ဟားမတ်စ်တို့နည်းနဲ့ မြောက်ကိုရီးယားက တိုက်ခိုက်လာမှာကို တောင်ကိုရီးယား စိုးရိမ်
ဂျဲန်း မက်ကင်းဇီး
ဘီဘီစီ သတင်းထောက် ၊ဆိုးလ်

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်ကို တနင်္ဂနွေနေ့က သူ့အိမ်မှာ ညစာနဲ့ ဧည့်ခံရင်း တောင်ကိုရီးယား သမ္မတ ယွန်စုခ်ယိုးက မြောက်ကိုရီးယား ဘက်ကနေ "ဟားမတ်စ်လို့ လုပ်ခဲ့တဲ့ နည်းဗျူဟာမျိုး" နဲ့ ရုတ်တရက်တိုက်ခိုက်တာ အပါ အဝင် တိုက်ခိုက်မှု ဘယ်လို ပုံစံမျိုးကိုမဆို သတိထားသင့်ကြပြီလို့ မစ္စတာ အော်စတင်ကို ပြောလိုက်ပါတယ်။
ဟားမတ်စ်တို့ အောက်တိုဘာလ ၇ ရက်နေ့က နယ်စပ်ဖြတ်ကျော်ပြီး ရက်စက်တဲ့ တိုက်ခိုက်မှု လုပ်ပြီးကတည်းက တောင်ကိုရီးယား နိုင်ငံရေး သမားတွေနဲ့ ကာကွယ်ရေး အကြီးအကဲတွေဟာ အလားတူမျိုး မြောက်ကိုရီးယားကနေ သူတို့ တောင်ကိုရီးယားကို လုပ်လာနိုင်သလား လို့ နှိုင်းယှဉ် စဉ်းစားနေကြပါတယ်။
မြောက်ကိုရီးယားက တောင်ကိုရီးယားကို စစ်ပြုလာရင် "ဟားမတ်စ်တို့ ကျူးကျော်ခဲ့ပုံနဲ့ အလားတူတဲ့ နည်းတွေ သုံးနိုင်တယ်" ဆိုတဲ့ အထောက် အထားတွေ တွေ့ရတယ်လို့ တောင်ကိုရီးယားရဲ့ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌက အရင်လအတွင်းမှာ ပြောခဲ့ပါတယ်။
ဒါပေမဲ့ တကယ်တမ်းမှာ ဒီလို ပုံစံတူမျိုးနဲ့ တောင်ကိုရီးယားက တိုက်ခိုက်ခံရမယ့် အန္တရာယ်က ဘယ်လောက်ရှိနေပါလဲ။ ဒါမှမဟုတ် အဲဒီ ပဋိပက္ခကို ညွှန်းဆိုပြပြီး မြောက်ကိုရီးယားကို ပိုတင်းတင်းမာမာ ဆက်ဆံနိုင်ရေးနဲ့ လုံခြုံရေးတွေကို ပိုတိုးမြှင့်နိုင်ရေးတို့အတွက် တောင်ကိုရီးယားအစိုးရက လုပ်နေတာလား။
ဟားမတ်စ်တို့ အစ္စရေးကို တိုက်ခိုက်တုန်းက ရော့ကက်မစ်ဇိုင်းတွေ အစ္စရေး ထဲကို ပစ်ထည့်ပြီး တချိန်တည်းမှာပဲ သူ့ရဲ့ ပြောက်ကျား တိုက်ခိုက်ရေး သမားတွေက ဝင်တိုက်ခဲ့ကြပါတယ်။ ဒါက ပေါင်းစပ်ထားတဲ့ စစ်ရေးဗျူဟာလည်း ဖြစ်ပါတယ်။ ဒါမျိုးကို မြောက်ကိုရီးယားက ဟိုးအရင်ကတည်းက ကျွမ်းကျင်ထားပြီးဖြစ်တယ်။ ဆိုးလ်ကို တိုက်ရင် ဒီပေါင်းစပ်နည်းကို ပဲသုံးမှာပဲ၊ ဆိုးလ်ဘက်က ခံရနိုင်တယ်လို့ ၂၁ ရာစု စစ်ရေး လေ့လာရေး အင်စတီကျုက သုတေသီ ရူဆန်းယွတ်က ပြောပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ မနက်အစောပိုင်းမှာပဲ ဟားမတ်စ်က အစ္စရေးထဲကို ရော့ကက် မစ်ဇိုင်း ၅,၀၀၀ ကျော်ပစ်ထည့်ခဲပြီး ပြုံယမ်းရဲ့ အမြောက်တွေက တနာရီကို အမြောက်ကျည် ၁၆,၀၀၀ ပစ်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒီလို ခြိမ်းခြောက်မှုမျိုးကို ရင်ဆိုင်ဖို့အတွက် အစ္စရေးရဲ့ သံမဏိ အမိုးခုံး ဒုံးခွင်းဒုံးစနစ်လို မစ်ဇိုင်း ကာကွယ်ရေးစနစ် တခုကို တောင်ကိုရီးယားက တည်ဆောက်နေပါတယ်။
နောက်ပြီး ဟားမတ်စ်တို့ ဂါဇာမှာ လုပ်နေပုံမျိုး မြောက်ကိုရီးယားဟာလည်း မြေအောက်မှာ ဥမင် ကွန်ရက်ဖောက်မယ်။ စစ်မဲ့ဇုန်ထဲ အထိ တချို့ ဥမင်ပိုင်းတွေက ရောက်လာမယ်။ အဲဒီမှာ လက်နက်ခဲယမ်းတွေကို သိုလှောင် စုဆောင်းထားပြီး တောင်ကိုရီးယားကို ကျူးကျော်မယ် စသဖြင့်လည်း လုပ်နေနိုင် ပါတယ်။
မြောက်ကိုရီးယားက ခြိမ်းခြောက်မှုက တကယ်ဖြစ်လာနိုင်လား
မြောက်ကိုရီးယားက ခြိမ်းခြောက်မှုတွေဆိုတာက တောင်ကိုရီးယားမှာ ဆယ်စုနှစ် ပေါင်း များစွာ ကြုံနေရတာပါ၊ တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံအကြား မှာလည်း လက်ရှိမှာ တင်းမာမှုတွေက အထူးမြင့်တက်နေပါတယ်။
ဒါပေမဲ့ အနီးစပ်ဆုံး ကြီးကြီးမားမားဖြစ်ခဲ့တာက လွန်ခဲ့တဲ့ ၁၃ နှစ်ကပါ၊ မြောက်ကိုရီးယား စစ်သားတွေက တောင်ကိုရီးယားပိုင် ကျွန်းတကျွန်းပေါ် အမြောက်တွေနဲ့ ပစ်ပြီး တိုက်ခိုက်လို့ တောင်ကိုရီးယား မရိန်း တပ်သား၂ ယောက်နဲ့ အရပ်သား ၂ ယောက် သေကြေ ခဲ့ရပါတယ်။
အဲဒီအဖြစ် ဖြစ်ပြီးနောက်ပိုင်း မြောက်ကိုရီးယားရဲ့ ဗျူဟာက ပြောင်းသွားနိုင်ပြီး သူတို့အနေနဲ့ နယ်စပ်ကို ကျူးကျော်မှာမဟုတ်ဘဲ မြို့တော် ဆိုးလ်ကို ဖျက်ဆီးမှာလို့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ANADOLU AGENCY
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"ဟားမတ်စ်တို့က တာတိုပစ် ရော့ကက်တွေသာ မှီခိုနေရပေမယ့် မြောက်ကိုရီးယား ကတော့ ပိုလည်းဝေးဝေးပစ်နိုင်သလို ပစ်ခတ်မယ့် အမြောက်တွေကလည်း ပိုပြီး မျိုးစုံအောင် ရှိတယ်။ ဖျက်ဆီးနိုင်အားလည်း ဟားမတ်စ်တို့ထက် အများကြီး ပိုသာပါတယ်" လို့ ကိုရီးယား အမျိုးသား ပေါင်းစည်းရေး အင်စတီကျုမှာ မြောက်ကို ရီးယား ဆိုင်ရာ သုတေသနဌာန ဒါရိုက်တာ ဟွန်မင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ပြုံယမ်းဟာ သူ့ရဲ့ နျူကလီးယား လက်နက်တွေကို ပိုတိုးတက်အောင်နဲ့ ပိုပြီး အရေအတွက်များလာအောင် အာရုံစိုက်ခဲ့ပြီး နျူကလီးယား ထိပ်ဖူးတပ် တာတိုပစ် ဒုံးကျည်တွေ ထုတ်လုပ်နိုင်ပြီလို့ ကြေညာထားပါတယ်။
တောင်ကိုရီးယား အစိုးရ ကာကွယ်ရေး အကြံပေးဟောင်း ချိုဆွန်ရူက ဒါဟာ မြောက်ကိုရီးယားအနေနဲ့ ဟားမတ်စ်တို့ နည်းဗျူဟာမျိုးကို လိုက်လုပ်စရာ အကြောင်းမရှိဘူးဆိုတာကို ပြနေတာပဲ လို့ ဆိုပါတယ်။
"မြောက်ကိုရီးယားက အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံပါ။ သူ့မှာ ကိုယ်ပိုင် စစ်တပ်ရှိတယ်။ နျူကလီးယား လက်နက်တွေရှိပါတယ်။"
ခွန်းနန်တက္ကသိုလ်မှာ အခု စစ်ရေး လေ့လာရေး ပါမောက္ခတယောက် ဖြစ်နေတဲ့ မစ္စတာ ချိုက မြောက်ကိုရီးယားဟာ သူတို့ဘာသာသူ လွတ်လပ်တဲ့ နိုင်ငံတခုကို ရထားပြီဖြစ်တဲ့အတွက် "စစ်ပြုဖို့အတွက် မက်စရာ ဘာမက်လုံးမှ မရှိဘူး" လို့လည်း ဖြည့်ပြောပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားကို တိုက်ခိုက်မှု တခုခု လုပ်လာရင် ဒါဟာ ကင် အစိုးရရဲ့ ချုပ်ငြိမ်းခန်းပဲလို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ထပ်ခါ ထပ်ခါ ပြောထား သလို ကင်ဂျုံအန်းရဲ့ ထိပ်ဆုံး ဦးစားပေးကလည်း သူ့ အစိုးရ ရှင်သန်နိုင်ရေးပဲ ဖြစ် ပါတယ်။
သို့ပေမဲ့လည်း အစ္စရေး အခုလိုအတိုက်ခိုက်ခံရမှုကြောင့် သူတို့နယ်စပ်တွေက လုံခြုံမှု ရှိသင့်သလောက် ရှိရဲ့လား ဆိုတာကို တောင်ကိုရီးယား အစိုးရဆီကို သူ့ပြည်သူတွေက အမေးထုတ်လာကြပါတယ်။ ဒီအစိုးရဟာ စစ်ရေးအားကောင်း အောင် တည်ဆောက်တာ၊ ဆွေးနွေးညှိနှိုင်းတဲ့နည်းထက် ပြန်လည်တုံ့ပြန် ဆောင်ရွက်ဖို့ကို ပိုအားပေးတဲ့ လိုင်းမာကိုသာ ပိုဦးစားပေးပါတယ်။
နယ်စပ်ဖြတ်ကျော်ပြီး တိုက်ခိုက်တာမျိုးတွေကို ကာကွယ်ဖို့ အရင်အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ တောင်နဲ့ မြောက်အစိုးရ ၂ ရပ် အကြား လက်မှတ်ထိုး ခဲ့ကြတဲ့ စစ်ရေး သဘောတူစာချုပ်ကို ဒီအစိုးရက ဝေဖန်နေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီစာချုပ်အရ လေယာဥ်မပျံသန်းရ ဇုန်တွေသတ်မှတ်ပြီး နယ်စပ်နားမှာ စစ်သုံး လေယာဉ် ပျံဝဲတာမျိုး၊ ထောက်လှမ်းရေး ပစ္စည်းကိရိယာတွေ တပ်ဆင်တာမျိုး စတာတွေကို တားမြစ်ထားပါတယ်။ ဟိုတလောက တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ရှင်ဝန်စစ်ခ်က မြောက်ကိုရီးယားကို စောင့်ကြည့်ဖို့ ထောက်လှမ်းရေး ဒရုန်းတွေကို သုံးချင်တဲ့ အတွက် အဲဒီစာချုပ်ကို ပစ်ပယ်လိုက်ဖို့ အဆိုပြုထားပါတယ်။
"၂၀၁၈ ခုနှစ် စစ်ရေး စာချုပ်က ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေး ဆိုင်ရာ စောင့်ကြည့်ရေးဆိုင်ရာ လုပ်ငန်းတွေကို အကန့်အသတ် အများကြီး ဖြစ်စေတယ်" လို့ ဟားမတ်စ်တိုက်ခိုက်မှု နောက်ပိုင်းမှာ မစ္စတာရှင်က ပြောပါတယ်။ အစ္စရေးကသာ ဂါဇာ နယ်စပ်ကို အခုထက် ပိုပြီး ကောင်းအောင် စောင့်ကြည့်ခဲ့ရင် အခုလောက် အထိအခိုက် ခံရမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
၂၀၁၈ နောက်ပိုင်း မြောက်ကိုရီးယားက ဒီစာချုပ်ကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပေမဲ့ တိုက်ပွဲ ဖြစ်တဲ့ အရေအတွက်က လျော့ကျသွားတဲ့အတွက် ဒီစာချုပ်ကို ဖျက်သိမ်း လိုက်ရင် တင်းမာမှုတွေ ပိုဆိုးသွားနိုင်သလို တိုက်ခိုက်တာမျိုး ပိုကြုံလာရ နိုင်တယ်လို့ တချို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။
"ဒီစာချုပ်ကို ဖျက်သိမ်း လိုက်ရင် နယ်စပ်မှာ စောင့်ကြည့်တာတွေကို တိုးမြှင့်နိုင်ပါတယ်။ ဒါပေမဲ့ သိပ်ထူးထူးခြားခြား ကြည့်နိုင်မှာတော့ မဟုတ်ပါဘူး" လို့ ကိုရီးယား အမျိုးသား ပေါင်းစည်းရေး အင်စတီကျုက ဟွန်မင်းက ပြောပါတယ်။
အဲဒီအစား အာရုံထားလုပ်သင့်တာက မြောက်ကိုရီးယား စပြီး တိုက်ခိုက်တာတွေ လုပ်လာရင် ကာကွယ်နိုင်ဖို့ပဲ ဖြစ်တယ်လို့ မစ္စတာ ဟွန်က ဆိုပါတယ်။
"မြောက်ကိုရီး ယားက ပစ်လာမယ့် အမြောက်ဆန်တွေကို ကာကွယ်ဖို့ နိုင်ငံက ပြင်မထားဘူးဆိုရင်၊ ဟားမတ်စ်တို့ လုပ်သလိုပဲ သူတို့က တချိန်တည်းမှာ နေရာအနှံ့ကို ထိုးစစ်ဆင်ဖို့ ဆုံးဖြတ်လိမ့်မယ်။"








