အာရှနွယ်ဖွား ပထမဆုံး ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ်

ရီရှီ ဆူးနက်ခ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရီရှီ ဆူးနက်ခ်

ဗြိတိန် ဝန်ကြီးချုပ် သစ်အဖြစ် အရင် ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီ ဆူးနက်ခ် ဖြစ်လာတော့မှာပါ။

ဗြိတိန်လွှတ်တော် အတွင်းမှာရှိတဲ့ အာဏာရ ကွန်ဆာဗေးတစ်ပါတီ အမတ် အားလုံးရဲ့ တစ်ဝက် ကျော်က သူ့ ကို ဝန်ကြီးချုပ် လုပ်ဖို့ ထောက်ခံခဲ့ကြပြီး ပြိုင်ဘက်အဖြစ် တစ်ဦးတည်း ကျန်နေတဲ့ ပဲန်နီ မော်ဒန့် က ရွေးချယ်ပွဲမှာ ဝင်မပြိုင်တော့အတွက် ရီရှီဆူးနက်ခ် က ဝန်ကြီးချုပ်ဖြစ်လာတာပါ။

မစ္စတာ ဆူးနက်ခ် ဟာ ဒီနေ့ မှာပဲ ဝန်ကြီးချုပ် တာဝန် စယူနိုင်မယ်လို့ တွက်ဆနေကြပါတယ်။

သူဟာ အာရှနွယ်ဖွား ပထမဆုံး ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာမှာဖြစ်သလို သီတင်းပတ် ၇ ပတ် အတွင်း တတိယ‌မြောက် ဝန်ကြီးချုပ် လည်းဖြစ်ပါတယ်။

 အရင် ဘဏ္ဍာရေးဝန်ကြီးလုပ်ခဲ့ဖူးပြီး၊ ပြီးခဲ့တဲ့လက လုပ်ခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ရွေးပွဲ နောက်ဆုံးအဆင့်မှာ လစ်ဇ်ထရပ်စ်ကို ရှုံးသွားခဲ့သူပါ။

 အာရှနွယ်ဖွား ရီရှီ ဆူးနက်ခ်

 အဲဒီရွေးချယ်ပွဲတုန်းက သူ့ပြိုင်ဘက်ရဲ့ အခွန် အစီအစဉ်တွေဟာ ဗြိတိန် စီးပွားရေးကို ထိခိုက်လိမ့်မယ်လို့ သူက သတိပေးခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ သူဝန်ကြီးချုပ်တာဝန်နဲ့ ထိုက်တန်ပါတယ်ဆိုတာကို သူ့ပါတီဝင်တွေကို လုံလောက်အောင် မစည်းရုံးနိုင်တဲ့ အတွက် မဲ ၂၁,၀၀၀ ပြတ်ပြီး လစ်ဇ်ထရပ်စ်ကို သူရှုံးခဲ့ပါတယ်။

မစ္စတာ ဆူးနက်ခ်ရဲ့ မိဘတွေဟာ ဗြိတိန်ကို အရှေ့အာဖရိက ကနေ ရွှေ့ပြောင်း ဝင်ရောက် လာကြတာဖြစ်ပြီး နှစ်ယောက်လုံးက အိန္ဒိယ မျိုးနွယ်တွေပါ။

 ဆောက်ပ်သမ်တန်မြို့မှာ မွေးဖွားခဲ့တဲ့ ဆူးနက်ခ်ဟာ ပုဂ္ဂလိကကျောင်းတက်ခဲ့သူ ဖြစ်ပြီး အောက်စ်ဖို့ တက္ကသိုလ်၊ စတန်းဖို့ဒ် တက္ကသိုလ်တို့မှာ ပညာသင်ခဲ့သူပါ။

၂၀၁၅ မှာ သူ လွှတ်‌တော်အမတ် စဖြစ်လာခဲ့ပြီး လွှတ်တော်ပြင်ပမှာ သူ့နာမည်ကို သိတဲ့သူ အနည်းငယ်ပဲရှိပါတယ်။ ဒါပေမဲ့ ၂၀၂၀ မှာ သူ ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာ ပါတယ်။

 ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်အရေး လော့ခ်ဒေါင်းကာလမှာ ဗြိတိန်စီးပွားရေး ကို ထိန်းနိုင်အောင် ဘဏ္ဍာငွေတွေ အများကြီးထည့်သွင်းကာ ခပ်မြန်မြန် သူကိုင်တွယ်ခဲ့ ပြီး အဲဒီအတွက် သူ နာမည်ကောင်းနဲ့ ကျော်ကြားလာပါတယ်။

ဒါပေမဲ့ သူ့ဇနီးရဲ့ အခွန်ဆောင်မှု အနေအထားနဲ့ ပတ်သက်ပြီး သူ့ ဂုဏ်သိက္ခာ ထိပါးခဲ့ရသလို သူကိုယ်တိုင် လော့ခ်ဒေါင်းစည်းမျဉ်းတွေ ချိုးဖောက်ခဲ့တဲ့ အတွက် ဒဏ်ငွေရိုက်ခံ ထိခဲ့ပါတယ်။