ယူကရိန်းမှာ ရုရှားအတွက် မြောက်ကိုရီးယားတပ်ဖွဲ့တွေ ကူတိုက်ပေးနေသလား

    • ရေးသားသူ, အီလီယာ အဘီရှက်ဗ်
    • ရာထူးတာဝန်, ဘီဘီစီ ရုရှားသတင်းဌာန

ရုရှားတပ်ဖွဲ့ကို စစ်ကူတိုက်ပေးဖို့ မြောက်ကိုရီးယား စစ်သားတွေကို ယူကရိန်းဆီ စေလွှတ်နေတယ်ဆိုတဲ့ သတင်းတွေ တစ်နေ့တခြား တိုးလာနေပါတယ်။ ရုရှားသိမ်းပိုက်ထားတဲ့ ဒွန်ဘက်စ်ဒေသက စစ်လေ့ကျင့်ရေးကွင်းတစ်ခုပေါ် အောက်တိုဘာလ ၃ ရက်နေ့တုန်းက ယူကရိန်းရဲ့ မစ်ဆိုင်းဒုံး တိုက်ခိုက်ခံခဲ့ရတဲ့အတွက် မြောက်ကိုရီးယား စစ်အရာရှိ ၆ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်း ထောက်လှမ်းရေးသတင်းရပ်ကွက်တွေကို ကိုးကားပြီး Interfax-Ukraine နဲ့ KyivPost သတင်းဌာနတွေက ပြီးခဲ့တဲ့ သီတင်းပတ်က ဖော်ပြခဲ့ကြပါတယ်။

အဲဒီသတင်းရပ်ကွက်တွေအရ မြောက်ကိုရီးယားက စစ်အရာရှိအုပ်စုတစ်စုဟာ ရုရှားစစ်တပ်အရာရှိတွေနဲ့ စစ်ရေးအတွေ့အကြုံ ဖလှယ်ဖို့ အဲဒီကို ရောက်နေကြတာလို့ သိရပါတယ်။ ဒါက တကယ်ပဲ ဟုတ်ပါသလား။

မြောက်ကိုရီးယားက စစ်မှုထမ်း တပ်ဖွဲ့ငယ်တစ်ဖွဲ့ အထူးသဖြင့် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်တွေ ပါတဲ့ အဖွဲ့တစ်ဖွဲ့ ယူကရိန်းနိုင်ငံထဲက ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေဆီ ရောက်လာခဲ့တယ်လို့ ယူကရိန်း ထောက်လှမ်းရေးအဖွဲ့က ပြီးခဲ့တဲ့နှစ်က ပြောပါတယ်။ ရုရှားအစိုးရကတော့ ဒီပြောဆိုချက်တွေအပေါ် တစ်စုံတရာ တုံ့ပြန်တာမျိုး မရှိခဲ့ပါဘူး။

ယူကရိန်းစစ်ပွဲမှာ ရုရှားကို စစ်ကူဖို့ မြောက်ကိုရီးယားက စစ်သားတွေ စေလွှတ်ခဲ့ပုံ အများကြီး ရှိတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ယွန်ဟွန်းက အခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ပြောခဲ့ပါတယ်။

ရုရှားသိမ်းပိုက်ထားတဲ့ ဒွန်ဘက်စ်ဒေသမှာ မြောက်ကိုရီးယား စစ်အရာရှိတွေ သေဆုံးခဲ့တယ် ဆိုတဲ့ ပြောဆိုချက်တွေက "မှန်ဖို့များတယ်"လို့ သူက ယူဆနေပါတယ်။

"ရုရှားနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးဆိုင်ရာ မဟာမိတ်ပြုရေးနဲ့ ဆင်တူတဲ့ သဘောတူချက်တစ်ခုကို ချုပ်ဆိုထားတဲ့အတွက် ရုရှားစစ်မြေပြင်ဆီ စစ်သားတွေ စေလွှတ်ဖို့က အတော်လေး ဖြစ်နိုင်ခြေရှိတယ်"လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်ယွန်ဟွန်းက ယွန်နက် တောင်ကိုရီးယား သတင်းဌာနကို ပြောပါတယ်။ သူပြောတဲ့ သဘောတူချက်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်တို့ အခုနှစ် ဇွန်လတုန်းက လက်မှတ်ရေးထိုးခဲ့ကြတဲ့ "ဘက်စုံနည်းဗျူဟာ မိတ်ဖက်ပြုရေး သဘောတူချက်" ကို ညွှန်းလိုတာ ဖြစ်ပါတယ်။

ယူကရိန်းမှာ ရုရှားဘက်ကနေ မြောက်ကိုရီးယားစစ်သားတွေ ပါဝင် တိုက်ခိုက်ပေးနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေက အရင်ကလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ဗလာဒီမီယာ ပူတင်က ဒီလို ပြောဆိုချက်တွေဟာ လုံးဝ အခြေေအမြစ် မရှိဘူးဆိုပြီး ပြောခဲ့ပါတယ်။ အဲဒီအချိန်က ရုရှားရဲ့ ဗော့စ်တော့ခ်နီ အာကာသဌာနမှာ ကင်ဂျုံအွန်းနဲ့ သူတွေ့ဆုံနေချိန် ဖြစ်ပါတယ်။

အပြန်အလှန် ကာကွယ်ပေးရေး စည်းမျဉ်းတစ်ခုပါ သဘောတူချက်တစ်ရပ်ကို ၂၀၂၄ခုနှစ် ဇွန်လမှာ ကင်ဂျုံအွန်းနဲ့ ပူတင်တို့ လက်မှတ်ရေးထိုးစဉ် မြောက်ကိုရီးယားစစ်သားတွေကို ယူကရိန်းဆီ စေလွှတ်ဖို့ ဖြစ်နိုင်ခြေ ရှိမရှိ ဆိုတာနဲ့ ပတ်သက်လို့ ပူတင်ကို မေးခွန်းထုတ်ခဲ့ကြပါတယ်။

"ဒီကိစ္စအကြောင်း ဘယ်သူကိုမှ ကျွန်တော်တို့ မေးမှာ မဟုတ်ပါဘူး။ ဘယ်သူကမှလည်း ကျွန်တော်တို့ကို ကမ်းလှမ်းမထားပါဘူး"လို့ ရုရှားသမ္မတ ပူတင်က ပြန်ဖြေခဲ့ပါတယ်။

ပူးပေါင်းဆောင်ရွက်မှု ပိုကြီးထွားလာနေ

နှစ်နိုင်ငံ စစ်ရေး ပူးတွဲ ဆောင်ရွက်မှုတွေ ပိုခိုင်မာလာအောင် လုပ်နေတာကို ရုရှားအစိုးရကရော မြောက်ကိုရီးယား အစိုးရကပါ ဖုံးကွယ်မထားကြပါဘူး။

၂၀၂၃ ခုနှစ် ဇူလိုင်လမှာ အဲဒီတုန်းက ရုရှား ကာကွယ်ရေး ဝန်ကြီး ဖြစ်သူ ဆာဂေး ရွှေဂူ ဟာ နှစ်နိုင်ငံ စစ်ရေးဆက်ဆံရေး ပိုခိုင်မာစေဖို့ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်ဆီ သွားရောက်ခဲ့တယ်လို့ ရုရှားအစိုးရ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီး စက်တင်ဘာလမှာတော့ ကင်ဂျုံအွန်းက ရုရှားနိုင်ငံ အရှေ့စွန်းကို သွားရောက်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတုန်းကလည်း တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ယိုက မြောက်ကိုရီးယားက ရုရှားကို စစ်လက်နက်တွေ ထောက်ပံ့နေပြီး အပြန်အလှန်အားဖြင့် ရုရှားဘက်က စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ပြန်အကူအညီပေးနေဖွယ် ရှိတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ နှစ်ပတ်လည် အခြေအတင်ဆွေးနွေးပွဲမှာ မိန့်ခွန်းပြောစဉ်မှာ ပြောသွားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှာ British Royal Institute for Defence Studies (Rusi) က မြောက်ကိုရီယားက ရုရှားကို လက်နက်ခဲယမ်း အမြောက်အမြား ထောက်ပံ့နေတယ်ဆိုတဲ့ အစီရင်ခံစာ တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ လက်နက်ခဲယမ်းတွေ ရှိရာနေရာကို ဖော်ပြထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေလည်း ပါရှိပါတယ်။

ရုရှားအစိုးရ ကရင်မလင်နန်းတော် ပြောခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဒီထုတ်ပြန်ချက်တွေကို ပယ်ချခဲ့ပါတယ်။

"ဒါက ဗြိတိသျှ ထောက်လှမ်းရေးကတင် ထုတ်ပြန်တာ မဟုတ်ပါဘူး။ အမေရိကန် ထောာက်လှမ်းရေးကပါ ထုတ်ပြန်တာပါ။ သူတို့က ဒါမျိုး အမြဲ ထုတ်ပြန်လေ့ရှိပြီး ဘာသက်သေအထောက်အထားမှ မပြနိုင်ပါဘူး" လို့ ပက်စ်ကော့ဗ် က ပြောပါတယ်။

ဒါပေမဲ့ ၂၀၂၃ ခုနှစ်ကုန်ပိုင်း ရောက်လာတဲ့အခါမှာတော့ မြောက်ကိုရီးယား ရဲ့ နည်းပညာလက္ခဏာတွေကို ယူကရိန်းမှာ ရှိတဲ့ ရုရှားတပ်ဖွဲ့တွေ အသုံးပြုတဲ့ ကျည်ဆန်တွေ၊ မိုင်းတွေမှာ တွေ့ခဲ့ရပြီး ရုရှားစစ်ဘက်အသိုင်းအဝိုင်းတွင်း ဆွေးနွေးမှုတွေ ရှိလာခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရသူ ဂျွန် ကာဘီ က ရုရှားဟာ မြောက်ကိုရီးယားထံက ပဲ့ထိန်းမစ်ဆိုင်းဒုံးတွေ လက်ခံရခဲ့ပြီး ယူကရိန်းစစ်ပွဲမှာ အသုံးပြုခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

ယူကရိန်းကို စစ်ဘက်အင်ဂျင်နီယာတွေနဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ စေလွှတ်ပေးဖို့ မြောက်ကိုရီးယား အစိုးရရဲ့ အစီအစဉ်တွေက မြောက်ကိုရီးယားကို ဗလာဒီမီယာ ပူတင် သွားခဲ့ပြီးပြီးချင်း ၂၀၂၄ ခုနှစ် ဇွန်လမှာ ရုရှားရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထွက်ပေါ်လာခဲ့ပါတယ်။

ချိုဆွန် တောင်ကိုရီးယား ရုပ်မြင်သံကြား ကုမ္ပဏီကရော စစ်ပွဲလေ့လာရေး အမေရိကန်ဌာနကပါ ကိုးကားဖော်ပြခဲ့တဲ့ သတင်းရပ်ကွက်တစ်ခုအရ မြောက်ကိုရီးယားစစ်တပ်ဟာ အင်ဂျင်နီယာတပ်မ ၁၀ ခု ရှိပြီး အဲဒီထဲက တပ်မ ၃ ခုဒါမှမဟုတ် ၄ ခု ကို ရုရှားဆီ စေလွှတ်ခဲ့ပုံရတယ်လို့ သိရပါတယ်။ အဲဒီအတွက် မြောက်ကိုရီးယား အစိုးရဟာ ရုရှားထံက နှစ်စဉ် ဒေါ်လာ ၁၁၅ သန်းအထိ လက်ခံရမယ့်ပုံ ရှိတယ်လို့ ချိုဆွန် ရုပ်မြင်သံကြားဌာနက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ ကရင်မလင်နန်းတော် ပြောခွင့်ရသူ ပက်စ်ကော့ဗ် က "ဒီအကြောင်း ကျွန်တော် လုံးဝ မသိပါဘူး"လို့ တုံ့ပြန်ခဲ့ပါတယ်။

ဇူလိုင်လအစောပိုင်းလောက်မှာတော့ မြောက်ကိုရီးယား အထူး စစ်သင်တန်းကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ရုရှားကို ထွက်ခွာသွားကြောင်း KCNA မြောက်ကိုရီးယား အစိုးရသတင်းအေဂျင်စီမှာ ဖော်ပြခဲ့ပါတယ်။ စစ်ရေး ပိုမိုပူးပေါင်းဆောင်ရွက်ရေး သဘောတူချက်တစ်ရပ်ကို ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ပြီးကတည်းက နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် စစ်ရေးအပြန်အလှန် ဆောင်ရွက်ချက်ဖြစ်တဲ့ အဲဒီအဖွဲ့ကို ကင်အီဆွန်း စစ်တက္ကသိုလ် ဥက္ကဋ္ဌ ကင်ဂျီယွမ် ချိုလ် က ဦးဆောင်လိုက်ပါသွားခဲ့တယ်လို့ KCNA သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ် ရည်ရွယ်ချက်အကြောင်း တိတိကျကျ ထုတ်ဖော်ပြောဖို့ သတင်းထောက်တွေက မေးတဲ့အခါမှာတော့ ကရင်မလင်နန်းတော် ပြောခွင့်ရသူ ပက်စ်ကော့ဗ်က ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်မေးဖို့ တုံ့ပြန်ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားစစ်တပ်အကြောင်း ဘာတွေ သိထားသလဲ

မြောက်ကိုရီယား နိုင်ငံလိုပဲ မြောက်ကိုရီးယားစစ်တပ်ဟာလည်း လျှို့ဝှက်ဖွဲ့စည်းထားတဲ့ အဆောက်အအုံအဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူ့ရဲ့ ဖွဲ့စည်းပုံအကြောင်း မသိကြသလို တိုက်ခိုက်မှုစွမ်းအားနဲ့ ပတ်သက်လို့ ခန့်မှန်းပြောဆိုနေမှုတွေဟာလည်း အငြင်းပွားစရာ ဖြစ်ပါတယ်။

သိသာထူးခြားတဲ့ အဓိက အချက်ကတော့ စစ်မှုထမ်းအရေအတွက် ဖြစ်ပါတယ်။

မြောက်ကိုရီးယားမှာ အမျိုးသမီးတွေ အပါအဝင် စစ်မှုမထမ်းမနေရ စနစ် ပြဋ္ဌာန်းထားပြီး တပ်ရင်းတပ်ဖွဲ့အလိုက် စစ်မှုထမ်းသက် ၃ နှစ်ကနေ ၁၀ နှစ်အထိ တာဝန်ထမ်းဆောင်ရပါတယ်။

နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာနရဲ့ လေ့လာချက်အရ ၂၀၁၈ ခုနှစ်မှာ မြောက်ကိုရီးယား စစ်တပ်ဟာ ကမ္ဘာပေါ်မှာ စတုတ္ထအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ကြီး ဖြစ်ပြီး စစ်မှုထမ်း ၁ သန်း ၂ သိန်း ရှိတယ်လို့ သိရပါတယ်။

ရုရှား မဟာဗျူဟာလေ့လာရေးဌာနရဲ့ ကျွမ်းကျင်သူ အန်ဒရေ ဂူဘင် ကတော့ ဒီခန့်မှန်းချက်အရေအတွက်က သိပ်ကိုများလွန်းဖွယ် ရှိတယ်လို့ ထောက်ပြပါတယ်။

"လက်ရှိမှာ ကိုရီးယားပြည်သူ့စစ်တပ်ရဲ့ စစ်မှုထမ်းအရေအတွက်ဟာ ၈သိန်းခွဲထက် ကျော်မယ့်ပုံ မရှိပါဘူး။ ပြောက်ကျားတိုက်ခိုက်ရေးတပ်ဖွဲ့တွေက စစ်မှုထမ်းအရေအတွက်ကလည်း ခန့်မှန်းခြေ ၆ သိန်းခွဲလောက်ပဲ ရှိပါလိမ့်မယ်"လို့ မြောက်ကိုရီးယားစစ်ဘက်ရေးရာ အလားအလာအကြောင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

"ဒါ့အပြင် မြောက်ကိုရီးယားစစ်တပ်မှာ စစ်သားစုဆောင်းမှု အရင်းအမြစ်ကြီး ရှိနေတယ် ဆိုတာကို သူက အလေးပေးပြောသွားခဲ့ပါတယ်။ အနည်းဆုံး လူ ၄ သန်းလောက် အရန်တပ်ဖွဲ့တွေထဲ ရှိနေပြီး စစ်သားစုဆောင်းမှု အရင်းအမြစ် စုစုပေါင်းက ၆ သန်း ၂ သိန်းလောက် ရှိပါတယ်။"

မြောက်ကိုရီးယားမှာ ပြည်သူ့စစ်အုပ်စု လို့ခေါ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ အတော်များများလည်း ရှိပါသေးတယ်။

ပြည်သူ့စစ်အုပ်စုတွေထဲမှာ အလုပ်သမား-တောင်သူ အစောင့်တပ်နီ(သက်ကြီးအရန်တပ်ဖွဲ့) မှာ လူ တစ်သန်းခွဲလောက် ရှိပြီး လူငယ် အစောင့်တပ်နီ တပ်ဖွဲ့မှာတော့ အထက်တန်းကျောင်းသားအရွယ် လူငယ် ၇ သိန်းလောက်ရှိပါတယ်။ လူထုလုံခြုံရေးနဲ့ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာနတွေရဲ့ တပ်ဖွဲ့တွေမှာတော့ လူ ၃ သောင်းလောက် ရှိပါတယ်။

မြောက်ကိုရီးယားဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဘတ်ဂျက်အသုံးစရိတ် အကြီးအကျယ် လိုအပ်နေမယ့်ပုံရှိတယ်လို့ ယူဆရပေမဲ့ စစ်သင်တန်းပေးထားတဲ့ တပ်ဖွဲ့၀င်တွေ အများကြီး ရှိနေတာမို့ အဲဒီထဲက တစ်ချို့တလေကို သူ့ရဲ့ အနည်းအပါး မဟာမိတ်နိုင်ငံတွေထဲက တစ်ခုကို စေလွှတ်ပေးတာက မြောက်ကိုရီးယားနိုင်ငံအတွက် ပြဿနာရှိမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဒါက ဒီလောက်တော့ မရိုးစင်းလှပါဘူး။

ဒီကိစ္စကို ဖုံးထားဖို့က မဖြစ်နိုင်

မြောက်ကိုရီးယား စစ်တပ်ဟာ ဆိုဗီယက်ပုံစံကို အခြေခံဖွဲ့စည်းထားတာ ဖြစ်ပြီး ဆိုဗီယက် စစ်နည်းပညာတွေကို အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားစစ်တပ်လိုတော့ တကယ့် စစ်မြေပြင်မှာ တိုက်ခိုက်တဲ့ အတွေ့အကြုံမျိုး မရှိပါဘူး။

အဓိကတပ်ဖွဲ့ကြီး ဖြစ်တဲ့ မော်တော်ယာဉ်တွေ တပ်ဆင်ပေးထားတဲ့ ခြေလျင်တပ်ရင်းတွေ မပါဘဲ မြောက်ကိုရီးယား စစ်တပ်အနေနဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ ဘယ်လို အခန်းကဏ္ဍကနေ ဝင်ကူတိုက်ပေးမလဲ ဆိုတာကိုရော၊ ကြီးမားတဲ့ စက်ယန္တရားတွေ တပ်ဆင်ထားတဲ့ ရုရှားတပ်ရင်းတွေမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေက သူတို့သင်ကြားတတ်မြောက်ထားတဲ့ စစ်ပညာတွေအတိုင်း သီးခြားလွတ်လပ်စွာ စစ်ဆင်လှုပ်ရှားမှာလား၊ တစ်စိတ်တစ်ပိုင်း ပါဝင်မှာလား ဆိုတာကတော့ ကွဲကွဲပြားပြား မသိရပါဘူး။

ဒါပေမဲ့ ဒါက ယူကရိန်းမှာ အလုပ်မဖြစ်တဲ့ နည်းဗျူဟာဖြစ်ပါတယ်။ ရုရှားစစ်တပ်က ဒါမျိုး တစ်ကြိမ်မက အတွေ့အကြုံ ရှိထားခဲ့ပြီးပါပြီ။ ရုရှားက တင့်ကားသုံးစစ်ကြောင်းတွေ လျှော့ပြီးတိုက်ခိုက်ဖို့ ကြိုးစားနေပါတယ်။

မြောက်ကိုရီးယား စစ်သားတွေက အဖွဲ့ငယ်တွေအဖြစ် တိုက်နိုင်ပါသလား။ ဒါဆိုရင်တော့ ပူးပေါင်းညှိနှိုင်းမှုနဲ့ အပြန်အလှန်ဆက်ဆံမှုတွေကို အတိုင်းအတာ ကြီးကြီးမားမား လုပ်ဖို့ လိုလာမှာ ဖြစ်ပါတယ်။ အနည်းဆုံးတော့ ဘာသာစကား အခက်အခဲ အတားအဆီးကြီးတစ်ခု မရှိဖို့ လိုပါလိမ့်မယ်။

ဒီနှစ်ခုစလုံးမှာ အသက်ဆုံးရှုံးမှုတွေကို မလွှဲမသွေ ကြုံလာရနိုင်ပြီး ဒီအချက်က အရေးပါလာနိုင်ပါတယ်။

ဒါဟာ ရုရှားရဲ့ စစ်ဆင်လှုပ်ရှားမှုတွေမှာ မြောက်ကိုရီးယား ပါဝင်နေတယ်ဆိုတဲ့ အချက်ကို ဖုံးကွယ်ထားလို့ ရမယ့်ပုံ မပေါ်တော့ပါဘူး။

ဒါ့အပြင် မြောက်ကိုရီးယား စစ်သား အများအပြား သေဆုံးခဲ့ရင် ဒါမှမဟုတ် ဖမ်းဆီးခံခဲ့ရမယ်ဆိုရင် ယူကရိန်းဘက်က အများရှေ့ ထုတ်ပြမှာ သေချာပါတယ်။ ဒါဆိုရင်တော့ ထိလို့မရတဲ့ မဟာစစ်တပ်ကြီးအဖြစ် ကြွေးကြော် ဝါဒဖြန့်ထားတဲ့ မြောက်ကိုရီးယား စစ်တပ်ရဲ့ ပုံရိပ်ကို ထိခိုက်လာစေမှာ ဖြစ်ပါတယ်။

“ငြိမ်းချမ်းနေချိန်မျိုးမှာ ထစစ်တိုက်ဖို့ စိတ်ဓာတ်ခွန်အား ရှိသလား၊ ကိုယ့်ကိုကိုယ် စတေးခံဖို့ အသင့် ရှိသလားဆိုတာကို လက်တွေ့ကျကျ စမ်းသပ်နိုင်ဖို့က အတော်လေး ခက်လှပါတယ်။ ၁၉၅၀ နဲ့ ၁၉၅၃ ခုနှစ်အကြား ကိုရီးယားစစ်ပွဲကာလသမိုင်းက စစ်သားတွေရဲ့ ကိုယ်ပိုင် သူရဲကောင်းဝါဒ နမူနာတွေက အထောက်အထား ပြည့်ပြည့်စုံစုံ မရှိလှပါဘူး”လို့ အန်ဒရေ ဂူဘင် က ရေးသားထားပါတယ်။

တကယ်လို့ မြောက်ကိုရီးယားစစ်သားတွေက သီးခြားတပ်ဖွဲ့တွေအနေနဲ့ မဟုတ်ဘဲ ရုရှားတပ်ဖွဲ့တွေရဲ့ တစ်စိတ်တပိုင်းအဖြစ် ဝင်တိုက်ရမယ်ဆိုရင် မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းအတွက် သူ့ရဲ့ စစ်သားတွေကို ထိန်းချုပ်ခွင့် လက်လွှတ်ဆုံးရှုံးရမှာကလည်း တကယ့် ခြိမ်းခြောက်မှု အန္တရာယ် ဖြစ်နေပါတယ်။

နှစ်နိုင်ငံ မဟာမိတ် ပြုထားပေမဲ့လည်း ရုရှားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းမှာ ကွဲပြားခြားနားမှုတွေက အထင်အရှား ရှိနေပါတယ်

လစာနည်းနည်းနဲ့ရတဲ့စစ်သားတွေ

ဒီအချက်တွေအားလုံးကြောင့် ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်ကနေ မြောက်ကိုရီးယား စစ်တပ် ဝင်ပါမယ့်ပုံ မရှိဘူးလို့ ပယ်မချသင့်ပါဘူး။

မြောက်ကိုရီးယားအစိုးရဟာ ငွေကြေးနဲ့ နည်းပညာ လိုအပ်နေသလို ရုရှားအစိုးရကလည်း စစ်သားတွေနဲ့ လက်နက်ခဲယမ်းတွေ လိုအပ်နေတာ ဖြစ်ပြီး နှစ်ဖက်စလုံးက စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ စိတ်ဝင်စားနေပါတယ်။

မြောက်ကိုရီးယား စစ်တပ်က စစ်မှုထမ်းတွေကို လစာနည်းနည်းနဲ့ ခိုင်းစေနေခဲ့တာ နှစ်ပေါင်းအတော်ကြာနေပြီ ဖြစ်ပြီး တပ်ရင်းအတော်များများဟာ ဆိုဗီယက်ခေတ်က ဆောက်လုပ်ရေး တပ်ရင်းတစ်ခုနဲ့ အလားတူပါတယ်။

မြောက်ကိုရီးယား အင်ဂျင်နီယာတွေနဲ့ ဆောက်လုပ်ရေးတပ်ဖွဲ့က တည်ဆောက်ထားတဲ့ ကာကွယ်ရေး အဆောက်အအုံတပ်ဖွဲ့တွေရဲ့ အရည်အသွေးဟာ မြင့်မားတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သတ်မှတ်ထားပါတယ်။

ဒီလိုတပ်ရင်းတပ်ဖွဲ့တွေက ရုရှားစစ်တပ်အတွက် အသုံးဝင်မယ့်ပုံ ရှိနေပါတယ်။

သူတို့ကို နောက်တန်း စစ်မျက်နှာမှာ ချထားပြီး မြေအောက် သိုလှောင်ရုံတွေနဲ့ ကတုတ်ကျင်းတွေ၊ လမ်းတွေ၊ တံတားတွေ လို စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံ တည်ဆောက်ရာမှာ သုံးကောင်း သုံးနိုင်ပါတယ်။

မြောက်ကိုရီးယား စစ်သားတွေကို နောက်တန်း တပ်ဖွဲ့တွေမှာ အစားထိုး ချထားခြင်းအားဖြင့် ရုရှား ကွပ်ကဲရေးတပ်ဖွဲ့အနေနဲ့ ရှေ့တန်းကို နောက်ထပ် လူအင်အး တိုးချလာနိုင်မှာ ဖြစ်ပါတယ်။