသားလေးဟာ အမျိုးသား ပါကူဂျာလာ လှေပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"Pacu" ဆိုတာ ပြိုင်ပွဲကို ဆိုလိုပြီး "Jalur" ဆိုတာကတော့ ရှည်လျားတဲ့ လှေတွေနဲ့ ပြေးဆွဲတဲ့ ပြိုင်ပွဲကို ရည်ညွှန်းပါတယ်။
ဒီကာဟာ တိုခတ်ခ် လွမ် လို့ခေါ်တဲ့ (လှေထိပ်က အက ကသူ) အဖြစ် ပါဝင်ခဲ့ပြီး သူ့ရဲ့တာဝန်က လှေသမားတွေကို စွမ်းအားဖြည့်ပေးဖို့ပါ။
လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေတဲ့ ဗီဒီယိုထဲမှာ သူဟာ တာလုဘာလန်ဂါ ရိုးရာအဝတ်အစားနဲ့ မလေး ရီယောင်း ခေါင်းပေါင်းကို ဝတ်ဆင်ထားပြီး လူကြီး ၁၁ ယောက် လှော်ခတ်နေတဲ့ လှေထိပ်ပေါ်မှာ မျက်နှာအမူအရာမပြောင်းဘဲ ဘယ်ညာ လေထဲ အနမ်းလက်ဆောင်ပေးကာ စည်းချက်ညီညီ လက်လှုပ်ရှားမှုတွေ လုပ်ပြခဲ့ပါတယ်။
ကကွက်တစ်ခုမှာ သူဟာ လက်တစ်ဖက်ကို ရင်ဘတ်အမြင့်မှာ ရှေ့ကို ဆန့်ထုတ်ပြီး အခြားလက်ကို အောက်ဘက်ကို လှည့်ပတ်ကာ ဘယ်ကနေ ညာကို ဘီးလှည့်သလို လက်သီးဆုပ်တွေကို လှည့်ပါတယ်။ နောက်တစ်ကွက်မှာတော့ လက်တစ်ဖက်ကို အရှေ့ဘက်ဆီ၊ တခြားလက်ကို နောက်ဘက်ကို ဆန့်ထုတ်ကာ ဟန်ချက်ညီတဲ့ ပုံစံနဲ့ လှုပ်ရှားပြသခဲ့ပါတယ်။
"aura farming kid on boat" နဲ့ "boat race kid aura" ဆိုတဲ့ ဟက်ရှ်တက်ဂ်တွေအောက်က အသံမျိုးစုံနဲ့ ဗီဒီယိုတွေဟာ ဇွန်လကုန်ကတည်းက TikTok မှာ သန်းနဲ့ချီ ကြည့်ရှုမှု ရရှိခဲ့ပါတယ်။ ဒီကာ ကိုလည်း "The Reaper" ဆိုတဲ့ နာမည်ပြောင်တစ်ခု ပေးခံ ထားရပါတယ်။
"သူ့ကို 'The Reaper' လို့ ခေါ်ကြတာက ဘယ်တော့မှ မရှုံးဘူးလို့" ဆိုတဲ့ မှတ်ချက်တစ်ခုက ၁.၁ သန်းလောက် like ရထားတဲ့ ဗီဒီယိုအောက်မှာ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။
" အက ကရင်းနဲ့ ပြိုင်ဘက်လှေတွေကို ဖြတ်ကျော် သူကနေပုံက အရူးအမူး နှစ်လိုဖွယ်ကောင်းလိုက်တာ" လို့ မှတ်ချက်ပေးသူတွေလည်း ရှိပါတယ်။
အွန်လိုင်းသုံးစွဲသူအများအပြားက သူ့ရဲ့အက အလှည့်အပြောင်းတွေကို အတုယူပြီး သူတို့ကိုယ်တိုင် ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ပြန်လုပ်ပြီး ဗီဒီယိုတွေ တင်နေကြပါတယ်။
အားကစားအသင်းတွေကလည်း သတိထားမိလာကြပါပြီ။ ဇူလိုင် ၁ ရက်နေ့မှာ ပြင်သစ်ဘောလုံးအသင်း Paris Saint-Germain က "သူ့ရဲ့ နှစ်လိုဖွယ်ဖြစ်မှုက ပါရီမြို့အထိ ရောက်လာပြီ" ဆိုတဲ့ စာတန်းနဲ့ Pacu Jalur အက ကို လုပ်ပြထားတဲ့ TikTok ဗီဒီယိုတစ်ခုကို တင်ခဲ့ပါတယ်။ ဒီဗီဒီယိုကို ၁၀ ရက်အတွင်း ၇ သန်းကျော် ကြည့်ရှုခဲ့ကြပါတယ်။
နောက်နေ့မှာတော့ အဆိုတော် တေလာဆွဖ်ရဲ့ ရည်းစား NFL ကစားသမား ထရာဗစ်ကီးလန့်စ် က သူ့ကိုယ်ပိုင်ဟန်နဲ့ အက ကပြခဲ့ပြီး အဲဒီဗီဒီယိုကို ၁၄ သန်းကျော် ကြည့်ရှုမှု ရရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DICKY KURNIAWAN/BBC
"လှေဦး အဖျားမှာ ရပ်ပြီး က ရတာ မလွယ်လှပါဘူး'' လို့ အင်ဒိုနီးရှားယဉ်ကျေးမှုဝန်ကြီး Fadli Zon က ဒီကာကို ဂုဏ်ပြုတဲ့အခမ်းအနားမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"Pacu Jalur လှော်ခတ်အသင်းအတွက် စိတ်အားတက်ကြွမှုဖြစ်စေတဲ့ အက သမားတစ်ယောက် လှေထိပ်ကနေ ကကွက်တွေနဲ့ ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့ ဆိုတာ တကယ့်ကို မလွယ်ပါဘူး။ ဒါကြောင့်မို့ လူကြီးတွေထက် ကလေးတွေကို ရွေးချယ်ကြတာဖြစ်နိုင်တယ်၊ သူတို့က ဟန်ချက်ညီအောင် ထိန်းရတာ ပိုလွယ်လို့ပါ" ဆိုပြီး ဒီကာရဲ့မိခင် ရာနီ ရီဒါဝတီ က ဘီဘီစီ အင်ဒိုနီးရှားကို ပြောကြားခဲ့ပြီး သူ့အနေနဲ့ သားဖြစ်သူအတွက် စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
"အဓိကစိုးရိမ်တာက သူ ရေထဲကျသွားမှာကိုပါ။ ဒါပေမဲ့ ကလေးက ရေကူးကျွမ်းကျင်ပါတယ်" လို့ မိခင်ဖြစ်သူက ဘီဘီစီကို ဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။
"တစ်ခါတလေ သူ မတော်တဆကျသွားတာမျိုး ၊ ရုတ်တရက်ကျသွားရင် လှော်တက်နဲ့ ထိခိုက်မိမှာမျိုးတွေကို စိုးရိမ်မိတယ်" လို့လည်း ဆိုပါတယ်။
"ဒါပေမဲ့ သူကျသွားရင်တော့ ကယ်ဆယ်ရေးအဖွဲ့တွေ အဆင်သင့်ရှိပါတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေ စနစ်တကျ စီစဉ်ထားပါတယ်" ဟု သူမက ပြောကြားခဲ့တယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူ့လှုပ်ရှားဟန် အကကို အတုခိုးခဲ့ကြတဲ့ နာမည်ကျော်သူတွေထဲက တစ်ဦးတစ်ယောက်ကိုမှ ဒီကာ မသိပေမဲ့ ထရာဗစ် ကီးလန့်စ်ကိုတော့ သိကြောင်း အရင်က ပြောမိပါတယ်။ နောက်မှ မဟုတ်ကြောင်း အမှန်အတိုင်းဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ကတော့ အထူးသဖြင့် သူ့မွေးရပ်မြေမှာ နာမည်ကြီးလူငယ်တစ်ဦးဖြစ်လာနေပါပြီ။
ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက သူ့ရဲ့မွေးရပ်ဖြစ်တဲ့ Riau ပြည်နယ်မှာ ရှိတဲ့ အုပ်ချုပ်ရေးမှူးက သူ့ကို ယဉ်ကျေးမှုသံတမန်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဒီအပတ်မှာတော့ သူနဲ့သူ့မိခင်ကို မြို့တော် ဂျာကာတာကို ဖိတ်ခေါ်ပြီး ယဉ်ကျေးမှုနဲ့ခရီးသွားလာရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ကာ နိုင်ငံပိုင်ရုပ်မြင်သံကြားမှာပါ ဖျော်ဖြေခွင့်ရခဲ့ပါတယ်။
ကမ္ဘာတစ်ဝန်းက သူ့အကကို သိလာတဲ့အတွက် "ဝမ်းသာမိတယ်" လို့ သူက ပြောပါတယ်။
"ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကိုတွေ့တိုင်း 'မင်းရဲ့ အက က အင်တာနက်ပေါ်မှာ ပျံ့ နေပြီ' ပြောကြတယ်" လို့ ရှက်ရှက်နဲ့ ပြုံးရင်း သူက ပြောပါတယ်။
သူ့ရဲ့အိမ်မက်က ရဲအရာရှိဖြစ်ဖို့ဆိုပေမဲ့ သူ့လို့ဖြစ်ချင်သူတွေအတွက် တစ်ခု အကြံပြုခဲ့ပါတယ်။
'' ကျန်းမာရေးအောင် နေကြပါ မိတ်ဆွေတို့ရေ။ ဒါဆိုရင် ကျွန်တော့်လိုဖြစ်လာနိုင်မယ်" လို့ သူက နှစ်သိမ့်စွာ ပြောကြားခဲ့ပါတယ်။













