မြန်မာစစ်ခေါင်းဆောင်တွေကို အင်ဒိုနီးရှားမှာ တရားစွဲလာနိုင်မလား

အင်ဒိုနီးရှား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှား နိုင်ငံသားတွေ ကျူးလွန်တဲ့ အမှုတွေကို သာမက နိုင်ငံတကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တရားစွဲခွင့် ပေးလာမလား

အင်ဒိုနီးရှား နိုင်ငံထဲမှာ Universal Jurisdiction လို့ ခေါ်တဲ့ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို အသုံးပြုပြီး မြန်မာစစ်တပ်က တာဝန်ရှိသူတွေ အပေါ် တရားစွဲ အရေးယူနိုင်ဖို့ လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်သူတွေ ကြိုးစားနေပါတယ်။

ဂျကာတာမြို့တော်မှာ လူ့အခွင့်အရေးဆိုင်ရာ ခုံရုံး ရှိနှင့်ပြီး ဖြစ်ပေမယ့်၊ အင်ဒိုနီးရှား နိုင်ငံသားတွေ ကျူးလွန်တဲ့ အမှုတွေကိုပဲ တရားစွဲဆိုခွင့် ပေးထားတဲ့ လက်ရှိ ဥပဒေကို ပြင်ဆင် ပြောင်းလဲပေးပါ ဆိုပြီး၊ အခြေခံ ဥပဒေ ခုံရုံးကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံသား လူအများ လေးစားခံရသူတွေရဲ့ စုပေါင်းလျှောက်ထားမှုကို အခြေခံ ဥပဒေ ခုံရုံးကလည်း လက်ခံခဲ့ပြီး၊ နိုင်ငံတကာ ဥပဒေပညာရှင်တွေရဲ့ လာရောက် သက်သေတွေရဲ့ ထွက်ဆိုချက်တွေကို ပြီးခဲ့တဲ့ လတွေမှာ ကြားနာခဲ့ပြီး ဖြစ်ပါတယ်။

သက်သေ ထွက်ဆိုချက် နောက်တစ်ကြိမ် ပြုလုပ်ပြီးရင်တော့ ရုံးတော်ရဲ့ တရားသူကြီး ၉ ဦးက ဥပဒေ ပြင်ဆင်ရေး ပြုလုပ်ပေးမလား ဆိုတာကို အဆုံးအဖြတ် ပေးမှာ ဖြစ်ပါတယ်။

ဒီတော့ ဘယ်လို ရလဒ်မျိုးတွေ ထွက်ပေါ် လာဖွယ်ရှိလဲ၊ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ နိုင်ငံ အင်ဒိုနီးရှား ထဲမှာ အဲဒီလို ဆောင်ရွက် နေတာတွေဟာ မြန်မာ့ အကျပ်အတည်းမှာ အာဆီယံက ကမကထလုပ် ဖြေရှင်းရေး ဆိုတဲ့ လမ်းကြောင်း ရှုပ်ထွေးပြီး၊ အာဆီယံ နိုင်ငံတွေကြား ပိုပြီး အကွဲကွဲ အပြားပြား ဖြစ်လာစေနိုင်လား .... စတာတွေနဲ့ ပတ်သက်ပြီး လျှောက်ထားချက် အပေါ် အင်ဒိုနီးရှား အခြေခံ ဥပဒေခုံရုံးက လက်ခံ ပေးဖို့ရာ အဓိက ဆော်ဩပေးနေတဲ့ ဗြိတိန် အခြေစိုက် မြန်မာ့အရေး တာဝန်ခံမှု ရှိစေရေး MAP အဖွဲ့ကို ဦးဆောင်နေသူ ခရစ္စတိုဖာ ဂန်းနက်စ်နဲ့ ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး တွေ့ဆုံ မေးမြန်းထားပါတယ်။

လူ့အခွင့်အရေးတရားရုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူ့အခွင့်အရေးတရားရုံး ဂျကာတာမြို့တော်မှာ ရှိနှင့်ပြီးဖြစ်

ဘီဘီစီ။ ။ အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် Universal Jurisdiction အခြေခံမူကို အသုံးပြုပြီး တရားစွဲဆို နိုင်ခွင့် ရရှိဖို့ အခြေခံ ဥပဒေ ခုံရုံးကနေ ကြားနာ သုံးသပ်နေတယ်လို့ ကျွန်တော် နားလည်ထားပါတယ်။ ဒါဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘာကို ရည်ရွယ် လုပ်ဆောင်တာမျိုးလဲ ခရစ္စရေ ... ။ အခု ဘယ် အဆင့်ကို ရောက်သွားပြီလို့ ခရစ္စအနေနဲ့ နားလည်ထားပါသလဲ။

ခရစ္စတိုဖာ ဂန်းနက်စ်။ ။ အင်ဒိုနီးရှား အခြေခံဥပဒေ ခုံရုံး အနေနဲ့ ဥပဒေ ဆိုင်ရာ အပြောင်းအလဲ အနှေးနဲ့ အမြန် ပြုလုပ်ပေးလာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ဆိုးဆိုးရွားရွား ကျူးလွန် ချိုးဖောက်မှုတွေကို တရားစွဲဆို အပြစ်ပေးနိုင်တဲ့ တရားရုံး ဂျကာတာမှာ တည်ထောင် ထားရှိနှင့်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ ဥပဒေအရ အင်ဒိုနီးရှား နိုင်ငံသားတွေရဲ့ ကျူးလွန်မှုတွေကိုပဲ ကြားနာ စီရင်နိုင်တာ ဖြစ်တဲ့ အတွက် ... အဲဒီ ဥပဒေကို ပြောင်းလဲ နိုင်အောင် လုပ်ဆောင် နေကြတာပါ။ တကယ်လို့ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် Universal Jurisdiction အခြေခံမူကိုသာ အသုံးပြုခွင့် ရှိလာမယ် ဆိုရင် မြန်မာစစ်တပ်က တာဝန်ရှိသူတွေကိုလည်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ကျူးလွန် ဖောက်ဖျက်မှုတွေ အတွက် ဂျကာတာ ခုံရုံးမှာ တရားစွဲဆို နိုင်မှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဒီလို ဥပဒေဆိုင်ရာ အပြောင်းအလဲ လုပ်ပေးဖို့ ဘယ်သူတွေက တောင်းဆိုတာလဲ ခရစ္စ။ ခရစ္စရဲ့ တာဝန်ခံမှု ရှိစေရေး MAP အဖွဲ့ကလား။ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသူတွေ စုရုံးပြီး တောင်းဆိုခဲ့တာလား။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ခရစ္စတိုဖာ ဂန်းနက်စ်။ ။ အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်းပါ။ အင်ဒိုနီးရှားရဲ့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို လျှောက်ထားသူဟာ ကျွန်တော်တို့ MAP (မက်ပ်) အဖွဲ့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလို လျှောက်ထား တောင်းဆိုမှုနဲ့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက လက်ခံ ကြားနာပြီး သုံးသပ်နေမှုတွေ အပေါ်မှာ ကျွန်တော်တို့ အနေနဲ့ အဘက်ဘက်ကနေ ကြိုဆို ထောက်ခံပြီး အားပေးကူညီနေတာ ဖြစ်ပါတယ်။

လျှောက်ထားသူ အဓိက ၄ ဦး ရှိပြီး သူတို့အားလုံးဟာ အင်ဒိုနီးရှား နိုင်ငံသားတွေ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံတွင်း ဥပဒေဆိုင်ရာ အပြောင်းအလဲ ဖြစ်အောင် အင်ဒိုနီးရှားနိုင်ငံသားတွေ ကိုယ်တိုင် ကြိုးပမ်းနေတာ ဖြစ်တယ် ဆိုတဲ့ အချက် အပေါ် အသေအချာ နားလည် သဘောပေါက်ထားဖို့ အရေးကြီးပါတယ်။

လျှောက်ထားသူ ပထမတစ်ယောက်ကတော့ မာဇူကီ ဒါရွတ်စမန် Marzuki Darusman ဖြစ်ပြီး၊ သူဟာ အင်ဒိုနီးရှားရဲ့ ရှေ့နေ့ချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အင်ဒိုနီးရှား ပြည်သူတွေကြား အင်မတန် လေးစားခံရသူ ဖြစ်သလို၊ ကုလသမဂ္ဂက ဖွဲ့စည်းခဲ့တဲ့ မြန်မာ့ အရေး အချက်အလက် ရှာဖွေရေး မစ်ရှင် အဖွဲ့ကို ဦးဆောင် ခဲ့သူလည်း ဖြစ်ပါတယ်။ လျှောက်ထားမှုထဲ အဓိက ကျောထောက်နောက်ခံပြု ပါဝင်ကြသူတွေကတော့ အင်ဒိုနီးရှားနိုင်ငံထဲက အကြီးဆုံး မွတ်ဆလင် ပရဟိတ အဖွဲ့ကြီး တစ်ခု ဖြစ်တဲ့ မဟာမက်ဒီယာ အဖွဲ့ကြီးကို ဦးဆောင်သူနဲ့ အတူ၊ အင်ဒိုနီးရှား ဌာနေ လူမျိုးစုများ ဆိုင်ရာ အဖွဲ့ကို ဦးဆောင်သူရယ် ... တခါ၊ အင်ဒိုနီးရှား စာနယ်ဇင်းသမားများ ညွန့်ပေါင်း အဖွဲ့ကို ဦးဆောင်သူတို့ စုပေါင်း ပါဝင်ပါတယ်။ အဲဒီ အဖွဲ့အစည်းတိုင်းဟာ အင်ဒိုနီးရှား နိုင်ငံမှာ လူအများလေးစားကြတဲ့ ဂုဏ်သိက္ခာရှိ အဖွဲ့အစည်းတွေ ဖြစ်ပြီး၊ အာဏာပိုင်တွေကလည်း သူတို့ရဲ့ အသံတွေကို အလေးထား နားထောင်ကြပါတယ်။

ခရစ္စဂန်းနက်စ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တာဝန်ခံမှု ရှိစေရေး မြန်မာပရောဂျက် MAP ကို ဦးဆောင်လှုပ်ရှားနေသူ ခရစ္စဂန်းနက်စ်

ဒီလို ဩဇာတိက္ကမကြီးတဲ့ သူတွေ၊ အများပြည်သူ လေးစားကြသူတွေ စုပေါင်းပြီး တောင်းဆို လျှောက်ထားတာ ဖြစ်တဲ့ အတွက်၊ အခြေခံ ဥပဒေ ခုံရုံးကလည်း အလေးထားပြီး စဥ်းစား သုံးသပ်နေပါတယ်။ အားရ ကျေနပ်ဖွယ် ကောင်းတဲ့ ကြားနာမှုတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ၅ ကြိမ် မြောက် ကြားနာမှု မကြာခင် ပြုလုပ်လာဖို့ ရှိပါတယ်။

ရုံးတော် ရှေ့မှောက် လာရောက် ထွက်ဆိုခဲ့ကြတဲ့ expert witness လို့ ခေါ်တဲ့ သက်ဆိုင်ရာ ဥပဒေနယ်ပယ် အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေကလည်း နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် Universal Jurisdiction အခြေခံမူ ဆိုတာ အာဆီယံ ဒေသတွင်း နိုင်ငံတွေကြားမှာ သွေးကွဲမှုတွေ ဖြစ်ပေါ် စေမှာ မဟုတ်ဘဲ၊ ဘယ်လို အခြေခံ စံတန်ဖိုးတွေကို အားလုံး အတူတကွ မျှဝေ ကိုင်စွဲသင့်သလဲ ဆိုတာကို ခိုင်မာ သေချာ စေမှာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ပါတယ်။ ကုလသမဂ္ဂ မျက်နှာစာမှာ ဆိုလည်း လက်ရှိ အာဆီယံ ၁၀ နိုင်ငံထဲက ၈ နိုင်ငံဟာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် အခြေခံမူ အပေါ် အားပေး ထောက်ခံကြောင်း သဘောထားတွေ ပြသခဲ့ကြပြီး ဖြစ်ပါတယ်။

ဘီဘီစီ။ ။ အင်ဒိုနီးရှား အခြေခံ ဥပဒေ ခုံရုံးက သမိုင်းဝင် ဆုံးဖြတ်ချက် ထွက်လာလု ဆဲဆဲ အခြေအနေ ဖြစ်တယ် ဆိုပြီး ခရစ္စ ပြောဆိုထားတာ တွေ့ရပါတယ်။ ဘာ့ကြောင့် အဲဒီလို ပြောနိုင်ရတာလဲ။ ဆုံးဖြတ်ချက် မကြာခင် ချမှတ်မယ်ဆိုတာကို သိသာ စေတဲ့ အချင်းရာတွေ ရှိနေလို့လား။

ခရစ္စတိုဖာ ဂန်းနက်စ်။ ။ လက်ရှိ စီစဥ် ထားတာတွေ အရ ကြားနာမှု နောက်တစ်ကြိမ် ထပ်ပြီး လုပ်ဆောင်ဖို့ ရှိနေပါတယ်။ အခြေခံ ဥပဒေ ခုံရုံး ရှေ့မှောက် ကျွမ်းကျင်သူ သက်သေ တစ်ဦး လာရောက် ထွက်ဆိုဦးမှာ ဖြစ်ပါတယ်။

အခြေခံ ဥပဒေ ခုံရုံးကို တင်ပြီး ဆုံးဖြတ်တဲ့ အကြောင်းခြင်းရာ ကိစ္စတွေဟာ ပုံမှန် အားဖြင့် အချိန်ယူလေ့ ရှိပါတယ်။ ဆုံးဖြတ်ချက် မြန်မြန်ဆန်ဆန် ထွက်မလာတတ်ပါဘူး။ ကျွမ်းကျင်သူ သက်သေ အားလုံး ထွက်ဆိုပြီးသွားတဲ့ အခါ၊ အားလုံးကို အနှစ်ချုပ်ထားတဲ့ အချောသပ် လျှောက်ထားလွှာ တင်သွင်းရမှာ ဖြစ်ပြီး၊ အခြေခံ ဥပဒေ ခုံရုံးရဲ့ တရားသူကြီး ၉ ဦးကြား တိုင်ပင်နှီးနှော သုံးသပ်ပြီး ဆုံးဖြတ် ပေးမှာ ဖြစ်ပါတယ်။

ဥပဒေ ဘီးရဟတ် လည်ပတ်ဖို့ နှေးကွေးတယ်လို့ ဆိုရမှာ ဖြစ်ပေမယ့်၊ တကယ်တမ်း ပြောင်းလဲအောင် လုပ်နိုင်ခဲ့ပြီ ဆိုရင် စောင့်ဆိုင်းရကျိုး နပ်မှာကတော့ အသေအချာပါပဲ။ မြန်မာနိုင်ငံထဲ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အတွက် တရားမျှတမှု ရှာဖွေရေးမှာ အင်မတန် အထောက်အကူ ပြုလာမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အခြေခံ ဥပဒေ ခုံရုံးဟာ ဒီလို သမိုင်းဝင် ဆုံးဖြတ်ချက် ချနိုင်ဖို့ လက်တကမ်း အလို အခြေအနေမှာ ရှိနေပြီ ဖြစ်တဲ့ အတွက်၊ လျှောက်ထားမှု အပေါ် လက်ခံ အတည်ပြု ပေးဖို့ ကျွန်တော်တို့ MAP မက်ပ် အဖွဲ့ အနေနဲ့လည်း တိုက်တွန်း ဆော်ဩနေတာ ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတဲ့ အချက် တစ်ခုကို ပြောရရင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကပဲ အင်ဒိုနီးရှား အောက်လွှတ်တော်ထဲမှာ Penal code လို့ ခေါ်တဲ့ ရာဇဝတ်မှု ဆိုင်ရာ ဥပဒေ သစ်တစ်ရပ် ကို တခဲနက် အတည်ပြု ပြဌာန်းခဲ့ပါတယ်။ အငြင်းပွားဖွယ်ရာ ရှုထောင့် တချို့ ရှိနေပေမယ့်၊ ကြိုဆို ထောက်ခံသင့်တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ အဲဒီ ဥပဒေဟာ နိုင်ငံတကာ တရားစီရင် ပိုင်ခွင့်ကို ခွင့်ပြုတဲ့ ဥပဒေ ဖြစ်လို့ပါ။ ဒီတော့ အခြေခံ ဥပဒေ ခုံရုံးကလည်း အလားတူ ရပ်တည်မှုမျိုး ရှိလာဖို့ ပိုပြီး တွန်းအား ဖြစ်စေပါတယ်။ ဒွိဟများ ကွဲလွဲနိုင်ခြေ နည်းသွားပါတယ်။

မာဇူကီ ဒါရွတ်စမန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဥပဒေပြောင်းပေးဖို့ ဦးဆောင် လျှောက်ထားသူ အင်ဒို ရှေ့နေချုပ်ဟောင်း မာဇူကီ ဒါရွတ်စမန်

ဘီဘီစီ။ ။ ခရစ္စရေ ... အင်ဒိုနီးရှားဟာ လက်ရှိ အာဆီယံ ဥက္ကဋ္ဌဖြစ်နေတယ် ဆိုတဲ့ အချက်ကို မူတည်ပြီး ကြည့်ရင် ... မြန်မာ့ အကျပ်အတည်း ပြေလည်ဖို့၊ မြန်မာနိုင်ငံထဲက အကြမ်းဖက် ဖြစ်ရပ်တွေ အဆုံးသတ်ပြီး စစ်အာဏာပိုင်တွေ အနေနဲ့ အာဆီယံ သဘောတူမှု ၅ ချက်ကို လေးစားလိုက်နာဖို့ အာဆီယံက ကမကထလုပ် ကြိုးစားနေတာတွေဟာ အခုလို အပြစ်ပေး အရေးယူရေး လမ်းကြောင်းနဲ့ ကွဲလွဲ မနေဘူးလား။ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် ကျင့်သုံးပြီး မြန်မာ စစ်တပ်က တာဝန်ရှိသူတွေကို အရေးယူဖို့ ဆိုတာဟာ အာဆီယံ ကြားဝင် ဖြေရှင်းရေး လမ်းကြောင်း အပေါ် ထိခိုက် ပျက်စီးပြီး အာဆီယံ နိုင်ငံတွေကြား အကွဲကွဲအပြားပြား ဖြစ်မှာကို မစိုးရိမ်ရဘူးလား။

ခရစ္စတိုဖာ ဂန်းနက်စ်။ ။ တစ်ရာ ရာခိုင်နှုန်း စိုးရိမ်ဖွယ်ရာ မရှိဘူးလို့ ပြောချင်ပါတယ်။ အင်ဒိုနီးရှား အခြေခံ ဥပဒေ ခုံရုံး ရှေ့မှောက် လာရောက် ထွက်ဆိုခဲ့ကြတဲ့ နိုင်ငံတကာ ဥပဒေ ပညာရှင်တွေကလည်း ဒီအချက်ပေါ် ရှင်းလင်းအောင် သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ တကွ တင်ပြ ခဲ့ကြပါတယ်။ အမေရိကန်က ပညာရှင် ပရော်ဖက်ဆာ မက်ဆီမို လဲန်ဂါ Máximo Langer ရဲ့ ထွက်ဆို ချက်ကို ကိုးကားပြီး ပြောရမယ် ဆိုရင်၊ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ရာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် ကျင့်သုံးတာဟာ တိုင်းပြည်နိုင်ငံတွေကြား သွေးကွဲမှု မဖြစ်စေပဲ ပိုလို့တောင် စည်းလုံး ညီညွတ်စေတယ်လို့ ပြောသွားပါတယ်။

အဓိက ကိုးကားဖွယ်ရာ သမိုင်းဝင် အမှု ကိစ္စတွေကိုလည်း သူက ဥပမာ ပေးခဲ့ပါတယ်။ နံပါတစ်ကတော့ ... နာဇီတွေ အပေါ် တရားစွဲတဲ့ အမှုတွေနဲ့ ... နံပါတ်နှစ် ယူဂိုဆလဗ် ၊ နံပါတ်သုံး ရဝမ်ဒါ အရေး ကိစ္စတွေ ဖြစ်ပါတယ်။ အဲဒီ ဖြစ်ရပ်အားလုံး အမှုကိစ္စ အားလုံးဟာ နိုင်ငံတကာရဲ့ သ ဘောတူ ထောက်ခံမှု အပြည့်နဲ့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

မြန်မာ့အရေး အာဆီယံရဲ့ ရပ်တည်မှု သဘောထားကို ကြည့်ရင်လည်း ... မစွက်ဖက်ရေးမူ ဆိုတာထက် ကျော်လွန်ပြီး မြန်မာအရေးမှာ စစ်တပ်က တာဝန်ရှိသူတွေ အပေါ် ပစ်မှတ်ထား ဖိအားပေး ကိုင်တွယ်လာတာ တွေ့ရပါတယ်။ ဥပဒေကြောင်း အရ ပြောမယ် ဆိုရင်လည်း အင်ဒိုနီးရှားထဲက ရုံးတော်တွေဟာ သီးခြား လွတ်လပ်တဲ့ တရားရုံးတော်တွေ ဖြစ်ပြီး၊ အစိုးရရဲ့ ဩဇာခံ မဟုတ်သလို၊ နိုင်ငံရေး အရှုံးအမြတ်နဲ့ တွက်ခြေကိုက်မှုတွေ အပေါ် မူတည်နေတာ မဟုတ်ပါဘူး။

ဒီတော့ အင်ဒိုနီးရှား အခြေခံ ဥပဒေ ခုံရုံးက ပြုမူနေတာတွေဟာ အာဆီယံ နိုင်ငံတွေကြား ဆက်ဆံရေးတွေ ဘယ်လို ရှိလာမလဲ ဆိုတဲ့ အပေါ် အခြေမခံပါဘူး။ လွတ်လပ်တဲ့ ဥပဒေကြောင်း ကိစ္စ ဖြစ်ပါတယ်။ အာဆီယံ နိုင်ငံတွေ အနေနဲ့လည်း အာဆီယံရဲ့ အခြေခံမူထဲမှာကို rule of law ဆိုတဲ့ ဥပဒေ စိုးမိုးရေး ဆိုတာ ပါဝင်ပါတယ်။ ဥပဒေစိုးမိုးဖို့ ဆိုတာ တာဝန်ခံမှု ရှိစေရေး accountabality က အရေးကြီးဆုံး ဖြစ်ပါတယ်။

တကယ်လို့ အင်ဒိုနီးရှား အခြေခံ ဥပဒေခုံရုံးက အတည်ပြုလိုက်လို့ Universal Jurisdiction ကို အသုံးပြုပြီး မြန်မာစစ်တပ်က တာဝန်ရှိသူတွေ အပေါ် တရားစွဲဆို နိုင်ပြီ ဆိုရင်လည်း ပြင်ဆင်ထားရှိတဲ့ အမှု ကိစ္စတွေဟာ ယေဘူယျ သဘော ဆန်တဲ့ အမှု မျိုးတွေ မဟုတ်ဘဲ၊ အတိတကျ ဖြစ်ရပ်တွေ၊ အချက်အလက်တွေနဲ့ ဘယ်သူတွေမှာ တာဝန် ရှိသလဲ ဆိုတာတွေကိုပါ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီ အပေါ် နာမည်တပ်ပြီး အပြစ်ပေး အရေးယူနိုင်ဖို့ ဦးတည်ထားတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က တရားမဝင် အာဏာရယူဖို့ ကြိုးစားခဲ့မှု မတိုင်ခင် ကျူးလွန်ခဲ့တာတွေရော၊ အဲဒီနောက်ပိုင်း ကျူးလွန်ခဲ့တာတွေရော အချိန်ကာလ ၂ ခုလုံး အတွက် တိကျတဲ့ အမှုကိစ္စတွေကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ တည်ဆောက် ထားနှင့်ပြီး ဖြစ်ပါတယ်။

ဘီဘီစီ။ ။ ခရစ္စရေ ကျွန်တော် နိဂုံးချုပ်မေးချင်တာကတော့ အခုလို မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရာစီရင်ပိုင်ခွင့်ကို အသုံးပြုပြီး တရားစွဲဆိုထားတဲ့ အမှုကိစ္စတွေဟာ အာဂျင်တီးနား အပါအဝင် နိုင်ငံတချို့မှာ ရှိနှင့်ပြီး ဖြစ်သလို၊ ကြိုးစားနေဆဲ နေရာတွေလည်း ရှိပါတယ်။ ဒါတွေဟာ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ လိုအပ်တယ် ဆိုတဲ့ အချက် အပေါ် သင်္ကေတဆောင်ထားတဲ့ အပြုအမူ မျိုးလား ခရစ္စရေ ...။ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို အသုံးပြုပြီး မြန်မာ စစ်တပ်က တာဝန်ရှိသူတွေကို ဥပဒေရှေ့မှောက် တကယ်တမ်း အရောက်ပို့နိုင်မယ်လို့ ခရစ္စအနေနဲ့ ယုံကြည်မှု အပြည့်အဝ ရှိရဲ့လား။

ခရစ္စတိုဖာ ဂန်းနက်စ်။ ။ ဒါဟာ သင်္ကေတဆောင် လုပ်ဆောင်ချက် သက်သက်တွေ လုံးဝ မဟုတ်ပါဘူး။ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို အသုံးခဲ့တဲ့ သမိုင်းဝင် အမှုကိစ္စတွေကို ပြန်ကြည့်ပါ ... နာဇီ တစ်ယောက် ဖြစ်တဲ့ အိုက်ခမန်းကို အစ္စရေး နိုင်ငံထဲမှာ တရားရုံး တင်နိုင်ခဲ့ပါတယ်။ အနီးကပ်ဆုံး သမိုင်းမှာ ဆိုရင်လည်း ဆီးရီးယား အာဆတ် အစိုးရ ယန္တရားထဲက အများပြည်သူတွေ အပေါ် နှိပ်စက် ညှဥ်းပန်း ခဲ့သူတွေကိုလည်း ဂျာမနီနိုင်ငံထဲမှာ ရုံးတင်နိုင်ခဲ့ပါတယ်။ အလားတူပါပဲ အီရန်ထဲက သူတချို့ကိုလည်း ဆွီဒင် နိုင်ငံထဲမှာ ရုံးတင် ခဲ့ပါတယ်။ ဒီတော့ မြန်မာ စစ်တပ်က တာဝန်ရှိသူတွေ အပေါ်မှာလည်း နိုင်ငံတကာ ဖမ်းဝရမ်းတွေ ၊ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုရဲ့ အနီရောင် အဆင့် အလိုရှိကြောင်း ကြေညာချက်တွေ တကယ်တမ်း ထွက်လာအောင် ပြုလုပ်နိုင်ဖို့ အခွင့်အလမ်းတွေ လက်တွေ့ ရှိနေပါတယ်။

အခု လျှောက်ထားမှု အောင်မြင်လို့ ဂျကာတာ လူ့အခွင့်အရေး ခုံရုံးမှာ မြန်မာ စစ်တပ်ကသူတွေကို တရားစွဲဆို အမှုဖွင့်နိုင်ပြီ ဆိုရင် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး အခြေစိုက်တဲ့ ဂျကာတာ ဆိုတာ မြန်မာ စစ်တပ်က သူတွေ၊ သူတို့ရဲ့ အတွင်းစည်းထဲက သူတွေ အမြဲပဲ အဝင်အထွက် လုပ်နေတဲ့ နေရာဖြစ်ပါတယ်။

သူတို့ကို လက်ရဖမ်းဆီးပြီး ရုံးတင် စစ်ဆေးနိုင်ဖို့ ဦးတည် လုပ်ဆောင် နေကြတာဟာ သင်္ကေတဆောင် လုပ်ဆောင်ချက် သဘော လုံးလုံး မဟုတ်ဘဲ၊ ဥပဒေကြောင်း အရ လက်တွေ့ ဆောင်ရွက်နေတာ ဖြစ်ပြီး၊ တကယ့်လက်တွေ့ ကမ္ဘာကြီးထဲမှာ ဥပဒေတစ်ရပ်ကို လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးနိုင်အောင် လက်တွေ့ လုပ်ဆောင် နေတာပဲ ဖြစ်ပါတယ်။