ဂါဇာမြေပြင်ထိုးစစ်ဆင်မှု ကိုယ်တိုင် ဆုံးဖြတ်မယ်လို့ အစ္စရေးပြော - အောက်တိုဘာလ ၂၆ ညပိုင်း နောက်ဆုံးရသတင်းများ

ဓာတ်ပုံ ရင်းမြစ်, EPA
အစ္စရေးအစိုးရအနေနဲ့ ဂါဇာကို တိုက်ခိုက်မယ့် စစ်ရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ သူတို့ကိုယ်ပိုင် အကျိုးစီးပွားအပေါ်မှာပဲ အခြေခံပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက် ချသွားမှာ ဖြစ်ကြောင်း အစ္စရေးနိုင်ငံရဲ့ စစ်ပွဲဆိုင်ရာ အစိုးရဝန်ကြီးတစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အမေရိကန်ရဲ့ ဖိအားပေးမှုတွေကြောင့် အစ္စရေးအစိုးရက သူတို့ စီစဉ်ထားတဲ့ မြေပြင် ထိုးစစ်ဆင်မှုတွေကို ဆိုင်းငံ့ထားတယ် ဆိုတဲ့ ပြောဆိုမှုတွေ လတ်တလော ထွက်ပေါ်လာနေချိန်မှာပဲ အဲဒီဝန်ကြီး ဘဲန်နီ ဂဲန်ဇ် က အခုလို ထုတ်ဖော်ပြောလိုက်တာ ဖြစ်ပါတယ်။
အစ္စရေးတပ်တွေက မနေ့ညက ဂါဇာဒေသထဲ စီးနင်း ဝင်ရောက်ခဲ့ပြီး ဒါဟာ လက်ရှိမှာ အကြီးမားဆုံး ထိုးဖောက်ဝင်ရောက် တိုက်ခိုက်မှုကြီးတစ်ခုလို့ ဆိုနိုင်ပါတယ်။
တယ်လ်အဗိမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစ္စရေး စစ်တပ်ပြောခွင့်ရသူ ဗိုလ်ချုပ်ကြီး ဒယ်နီယယ်လ် ဟာဂါရီ က ဒီစီးနင်းတိုက်ခိုက်မှုဟာ ဒုတိယအဆင့် ပြောက်ကျားတိုက်ခိုက်မှုအတွက် ပြင်ဆင်တဲ့အနေနဲ့ လုပ်ခဲ့တာလို့ ပြောပါတယ်။
ဒီစီးနင်းမှုက နာရီပေါင်းများစွာ ကြာခဲ့ပြီး အစ္စရေးတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူး လို့လည်းဆိုပါတယ်။
သူတို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ နေရာတွေထဲမှာ တင့်ကားဖျက် မစ်ဆိုင်းဒုံး လွှတ်တင်ရာ စခန်းတွေ ပါဝင်ခဲ့ပြီး အခုအခါ အစ္စရေးတပ်ဖွဲ့ဝင်တွေ အစ္စရေးနိုင်ငံထဲ ပြန်ရောက်လာပြီလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဂါဇာဒေသမှာရှိတဲ့ ဟားမတ်စ်နေရာ ၂၅၀ ကျော်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ လည်း ဆိုပါတယ်။
ပညာရေး အခွင့်အရေး လှုပ်ရှားတောင်းဆိုသူ မက်တီယူလာ ဝီဆာ ကို ထိန်းသိမ်းထားရာကနေ တာလီဘန်တွေ ပြန်လွှတ်ပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ မတ်လက တာလီဘန်တွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပညာရေးအခွင့်အရေး တောင်းဆိုသူ အထင်ကရ အာဖဂန်လူမျိုး မက်တီယူလာ ဝီဆာ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။
အကျဉ်းထောင်ထဲမှာ ရက်ပေါင်း ၂၁၅ ရက် ထိန်းသိမ်းခံခဲ့ရအပြီး သူ့ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ သူ့ ညီက ပြောပါတယ်။
Pen Path လို့ခေါ်တဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့ကို တည်ထောင်သူ မစ္စတာ ဝီဆာ ဟာ စာသင်ကျောင်းတွေ၊ စာကြည့်တိုက်တွေ ဖွင့်နိုင်ဖို့ အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းမှာ လူမျိုးစု ခေါင်းဆောင်တွေနဲ့ ပူးတွဲ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
သူ့အပေါ် ခြိမ်းခြောက်မှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပေမဲ့လည်း မိန်းကလေးငယ်တွေ ပညာသင်နိုင်ခွင့် ရရေးအတွက် စည်းရုံးလှုံ့ဆော်မှုတွေ ဆက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
မိန်းကလေးငယ်အများစု ပညာသင်တာကို ပိတ်ပင်တားမြစ်ထားတဲ့ တာလီဘန်အစိုးရက မစ္စတာ ဝီဆာ ဟာ တိုင်းတပါးနိုင်ငံတွေနဲ့ ပူးပေါင်း ကြံစည်မှုတွေ လုပ်နေတယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးခဲ့မှုကြောင့် နိုင်ငံတကာမှာ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ပါတယ်။
တရားမဝင် နိုင်ငံရွှေ့ပြောင်းလာသူတွေ ပါကစ္စတန်တွင်းကထွက်ခွာဖို့ နောက်ဆုံးသတ်မှတ်ရက် နီးကပ်လာနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပါကစ္စတန်နိုင်ငံထဲ တရားမဝင် ခိုးဝင်လာသူတွေ တိုင်းပြည်ထဲကနေ ထွက်ခွာသွားဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးနေ့ရက် နီးလာနေတာနဲ့အမျှ သူတို့ကို တိုင်းပြည်ထဲကနေ နှင်ထုတ်ရေး အစီအစဉ်တစ်ခုကို အပြီးသတ် ရေးဆွဲပြီးသွားပြီလို့ ပါကစ္စတန် ကြားဖြတ်အစိုးရက ပြောပါတယ်။
နိုဝင်ဘာလ ၁ ရက်နောက်ပိုင်းမှာ အဲဒီလူတွေကို နေရပ်ပြန်ပို့ဖို့ ဆုံးဖြတ်ထားချက်ကို အစိုးရအနေနဲ့ အလျှော့အတင်း လုပ်မှာ မဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီး ဆာဖရက်ဇ် ဘပ်ဂ်တီ က ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာ အထောက်အထားမဲ့ နိုင်ငံရွှေ့ပြောင်း ဝင်လာသူ တစ်သန်းကျော် ခိုလှုံနေတယ်လို့ ယူဆရပြီး အများစုဟာ အကြမ်းဖက်မှုတွေကြောင့် အာဖဂန်နစ္စတန်နိုင်ငံကနေ ထွက်ပြေးလာကြတဲ့ အာဖဂန်လူမျိုးတွေ ဖြစ်ပါတယ်။
သူတို့ကို တိုင်းပြည်ထဲကနေ နှင်မထုတ်ခင် စခန်းတွေမှာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စီစဉ်ဆောင်ရွက်သွားမယ်လို့ မစ္စတာ ဘပ်ဂ်တီ က ပြောပါတယ်။
ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ အာဖဂန်နစ္စတန်နိုင်ငံမှာ လုံခြုံရေး၊ စီးပွားရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အာဖဂန်လူမျိုးတွေကို နေရပ်ပြန်ပို့ရေးကို ဆိုင်းငံ့ထားဖို့ ပါကစ္စတန် အစိုးရကို တိုက်တွန်းထားပါတယ်။
လူဝစ်စတန်မြို့ သေနတ်ပစ်ခတ်မှု ၁၈ ဦးသေ၊ ၁၃ဦးဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, LEWISTON MAINE POLICE DEPARTMENT
အမေရိကန်နိုင်ငံ မိန်းပြည်နယ် လူဝစ်စတန်မြို့မှာ လူအစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ် ခံခဲ့ရအပြီးမှာ သေနတ်သမားကို ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာနဲ့ လိုက်လံ ရှာဖွေနေပါတယ်။
သူတို့လိုက်ရှာနေသူဟာ အသက် ၄၀ အရွယ် ရောဘတ် ကာ့ဒ် ဆိုသူ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။
သူဟာ စစ်တပ် အရန်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မကြာသေးခင်က စိတ်ကျန်းမာရေးဆေးရုံမှာ တက်ရောက်ကုသခံခဲ့သူ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
ပစ်ခတ်မှုတွေအတွင်း လူ ၁၈ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။
ပစ်ခတ်မှုတွေက ဘိုလင်း ကစားတဲ့နေရာတစ်ခုနဲ့ အရက်ဘားတစ်ခုအပါအဝင် နေရာအတော်များများမှာ ဖြစ်ခဲ့ပါတယ်။
လူဝစ်စတန်မြို့နဲ့ အနီးအနားမြို့တွေက လူတွေကို အိမ်ထဲမှာပဲ နေကြဖို့နဲ့ ဆိုင်တွေပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။








