ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားနဲ့အတူတိုက်ဖို့ မြောက်ကိုရီးယားက တပ်တွေလွှတ်နေပြီလို့ ဆို
ကယ်လီ အန်း
BBC News
ယူကရိန်းထဲ ရောက်နေတဲ့ ရုရှားတပ်တွေနဲ့ အတူပူးပေါင်းတိုက်ဖို့အတွက် မြောက်ကိုရီးယားက တပ်တွေကို စတင်စေလွှတ်နေပြီလို့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ပြောပြီး ဒါဟာ "ကြီးမားတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု" တခုပဲလို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။
မြောက်ကိုရီးယား စစ်သား ၁၀,၀၀၀ စစ်ပွဲထဲကို ရောက်လာတော့မယ်လို့ ထောက်လှမ်းရေးအချက်အလက်တွေအပေါ်မူတည်ကာ ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ပြောပြီး နောက်တရက်မှာ အခု သတင်းတွေ ထွက်ပေါ်လာတာပါ။
တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယိုးလ်က သောကြာနေ့မှာ လုံခြုံရေး အစည်း အဝေးတခုခေါ်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ "ရနိုင်သမျှ နည်းလမ်း ပေါင်းစုံ" နဲ့ တုံ့ပြန်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
ဆိုးလ်က ထောက်လှမ်းရေးအေဂျင်စီရဲ့ အဆိုအရ ရုရှားကို မြောက်ကိုရီးယား တပ်ဖွဲ့ဝင် ၁,၅၀၀ ရောက်နှင့်နေပြီလို့ သိရပါတယ်။ အမည်မဖော်တဲ့ သတင်း ရင်းမြစ် ကို ကိုးကားပြီး တောင်ကိုရီးယား မီဒီယာတွေမှာ တပ်ဖွဲ့ဝင် အရေအတွက်က ၁၂,၀၀၀ နားနီးနေပြီလို့လည်း ဆိုနေကြပါတယ်။
ရုရှားကို မြောက်ကိုရီးယားက လက်နက်ခဲယမ်းတွေ ထောက်ပံ့နေတယ်ဆိုတဲ့ အထောက်အထားတွေ ထွက်ပေါ်လာနေချိန်မှာပဲ အခုသတင်းတွေထွက်လာတာပါ။ မကြာခင်က ယူကရိန်းရဲ့ ပေါ်တာဗာ ဒေသမှာ မြောက်ကိုရီးယားထုတ်လို့ ယူဆရတဲ့ မစ်ဇိုင်းက အပျက်အစီး အစိတ်အပိုင်းတွေကို တွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မော်စကိုနဲ့ ပြုံယမ်းအကြား ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်နေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ကျရောက်ခဲ့တဲ့ ရုရှား သမ္မတ ပူတင်ရဲ့ မွေးနေ့မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက "အနီးကပ်ဆုံး ရဲဘော်ကြီး" လို့ နှုတ်ခွန်းဆက်ခဲ့ပါတယ်။
သောကြာနေ့မှာ လုပ်ခဲ့တဲ့ တောင်ကိုရီးယားအစိုးရရဲ့ လုံခြုံရေးအစည်းအဝေးကို တောင်ကိုရီးယား အမျိုးသားလုံခြုံရေးရုံး၊ အမျိုးသားလုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသား ထောက်လှမ်းရေး ဌာနတို့ တက်ရောက်ခဲ့ကြောင်း သမ္မတယွန်ရဲ့ ရုံးက ပြောပါတယ်။
"တက်ရောက်လာသူတွေက ဒီအခြေအနေကို လျစ်လျူမရှုဖို့ ဆုံးဖြတ်ခဲ့ကြသလို၊ ရသမျှနည်းလမ်းတွေကို သုံးကာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ပူးတွဲ တုံ့ပြန်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်" လို့ သမ္မတရုံးက ပြောပါတယ်။
ရုရှားစစ်တပ်ဟာ မြောက်ကိုရီးယား တပ်ဖွဲ့တခုကို စုဖွဲ့နေကြောင်း ယူကရိန်း စစ်ဘက် ထောက်လှမ်းရေးရင်းမြစ်တွေက ပြောခဲ့ပြီး ရက်ပိုင်းအကြာမှာ ဆိုးလ်က အမျိုးသားထောက်လှမ်းရေး အေဂျင်စီရဲ့ အခု စွပ်စွဲမှုတွေ ထွက်ပေါ်လာတာပါ။
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနကို မှတ်ချက်ပေးဖို့ ဘီဘီစီက ဆက်သွယ်ထားပါတယ်။
ပူတင်က သူနဲ့ ကင်မ်တို့ အတူလုပ်ခဲ့တဲ့ စစ်ရေးစာချုပ်ကို အတည်ပြုပေးဖို့ ဥပဒေမူကြမ်းကို ဒီသီတင်းပတ်အစောပိုင်းမှာ ရုရှားလွှတ်တော်ကို တင်ခဲ့ပါတယ်။ အဲဒီထဲမှာ ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ သူတို့နိုင်ငံတခုခု ကျူးကျော်ခံရရင် အပြန်အလှန် အကူအညီ ပေးကြမယ်ဆိုတာကို ကတိပြုထားပါတယ်။
ရုရှား အရှေ့ဖျားက စစ်ရေးအရင်းအမြစ်တခုကလည်း “မြောက်ကိုရီးယားတချို့ ရောက်နေပြီ“ လို့ ဘီဘီစီ ရုရှားဌာနကို ပြောပါတယ်။ ဗလာဒီဗော့စတော့ မြောက်ပိုင်း က အူဆာရီရစ်နားက စစ်စခန်းတခုမှာ အဲဒီတပ်ကို နေရာချထားတယ် လို့လည်း အဲဒီရင်းမြစ်က ဆိုပါတယ်။
ဒါပေမဲ့ ရှေ့တန်းမှာ မြောက်ကိုရီးယား တပ်တွေနဲ့ ပူးတွဲ လုပ်ဆောင်ရင် ရုရှားတပ်ဖွဲ့တွေအဖို့ အခက်အခဲတွေရှိလာလိမ့်မယ်လို့ တချို့ စစ်ရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဘာသာစကား အခက်အခဲအပြင် မြောက်ကိုရီးယားတပ်ဟာ တိုက်ခိုက်ရေး အတွေ့အကြုံမရှိဘူးလို့ သူတို့က ဆိုပါတယ်။
“ရုရှား - ယူကရိန်း နယ်စပ်က တချို့ နေရာတွေမှာ သူတို့ကို အစောင့်တပ်အဖြစ် ထားနိုင်တယ်။ ဒီတော့ အဲဒီက ရုရှားတပ်ဖွဲ့တွေက တိုက်ပွဲတွေရှိရာ ရှေ့တန်းကို သွားနိုင်ပါလိမ့်မယ်“ လို့ ယူကရိန်းထုတ် Defence Express စာစောင်က အယ်ဒီတာ ဗယ်လာရီ ရာဘစ်က ပြောပါတယ်။
“ဒီမြောက်ကိုရီးယား တပ်ဖွဲ့တွေ ချက်ချင်းဆိုသလို ရှေ့တန်းနယ်မြေမှာ ပေါ်လာ နိုင်ခြေ မရှိပါဘူး။“