သေဆုံးခါနီးလူတွေ နောက်ဆုံးထွက်သက်မတိုင်ခင် ဘာတွေမြင်လေ့ရှိလဲ

ဓာတ်ပုံ ရင်းမြစ်, Christopher Kerr
- ရေးသားသူ, အလက်ဆန်ဒရာ ကော်ရာ
- ရာထူးတာဝန်, ဘီဘီစီ ဘရာဇီးဘာသာစကားဌာန
၁၉၉၉ ခုနှစ်တုန်းက အမေရိကန်ဆရာဝန် ခရစ္စတိုဖာ ခါးရ်ဟာ သူလုပ်နေတဲ့ဆရာဝန်ဘဝကို အပြောင်းအလဲဖြစ်စေမယ့် ဖြစ်ရပ်တစ်ခုကို ကိုယ်တွေ့ ကြုံလိုက်ရပါတယ်။
ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ သူ့ရဲ့လူနာ မေရီဟာ အသက်ထွက်ခါနီးအချိန်ကို ရောက်လာတာနဲ့အမျှ အထူးအဆန်းတွေ ပြုမူလာပါတယ်။ အဲဒီအချိန်မှာ သူ့ သားသမီး ၄ ယောက်ကလည်း ကုတင်ဘေး ဝန်းရံပြီး မိခင်ဖြစ်သူရဲ့နောက်ဆုံးအချိန် အနားမှာရှိနေခဲ့ပါတယ်။
အသက် ၇၀ အရွယ် မေရီဟာ ကုတင်ပေါ် ထထိုင်ပြီး သူပဲ မြင်နိုင်တဲ့ ကလေးငယ်တစ်ဦးကို ပွေ့ဖက်ချီပိုးတဲ့ပုံစံ လက်တွေကို စပြီးရွှေ့နေခဲ့ပါတယ်။ မေရီက အဲဒီကလေးနာမည်ကို ဒန်နီ လို့ခေါ်ပြီး သူ့ကလေးကို ပွေ့လိုက် နမ်းလိုက်ပုံစံ လုပ်နေခဲ့ပါတယ်။
ကုတင်ဘေးက သားသမီးတွေကတော့ မေရီပြောနေတဲ့ ဒန်နီဆိုတာ ဘယ်သူလဲဆိုတာ မသိတဲ့အတွက် သူတို့အမေ ဘာလုပ်နေတာလဲဆိုတာကို နားမလည်နိုင်ကြပါဘူး။
နောက်နေ့မှာတော့ မယ်ရီရဲ့ ညီမဖြစ်သူ ဆေးရုံကို ရောက်လာပါတယ်။ သူရှင်းပြတော့မှပဲ မေရီဟာ တခြားကလေးတွေ မမွေးခင်မှာ ဒန်နီလို့နာမည်ပေးခဲ့တဲ့ အဖတ်မတင်ခဲ့တဲ့ သားလေးတစ်ယောက်ကို မွေးခဲ့ဖူးတယ်ဆိုတာ သိခဲ့ရပါတယ်။
အဲဒီ ဆုံးရှုံးမှုအတွက် ခံစားရတဲ့နာကျင်မှုဟာ ကြီးမားလွန်းတာကြောင့် မေရီဟာ အဲဒီကလေး အဖတ်မတင်ဖြစ်ခဲ့တဲ့ အကြောင်းကို ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။
နှလုံးရောဂါ အထူးပြုပြီး ဦးနှောက်အာရုံကြောဇီဝဆေးပညာ ပါမောက္ခလည်းဖြစ်တဲ့ ဒေါက်တာ ခါးရ်ဟာ အရင်က သမားရိုးကျ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ အခု သူမြင်တွေ့ရတဲ့ မေရီ့ အခြေအနေကြောင့်ပဲ ဆေးပညာပိုင်းမှာ သူ့လေ့လာမှုလမ်းကြောင်းကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပြီး သေဆုံးလုနီးပါးဖြစ်တဲ့လူတွေရဲ့ အတွေ့အကြုံတွေကို အာရုံစိုက်လေ့လာဖို့ ဦးတည်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Plan Shoot / Imazins / Getty Images
'ငြိမ်းချမ်းအာရုံ'
မေရီ့ဖြစ်စဥ်ကို ကြုံတွေ့ပြီး ၂၅ နှစ်အကြာ လက်ရှိမှာတော့ သူဟာ အသက်ဆုံးပါးခါနီးလူတွေ သေငယ်ဇောနဲ့မြောတဲ့အခါ မြင်ရတဲ့ အိပ်မက်တွေနဲ့ အမြင်တွေအကြောင်း လေ့လာမှုမှာ ဦးဆောင်ပညာရှင်တွေထဲက တစ်ဦးအဖြစ် မှတ်ယူခံထားရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီအတွေ့အကြုံတွေဟာ များသောအားဖြင့် လူနာတစ်ဦး မသေဆုံးခင် သီတင်းပတ်တွေ အလိုမှာ စတင်ဖြစ်ပွားလေ့ရှိပြီး ထွက်သက်နီးလာချိန်မှာ အကြိမ်ရေပိုစိပ်လာတယ်လို့ သူက ပြောပါတယ်။
အဲဒီအခါ လူတွေဟာ သူတို့ဘဝမှာ ကြုံဆုံခဲ့ရတဲ့ အရေးပါတဲ့ အခိုက်အတန့်တွေကို ပြန်ရောက်သွားတတ်ကြသလို တခါတလေမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကွယ်လွန်ခဲ့နှင့်ကြပြီးဖြစ်တဲ့ မိခင်တွေ၊ ဖခင်တွေ၊ သားသမီးတွေ၊ မွေးခဲ့ဖူးတဲ့အိမ်မွေးတိရိစ္ဆာန်တွေကိုတောင် ပြန်မြင်ပြီး သူတို့နဲ့ စကားပြောကြတာမျိုးကိုလည်း တွေ့ရတယ်လို့ ဒေါက်တာခါးရ်က ပြောပါတယ်။
လူနာတွေအတွက်တော့ သူတို့မြင်ရတဲ့အမြင်တွေက အမှန်တကယ်ဖြစ်နေတာဖြစ်ပြီး၊ အားလည်းကြီးပါတယ်။ များသောအားဖြင့် သူတို့အတွက် ငြိမ်းချမ်းမှုအာရုံရသွားတဲ့ ပုံစံမျိုးပါ။
''ဒီ (ဆက်ဆံရေးတွေ) ဟာ အဓိပ္ပာယ်ပြည့်ဝပြီး စိတ်သက်သာရာရစေတဲ့ နည်းမျိုးနဲ့ ပြန်ကြုံရတာဖြစ်တတ်ပါတယ်၊ ကိုယ့်ရဲ့ ရှင်သန်ခဲ့တဲ့ဘဝမှာ ကြုံဆုံခဲ့ရတာတွေကို အတည်ပြုပေးလိုက်သလိုလည်း ဖြစ်ပြီး သေဆုံးရမှာကို ကြောက်ရွံ့တာ ပိုနည်းသွားစေတယ်'' လို့ ဒေါက်တာခါးရ်က ဘီဘီစီသတင်း ဘရာဇီးဌာနကို ပြောပါတယ်။
ဒီလူနာတွေဟာ အာရုံထွေပြားတာ၊ ဗလုံးဗထွေးဖြစ်တာတွေ မဟုတ်ဘဲ ရုပ်ကျန်းမာရေးယိုယွင်းကျဆင်းလာတာမှန်ပေမဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ခံစားမှုအပိုင်းမှာတော့ ကောင်းကောင်းကြီး အသိရှိနေကြပါတယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဆရာဝန်အများစုကတော့ ဒီဖြစ်စဥ်ဟာ လူနာရဲ့စိတ်ထင်ယောင်ထင်မှားဖြစ်မှုတွေ ဒါမှမဟုတ် ဂယောင်ဂတမ်းဖြစ်တာတွေလို့ ပြောသလို သိပ္ပံနည်းကျ သုတေသန ကျကျနနလုပ်ဆောင်ပြီးမှ ကောက်ချက်ဆွဲသင့်တယ်လို့ ပြောပါတယ်။
အဲဒါကြောင့် ဒေါက်တာခါးရ်ဟာ ၂၀၁၀ ပြည့်နှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ရှေ့ဆောင်လေ့လာမှုတစ်ခုကို စတင်လိုက်ပါတယ်။ အဲဒါကတော့ အသက်ထွက်ခါနီး လူနာတွေကို သူတို့ဘာတွေ မြင်တွေ့ရလဲဆိုတာကို မေးမြန်းတဲ့ စစ်တမ်းကောက်ယူမှုတစ်ခုကို စလုပ်တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Christopher Kerr
စစ်တမ်းမှာပါဝင်ဖို့ မမေးမြန်းခင်မှာ လူနာတွေ အားလုံးကို သူတို့ရဲ့အာရုံထွေပြားနေတာမျိုး ဖြစ် မဖြစ် သေချာအောင်စိစစ်ပါတယ်။
ဒီလေ့လာမှုမတိုင်ခင်တုန်းက အစီရင်ခံစာအများစုမှာတော့ သေခါနီးလူနာတွေ ကြုံရမြင်ရတယ်ဆိုတာတွေကို ကာယကံရှင်မဟုတ်တဲ့ ကြားလူတွေက ပြန်ပြောကြတာမျိုးပါ။ လူနာဘာတွေမြင်နေလဲဆို အဲဒီကြားလူတွေက သူတို့ယူဆထင်မြင်တာကို ပြောထားတဲ့ မှတ်တမ်းမှတ်ရာတွေဖြစ်ပါတယ်။
အဲဒီတွေ့ရှိချက်တွေကို ဆွီဒင်က အမျိုးသားဆေးပညာမော်ကွန်းတိုက် (National Library of Medicine) လို သိပ္ပံဂျာနယ်တွေအတော်များများမှာ ပုံနှိပ်ဖော်ပြထားပြီးဖြစ်ပါတယ်။
လူနာတွေရဲ့ဒီလိုအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ရှင်းပြနိုင်မယ့် အဖြေတိတိကျကျကို ဒေါက်တာခါးရ် ရှာမတွေ့သေးပါဘူး။ ဒါပေမဲ့ ဖြစ်ရတဲ့အကြောင်းရင်းကို အဖြေရှာဖို့က သူ့လေ့လာချက်ရဲ့ အဓိကဦးတည်ချက်မဟုတ်ဘူးလို့ သူက ပြောပါတယ်။
''ဖြစ်ရတဲ့အကြောင်းရင်းနဲ့ ဖြစ်စဥ်ကို ကျွန်တော် မရှင်းပြနိုင်ပေမဲ့ လူနာ ဒါမျိုးတွေ့ကြုံရတယ်ဆိုတဲ့ အချက်ကတော့ မပျက်ပြယ်သွားဘူးလေ'' လို့ သူက ပြောပါတယ်။
ခါးရ်ဟာ အခုဆိုရင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ ရောဂါပြင်းထန်လူနာတွေကို သက်သာစေဖို့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အဖွဲ့တစ်ခုရဲ့ အမှုဆောင်ချုပ်အဖြစ် တာဝန်ယူနေပါတယ်။
သူ့စာအုပ် သေဆုံးခြင်းဆိုတာ အိပ်မက်တစ်ခု - ဘဝဆုံးချိန်မှာ မျှော်လင့်ချက်နဲ့ ဘဝအဓိပ္ပာယ်ကို ရှာဖွေခြင်း (Death Is But a Dream: Finding Hope and Meaning at Life's End) ဟာ ၂၀၂၀ ပြည့်နှစ်မှာ ပုံနှိပ်ထုတ်ဝေထားပြီး ဘာသာစကား ၁၀ မျိုးနဲ့ ပြန်ဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထွက်သက်မတိုင်ခင် ကြုံရတဲ့ လူနာတွေရဲ့ အတွေ့အကြုံ အဓိပ္ပာယ်၊ နောက် သူ့လေ့လာမှုနဲ့ ပတ်သက်ပြီး သူက ဘီဘီစီ ဘရာဇီးဘာသာစကားဌာနကို အခုလိုပြောပြခဲ့ပါတယ်။
အခုလိုနှစ်တွေကြာကြာလေ့လာပြီးပြီဆိုတော့ ဒီအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ဘာတွေသိထားရပါပြီလဲ။
''သေဆုံးခြင်းဆိုတာဟာ ကျွန်တော်တို့ မြင်ကြတဲ့ ရုပ်ပိုင်းဆိုင်ရာကျဆင်း ပျက်စီးမှုထက်ပိုတယ်လို့ ကျွန်တော် ထင်ပါတယ်။ သေဆုံးခါနီး အခြေအနေဟာ ကိုယ့်အမြင်ရှုထောင့်၊ ကိုယ့်ထင်မြင်ယူဆချက် ပြောင်းလဲတာပါဝင်သလို ဘဝတစ်ခု အသက်ရှင်သန်မှုတစ်ခု အကြောင်း တကယ့်ကိုခိုင်မာစေတဲ့အချင်းအရာတွေလည်း ပါဝင်တယ်''
''သေခါနီးဟာ ကိုယ့်ကို ပြန်မြင်ယောင်စေတဲ့ရှုထောင့်တစ်ခုကိုလည်း ပေါ်လာစေတယ်။ လူတွေဟာ ကိုယ့်ဘဝမှာ အရေးအပါဆုံး အကြောင်းအရာတွေအပေါ် အာရုံပိုစိုက်တာမျိုးဖြစ်တတ်တယ်။ ကိုယ့်အအောင်မြင်ဆုံး လုပ်နိုင်ခဲ့တာတွေပေါ့၊ အဲဒီမှာ သူတို့ရဲ့ သံယောဇဥ် ဆက်ဆံရေးတွေ ပါတယ်''
''စိတ်ဝင်စားဖို့ကောင်းတာက ဒါတွေဟာ အဓိပ္ပာယ်ရှိပြီး စိတ်သက်သာစရာပုံစံမျိုးနဲ့ ပြန်လာကြတာပါပဲ။ ဘဝမှာ ဒါမျိုးတွေ ရှိခဲ့ပါလားဆိုပြီး သေဆုံးမှုကို အကြောက်ပိုနည်းသွားစေတယ်''
''လူတွေဟာ သူတို့သေခါနီးကို ကြုံလာရတဲ့အခါ စိတ်သဘော ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာသောကတွေ မြင့်လာတာမျိုးဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ တွေးထင်ထားတတ်ကြတယ်။ ဒါပေမဲ့ တကယ်တန်းမှာတော့ အဲဒီလိုမျိုး မတွေ့ရဘူးဗျ''
''မေတ္တာတရားနဲ့ ဘဝအဓိပ္ပာယ်ကို ထွေးပွေ့ယူဆောင်သွားကြသူတွေမျိုးကို ကျွန်တော်တို့ မြင်ရတယ်''
သုတေသနတွေ့ရှိချက်တွေအရဆိုရင် အသက်ဆုံးခါနီး လူတွေမှာ အာရုံတွေ မြင်ရတဲ့ ဖြစ်ရပ်တွေ ဘယ်လောက်များများ တွေ့ရတတ်လဲ။
''ကျွန်တော်တို့ လေ့လာချက်အရဆိုရင် လူပေါင်း ၈၈ ရာခိုင်နှုန်းလောက်မှာ ဒီလိုဖြစ်ရပ်မျိုး တစ်ခါတော့ ကြုံခဲ့ကြတယ်လို့ တွေ့ရတယ်''
"ကျွန်တော်တို့ လေ့လာချက်မှာ တွေ့ရှိတာက အရင်သိထားတာတွေထက် ၂၀ ရာခိုင်နှုန်းလောက်ပိုမြင့်မားပါတယ်။ ကျွန်တော်တို့ လေ့လာချက်က လူတွေကို နေ့တိုင်းမေးမြန်းနေတာဆိုတော့လေ''
''သေဆုံးခါနီးဆိုတာက အဆင့်ဆင့်ဖြစ်စဥ်မျိုးပါ။ ဒီတော့ တနင်္လာနေ့မှာ ဒီလိုဆိုပေမဲ့ သောကြာနေ့ ရောက်ရင် မတူတဲ့အဖြေကို ရကောင်းရနိုင်တယ်လေ''
''လူနာဟာ သေဆုံးခါနီး နီးလာလေလော ဒီအခြေအနေတွေ ပိုကြုံရမှု အကြိမ်ရေ စိပ်လာလေလေပါပဲ''

ဓာတ်ပုံ ရင်းမြစ်, Getty Images
ခရီးနှင်ခြင်း
ဘယ်လိုအကြောင်းအရာတွေကို လူနာတွေ မြင်လေ့ကြုံလေ့ရှိကြလဲ
''လူနာ သုံးပုံတစ်ပုံလောက်ဟာ ခရီးနှင်တာမျိုးလို အခြေအနေတွေ ကြုံရတယ်လို့ ပြောကြတယ်။ သူတို့ ချစ်ခဲ့ရပြီး ဆုံးရှုံးခဲ့ရသူတွေကို ပြန်ပြီး သတိရ အမှတ်ရနေကြတာမျိုးလည်းရှိတယ်''
''ဆုံးသွားသူတွေကို ပြန်မြင်တာမျိုး များလာလေလေ၊ ထွက်သက်ရောက်ဖို့ နီးလာလေလေပါပဲ။ ဒါကလည်း တဖက်ကကြည့်ရင် အများကြီး စိတ်သက်သာရာစရာ အတွေ့အကြုံဆိုတာမျိုးလည်း လေ့လာချက်မှာ တွေ့ရတယ်။
''သူတို့ ဘယ်သူတွေကို အိပိမက်တယ်ဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ အများအားဖြင့်တော့ သူတို့ကို ချစ်ခဲ့ကြသူတွေ၊ အားပေးထောက်ခံခဲ့ကြသူတွေနဲ့ သူတို့အတွက်အရေးပါတဲ့သူတွေပေါ့။ ဒါက မိဘ တစ်ဦးလည်းဖြစ်နိုင်တယ်၊ မောင်နှမတွေထဲ တစ်ယောက်လည်း ဖြစ်နိုင်တယ်''
''လေ့လာချက် မေးခွန်းတွေထဲမှာ ဖြေကြတဲ့အထဲက ၁၂ ရာခိုင်နှုန်းကတော့ သူတို့ရဲ့ အိပ်မက်တွေဟာ ထူးထူးခြားခြားမဟုတ်တာမျိုး ဒါမှမဟုတ် သူတို့အတွက် စိတ်မသက်မသာ ဖြစ်စေတာမျိုး တွေ့ရတယ်။ စိတ် မသက်မသာဖြစ်ရတဲ့အကြောင်းအရာတွေမှာ ကျပြန်တော့ တချို့အကြောင်းအရာတွေက အပြောင်းအလဲအမြန်ဆုံး ဒါမှမဟုတ် အဓိပ္ပါယ်အရှိဆုံး ဖြစ်နေတတ်တယ်''
''ဒီတော့ ကိုယ့်မှာ ဘယ်လိုစိတ်ဒဏ်ရာပဲ ရှိခဲ့ရှိခဲ့ ဒါတွေက သေခါနီးလူတွေ ကြုံရမြင်ရတဲ့ အခြေအနေတွေမှာ ပြန်ပေါ်လာတယ်''
''ဒီလိုအခြေအနေတွေကို ဘယ်လိုဖြစ်ရပ်တွေမှာတွေ့ရလဲဆိုတော့ စစ်ပွဲထဲရောက်ခဲ့ပြီး ကိုယ်ပဲ ရှင်ကျန်ရစ်ခဲ့ပေမဲ့ အသက်ရှင်ရတာ အပြစ်လို့ ခံစားမိခဲ့ကြတဲ့သူတွေပါ။ ဒါပေမဲ့ သေသွားတဲ့သူတို့ ရဲဘော်ရဲဘက်တွေကို ပြန်မြင်ရတဲံအတွက် သူတို့ စိတ်သက်သာရသွားတတ်ပါတယ်''
ဒီလူနာတွေဟာ ထင်ယောင်ထင်မှား မြင်ကြပြောကြတာလို့ တွေးမယ်ဆိုရင် မမှန်ဘူးလို့ ဆရာက ပြောထားတာရှိတယ်။ ဒီတော့ သူတို့ကြုံရတဲ့အတွေ့အကြုံက တခြားသူတွေနဲ့ ဘာကြောင့်မတူကြရတာလဲ။
''ကယောင်ကတန်းဖြစ်တာ ဒါမှမဟုတ် စိတ်ရှုပ်ထွေးတဲ့အခြေအနေဟာ ဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် ထွက်သက်နီးလာနေချိန်မှာပေါ့။ ဒါပေမဲ့ သူတို့က မတူပါဘူး''
''ကယောင်ကတန်းဖြစ်ကြတဲ့လူတွေက ဒီအတွေ့ကြုံခံစားချက်ကြောင့် စိတ်သက်သာရာ မရကြပါဘူး။ ဒီအတွေ့အကြုံတွေဟာ ကြောက်စိတ်ကိုပေါ်လာစေပြီး လူနာတွေကို ဆေးနဲ့မှိန်းသွားအောင် လုပ်ရတာ၊ ကုတင်နဲ့ချည်ထားတာမျိုးအထိ ဖြစ်စေခဲ့တယ်''
''ဒါပေမဲ့ သေခါနီးလူနာတွေရဲ့ အတွေ့အကြုံကတော့ (သူတို့ထိတွေ့ခဲ့ဖူးတဲ့) တကယ့်လူတွေနဲ့ ဖြစ်ရပ်တွေပေါ်မှာ အခြေခံပါတယ်။ အဲဒီဖြစ်ရပ်တွေကို ရှင်းရှင်းလင်းလင်းနဲ့ပြန်အမှတ်ရစေပြီး တကယ့်ကို စိတ်သက်သာရာရ၊ ငြိမ့်ညောင်းရစေတယ်''

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိပ်မက်တွေ
တစ်ခါတလေမှာ လူနာတွေဟာ အိပ်မက်မက်နေကြတယ်။ ဒါပေမဲ့ တခြားအချိန်တွေမှာ သူတို့ နိုးနေကြတယ်။ ဒီအတွေ့အကြုံ နှစ်မျိုးမှာ မတူညီတာမျိုးရှိလား။
''လေ့လာချက်မေးခွန်းတွေထဲမှာ သူတို့အိပ်နေလား နိုးနေလားဆိုတာမျိုးကို ကျွန်တော်တို့ မေးခဲ့တယ်။ အဖြေကတော့ ၅၀-၅၀ ပါပဲ''
''သေဆုံးတယ်ဆိုတာက ဆက်တိုက်အိပ်သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ နေ့နဲ့ည မကွဲတော့ဘူး။ အိပ်စက်ချိန်ကို ကိုယ်ကန္ဓာက သိတဲ့အသိ နရီ လည်း ပျက်သွားပြီ''
''ပြီးတော့ စစ်စစ်မှန်မှန် မြင်ရတွေ့ရလားဆိုတာကျတော့ အမှတ် ၁၀ ကို ၁၀ အတိုင်းပဲ သူတို့ ပေးတယ်။ ဒီတော့ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း မသေချာဘူး''

ဓာတ်ပုံ ရင်းမြစ်, Getty Images
သေလာက်တဲ့ ရောဂါနဲ့ နာမကျန်းဖြစ်တဲ့ ကလေးတွေကိုလည်း လေ့လာထားတယ်ဆိုတော့ ကလေးနဲ့ လူကြီးကြားက သေဆုံးခါနီး အတွေ့ကြုံ မြင်ကြတဲ့အခြေအနေတွေမှာ မတူတာတွေရှိလား
''ဒီနေရာမှာ ကလေးတွေရဲ့ ပြန်ဖြေဆိုမှုက ပိုကောင်းတယ်။ ဘာလို့လဲဆိုရင် သူတို့မှာ ပိုင်းခြားခုခံထားတာတွေ ရှိမနေဘူးလေ။ အစစ်အမှန်လား စိတ်ကမြင်နေတာလားဆိုတာမျိုးကို သူတို့ မဝေခွဲကြဘူး။ သေမှုရှင်မှုနဲ့ပတ်သက်ပြီး သူတို့ ဘာမှမသိကြဘူး။ ဆိုတော့ သူတို့ဟာ လက်ရှိရှိနေတဲ့ အခိုက်အတန့်မှာပဲ နေထိုင်ကြတာ''
''ကလေးတွေဟာ သူတို့ရဲ့ဒီအတွေ့အကြုံတွေကို ဖန်တီးမှုရှိရှိ အရောင်အသွေးစုံစုံနဲ့ မြင်တတ်ကြတယ်။ သူတို့ကြည့်ရတာ အဲဒီအဓိပ္ပာယ်ကို အလိုလိုသိကြပုံပေါ်တယ်''
''တခါတလေမှာ သူတို့သိတဲ့သူတစ်ဦးဦး သေဆုံးခဲ့တာမျိုးမရှိဘူး၊ ဒါပေမဲ့ တိရစ္ဆာန်တွေ သေဆုံးတာကိုတော့ သိခဲ့တာသေချာတယ်၊ အဲဒါကိုလည်း သူတို့ တကယ့်ကို ရှင်းရှင်းလင်းလင်း မြင်တတ်ကြတယ်''

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိသားစုတွေ
ဒီအတွေ့အကြုံတွေကြောင့် လူနာတွေရဲ့မိသားစုဝင်တွေ၊ ရင်းနှီးသူတွေအပေါ် ဘယ်လို ရိုက်ခတ်မှုရှိလဲ။
''ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီး အစီရင်ခံစာ ၂ စောင်ကို ထုတ်ပြန်ပြီးဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်းထားသူ အယောက် ၇၅၀ ရှိပါတယ်။ တွေ့ရှိချက်ကတော့ သိပ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အခြေခံ ကတော့ လူနာအတွက်ကောင်းတယ်ဆိုရင် သူတို့ရဲ့မိသားစုနဲ့ချစ်ရခင်ရသူတွေအတွက် ကောင်းတာပါပဲ''
''ဘယ်လိုပူဆွေးကြလဲဆိုတာကိုလည်း ကျွန်တော်တို့ လေ့လာကြည့်ခဲ့တယ်။ ဒီလိုအခြေအနေတွေကြုံရတဲ့သူတွေဟာ ပူဆွေးပုံ ပူဆွေးနည်းပုံတွေက ပိုပြီး ကျန်းမာရေးအတွက်ကောင်းတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ ဆုံးရှုံးသွားရတဲ့လူတစ်ယောက်ကို ဘယ်လိုအမှတ်ရနေမလဲ အောက်မေ့နေမလဲဆိုတာကို သူတို့က အသေအချာသိသွားကြရလို့ ဖြစ်ပါတယ်။''
ဆရာက ဦးနှောက်နဲ့အာရုံကြောဘာသာကို ပါရဂူဘွဲ့ ယူထားသူဆိုပေမဲ့ ဒီအတွေ့အကြုံတွေဘယ်လို ဖြစ်လာတာလဲဆိုတဲ့ သူတို့ရဲ့ မူရင်းဇစ်မြစ်ကို မညွှန်နိုင်ဘူးလို့ ပြောတယ်။ ပြီးတော့ အဲဒီဖြစ်စဥ်ကိုနားလည်သဘောပေါက်ဖို့က အဓိကမဟုတ်ဘူးလို့လည်း ဆိုပြန်တယ်။ ဒီတော့ ဆရာဝန်တစ်ဦးလည်းဖြစ်တဲ့ ဆရာ့ အမြင်တွေကရော ဘယ်လိုပေါ်လာတာပါလဲ။
''အော် ... သိလာရပုံကလည်း အခြေခံကျကျပါပဲ''
''ကျွန်တော်ကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဥ်တွေရှိတယ်။ ကျွန်တော် မြင်တွေ့ခဲ့ရတာ သိပ်ကိုနက်နဲသိမ်မွေ့ပါတယ်''
''လူနာအတွက်ကတော့ အဓိပ္ပာယ်က သိပ်ကို ရှင်းလင်းတိကျပါတယ်။ ကျွန်တော်တို့ သူတို့အတွေ့အကြုံထဲမှာ ကျူးကျော်ဝင်ရောက်တာမျိုးလိုတောင် ခံစားမိခဲ့တယ်''

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီအကြောင်းအရာကြောင်းကို ဆွေးနွေးချက်တွေမှာ အလေးနက်ဆုံးက ဆေးဘက်ဆိုင်ရာထက် လူသားဆန်မှုကနေ လာတာလို့ ဆရာပြောထားတာမျိုးရှိတယ်။ ဒီနေရာမှာ ဆေးပညာက ဒီကိစ္စကို ဘာကြောင့် ပိုအလေးမပေးတာပါလဲ။ ဒီလေ့လာမှုကို စတင်ခဲ့တာလည်း ဆယ်စုနှစ်ချီကြာပြီဆိုတော့ အဲဒါ အပြောင်းအလဲဖြစ်လာပြီလား။
''မဖြစ်ပါဘူး။ ပိုပြီးတော့တောင် ဆိုးလာတယ်လို့ ကျွန်တော်ထင်တယ်''
''လူသားဆန်မှုဆိုတာ ကျွန်တော်တို့ ဖြစ်တည်မှုနဲ့ ဘဝရဲ့အဓိပ္ပါယ်ပါပဲ။ လူသားဆန်မှုမှာ ပွင့်လင်းမှုရှိတယ်''
တခြားဆရာဝန်တွေကလည်း သက်သေအထောက်အထားနဲ့မြင်ချင်တာကြောင့် ဒီသုတေသနကို စတင်ခဲ့တာလို့ ဆရာကပြောတယ်။ ဒါပေမဲ့ ဆရာ့ လေ့လာမှုကို ဆေးပညာလောကထက် မီဒီယာရဲ့ အာရုံစိုက်မှု ပိုရတယ်။ ဒီအခြေအနေကို ဘယ်လိုမြင်လဲ။
''ဆရာဝန်ငယ်ငယ်လေးတွေအနေနဲ့ လူနာဘာကြုံနေရလဲဆိုတာကို နားလည်ပေးလာနိုင်အောင် ကျွန်တော်အတော်လေး ကြိုးစားခဲ့ရတယ်။ ဒါကြောင့် ကျွန်တော် ပြနိုင်မယ့်သက်သေအထောက်အထားကို ဖန်တီးတယ်။ ပြီးရင်တော့ သူတို့တွေ နားလည်စာနာလာနိုင်မယ့် စကားလုံးမျိုးတွေနဲ့ ကြိုးပမ်းတယ်''
''ကျွန်တော်ပဲ နားမလည်လာတာလားတော့ မသိတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ လေ့လာတွေ့ရှိချက်က ပင်မမီဒီယာရေစီးကြောင်းထဲကို ရောက်သွားတဲ့အခါမှာ အဲဒါကို လက်ခံကြပြီး ကမ္ဘာတဝန်းကို ပျံ့နှံ့တယ်''
''ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေက သိပ်အလေးမထားပေမဲ့ စောင့်ရှောက်မှုခံနေရသူတွေ၊ စောင့်ရှောက်မှုမှာပါနေကြသူတွေနဲ့ ကိုယ်သေဆုံးခါနီး အခြေအနေကို သိချင်ကြတဲ့သူတွေအတွက်ကျတော့ ဒီလေ့လာချက်ကို လက်ခံကြတယ်။ အဲဒီ ဆန့်ကျင်ဘက်အခြေအနေက စိတ်ဝင်စားစရာပါပဲ''

ဓာတ်ပုံ ရင်းမြစ်, Getty














