တစ်ယောက်အသက် တစ်ယောက် ကယ်ခဲ့တဲ့ သူစိမ်းတွေ

ဓာတ်ပုံ ရင်းမြစ်, AFP
- ရေးသားသူ, ရှာရွန်ဘာဘိုးနဲ့ နာတာလီဝရိုက်
- ရာထူးတာဝန်, ဘီဘီစီသတင်းဌာန
မာရီးယပ်စ် ဗာနာဟာ လှူသူ-လက်ခံသူ အပြန်အလှန် မသိတဲ့ စနစ်နဲ့ လှူဒါန်းတဲ့ အချင်းသွေးနဲ့ အချင်းပင်မဆဲလ် လှူဒါန်းခဲ့မှုကို လုပ်ခဲ့ပြီး ဗြိတိန်က ဆရာဝန်တစ်ဦးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။
အဲဒီလှူဒါန်းမှုကြောင့်ပဲ သတ်သေချင်စိတ်ဖြစ်ခဲ့ဖူးတဲ့တဲ့ ဒီဂျာမန်လူငယ်ဟာ ဘဝ အဓိပ္ပာယ်ပြန်ရှိလာပြီး သူ့ကိုယ်သူလည်း ပြန်ကယ်လိုက်နိုင်တယ်လို့ ပြောပါတယ်။
ရှားပါးတဲ့သွေးကင်ဆာရောဂါတစ်မျိုးကို ခံစားနေရတဲ့ ဒေါက်တာ နစ်ခ် အမ်ဘလီတန်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုပဲ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ အမျိုးအစား ကိုက်ညီတာကို ရှာမတွေ့တဲ့အတွက်ကြောင့် ရှာဖွေမှုတွေကို ကမ္ဘာအနှံ့ထိ ခြေဆန့်ခဲ့ပါတယ်။
ရှာဖွေမှု ၂ နှစ်ကြာပြီးတဲ့နောက်မှာ “သွေးချင်း ညီအစ်ကို”ဖြစ်လာကြသူ နှစ်ဦး ပထမဦးဆုံးအကြိမ် အချင်းချင်း ရှာတွေ့အောင် ဘီဘီစီသတင်းဌာနနဲ့ ပရဟိတအဖွဲ့က အန်သနီ နိုလန်တို့က ကူညီနိုင်ခဲ့ပါတယ်။
အချိန်မရွေးသေသွားနိုင်တယ်
ဒေါက်တာနစ်ခ်ဟာ နယူးကာဆယ်ဆေးရုံက မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင်မှာ ဆယ်စုနှစ် နှစ်ခုကျော်ကြာ အလုပ်လုပ်ခဲ့ပြီး ကမ္ဘာပေါ်က အသေးဆုံး လူနာလေး ထောင်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၁ မှာတော့ သူကိုယ်တိုင်အတွက် ဆရာဝန်တစ်ယောက် လိုအပ်လာခဲ့ပါတယ်။
"ဘာတွေ ဖြစ်လာမယ်ဆိုတာ သူမသိခဲ့ဘူး" လို့ သူက ဆေးရုံအောက်က စင်္ကြံမှာလမ်းလျှောက်ရင်း ပြောပါတယ်။
“ကျွန်တော်သေသွားနိုင်တယ်ဆိုတာ သိတော့ သေတမ်းစာတစ်စောင်ပြင်ခဲ့တယ်” လို့ သူကပြောပါတယ်။
ပြီးတော့ “ဒီသတင်းကို ကျွန်တော့်ဇနီးနဲ့ ကလေးတွေကို ပြောပြလိုက်တယ်။”
“ကလေးတွေအတွက် ကျွန်တော် ရင်တွေကွဲမတတ် ခံစားရတယ်။ သူတို့ကို တစ်သက်လုံး အဖေမရှိဘဲ မကြီးပြင်းစေချင်ဘူးလေ။”

အစားထိုးကုသမှုက ပျက်စီးသွားတဲ့ သွေးဆဲလ်တွေကို ကျန်းမာတဲ့ ဆဲလ်တွေနဲ့ အစားထိုးပေးတာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ခံတဲ့သူရဲ့ အမျိုးအစားနဲ့ မကိုက်ညီရင်တော့ ခန္ဓာကိုယ်ကနေ အလိုအလျောက်ငြင်းပယ်ပါတယ်။
အန်သနီနိုလန် ပရဟိတအဖွဲ့က ရှားလော့ ဟျူးစ်က “ကျွန်မတို့ ဗြိတိန်မှာ မှတ်ပုံတင်ထားတဲ့အထဲက အရင်ဆုံးရှာကြည့်ခဲ့ပြီး တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်” လို့ ဆိုပါတယ်။
“တကယ်လို့ ရှာမတွေ့ဘူးဆိုရင် အန်တိုနီ နိုလန်အဖွဲ့က တစ်ကမ္ဘာလုံးအနှံ့ဆီကနေ ကိုက်ညီတာကို ရှာပါတယ်။”
“တစ်နေရာရာကနေ တူတဲ့သွေးဆဲလ်အမျိုးအစား ရလာနိုင်ပါတယ်။”
ဝမ်းသာမဆုံးဖြစ်ခဲ့ရတဲ့အချိန်
အစားထိုးကုသမှု အလုပ်မဖြစ်မချင်း အလှူရှင်နဲ့ လူနာ နှစ်ဦးစလုံးဟာ အချင်းချင်း သိခွင့်မရှိ ကြပါဘူး။
နှစ်နှစ်အကြာမှာ ကုသမှု အလုပ်ဖြစ်ပြီဆိုတာ သိသိချင်း နစ်ခ်က သူ့ရဲ့ အလှူရှင်ကို ရှာဖွေချင်တဲ့အကြောင်း ဘီဘီစီသတင်းဌာနကို ပြောပါတယ်။
အန်သနီ နိုလန်နဲ့ အတူတူ ဘီဘီစီသတင်းဌာနတို့က ရှာပေးရာက ဆယ်ကျော်သက်အရွယ်ကတည်းက အလှူရှင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဒရက်စဒင်မြို့အနီး ချမ်းနစ်က အသက် ၂၄ နှစ်အရွယ် မားရီးယပ်စ် ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
မားရီးယပ်စ်ဟာ နစ်ခ်နဲ့တွေ့ဆုံဖို့အတွက် နစ်ခ် အစားထိုးကုသမှုခံယူခဲ့တဲ့ ဗြိတိန်နိုင်ငံ မဂ္ဂီနယူးကာဆယ် ကင်ဆာထောက်ပံ့ရေးစင်တာက ဖရီးမန်းဆေးရုံကို သွားဖို့ သဘောတူခဲ့ပါတယ်။
သူတို့နှစ်ယောက်တွေ့ဆုံပြီး ပွေ့ဖက်လိုက်ချိန်မှာတော့ မားရီးယပ်စ်က “ကျွန်တော် အရမ်းဝမ်းသာပြီးတုန်ရင်နေတယ်”လို့ ဆိုပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်
နစ်ခ်က “ကင်ဆာဆဲလ်တွေ အကုန်ပျောက်သွားပြီ” လို့ ပြောပါတယ်။
“ကျွန်တော့်ကိုယ်ထဲမှာရှိတဲ့ ကောင်းတဲ့သွေးဆဲလ်တွေအကုန်လုံးက ခင်ဗျားပေးခဲ့တာ” လို့နစ်ခ်က ဆိုလိုက်ပါတယ်။
“ခင်ဗျားသာ မကူညီလိုက်ရင် ကျွန်တော် သေသွားမှာ။”
“ကျွန်တော့်ကလေး လေးယောက်ကလည်း အဖေရှိတော့မှာ မဟုတ်ဘူး။”
“ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကို တကယ်ကိုပြောချင်နေခဲ့တာပါ။”
ပြောဖို့စကားလုံးတွေ ရှာမရဖြစ်နေပြီး လှိုက်လှိုက်လှဲလှဲ ခံစားနေရတဲ့ မားရီးယပ်စ်ကတော့ “ဝမ်းသာပါတယ်ဗျာ” လို့သာ ပြန်ဖြေလိုက်ပါတယ်။
နှစ်ယောက်စလုံးရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေစီးကျလာတဲ့အချိန်မှာပဲ နစ်ခ်က “ကျေးဇူးအများကြီးတင်ပါတယ်” လို့ တိုးတိုးလေးထပ်ပြောလိုက်ပါတယ်။
ဝမ်းသာလို့ကျတဲ့မျက်ရည်တွေ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နောက်ပိုင်းမှာတော့ အစားထိုးကုသမှုက အလုပ်ဖြစ်တယ်ဆိုတာနဲ့ လူနာကလည်း နေပြန်ကောင်းလာခဲ့တယ်လို့ သိလိုက်ရချိန်က အကြောင်းကို အလှူရှင်မားရီးယပ်စ်က ပြန်ပြောပြပါတယ်။
“အဲဒီသတင်းကြားလိုက်ပြီးတဲ့နောက် ကျွန်တော်မျက်ရည်ပဲ ကျလာတော့တယ်”လို့ မားရီးယပ်စ်က ဆိုပါတယ်။
“ကျွန်တော်က အလုပ်သွားတဲ့လမ်းပေါ်မှာ ရှိနေခဲ့တာလေ။ အဲဒါနဲ့ ကားကိုရပ်လိုက်ရတော့တယ်။ အပြင်ထွက်ပြီး အသက်ဝဝ ရှုပစ်လိုက်ရတယ်။ မျက်ရည်တွေလည်း ကျလို့ပေါ့”
အဲဒီနောက် မားရီးယပ်စ်ဟာ သူ့ကိုယ်သူ အရင်က အဆုံးစီရင်ဖို့ ကြိုးစားခဲ့ဖူးပြီး နစ်ခ်ကလည်း သူ့ကိုဘယ်လိုကယ်တင်ခဲ့တယ်ဆိုတာကို ဖွင့်ဟပြောပြခဲ့ပါတယ်။
မာရီးယပ်စ်က “ကျွန်တော် အသက် ၁၃ နှစ်အရွယ်ကတည်းက စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ တစ်ဘဝလုံးရုန်းကန်နေခဲ့ရတယ်” လို့ ဆိုပါတယ်။
“ဘဝမှာ ရှင်သန်နေထိုင်ဖို့နည်းလမ်းနဲ့ ကျွန်တော့် ဘဝရဲ့ အဓိပ္ပာယ်ကိုရှာတွေ့ဖို့ အရမ်းခက်ခဲခဲ့တာ။”
“အခုတော့ ငါ မှန်ကန်တဲ့အရာတစ်ခုကို လုပ်ခဲ့တယ်လို့ ပြောနိုင်ပြီပေါ့” လို့ ဆိုပါတယ်။
အခုအချိန်မှာတော့ တူညီတဲ့ သွေးတွေ စီးဆင်းနေကြတဲ့ သူစိမ်း ၂ ယောက်က “သွေးချင်းတူ ညီအစ်ကို”အဖြစ်ဆက်ပြီး ချစ်ခင်နေကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။











