အင်ဒိုနီးရှားအမျိုးသမီးကို စပါးကြီးမြွေမျို

စပါးကြီးမြွေအမျိုးအစားတွေဟာ သာမန်အားဖြင့် ကြွက်နဲ့တိရစ္ဆာန်တွေကိုသာ စားလေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

အင်ဒိုနီးရှားနိုင်ငံ ဂျမ်ဘီနယ်က ဂျရားဆိုသူအမျိုးသမီးတယောက်ရဲ့ အလောင်းကို စပါးကြီးမြွေတကောင်ရဲ့ ဝမ်းဗိုက်ထဲမှာ တွေ့ရှိခဲ့ရပါတယ်။

အသက် ၅၀ ကျော်အရွယ် ရာဘာခြစ်တဲ့အမျိုးသမီး ဂျရားဟာ တနင်္ဂနွေ မနက်စောစောမှာ ရာဘာခြံကိုသွားရင်း ပျောက်ဆုံးခဲ့ပါတယ်။

ညအချိန်သူပြန်မလာတော့မှ ပျောက်ဆုံးနေတာကိုသိရပြီး ရှာဖွေခဲ့ကြပါတယ်။ တရက်ကြာအောင် ရှာဖွေပြီးနောက်မှာတော့ ရွာသားတွေဟာ ဗိုက်ကြီးဖောင်းနေတဲ့ စပါးကြီးမြွေကြီးတကောင်ကို တွေ့ခဲ့ကြပါတယ်။

ရွာသားတွေဟာ စပါးကြီးမြွေကိုသတ်ပြီး ဝမ်းဗိုက်ကိုခွဲလိုက်တော့ အထဲမှာ ဂျရားရဲ့အလောင်းကို အလုံးအထည်မပျက်မစီးဘဲ တွေ့ခဲ့ရပါတယ်။

“ပျောက်ဆုံးနေတဲ့အမျိုးသမီးကို မြွေရဲ့ကိုယ်ထဲမှာ တွေ့ခဲ့ရတယ်” လို့ဘာထရာဂျမ်ဘီ ရဲမှူး မစ္စတာဟာရီဖာက ဒေသတွင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုပါတယ်။ သူ့ရဲ့ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေဟာ မပျက်မစီးအကောင်းအတိုင်းတွေ့ခဲ့ရတယ်လို့လည်း သူကဆိုပါတယ်။

 တနင်္ဂနွေညမှာ သူ့ခင်ပွန်းသည်ဟာ ဂျရားရဲ့ အဝတ်အစားနဲ့ ရာဘာခြစ်တဲ့အသုံးအဆောင်တချို့ကို လမ်းမှာတွေ့ရလို့ ရွာပြန်လူစုပြီး ရှာဖွေခဲ့ကြတာဖြစ်ပါတယ်။ တနင်္လာနေ့မနက်ခင်းမှာတော့ အနည်းဆုံး ၁၆ ပေရှည်လျားတဲ့ စပါးကြီးမြွေကြီးကို ရွာသားတွေက တွေ့ပြီး ဖမ်းဆီးခဲ့ပါတယ်။ မြွေကိုသတ်၊ ဝမ်းဗိုက်ခွဲကြည့်လိုက်တဲ့အခါ အထဲမှာရှိနေတာဟာ ဂျရားဖြစ်နေတာကို သိခဲ့ကြရပါတယ်။

ဝမ်းဗိုက်ကိုခွဲကြည့်လိုက်တော့ ဂျရားကို အထဲမှာတွေ့ရတာပါပဲဗျာ လို့ရဲမှူးမစ္စတာဟာရီဖာက အင်ဒိုနီးရှားစီအန်အန်သတင်းဌာနကိုဖြေကြားပါတယ်။

သာမန်အချိန်မှာလူကိုရှောင်ရှားလေ့ရှိပေမဲ့ ဆာလောင်ချိန်မှာ လူလို၊ ဝက်လို၊ နွားလိုအကောင်ကြီးတွေကိုပါမျိုနိုင်စွမ်းရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

စပါးကြီးမြွေက လူကိုမျိုတာဟာ ကြုံရခဲတဲ့အဖြစ်အပျက်မျိုးပါ။ ဒါပေမဲ့ဒါဟာ အင်ဒိုနီးရှားမှာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်မှာ တကြိမ်၊ ၂၀၁၈ ခုနှစ်မှာ တကြိမ် အလားတူ သေဆုံးမှုမျိုးရှိခဲ့ဖူးပါတယ်။

 စပါးကြီးမြွေမျိုးဟာ သူတို့ရဲ့သားကောင်ကို အကောင်လိုက်မျိုတတ်ပါတယ်။ သူတို့ရဲ့မေးရိုးဟာ ချိတ်ဆက်ထားတာမို့ ဖြုတ်လိုက်ရင် ပါးစပ်ကို အကျယ်ကြီး ဟ ထုတ်နိုင်ပါတယ်။

စပါးကြီးမြွေများဟာ အစဉ်အလာအားဖြင့် ကြွက်နဲ့ တခြားတိရစ္ဆာန်တွေကို ဖမ်းဆီးစားသောက်လေ့ရှိတယ်လို့ မြွေကျွမ်းကျင်သူပညာရှင်တယောက်က ဘီဘီစီကို ပြောပါတယ်။

 ဒါပေမဲ့ သူတို့ရဲ့ ကယ်လိုရီလိုအပ်ချက်ဟာ ကြွက်တွေနဲ့ မလုံလောက်တော့တဲ့အခါ သူတို့ဟာ အကောင်ကြီးကြီးကို ရှာပြီးမျိုတတ်ပါတယ်။ သူတို့ပါးစပ်ပေါက်နဲ့ဆန့်တဲ့အကောင်မှန်သမျှကို သူတို့ဟာမျိုနိုင်ပါတယ် လို့ စင်္ကာပူသားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက မြွေကျွမ်းကျင်သူပညာရှင် မေရီရုသ်လိုးက ဆိုပါတယ်။

 ဒါ့ကြောင့် စပါးကြီးမြွေများဟာ ဝက်တွေလို အကောင်တွေသာမက ဒီ့ထက်ပိုကြီးတဲ့ နွားလိုအကောင်မျိုးကိုတောင်မှ မျိုနိုင်စွမ်းရှိပါတယ်။