ဆဲလိုက်ရင် နေသာထိုင်သာ ရှိသွားတာ ဘာ့ကြောင့်လဲ

အဆဲစကား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူအားလုံး ဆဲတတ်ကြပါတယ်။ တချို့က အသံမထွက်ဘဲ ဆဲပြီး တချို့ကတော့ ပိုကျယ်ကျယ် ဆဲတတ်ကြပါတယ်။
    • ရေးသားသူ, အနန် ဂျဂါတီယာနဲ့ ကေသီ အက်ဒွက်စ်
    • ရာထူးတာဝန်, လူအုပ်စုဆိုင်ရာသိပ္ပံသတင်း၊ ဘီဘီစီကမ္ဘာတလွှားဌာန

ဆဲလိုက်ရရင် ဘာလို့ နေသာထိုင်သာ ရှိသွားတာလဲ

ဆဲတာမကောင်းဘူးဆိုတာကို သိလျက်နဲ့ ဆဲလိုက်ရလို့ ကျေနပ်သွားတာလား။ ဒါမှမဟုတ် ပျစ်ပျစ်နှစ်နှစ် ထုတ်ဆဲလိုက်တဲ့အခါ ဦးနှောက်နဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ခုခု အပြောင်းအလဲ ဖြစ်သွားလို့လား။

လူတိုင်းလိုလို တစ်ခါမဟုတ် တစ်ခါတော့ ဆဲမိတတ်ကြပါတယ်။ ခလုတ်တိုက်လို့ ခြေမ နာသွားတဲ့အခါမျိုး၊ ကားကြပ်ပြီး ပိတ်မိနေတဲ့အခါမျိုး၊ ကော်ဖီ ဖိတ်မိတဲ့အခါမျိုးမှာ နှုတ်က လွှတ်ကနဲ ဆဲမိကြမှာပါ။

အတွင်းစိတ်က သတိမထားမိဘဲ ပျစ်ပျစ်နှစ်နှစ် ဆဲပစ်လိုက်တဲ့အထိ ဖြစ်သွားခဲ့ပြီးရင် စိတ်ကျေနပ်မှု တစ်စုံတစ်ရာ ရသွားတတ်ကြပါတယ်။

တချို့က တခြားသူတွေထက် ပိုဆဲတတ်ကြသလို တစ်ခါတလေမှာ တချို့က ပျော်လွန်းအားကြီးရင်လည်း ဆဲတတ်ကြပါသေးတယ်။

ဒါပေမဲ့ ဘယ်ယဉ်ကျေးမှု၊ ဘယ်ဘာသာစကားမှာမဆို ဆဲဆိုတဲ့ စကားလုံး ရှိတယ် ဆိုတာကို ဝန်ခံရမှာပါ။ ဒီလို ဆဲဆိုတတ်တာဟာ လူတွေတင် မဟုတ်ပါဘူး။( ဒီအကြောင်းကို နောက်ပိုင်းမှာ ဖော်ပြပေးပါ့မယ် )

ဒီတော့ကာ ဒီညစ်ညမ်းတဲ့ ဆဲရေးတိုင်းထွာမှုရဲ့ နောက်ကွယ် အကြောင်းရင်းက ဘာပါလဲ

ဆဲတယ်ဆိုတာ ဘာပါလဲ

အဆဲစကား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယဉ်ကျေးမှုထုံးစံတိုင်းမှာ သူတို့ရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိုဒဥပဒေတွေ ရှိပါတယ်။ ဘယ်လိုအခါမျိုးမှာဒါတွေကို ဖောက်ဖျက်မိသလဲ ဆိုတာကို သိထားသင့်ပါတယ်။

"ဆဲတာနဲ့ ပတ်သက်လို့ အကြောင်းရင်းတစုံတရာ ထောက်ပြဖို့က အတော်လေးကို ခက်ပါတယ်"လို့ ( Swearing Is Good For You - ဆဲလိုက်ခြင်းက သင့်အတွက် ကောင်းပါတယ်) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာမ ဒေါက်တာ အယ်မာ ဘန်းန် က ပြောပါတယ်။

ရုတ်တရက် လန့်သွား၊ အံ့သြသွား၊ အရမ်းပျော်သွားတဲ့ အချိန်မျိုးတွေ ဒါမှမဟုတ် အလှောင်ခံရ၊ အစော်ကားခံရတဲ့ အချိန်မျိုးတွေမှာ ဒီလို ဆဲဆိုမိတတ်ကြပါတယ်။ ဒါပေမဲ့ ဆဲတာဟာ လူ့အသိုင်းအဝိုင်း၊ ဘာသာစကားအုပ်စု၊ လူမှုအဖွဲ့အစည်း၊ နိုင်ငံအလိုက် ဘယ်မှာပဲဖြစ်ဖြစ်၊ ဖြစ်လေ့ရှိတဲ့ ထုံးစံတစ်ခု ဖြစ်ပါတယ်။

"အများလက်ခံမှုအပေါ် မူတည်ပြီး ဘယ်လို စကားလုံးတွေနဲ့ ဆဲရင် ကောင်းမလဲ ဆိုတာကို ကျွန်မတို့ ဆုံးဖြတ်ကြတာပါ။ အများလက်ခံမှု ဆိုတာက တချို့ယဉ်ကျေးမှု ထုံးစံအရ တားမြစ်ထားတာတွေနဲ့ သက်ဆိုင်နေပါတယ်။ တချို့နေရာတွေမှာ ကိုယ်ခန္ဓာအစိပ်အပိုင်းတွေနဲ့ နှိုင်းပြီး ဆဲတာမျိုးကို လက်မခံကြသလို တချို့ကျတော့ ရောဂါ( ဥပမာ-အသေဆိုးနဲ့ သေပါစေ) လို့ ဆဲတာမျိုး၊ တချို့ကျတော့ ခန္ဓာကိုယ်လှုပ်ရှားမှုပိုင်းနဲ့ ဆဲတာကို ပိုနာတတ်ကြတယ်"လို့ ဒေါက်တာ ဘန်းန်က ရှင်းပြပါတယ်။

ဒါပေမဲ့ ဆဲတာနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ အချက်တချက်ရှိပါတယ်။ စိတ်ခံစားမှု အရှိန်အဟုန် ရလာဖို့အတွက် ကိုယ်နဲ့သက်ဆိုင်တဲ့ လူမှုအသိုင်းအဝိုင်းအတွင်းက တားမြစ်ချက်တွေကို တုံ့ပြန် ဆဲလေ့ ရှိကြတာပါ။

"သာမန် အချိန် အခြေအနေမျိုးမှာ ပြောဖို့ မစဉ်းစားထားတဲ့ စကားလုံးမျိုး၊ ဥပမာ အလုပ်အတွက် လူတွေ့ အစစ်ဆေးခံနေတဲ့အချိန်မျိုး ဒါမှမဟုတ် ကိုယ့်ရည်းစားရဲ့ မိဘတွေနဲ့ ပထမဆုံးအကြိမ် တွေ့တဲ့အခါမျိုးတွေမှာ ဒီလို ဆဲဆိုတာမျိုးလုပ်ဖို့ စိတ်ကူးမိကြမှာ မဟုတ်ဘူး" လို့ ဒေါက်တာ ဘန်းန်က ရှင်းပြပါတယ်။

ဒါဆိုရင် လူတွေ ဘာလို့ ဆဲကြတာလဲ

အဆဲစကား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကားမောင်းနေတုန်း တစ်ခါ၊ နှစ်ခါလောက် ဆဲမိဖူးသလား

ဘီဘီစီကမ္ဘာတလွှား ရေဒီယို သောတရှင်တစ်ဦး ဖြစ်တဲ့ ဂါဒီကတော့ "စိတ်ဖိစီးနေတဲ့ အခြေအနေမျိုး ဒါမှမဟုတ် မထင်မှတ်တဲ့ အရာတစ်ခုခု ရုတ်တရက် ဖြစ်တဲ့အခါမျိုးမှာ တုံ့ပြန်မှုတစ်ခုအနေနဲ့ ဆဲမိလိုက်တယ်လို့ ထင်ပါတယ်။ အဲဒီလို လုပ်လိုက်တဲ့အတွက်တော့ တစ်မျိုးတစ်ဖုံတော့ နေသာထိုင်သာ ရှိသွားပါတယ်"လို့ ပြောပြပါတယ်။

တခြားသောတရှင်တွေကလည်း ဒါကို လက်ခံသဘောတူကြပါတယ်။

"ကျွန်တော်ကတော့ ပျော်ရင်လည်း ဆဲတယ်။ အံ့သြရင်၊ အရမ်းဝမ်းနည်းရင်၊ နာရင်၊ ဒေါသထွက်ရင်လည်း ဆဲမိတယ်။ ဒီလို ဆဲတာက ကျွန်တော့်ရဲ့ စိတ်ခံစားမှုကို အပေါ်လွင်ဆုံးနည်းနဲ့ ထုတ်ပြတာလို့ ထင်ပါတယ်" လို့ နောက်သောတရှင်တစ်ဦး ဖြစ်တဲ့ မီခေးလ် က ပြောပါတယ်။

"ကျွန်မကတော့ စဉ်းတောင်မစဉ်းစားဘဲ လွှတ်ကနဲ ဆဲမိတာပဲ။ ဆဲပြီးပြီးချင်းဆိုရင် နေသာထိုင်သာ ရှိသွားတယ်" လို့ ချိုင်း အီးဆိုတဲ့ နောက်သောတရှင်က ပြောပါတယ်။

နောက်သောတရှင်တစ်ယောက်က "ကျွန်မကတော့ ဆဲလေ့ သိပ်မရှိပါဘူး။ ခဏခဏ ဆဲနေရင် ရိုးသွားမှာစိုးလို့ ကျွန်မကတော့ တကယ့် ချက်ကောင်းတွေ့တဲ့အချိန်မျိုးမှ ဆဲထည့်ပစ်ဖို့ စုထားတယ်"လို့ ပြောပါတယ်။

ဟုတ်ပါတယ်။ လုံးဝ မဆဲဘူးတဲ့ လူတချို့လည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခု ဒီသောတရှင်တွေ ပြောသွားတာကို လူအတော်များများက နားလည် လက်ခံကြမှာပါ။ ဆဲလိုက်ရတဲ့အခါ ချက်ချင်း စိတ်သက်သာရာ ရသွားတယ် ဆိုတာပါပဲ။ ဒီလိုစကားလုံးတွေကို နောက်စွမ်းအားတစ်ခုနဲ့ ပြောလိုက်ရတဲ့ ခံစားချက်မျိုး ဖြစ်လို့ပါ။

သူ့ရဲ့ လေ့လာမှုအတွင်း သိလာရတဲ့ "စိတ်ဝင်စားစရာ အကောင်းဆုံးတစ်ခုက ကုလို့ မရတဲ့ ရောဂါတစ်ခုခုကြောင့် ဦးနှောက်တစ်ခြမ်း ဖယ်ရှားလိုက်ရင် စကားပြောလို့ မရတော့ပေမဲ့ လုံးဝကြီး ဆွံ့အသွားတာမျိုး မဟုတ်ဘူး ဆိုတဲ့ အချက် ဖြစ်တယ်"လို့ ဒေါက်တာ ဘန်းန် က ပြောပါတယ်။

လူတစ်ယောက်ယောက်မှာ ဦးနှောက်တစ်ခြမ်းပဲ ကျန်တော့တယ် ဒါမှမဟုတ် လေဖြတ်လို့ ကျန်တဲ့ ဦးနှောက်က အတော်ကြီး ပျက်စီးသွားတယ် ဆိုရင် စကားပြောလို့ မရပေမဲ့ ဆဲတာမျိုးတော့ လုပ်နိုင်သေးတာ တွေ့ရတယ်လို့ ဒေါက်တာ ဘန်းန်က ပြောပါတယ်။

"စကားလုံး အမျိုးအစားတချို့ကို ပြင်းထန်တဲ့ ခံစားမှုပိုင်းနဲ့ ဆက်နွှယ် ထားပုံ ရပြီး တခြားစကားလုံးတွေကိုတော့ သတ်သတ် ခွဲသိမ်းထားပုံ တွေ့ရပါတယ်။ ဦးနှောက်ရဲ့ တစ်စိတ်တစ်ပိုင်းကို ဖယ်ထုတ်လိုက်တဲ့အခါ စကားလုံးတွေကို စဉ်စားပြောဆိုနိုင်စွမ်း လုံးဝ ပျယ်ပြယ်သွားပါတယ်။ ဒါပေမဲ့ အလိုအလျောက် လွှတ်ကနဲ ဆဲတာမျိုးတော့ လုပ်နိုင်စွမ်း ရှိပါသေးတယ်"

ဆဲတာဟာ ခံစားချက်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေပါတယ်။ ဆဲဆိုတဲ့ စကားလုံးတွေ ထုတ်ပြောနိုင်ဖို့ လိုအပ်တဲ့ ကြွက်သား လှုပ်ရှားမှုတွေကို နေရာအတော်များများမှာ သိမ်းဆည်းထားတာပါ။ ဒါ့ကြောင့် လိုတဲ့အခါ သုံးဖို့ အရံ ရှိနေတာ ဖြစ်တယ် လို့ ဒေါက်တာ ဘန်းန်က ရှင်းပြပါတယ်။

ဆဲမယ့်အစား တခြား စကားလုံးတွေကို အစားထိုး ပြောနိုင်သလား

အဆဲစကား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တကယ် ထုတ်ဆဲလိုက်တာက ပိုထိရောက်တယ်လို့ ဆို

"တကယ်လို့ ဝေဒနာ အရမ်းခံစားရတဲ့အခါမျိုးမှာ အော်ဟစ် ဆဲဆိုရတဲ့အထိ ဖြစ်လာနိုင်သလား၊ အဲဒီလို အော်ဆဲလိုက်ရင်ရော ဝေဒနာ လုံးဝ သက်သာသွားသလား ဆိုတာကို သိချင်မိခဲ့တယ်"လို့ ကီလီ တက္ကသိုလ် စိတ်ပညာဌာနက ထိပ်တန်းကထိက ဒေါက်တာ ရစ်ချတ် စတီဗင်စ် က ပြောပါတယ်။ ဒေါက်တာ စတီဗင်စ် ဟာ ဆဲဆိုမှုအကြောင်း လေ့လာမှုတစ်ခုကို ဦးစီး ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ဆဲလိုက်တာက ကိုယ်ခံစားနေရတဲ့ ဝေဒနာကို ပိုခံနိုင်ရည် ရှိလာစေသလား ဆိုတာကို သိရဖို့ ရေခဲပုံးထဲ လက်အကြာကြီး ထည့်နှစ်ထားခိုင်းပြီး ဘယ်လောက်ခံနိုင်ရည် ရှိသလဲ ဆိုတာကို ဒေါက်တာ ရစ်ချတ် စတီဗင်စ် က စမ်းသပ်မှုတစ်ခု လုပ်ခဲ့ပါတယ်။

သူက လူတစ်ယောက်ကို ရေခဲပုံးထဲ လက်ထည့်နှစ်ခိုင်းထားပြီး နှစ်ခါ ဆဲခိုင်းခဲ့ပါတယ်။

ပထမတစ်ခါမှာ ပျစ်ပျစ်နှစ်နှစ် ဆဲခိုင်းခဲ့ပြီး ဒုတိယတစ်ခါမှာတော့ ယဉ်ယဉ်ကျေးကျေးလေးပဲ အော်ခိုင်းခဲ့ပါတယ်။

အဲဒီမှာ ဘာသွားတွေ့ရသလဲ ဆိုရင် ပျစ်ပျစ်နှစ်နှစ် စိတ်ထဲရှိသမျှ အော်ဆဲရင် ရေခဲပုံးထဲမှာ အချိန်ကြာကြာ လက်နှစ်ထားနိုင်တယ် ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ယဉ်ယဉ်ကျေးကျေး အော်တာကတော့ တကယ့်စိတ်ခံစားမှု အားမပါတဲ့အတွက် ပျစ်ပျစ်နှစ်နှစ် ဆဲတာလောက် အလုပ်မဖြစ်ခဲ့ဘူးဆိုတာကို တွေ့ရပါတယ်။

ဘာ့ကြောင့် ဒီလို ဖြစ်ရတာလဲ

ပုံမှန်အားဖြင့် သာမာန် ပြောနေကျ စကားလုံးတွေနဲ့ ယှဉ်ရင် အော်ဟစ် ဆဲဆိုလိုက်တဲ့အခါ နှလုံးခုန်နှုန်းက မြန်လာတာ တွေ့ရပါတယ်။ ဒါဟာ ဆဲဆိုမှုအပေါ် စိတ်ခံစားမှု တုံ့ပြန်နည်း တစ်မျိုး ဖြစ်တယ် ဆိုတာကို ဖော်ပြနေပါတယ်။ ဒီတော့ ဆဲဆိုတာဟာ ခံစားမှုနဲ့ ဆိုင်တဲ့ ဘာသာစကား ဆိုတာကို သိနိုင်ပါတယ်လို့ ဒေါက်တာ စတီဗင်စ် က ပြောပါတယ်။

ဒီတော့ လူတွေ နာကျင်လို့ ဆဲတဲ့ အချိန်ဟာ သူတို့မှာ စိတ်ဖိစီးမှုတွေ တိုးလာနေတဲ့ အချိန်ဖြစ်တယ်၊ ဒါကို တုံ့ပြန်ဖို့ အတွက် နာတာကို မသိတော့တဲ့ စိတ်ဖြစ်လာအောင် အော်ဆဲလိုက်တာ ဆိုတာကို တွေ့ရတယ်လို့ သူကပြောပါတယ်။

နောက်ဘီဘီစီ သောတရှင်တစ်ဦးဖြစ်တဲ့ ကောလင်းက "ကျွန်တော်ကတော့ ပုံမှန်ဆို ဆဲလေ့ မရှိပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းက ကျွန်တော် တောင်ပေါ်မှာ မတော်တဆ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ပုခုံးအဆစ်ရိုး အကြီးအကျယ် လွဲသွားခဲ့ပါတယ်။ ကျွန်တော့်ကို တောင်ပေါ်ကနေ ထမ်းစင်နဲ့ တင်ပြီး ခေါ်လာရပါတယ်။ တောင်ကုန်းအဆင်းမှာ ဖုတွေ ထစ်တွေနဲ့ဆိုတော့ ကျွန်တော့်မှာ တစ်ချက်လှုပ်လိုက်တိုင်း နာလွန်းလို့ အော်နေရတယ်။ အဲဒီတုန်းက ကျွန်တော် လုပ်နိုင်ခဲ့တာက တစ်ခါနာတိုင်း တစ်ခါဆိုသလို ပါးစပ်ထဲ တွေ့သမျှ အော်ဆဲခဲ့တာပါပဲ။ အဲဒီနည်းနဲ့ နာတဲ့ဒဏ်ကို ဖြေဖျောက်ခဲ့ပါတယ်"လို့ ပြောပြပါတယ်။

ဆဲဆိုတဲ့ ဘာသာစကား

အဆဲစကား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မျက်နှာရှုံ့မဲ့ပြီး အော်ဟစ်နေတာကို ကြည့်ခြင်းအားဖြင့် ဆဲဆိုနေတယ်လို့ ယူဆရ

လူမျိုးဘာသာ ယဉ်ကျေးမှုတိုင်းမှာ အဆဲစကားတွေက အတူတူပဲလား။

ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်ရဲ့ သောတရှင်တချို့က သူတို့နိုင်ငံ၊ သူတို့လူမျိုးတွေ သုံးလေ့ ပြောလေ့ရှိတဲ့ အဆဲစကားတွေ အကြောင်း ပြန်ဝေမျှလာကြပါတယ်။

စပိန်ဘာသာစကားမှာက အဆန်းထွင် ဆဲလေ့ ရှိကြတယ်လို့ ဘီဘီစီသောတရှင် ကလာရာက ပြောပြပါတယ်။

"စပိန်စကားပြောတဲ့ လူတစ်ယောက် တကယ့်ကို အကြီးအကျယ် ဒေါသထွက်ပြီဆိုရင်တော့ ဝါကျစာကြောင်း အပြည့်နဲ့ ဆဲတာ ကြားရပါလိမ့်မယ်။ လုပ်တဲ့သူ၊ ခံရသူ၊ ဘယ်လိုလုပ်တာကအစ ဖြစ်ပျက်ပုံ အကုန်ပါတဲ့ ဇာတ်လမ်းအပြည့်အစုံကို ပြောပြီး စုံစေ့နေအောင် ဆဲပြပါလိမ့်မယ်"

မော်လ်တာနိုင်ငံက ဂျိန်း ကတော့ "ကျွန်မတို့ဆီမှာ လူတစ်ယောက်ကို အရိုင်းပျဆုံး စော်ကားပြောချင်ရင် အဲဒီလူကို "သုတ်ကောင်"လို့ ခေါ်လိုက်တာပါ။ တခြားနိုင်ငံတွေမှာ လူတစ်ယောက်ကို ဒီလို ခေါ်ကျင့် ရှိမှာ မဟုတ်တော့ တစ်မျိုးတော့ ထူးဆန်းနေမှာပေါ့"လို့ ပြောပါတယ်။

"ရုရှားမှာတော့ အကောင်းဆုံး ဘာသာစကားက ဆဲတာပါ။ ဘာမဆို ဆဲပြီး ပြောလေ့ ရှိပါတယ်။ ဆဲရေးတိုင်းထွာတဲ့ ထုံးစံက ကျွန်တော်တို့ရဲ့ စာပေတွေထဲ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေပါပြီ။ ဒီတော့ မဆဲတတ်တဲ့ ရုရှားလူမျိုး မရှိဘူးလို့တောင် ပြောရမလိုပါပဲ" လို့ ရရှားလူမျိုး သောတရှင် မီခေးလ်က ပြောပါတယ်။

"တရုတ်မန်ဒရင် ဘာသာစကားမှာတော့ စိတ်ဝင်စားစရာ အဆဲတချို့ ရှိပါတယ်။ ဆဲပြီဆိုရင် ဘိုးဘေး အစဉ်အဆက် ၁၈ ဆက်လောက်အထိကို ဆဲပစ်လေ့ ရှိပါတယ်။ ဥပမာ အမေ၊ အဖွားကစလို့ ဆွေစဉ် ၁၈ ဆက် မျိုးစဉ် ၁၈ ဆက်အထိ ကလော်ဆဲလေ့ ရှိတယ်"လို့ တရုတ်အမျိုးသမီး ဂျက်ကလင်း က ပြောပြပါတယ်။

တရုတ်စကားမှာ လိပ်ဥနဲ့ နှိုင်းပြီး ဆဲတာမျိုးလည်း ရှိပါသေးတယ်။ ဒါက လိပ်မတွေဟာ မျက်နှာများသူတွေ ဆိုတဲ့ ယူဆချက်ကနေ လာတာ ဖြစ်ပြီး လိပ်ဥနဲ့ နှိုင်းပြီး ဆဲတာဟာ အဖေမပေါ်ဘဲ မွေးလာသူလို့ ခေါ်လိုက်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

ဒီတော့ကာ အဆဲစကားမှာ ပါတဲ့ အကြောင်းအရာ စကားလုံးတွေက ကမ္ဘာတစ်ဝန်းမှာ အတော်လေး ကွဲပြားတာ တွေ့ရပေမဲ့ ဆဲတာကတော့ လူသားတွေရဲ့ အကျင့်ထုံးစံ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ရှုမြင်ရပါတယ်။

တိရစ္ဆာန်တွေရော ဆဲတတ်ကြသလား

အဆဲစကား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တိရစ္ဆာန်တွေ ဆဲတယ် ဆိုတာ သိရင် အံ့သြသွားကြမှာပါ

လူတွေတင် ဆဲတတ်တာ မဟုတ်ပါဘူး။ လူတွေနဲ့ မိသားတစ်စုတည်း အတူတူ စမ်းသပ် ရောနှောထားထားတဲ့ ချင်ပန်ဇီမျောက်တွေကို လေ့လာခဲ့ရာမှာ အံ့သြစရာ တွေ့ရှိချက် တချို့ တွေ့ခဲ့ရတယ်လို့ ဒေါက်တာ အယ်မာ ဘန်းန်က ပြောပါတယ်။

မျောက်တွေအကြောင်း လေ့လာနေတဲ့ အမေရိကန် ကျွမ်းကျင်သူ ဒယ်ဘရာနဲ့ ရော်ဂျာ ဖွတ်စ် တို့ဇနီးမောင်နှံဟာ ဒီချင်ပန်ဇီ မျောက်တွေနဲ့ လက်ဟန်ပြ ဘာသာနဲ့ပဲ ပြောဆို ဆက်ဆံခဲ့ပါတယ်။ တခြားကိစ္စတွေအားလုံးအတွက် လက်ဟန်ပြ ဘာသာစကားကို ချင်ပန်ဇီတွေကို သူတို့ သင်ပေးခဲ့တယ်လို့ ဒေါက်တာ ဘရန်းန်က ပြောပြပါတယ်။

သဘာဝ တောထဲမှာတော့ ချင်ပန်ဇီတွေဟာ သူတို့ရဲ့ မစင်တွေကို ပစ်ပေါက်ပြီး အချင်းချင်း ဆက်သွယ် စကားပြောခဲ့ကြတာပါ။ ဒါပေမဲ့ ဒါမျိုး မလုပ်ဖို့ ချင်ပန်ဇီတွေကို မစ္စတာဖွတ်စ်တို့ ဇနီးမောင်နှံက တင်းတင်းကြပ်ကြပ် တားမြစ်ခဲ့ပြီး သူတို့နဲ့ အတူ တစ်အိမ်တည်း နေနေစဉ်မှာ အိမ်သာအိုးထဲမှာ မစင်စွန့်တတ်ဖို့ လေ့ကျင့်ပေးခဲ့ပါတယ်။

အိမ်သာအိုးထဲမှာ မစင်စွန့်တတ်သွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ချင်ပန်ဇီတွေဟာ အင်္ဂလိပ်စကားပြောသူတွေ ပြောတဲ့ စကားလုံးအတိုင်း မစင်စွန့်တာနဲ့ ပတ်သက်တဲ့ စကားလုံးတွေ သုံးပြီး ပြောတတ်လာခဲ့ပါတယ်။

"အဲဒီချင်ပန်ဇီဟာ သူတို့ရဲ့စိတ်ရှပ်ထွေးမှုကို ဖော်ပြဖို့ အဲဒီစကားလုံးတွေကို သုံးကြပါတယ်။ လက်ဟန်ပြ ဘာသာသုံးပြီး တခြားချင်ပန်ဇီတွေကို မျောက်စုတ်တွေ ဆိုပြီးလည်း ခေါ်တတ်လာပါတယ်။ ဒါက သူတို့ဖော်ပြနိုင်တဲ့ အရိုင်းဆုံး စကားလုံး ဖြစ်ပုံရပါတယ်"

ဒါတင်မကပါဘူး။ ဒီချင်ပန်ဇီတွေက ချီးထုပ် ဟာသတွေလည်း လုပ်တတ်ကြပါသေးတယ်လို့ ဒေါက်တာ ဘန်းန်က ပြောပါတယ်။

ချင်ပန်ဇီတွေ အချင်းချင်း ဆဲပြတဲ့ လက္ခဏာအဖြစ် မေးစေ့အောက်ကို လက်ဖမိုးနဲ့ ရိုက်ပြတာ ဘယ်လောက်တောင် ပြင်းသလဲဆိုရင် အပေါ်သွားနဲ့ အောက်သွားတောင် ရိုက်မိတဲ့ အသံကို မစ္စတာ ရော်ဂျာနဲ့ ဒယ်ဘရာ ဖွတ်စ် တို့ ဇနီးမောင်နှံ ကြားခဲ့ရတယ်လို့ ဒေါက်တာ ဘန်းန်က ပြောပြပါတယ်။

ဒီတော့ ဒီချင်ပန်ဇီတွေဟာ မစင်တွေနဲ့ အချင်းချင်း ပစ်ပေါက်မယ့်အစား ဒီလိုလုပ်ပြတဲ့ အကျင့်ကို တတ်လာခဲ့ကြပါတယ်။

"ကျွန်မအတွက်ကတော့ ဒါဟာ ကျွန်မပြုစုတဲ့ စာအုပ်အတွက် လေ့လာမှုမှာ စိတ်ဝင်စားစရာ အကောင်းဆုံး အပိုင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တားမြစ်ထားချက် တစ်ခု ရှိပြီ ဆိုတာနဲ့ တုံ့ပြန် ဖော်ထုတ်ရမယ်ဆိုတဲ့ အသိက ဝင်လာတတ်တယ်၊ အဲဒီနောက် ဆဲဆိုတာတွေ ပေါ်လာတော့တာပဲ ဆိုတဲ့အချက်ကို သိလိုက်ရလို့ ဖြစ်ပါတယ်" လို့ ဒေါက်တာ ဘန်းန်က ကောက်ချက်ချ ခဲ့ပါတယ်။

line

တည်းဖြတ်/ဖြည့်စွက်-အီဗာ အွန်တီဗာရော့စ်