သတိရှိခြင်းဆိုတာ ဘာလဲ၊ စိတ်ကျန်းမာရေးအတွက် ဘယ်လိုအကျိုးရှိလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, မာဒီ ဂုဆု
- ရာထူးတာဝန်, ဘီဘီစီသတင်း အာရဗီ
တစ်နေ့တော့ ကျွန်တော် အင်စတာဂရမ်ကို ကြည့်နေရင်းနဲ့ ဗီဒီယိုတစ်ခုက ကြည့်နေရာကနေ ရပ်တန့် သွားအောင် ဆွဲဆောင်ခဲ့ပါတယ်။
"အခုကနေပြီးတော့ ၁၀ နှစ်အတွင်း ခင်ဗျားရဲ့ ပုံစံကို မြင်ရမယ့်အခြေအနေပါ။ လက်ရှိ ပစ္စုပ္ပန်ကို ပျော်အောင်ကြည့်ဖို့ တောင်းပန်တိုးလျှိုးနေတဲ့ခင်ဗျားပုံစံပါ" လို့ ရေးထားတဲ့စာကို ဖုန်း စခရင်မှာ မြင်ရပါတယ်။
ဒါကပဲ လက်ရှိကျွန်တော်လည်း ရုန်းကန်နေရတဲ့အခြေအနေဖြစ်တဲ့ ကျွန်တော်တို့ အများစု ကြုံနေရတဲ့ ပစ္စုပ္ပန်တည့်တည့် ကြည့်နိုင်စွမ်းကို ပြန်ပြီး သတိကပ်စေပါတယ်။
သိစိတ်ကပ်ထားခြင်းဆိုတာ လက်တွေ့မှာတော့ တစ်ဦးချင်းစီဟာ သူတို့ရဲ့အတွေးတွေ၊ ခံစားမှု တွေနဲ့ အထူးအခိုက်အတန့်တစ်ခုအတွင်းက ပတ်ဝန်းကျင်တွေကို အာရုံစိုက်ကိုလှုံ့ဆော်ပေးခြင်း ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အလုပ်တွေများလာတာနဲ့အမျှ သတိကပ် အသိကပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောနေမယ့်အစား ကိုယ့်ရဲ့စိတ်ကျန်းမာရေးကို ကိုယ်ပြန်ကြည့်တဲ့အနေနဲ့ သတိကပ်ခြင်းဟာ လိုအပ်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။
"ပျော်စရာ နှစ်တွေကို ကျော်ဖြတ်ခဲ့ရလားဆိုတာကိုတောင် မဆန်းစစ်ကြည့်မိခဲ့ဘူး''
"ပျော်စရာ နှစ်တွေကို ကျော်ဖြတ်ခဲ့ရလားဆိုတာကိုတောင် မဆန်းစစ်ကြည့်မိခဲ့ဘူး''
"ကောင်းအောင်အောင် ကြိုးစားမယ်ဆိုပြီး နှစ်တွေအများကြီးကို ဖြုန်းခဲ့မိတယ်။ အဲဒီစိတ်နဲ့ ကိုယ်ကြောင့် ကိုယ် တကယ်အဆင်ပြေရဲ့လားဆိုတာတောင် သတိမကပ်ခဲ့မိဘူး'' လို့ ဂျော်ဒန်နိုင်ငံ၊ အမ်မန်က အသက် ၃၇ နှစ်အရွယ် အားကစားနည်းပြဆရာမ ဇိုင်နာက ပြောပါတယ်။
သူ့ရဲ့ အသက် ၂၀ အရွယ် နှစ်အပိုင်းအခြားတွေမှာ ရုပ်သွင်ပြင်နဲ့ ကိုယ်အလေးချိန်ကို အမြဲတမ်း အာရုံစိုက်ခဲ့ပြီး အဲဒီအပေါ်မှာ အမြဲလိုအားမလိုအားမရဖြစ်တဲ့စိတ်ကို ခံစားခဲ့ရတယ်လို့ သူကပြောပါတယ်။
ဒါပေမယ့် အခုတော့ အရင်တုန်းက သူ့ရဲ့ပုံတွေကို ပြန်ကြည့်တဲ့အခါ တကယ်တမ်းမှာ သူဟာ ကိုယ့်ကိုယ်ကိုယ် မာန်တင်းလွန်းခဲ့တယ်ဆိုတာကို မြင်လိုက်ရလို့ဆိုပြီး သူ သတိထားမိခဲ့တယ်လို့ ဆိုပါတယ်။
ကွန်ပျူတာ အင်ဂျင်နီယာအဖြစ်လုပ်ခဲ့ဖူးသူ ရာ့ဒ်ကတော့ သူ အလုပ်လက်မဲ့ဖြစ်သွားတဲ့အခြေအနေဟာ လောကကြီးကို မြင်တဲ့အမြင် ပြောင်းလဲသွားစေခဲ့တယ်လို့ ပြောပါတယ်။
"အလုပ်နဲ့ပတ်သက်တဲ့ဖိအားတွေကိုပဲ အမြဲ သတိကပ်ခဲ့တာ။ အလုပ်လည်း ပြောင်းချင်ခဲ့တာ။ အခုတော့ အလုပ်လက်မဲ့ဖြစ်သွားပြီ။ အရင် အလုပ်လုပ်ခဲ့တဲ့နေ့ရက်တွေကို စိတ်ထဲ အသေးစိတ် ပြန်အမှတ်ရ လွမ်းနေမိတယ်။ ရုံးသွားလို့ ကားပိတ်တဲ့အခြေအနေကိုတောင် လွမ်းမိတယ်''လို့ သူက ဘီဘီစီကို ပြောပါတယ်။
လစာက စိတ်ကျန်းမာရေးနဲ့ ငွေရေးကြေးရေးဆိုင်ရာ တည်ငြိမ်မှုအတွက် အထောက်အပံ့ဖြစ်ခဲ့သလို သူ့ မိသားစုအတွက် ကောင်းမွန်တဲ့ဘဝတစ်ခုကို ရာဒ့်က ထောက်ပံ့ပေးနိုင်ခဲ့တယ်။
"ကိုယ်ဘဝရဲ့အကောင်းဆုံးနှစ်တွေကို ရှင်သန်နေခဲ့လားဆိုတာကို တကယ်ကို အမြင်မှန်မရခဲ့ဘူး"

ဓာတ်ပုံ ရင်းမြစ်, Getty Images
အသက် ၄၀ အရွယ် ကလေး ၂ ယောက်အဖေ အာမတ်ဟာ သူ့ကလေးတွေ မြန်မြန်အရွယ်ရောက်ပါတော့လို့ ဆုတောင်းခဲ့ဖူးပါတယ်။ ကလေးတွေကို စောင့်ရှောက်ရတာ ပင်ပန်းလွန်းလို့ သူ့အတွက် အချိန်လေးများ ရမလားရယ်ဆိုတဲ့စိတ်နဲ့ပါ။
ဒါပေမယ့်လည်း သူ့ကလေးတွေ အရွယ်ရောက်လာတဲ့အခါ သူ့ သဘောထားအမြင်တွေက လုံးဝကို ပြောင်းလဲခဲ့ပါတယ်။
"သူတို့ရဲ့ဆူပူ အော်ဟစ်သံတွေ၊ အပ်ကြောင်းထပ်နေတဲ့ မေးခွန်းတွေအပြင် အိမ်အနှံ့မှာပရမ်းပတာ လုပ်ထားတာတွေ ပြည့်နှက်နေတာတွေနဲ့အတူ စိတ်ပျက်ပြီး အိပ်ရာက နိုးခဲ့ရတယ်" လို့ သူက ပြောပါတယ်။
"အခုတော့ သူတို့ရဲ့ ကလေးဘဝ အစောပိုင်းကာလနဲ့ ကလေးဘဝ တီတီတာတာ စကားပြောခဲ့တာတွေကို လွမ်းမိတယ်။ ဒီလို ၀ရုန်းသုန်းကားအခြေအနေကပဲ ဘဝမှာ အလှဆုံးသောအတွေ့အကြုံတွေ ဆိုတာကို သဘောပေါက်လာမိတယ် "
စိတ်ကို ပစ္စုပ္ပန်မှာ ထားဖို့ ဘာကြောင့် ခက်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဇိုင်နာ၊ ရာဒ့် နဲ့ အာမတ်တို့ရဲ့ပြောပြချက်တွေကို နားထောင်ကြည့်ရင် လူအများစုဟာ သူတို့ကျော်ဖြတ်ခဲ့ကြတဲ့အချိန်တွေရဲ့တန်ဖိုးကို အဲဒီအချိန်တွေ ကျော်လွန်သွားတော့မှ နားလည်သဘောကြတတ်ကြတယ်ဆိုတာကို ပြသပါတယ်။
"စိတ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက် အာရုံကြောဆိုင်ရာ ရှုထောင့်ကနေကြည့်ရင် လူတွေဟာ သဘာဝအရ "စိတ်ခရီးသွားမှု" လို့ သိကြတဲ့ အတိတ်အကြောင်းတွေနဲ့ အနာဂတ် မျှော်လင့်ချက်တွေအကြားမှာပဲ အချိန်အများစုကို တွေးတော ကုန်ဆုံးနေကြပါတယ်'' လို့ ဒေါက်တာ နဝဖ် အယ်လ်ရီဖိုင်က ပြောပါတယ်။
သူက ဂျော်ဒန်နိုင်ငံ Irbid ဆေးပညာအကြံပေးစင်တာရဲ့ စိတ်ပညာရှင်ဖြစ်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့အတိတ်ကို လေးလေးနက်နက်ဆင်ခြင်တာနဲ့ ဖြစ်လာနိုင်တဲ့အနာဂတ်အတွက် ကြိုတင်ကြံဆခြင်းတို့ကို လုပ်လေ့ရှိတဲ့ ဦးနှောက်ရဲ့အပိုင်း DMN နဲ့ ဆက်နွှယ်ပါတယ်။
ဒါပေမယ့်လည်း လူအချို့အတွက်တော့ ဒါဟာ အာရုံလွှဲစရာအရင်းခံ ဖြစ်စေပါတယ်။
စိတ်ကို ပစ္စုပ္ပန်မှာတည့်တည့် ထားနိုင်ဖို့ ရုန်းကန်နေရသူဟာ သတိမမူချင်လို့ မဟုတ်ဘဲ ''သိစိတ်မှာ အလွန်အမင်း အာရုံများနေတာ'' ကြောင့်လို့ အယ်လ်ရီဖိုင်ကပြောပါတယ်။ ဆိုလိုတာက လူတွေဟာ စေ့စေ့တွေးလေ ပြဿနာတွေကို အဖြေရှာနိုင်လေလို့ ယူဆတာကြောင့်ဖြစ်ပါတယ်။
တကယ့်လက်တွေ့မှာတော့ ဒီလိုတွေးတာဟာ စိတ်ကျေနပ်စေခြင်း ဒါမှမဟုတ် ဖြစ်ထွန်းမှုတို့လို ကိစ္စတွေနဲ့ လူ့စိတ်ကို ဝေးကွာစေတယ်လို့ သူက ပြောပါတယ်။
သတိရှိခြင်း/သတိကပ်ခြင်းက ဘယ်ကနေ စတင်လဲ
သတိကပ်ခြင်း/ရှိခြင်းအလေ့အထဟာ အကျွတ်တရားရရာ ရောက်ကြောင်း ဗုဒ္ဓဘာသာ ထုံးတမ်းကနေလာတဲ့ တရားထိုင်ခြင်းနည်းလမ်းတွေကနေ အခြေတည်ပါတယ်။
နာကျင်မှု၊ စိတ်ပိုင်းဆိုင်ရာနေထိုင်မကောင်းမှု ကျန်းမာရေးကို ကုသရာမှာ အဲဒီနည်းနာရဲ့ ဆေးဘက်ဆိုင်ရာကောင်းကျိုးတွေကို သိပ္ပံပညာရှင်တွေကို ၁၉၆၀ ခုနှစ်အတွင်းမှာ စတင်ပြီး စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။
အဲဒီရပ်ဝန်းထဲမှာတော့ အမေရိကန်လူမျိုးပါမောက္ခ ဂျွန်ကဘတ် ဇင်န်ဟာ အစောပိုင်း ဦးဆောင်သူတွေထဲက တစ်ယောက်ဖြစ်ပြီး မက်ဆာချူးဆက်ဆေးပညာစင်တာတက္ကသိုလ်မှာ သတိကပ်ခြင်းကို အခြေခံပြီး စိတ်သောက လျှော့ချတဲ့ အစီအစဥ်ကို ၁၉၇၉ ခုနှစ်အတွင်း တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။
နာတာရှည်နာကျင်မှုနဲ့အတူ သတိကပ်ခြင်းရဲ့အခြေခံသဘောတရားတွေကို လေ့ကျင်ခြင်းကို ၈ ရက်ကြာတဲ့ အဲဒီအစီအစဥ်အတွင်းမှာ ကဘတ်ဇင်န်က သူ့ရဲ့လူနာတွေကို ပြောပြခဲ့ပါတယ်။
လွန်ကဲ တွေးတောမှု ဒါမှမဟုတ် ကြိုတင်သုံးသပ်ချင့်တွက်တာတွေမရှိဘဲ ပစ္စုပ္ပန်ကာလကို တည့်တည့် ကြည့်မြင်တာဟာ လူတစ်ဦးချင်းစီတိုင်းအတွက် နေ့စဉ်ကြုံရတဲ့ဖိအားတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တာ၊ အဲဒီလူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးကိုလည်း အကျိုးဖြစ်ထွန်းစေတယ်ဆိုတာကို သူ တွေ့ရှိခဲ့ပါတယ်။
သူတွေ့ရှိခဲ့တဲ့အရာတွေကို ဆေးပညာဂျာနယ်တွေနဲ့ စာအုပ်တွေအတွဲ လိုက်ရေးသား ထုတ်ဝေခဲ့ပြီး ဆေးပညာအသိုင်းအဝိုင်းမှာ အဲဒီအလေ့အထကို ကျယ်ကျယ်ပြန့်ပြန့် သတိထားမိခဲ့ပါတယ်။
ဗြိတိန်အမျိုးသားကျန်းမာရေးဌာန(NHS)အပါအဝင် ကျန်းမာရေးဆေးခန်းတွေမှာ အသိကပ်/ရှိခြင်းကို ကုထုံးဆိုင်ရာ နည်းနာတစ်ခုအဖြစ် အသုံးပြုနေပါပြီ။
မြင်ဖို့ရာ မစွမ်းသာတဲ့နှိုင်းယှဉ်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆိုရှယ်မီဒီယာဟာ ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝတွေကို အလွန်အမင်းကို ချင်းနင်း ပိုင်စိုးလာတဲ့ အခုလို ခေတ်မျိုးမှာ ကိုယ်နဲ့ သူ နှိုင်းယှဥ်မှုဟာ များများစားစား အားစိုက်ထုတ်စရာမလိုပဲ လက်မလေး တစ်ချောင်း ပွတ်လိုက်ရုံနဲ့ ဖြစ်နိုင်ပါတယ်။
လူမှုကွန်ရက်တွေဟာ အသုံးပြုသူတွေကို ကွန်ရက်တွေရဲ့စက်သိမှတ်မှုစနစ်အရ ဆက်စပ်ပြီးဖော်ပြလာတဲ့ ယုတ္တိမကျတဲ့ကိုယ်ခန္ဓာ ပုံပန်းသွင်ပြင်အစ ဇိမ်ခံအားလပ်ရက် ခရီးမြင်ကွင်းအတွေအဆုံး အကြောင်းအရာပေါင်းစုံကြားမှာ ခေါင်းမြုပ်သွားအောင် လုပ်နေတယ်လို့ စုံစမ်းထောက်လှမ်းသတင်းထောက်၊ မီဒီယာစွမ်းရည်လေ့ကျင့် သင်ကြားပေးသူလည်းဖြစ်တဲ့ ဆာဖာ့ အယ်လ်ရာမဟီက ပြောပါတယ်။
"အဲဒီအရာတွေအားလုံးဟာ တစ်ဖြည်းဖြည်းနဲ့ ကိုယ့်အသိစိတ်ကို မြင်လာအောင် လုပ်ပစ်လိုက်တာ။ လူတွေအားလုံးဟာ တကယ့်ကို ခြောက်ပစ်ကင်းတဲ့ဘဝမှာ နေထိုင်နေရတယ်လို့မြင်လာအောင် လုပ်တယ်။ တကယ့်ဘဝမှာ လူတွေဟာ သာမန်ဘဝတွေမှာပဲ မပြည့်မစုံနဲ့ ဘဝကို ဆုတ်ဆုတ်ယုတ်ယုတ် နောက်ကြောင်းပြန်သွားနေတယ်ဆိုတာမျိုးကိုလည်း မြင်လာစေတယ်'' လို့ သူက ပြောပါတယ်။
စိတ်ဗေဒပညာရှင် အယ်လ်ရီဖိုင်ကတော့ ဒါဟာ လူတွေအနေနဲ့ ကောင်းတဲ့အပိုင်းကိုပဲ ရွေးထုတ်ပြထားတဲ့ တခြားလူရဲ့ဘဝနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်မြင်လာစေပြီး တခြားသူက ကိုယ့်ထက် ခေါင်းတစ်လုံး ပိုသာနေတယ်ဆိုတဲ့လူမှုဘဝ နှိုင်းယှဉ်ချက်ကို ဦးတည်သွားစေတယ်လို့ ဆိုပါတယ်။
ဒါကပဲ လူမှုအသိုက်အဝန်းက နာကျင်မှုတွေနဲ့ မညီမျှမှုခံစားချက်တွေနဲ့ ဆက်နွှယ်တဲ့ ဦးနှောက်အစိတ်အပိုင်းကို လှုံ့ဆော်မှု ဖြစ်စေပါတယ်။
"ကုထုံးအတွင်းမှာတော့ လူတွေကို သူတို့ရဲ့ဖုန်းထဲက ကလောင်ကလောင်နဲ့တက်လာတဲ့ နိုတီတွေကို မကြည့်အောင် လုပ်တယ်။ ကိုယ့်ဖြစ်တည်မှုနဲ့ သူ့ ဖြစ်တည်မှု မနှိုင်းယှဉ်ဖြစ်အောင်ပေါ့'' လို့ သူက ပြောပါတယ်။
"ဒါက စိတ်ကို ပြန်အံတုတာ မဟုတ်ပါဘူး။ စိတ်ကို ဘယ်လို တွေးရမယ်ဆိုတာ လမ်းညွှန်လိုက်တာမျိုးပါ။ ပြီးတော့ ကိုယ်ထိတွေ့နေတဲ့ ဒစ်ဂျစ်တယ်အဝန်းအဝိုင်းကိုလည်း ပြန်သုံးသပ်ဖို့ပေါ့။ကိုယ်က ဘယ်သူကို ဖော်လိုလုပ်ထားလဲ။ ကိုယ်က ဘယ်သူ့ကို လိုက်ကြည့်နေလဲဆိုတာမျိုးပေါ့''
ကျွန်တော်တို့ လုပ်နိုင်တာက ဘာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူတွေ ပစ္စုပ္ပန်ကို တည့်တည့်ကြည့်ပြီး ကိုယ့်ဘေးပတ်ဝန်းကျင်မှာ လက်ရှိ ဘာဖြစ်နေလဲဆိုတာကို အာရုံစိုက်နိုင်အောင် လုပ်နိုင်တဲ့ ရိုးရှင်းတဲ့လေ့ကျင့်နည်း အချို့ရှိတယ်လို့ အယ်လ်ရီဖိုင် က ပြောပါတယ်။
''အလွယ်ဆုံးနိုင်လုပ်နိုင်တာကနေ စလုပ်ကြည့်ပါ'' လို့ သူက ပြောပါတယ်။
ကော်ဖီ တစ်ခွက်သောက်သလိုမျိုး အကြောင်းအရာတစ်ခုအပေါ် ၅ မိနစ်လောက် အာရုံစိုက်တာမျိုးကနေ စလုပ် ကြိုးစားကြည့်ဖို့ လူနာတွေကို သူက အကြံပြုပါတယ်။
"လက်ထဲမှာ ကိုင်ထားတဲ့ ကော်ဖီ ဘယ်လောက်ပူနေလဲ၊ ဘယ်လို အရသာရှိလဲ၊ ဘယ်လိုအနံ့ရှိလဲ ဆိုတာကို သတိထားကြည့်မယ်။ လမ်းလျှောက်ကြည့်။ တခြားမတွေးဘဲ ကိုယ့်ခြေထောက် ကြွတာကိုပဲ သိအောင်လုပ်။ ဒါကို ကျွန်တော်တို့ကတော့ တစ်ခုတည်းလုပ် တစ်စိတ်တည်းထား လို့ ခေါ်တယ်''
နောက်တစ်ချက် လေ့ကျင့်ပုံကတော့ အာရုံ ၅ ပါး သိမှတ်နည်း လို့ သိကြပါတယ်။ အဲဒါက ...
အခုမြင်နေရတဲ့အရာ ၅ ခုကို ဖော်ပြတာ၊
ကြားရတဲ့အသံ ၄ မျိုးကို အာရုံစိုက်တာ၊
ကိုယ်ထိကိုင်လိုက်တဲ့အရာ ၃ ခုကို ဘာတွေလဲဆိုတာကို မှတ်လိုက်တာ၊
အနံ့ ၂ မျိုး ကို အာရုံခံတာ၊
ပါးစပ်ထဲမှာ ရှိတဲ့အရာကို အရသာခံတာတို့ ဖြစ်ပါတယ်။
"ဒီမှာ စိတ်ကို သိပ္ပံနည်းကျစေစားလိုက်တာက စိုးရိမ်ပူပန်တဲ့ဦးနှောက်ကနေ တကယ့် ပစ္စုပ္ပန်ဖြစ်တည်မှုတွေကို ခံစားသိမြင်နိုင်တဲ့ ဦးနှောက်အဖြစ် အာရုံစိုက်အောင် လုပ်လိုက်တာပါ'' လို့ အယ်လ်ရီဖိုင်က ပြောပါတယ်။
"ကိုယ့်ရဲ့အာရုံကြော စနစ်ကြီးဟာ အမြဲတမ်း အလုပ်လုပ်နေဖို့ချည်းပဲ ရှိနေတာမဟုတ်ပါဘူး။ အလုပ်လည်းလုပ်၊ ဦးနှောက်ကို အနားပေးသင့်လည်း နားဖြစ်အောင်လုပ်ပါ။ ကိုယ်က လူသားဖြစ်တယ်ဆိုတာကို အမြဲအမှတ်ရပါ''












