ကသာ - ရွေးကောက်ပွဲကျင်းပနေချိန် ထိုးစစ်ဆင်ခံရတဲ့ မြို့

ဓာတ်ပုံ ရင်းမြစ်, CJ
မြို့နယ်ပေါင်း ၁၀၂ ခုမှာ စစ်တပ်က ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပေမဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကသာ ကတော့ တခြားမြို့နယ်တွေနဲ့ ခြားနားပါတယ်။
ရွေးကောက်ပွဲကျင်းပနေတဲ့အချိန် ပစ်မှတ်ထားတိုက်ခိုက်ခံရပြီး မြို့ကိုပါ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းလုသိမ်းခင်ဖြစ်နေတာပါ။
နှစ်နှစ်တာ မြို့ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားတာကနေ စစ်တပ်ရဲ့ ပထမအကြိမ် ရွေးကောက်ပွဲ ကျင်းပချိန် ဒီဇင်ဘာ ၂၈ ရက်မှာ ဝိုင်းထားပြီး ဒီဇင်ဘာ ၂၉ ရက်မှာ ကသာမြို့ဝန်းကျင်ကို ထိုးစစ်ဆင်တာပါ။
ကသာမြို့ တဝက်နီးပါးကို ဒီဇင်ဘာ ၃၀ ရက် ညပိုင်းမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ သိမ်းလိုက်ပြီလို့ တိုက်ပွဲမှာ ပါဝင်နေတဲ့ မိုးညှင်း PDF နဲ့ နီးစပ်သူက ပြောပါတယ်။
ရွေးကောက်ပွဲမလုပ်နိုင်အောင်တိုက်တာဖြစ်သလို ကသာမြို့က ဗျူဟာအရ အရေးပါတဲ့ နေရာဖြစ်တာကြောင့် ထိုးစစ်ဆင်တာလို့ စစ်ရေးအကဲခတ်တွေက မှတ်ချက်ပေးပါတယ်။
"ရွေးကောက်ပွဲ လုံခြုံရေးအတွက် တပ်အင်အားတွေဖြန့်ထားချိန်ဖြစ်လို့စစ်တပ်ရဲ့ အားအနည်းဆုံးအချိန်ပေါ့။ တိုက်လည်း တိုက်သင့်တဲ့အချိန်လို့ ပြောရမယ်"လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။
နှစ်ဘက်စစ်ရေးဗျူဟာအတွက် ဘာကြောင့်အရေးကြီးလဲ

ဓာတ်ပုံ ရင်းမြစ်, ကသာမြို့ Page
ကသာမြို့နယ်ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ရှိပြီး ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် တို့နဲ့ ဆက်စပ်နေသလို ဧရာဝတီမြစ်ရဲ့ အနောက်ဘက်မှာရှိတဲ့ ခရိုင်ရုံးစိုက်တဲ့မြို့လည်း ဖြစ်ပါတယ်။
ကသာမြို့နယ်တွင်းက ကျေးရွာအများစုကို တော်လှန်ရေးအင်အားစုတွေက ၂၀၂၃ ခုနှစ်ကနေစပြီး စိုးမိုးထားတာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"တော်လှန်ရေးအဖွဲ့တွေအတွက် ကချင်ဘက်ကလာမယ့် ထောက်ပံ့မှုလမ်းကြောင်းကို ဖြတ်တောက်နိုင်ဖို့ စစ်တပ်က ကြိုးစားပြင်ဆင်လာတာရှိတယ်။ ဧရာဝတီမြစ်ကြောင်းကို အပြည့်အဝ စိုးမိုးရရှိဖို့ ၊ ကချင် နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းတွေကို ပြန်လည်စိုးမိုးမှု ရရှိဖို့ စစ်ကောင်စီအတွက် အရေးကြီးတဲ့ စစ်ရေးဗျူဟာဖြစ်တယ်"လို့ CDM ဗိုလ်မှူး နောင်ရိုးက ပြောပါတယ်။
ကသာမြို့ဟာ စစ်ကောင်စီ လက်လွှတ်လိုက်ရတဲ့ ဗန်းမောက်၊ အင်းတော်၊ မော်လူးတို့နဲ့ ဆက်စပ်တဲ့ နေရာမှာလည်း ရှိနေတာပါ။
ဒါကြောင့် ကသာမြို့ကို ခြေကုတ်ယူထားတဲ့ စစ်တပ်ဟာ သူလက်လွှတ်ထားရတဲ့ အင်းတော်တို့ ဗန်းမောက်တို့ကို ပြန်တိုက်ယူဖို့ နေရာကောင်းလည်းဖြစ်တယ်လို့ CDM ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။
ကသာမြို့မှာ စစ်တပ်ရဲ့ တစ်ခုတည်းသော တပ်ရင်းအနေနဲ့ အမှတ် ၃၀၉ ခြေမြန်တပ်ရင်းရှိတာပါ။ အဲဒီတပ်ရင်းကိုလည်း ၂၀၂၅ ခုနှစ် မတ်လောက်ကစပြီး အင်အားရာချီ ဖြည့်တင်းတာတွေ ရှိခဲ့တယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက ပြောပါတယ်။
"စဉ့်ကူး၊ မိုးကုတ်၊ သပိတ်ကျင်းက တော်လှန်ရေးတပ်တွေလည်း ခွာစစ်ဆင်လာတာရှိတယ်။ ကသာကိုသာ ထိန်းချုပ်ထားနိုင်ရင် မိုးကုတ်၊ မိုးမိတ်ကို လက်လွှတ်လိုက်ရတာက တော်သေးတယ်ဆိုတဲ့အနေအထားရှိတယ်။ ဒါ့ကြောင့် တိုက်သူရော ခံသူရောအတွက် အချက်အချာမြို့ ဖြစ်နေတယ်"လို့ ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပေးပါတယ်။
ဒါပေမဲ့ စစ်မှုထမ်းအင်အားတွေကို လေကြောင်းကနေ ဖြည့်တင်းထားတာ၊ ဒရုန်း၊ ဂျိုင်ရိုကော်ပတာ၊ စက်တပ်လေထီး၊ လေယာဉ် စတဲ့ လေကြောင်းအင်အားတွေကိုလည်း အသုံးပြုနေတာကြောင့် လွယ်ကူတဲ့စစ်ဆင်ရေး မဟုတ်ဘူးလို့လည်း CDM ဗိုလ်မှူး နောင်ရိုးက ပြောပါတယ်။
တကယ်လို့သာ ခမရ ၃၀၉ ကိုသာ သိမ်းနိုင်မယ်ဆိုရင် ကသာမြို့ကို အလုံးစုံ ထိန်းချုပ်သွားနိုင်ပြီလို့ ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပေးပါတယ်။
ကသာမြို့ရဲ့ တိုက်ပွဲကြားက ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, MOI
ကသာမြို့ဟာ စစ်တပ်ရဲ့ ပထမအကြိမ် ရွေးကောက်ပွဲ ကျင်းပမယ့် ၁၀၂ မြို့နယ်ထဲမှာ ပါဝင်တာပါ။
ရွေးကောက်ပွဲမတိုင်ခင် ဒီဇင်ဘာ ၂၇ ရက်ကတည်းက ပစ်ခတ်သံတွေကို ဒေသခံတွေ ကြားနေခဲ့ပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲ ကျင်းပချိန် ဒီဇင်ဘာ ၂၈ ရက်မှာတော့ မြို့ခံတွေ အပြင်မထွက်ရဲတာကြောင့် လူအနည်းအကျဉ်းလောက်သာ မဲပေးခဲ့တယ်လို့ သိရပါတယ်။
"မဲရေတွက်တာတွေ မလုပ်နိုင်ကြဘူး"လို့ ကသာမြို့အခြေအနေကို သိရှိသူတစ်ယောက်က ပြောပါတယ်။
ကသာမြို့မှာ ရွေးကောက်ပွဲကို မဲရုံ ၁၈ ရုံမှာ ကျင်းပမှာဖြစ်တယ်လို့ နေ့စဉ်ထုတ် သတင်းစာမှာ ရေးသားထားပါတယ်။
ကသာမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးတင်ဌေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဒေါ်မေသူဆွေတို့က ယှဉ်ပြိုင်ကြတာပါ။
စိုးမိုးစခန်းတစ်ခုကို တော်လှန်ရေးအဖွဲ့တွေသိမ်း

ဓာတ်ပုံ ရင်းမြစ်, ကသာမြို့ page
စစ်တပ်ရဲ့ ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပပြီးတဲ့ ဒီဇင်ဘာ ၂၉ ရက် မနက် ၃ နာရီမှာ ကသာမြို့ အထွက်ကနေ စတင်တိုက်ပွဲဖော်ဆောင်တာလို့ ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီနေ့မှာပဲ ကသာမြို့ မြောက်ဘက်က စစ်တပ် တပ်စွဲထားတဲ့ သူတော်တောင်ကုန်းကို သိမ်းဆည်းထားပြီလို့လည်း ဒေသခံ တစ်ယောက် ပြောတာအပြင် ဗန်းမောက် ပကဖ ထုတ်ပြန်ချက် အရ သိရပါတယ်။
ထိုးစစ်ဆင်တဲ့အထဲမှာ ကချင်လွတ်လပ်ရေးတပ် (KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေ ပါဝင်တယ်လို့ သိရပါတယ်။
ကသာမြို့ အထွက်မှာ ရှိနေတဲ့ ပတ္တမြားကုန်း၊ မန္တလေး- ကသာလမ်းအတွက်က စေတီကုန်း အပါအဝင် မိုးတားဘက်ကို သွားတဲ့ လမ်းပိုင်းတွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဗန်းမောက်ပကဖက ဒီဇင်ဘာ ၃၀ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၃၀ ညပိုင်းမှာတော့ ကသာမြို့ထဲက ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၈ မှာ တိုက်ပွဲတွေဖြစ်နေသလို အမှတ် ၃၀၉ ခြေမြန်တပ်ရင်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဦးတည်တိုက်ခိုက်နေတယ်လို့ ဗန်းမောက်မြို့နယ် ပကဖ ကထုတ်ပြန်ထားပါတယ်။
"ထွက်ပေါက်က ရပ်ကွက် ၁၀ ပဲရှိတယ်။ ရွှေဘတို့ ဘယ်နှရက်တောင့်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ယုံပဲ"လို့လည်း ဗန်းမောက်ပကဖက ရေးသားထားပါတယ်။
စစ်တပ်ဘက်ကလည်း ဒီဇင်ဘာ ၂၉နဲ့ ၃၀ နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
"ကသာမြို့နယ်မှာရှိတဲ့ ရပ်ကွက် ၁၀ ခုမှာ လေယာဉ်ကြဲခံရတာ တခုမှ မရှိသေးဘူး။ စစ်တပ်ရှိတာက စေတီကုန်း ဘုန်းကြီးကျောင်း၊ သူတော်တောင်၊ ဗန်းမော်လမ်းဆုံ ကားကြီးကွင်း၊ ဇေယျာချောင် တောင်ပေါ်မှာရှိတယ်"လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာတွေကြောင့် ဒေသခံတချို့ ထိခိုက်တာတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ အချိန်ဖြစ်တာကြောင့် ထိခိုက်တဲ့အခြေအနေတွေကိုတော့ မေးမြန်းလို့ မရသေးပါဘူး။
တိုက်ပွဲဖြစ်တဲ့ ၂ ရက်အတွင်း စစ်တပ်က ထွက်ခွာခွင့်မပေးလို့ မြို့ခံတွေ တိမ်းရှောင်လို့မရ ဖြစ်နေကြပါတယ်။
ဒ့ါကြောင့် လက်နက်ကြီး ကျရောက်နိုင်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲခံရနိုင်တာတွေကြောင့် မြို့ပြင်ပမှာ ရှိနေတဲ့ ကျေးရွာတွေအနေနဲ့လည်း တောင်ကြားတွေမှာ နေကြဖို့ကို အချင်းချင်း သတိပေးနေကြပါတယ်။
ထွက်ခွင့်ရတာနဲ့ ချက်ချင်းတိမ်းရှောင်တဲ့ မြို့ခံတွေ

ဓာတ်ပုံ ရင်းမြစ်, ကသာမြို့ Page
ကသာ မြို့ပြင်ပတ်လည်မှာ တိုက်ပွဲဖြစ်နေကတည်းက မြို့ခံတွေက တိမ်းရှောင်ဖို့ ပြင်ဆင်နေကြတာပါ။
စစ်တပ်က ပေးမထွက်တာဟာ ပြည်သူတွေကို လူသားဒိုင်းကာဖို့ ထိန်းချုပ်ထားတာဖြစ်တယ်လို့ CDM ဝင်ထားကြတဲ့ ဗိုလ်မှူး နောင်ရိုးနဲ့ ၊ ဗိုလ်ကြီးဇင်ယော်တို့က တညီတညွတ်တည်း ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ကျန်တောရွာအပါအဝင် စေတီကုန်း၊ ပိန္နဲကုန်း စတဲ့ ကျေးရွာဒေသခံတွေလည်း တိမ်းရှောင်နေပြီး မြို့ပြင်ထွက်မရတဲ့ မြို့ခံတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။
ဒါပေမဲ့ တခြားမြို့နယ်တွေမှာ ဘုန်းကြီးကျောင်းတွေကိုပါ လေကြောင်းဗုံးဒဏ်ထိတာတွေ ရှိတာကြောင့် လူစုလူဝေး မဖြစ်အောင် စီမံကြရပါတယ်။
"ဘုန်းကြီးကျောင်းတွေမှာ စုနေတာကိုလည်း ခွဲပြီးနေခိုင်းတယ်။ အစုလိုက်အပြုံလိုက် ထိသွားမှာစိုးလို့"လို့ မြို့ခံက ပြောပါတယ်။
ကသာကနေ ထွက်လို့ရတဲ့ လမ်းတွေသာမက ရေလမ်းတွေကိုပါ သုံးခွင့် မရကြသေးပါဘူး။
"အထုတ်အပိုးတွေ ပြင်ထားပြီးသား၊ ရတာနဲ့ထွက်မယ်" လို့ မြို့ခံက ဒီဇင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။
ဒီဇင်ဘာ ၃၁ မနက်ပိုင်းမှာတော့ မြို့အဝင်ဂိတ်ကို သိမ်းပိုက်ခဲ့တဲ့ တော်လှန်ရေးတပ်တွေက ဒေသခံတွေကို ထွက်ခွာခွင့် ပေးလိုက်ပါတယ်။
"လမ်းလေးဆုံဂိတ်က စစ်တပ်က တခြားမှာ သွားပေါင်းလိုက်လို့ သူတို့မရှိလို့ ထွက်လို့ရတာ"လို့ မြို့ခံက ပြောပါတယ်။
ဒ့ါကြောင့် မြို့ခံတွေဟာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ အမြန်ထွက်သွားကြတယ်လို့ မိုးညှင်း PDF နဲ့ နီးစပ်သူက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကသာမြို့ထဲက ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၈ မှာ တိုက်ပွဲတွေဖြစ်နေသလို အမှတ် ၃၀၉ ခြေမြန်တပ်ရင်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဦးတည်တိုက်ခိုက်နေတယ်လို့ ဗန်းမောက်မြို့နယ် ပကဖ ကထုတ်ပြန်ထားပါတယ်။
"ထွက်ပေါက်က ရပ်ကွက် ၁၀ ပဲရှိတယ်။ ရွှေဘတို့ ဘယ်နှရက်တောင့်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ရုံပဲ"လို့လည်း ဗန်းမောက်ပကဖက ရေးသားထားပါတယ်။












