ဗြိတိန်ဝန်ကြီးချုပ်သစ်ကို ဘယ်လို ရွေးကြပြီး ဘယ်သူ ဖြစ်လာနိုင်သလဲ

လှိုင်းထန်တဲ့ ရက်ပေါင်း ၄၅ ရက်ကို ဖြတ်သန်းခဲ့ပြီးတဲ့နောက် ရာထူးတာဝန်ကနေ လစ်ဇ် ထရပ်စ် နုတ်ထွက်သွားပြီးတဲ့အခါ ဗြိတိန်ဟာ ဝန်ကြီးချုပ် အသစ် ရှာပုံတော် ဖွင့်နေပါတယ်။ ဒီနှစ်အတွင်း တတိယအကြိမ် ရှာဖွေရတာပါ။
ဗြိတိန်ဝန်ကြီးချုပ် ရာထူးသက်တမ်းကို အတိုဆုံး ထမ်းရွက်သွားတဲ့သူရဲ့ နေရာမှာ ဆက်ခံမယ့်သူက ၆ နှစ်အတွင်း ကွန်ဆာဗေးတစ်ပါတီရဲ့ ပဉ္စမမြောက် ခေါင်းဆောင် လည်း ဖြစ်လာမှာပါ။
မစ္စ ထရပ်စ်ရဲ့နေရာကို အစားထိုးဖို့ ရွေးချယ်ပွဲက နောက်သီတင်းပတ် အကုန်မှာ ပြီးစီးမှာပါ။ အဲဒီအတွက်ဝန်ကြီးချုပ် ဖြစ်နိုင်သူ တချို့ ရှိနေပါတယ်။
ရီရှီ ဆူးနက်ခ်

ဓာတ်ပုံ ရင်းမြစ်, Reuters
အရင် ဘဏ္ဍာရေးဝန်ကြီးလုပ်ခဲ့ဖူးပြီး၊ ပြီးခဲ့တဲ့လက လုပ်ခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ရွေးပွဲ နောက်ဆုံးအဆင့်မှာ လစ်ဇ်ထရပ်စ်ကို ရှုံးသွားခဲ့သူပါ။
အဲဒီရွေးချယ်ပွဲတုန်းက သူ့ပြိုင်ဘက်ရဲ့ အခွန် အစီအစဉ်တွေဟာ ဗြိတိန် စီးပွားရေးကို ထိခိုက်လိမ့်မယ်လို့ သူက သတိပေးခဲ့ပါတယ်။ ဒါပေမယ့် သူဝန်ကြီးချုပ်တာဝန်နဲ့ ထိုက်တန်ပါတယ်ဆိုတာကို သူ့ပါတီဝင်တွေကို လုံလောက်အောင် မစည်းရုံးနိုင်တဲ့ အတွက် မဲ ၂၁,၀၀၀ ပြတ်ပြီး လစ်ဇ်ထရပ်စ်ကို သူရှုံးခဲ့ပါတယ်။
မစ္စတာ ဆူးနက်ခ်ရဲ့ မိဘတွေဟာ ဗြိတိန်ကို အရှေ့အာဖရိက ကနေ ရွှေ့ပြောင်း ဝင်ရောက် လာကြတာဖြစ်ပြီး နှစ်ယောက်လုံးက အိန္ဒိယ မျိုးနွယ်တွေပါ။ ဆောက်ပ်သမ်တန်မြို့မှာ မွေးဖွားခဲ့တဲ့ ဆူးနက်ခ်ဟာ ပုဂ္ဂလိကကျောင်းတက်ခဲ့သူ ဖြစ်ပြီး အောက်စ်ဖို့ တက္ကသိုလ်၊ စတန်းဖို့ဒ် တက္ကသိုလ်တို့မှာ ပညာသင်ခဲ့သူပါ။
၂၀၁၅ မှာ သူ လွှတ်တော်အမတ် စဖြစ်လာခဲ့ပြီး လွှတ်တော်ပြင်ပမှာ သူ့နာမည်ကို သိတဲ့သူ အနည်းငယ်ပဲရှိပါတယ်။ ဒါပေမယ့် ၂၀၂၀ မှာ သူ ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာ ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်အရေး လော့ခ်ဒေါင်းကာလမှာ ဗြိတိန်စီးပွားရေး ကို ထိန်းနိုင်အောင် ဘဏ္ဍာငွေတွေ အများကြီးထည့်သွင်းကာ ခပ်မြန်မြန် သူကိုင်တွယ်ခဲ့ ပြီး အဲဒီအတွက် သူ နာမည်ကောင်းနဲ့ ကျော်ကြားလာပါတယ်။
ဒါပေမဲ့ သူ့ဇနီးရဲ့ အခွန်ဆောင်မှု အနေအထားနဲ့ ပတ်သက်ပြီး သူ့ ဂုဏ်သိက္ခာ ထိပါးခဲ့ရသလို သူကိုယ်တိုင် လော့ခ်ဒေါင်းစည်းမျဉ်းတွေ ချိုးဖောက်ခဲ့တဲ့ အတွက် ဒဏ်ငွေရိုက်ခံ ထိခဲ့ပါတယ်။
ပဲန်နီ မော်ဒန့်ထ်

ဓာတ်ပုံ ရင်းမြစ်, Reuters
ပဲန်နီ မော်ဒန့်ထ်က ပြီးခဲ့တဲ့ ခေါင်းဆောင်ရွေးပွဲမှာ ဝင်ပြိုင်ခဲ့ပြီး သူ့ပါတီက အမတ် တွေရဲ့ ခိုင်မာတဲ့ထောက်ခံမှုကို ရခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ပြိုင်မယ့် ၂ ယောက် အဆင့်အထိ တက်မလာနိုင်ခဲ့ပါဘူး။
မစ္စ ထရပ်စ်ကို ထောက်ခံပေးခဲ့ပြီးတဲ့နောက် အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာ ခံရပါတယ်။ သူဟာ ပရိုင်ဗီ ကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ခန့်အပ်ခံရတဲ့ အတွက် ဘုရင်အသစ် နန်းဆက်ခံရေးဆိုင်ရာ ကောင်စီမှာ ကြီးကြပ်ရပါတယ်။
၂၀၁၉ မှာ မစ္စ မော်ဒန့်ထ်ဟာ ဗြိတိန်ရဲ့ ပထမဆုံးသော အမျိုးသမီး ကာကွယ်ရေး ဝန်ကြီး ဖြစ်လာပါတယ်။ သူဟာ ရေတပ် အရန်တပ်ဖွဲ့ဝင် တယောက်ဖြစ်ပြီး ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း လက်ထက်မှာ ကာကွယ်ရေး ဌာန အငယ်တန်းဝန်ကြီး အဖြစ်လည်း တာဝန်ထမ်းဖူးတဲ့ သူပါ။
ဘန် ဝေါလေ့စ်

ဓာတ်ပုံ ရင်းမြစ်, PA Media
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူက ကာကွယ်ရေးဝန်ကြီး လုပ်ခဲ့ဖူးသူတယောက်ဖြစ်ပြီး တိုရီတွေ ပါတီထဲမှာ အမြင်တွေ ကွဲနေစဥ်မှာ သူဟာ အားကိုးထိုက်တဲ့သူလို့ မြင်ကြသူတွေ အတော် ရှိပါတယ်။ ဒါပေမယ့် သူဟာ အရင်က ကွန်ဆာဗေးဆစ် ပါတီခေါင်းဆောင် ပြိုင်ပွဲကို မဝင်ခဲ့ဖူးပါဘူး။
ယူကရိန်းကို ရုရှားက ဝင်ကျူးကျော်တဲ့အချိန်မှာ ယူကေအနေနဲ့ ကိဗက်ဗ်ကို လက်နက်တွေ ထောက်ပံ့တာ၊ စစ်သင်တန်းတွေ ပေးတာ စတာတွေကို လုပ်ပေးဖို့ မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်အောင် သူ လုပ်ဆောင်ပေးနိုင်ခဲ့တဲ့ အတွက် လူအများက သူ့ကို စိတ်ဝင်တစား အာရုံစိုက်လာခဲ့ကြပါတယ်။
ဘရက်ဇစ် (Brexit) လို့ခေါ်တဲ့ ဥရောပသမဂ္ဂကနေ ဗြိတိန်ခွဲထွက်တာကို သူက ဆန့်ကျင်ပေမယ့် ဘောရစ်ဂျွန်ဆင် ဝန်ကြီးချုပ်ဖြစ်လာတာကို ထောက်ခံခဲ့ပြီး ၂၀၁၉ မှာ သူ ဝန်ကြီးရာထူးရခဲ့တာပါ။
နိုင်ငံရေး သမားမလုပ်ခင်က သူဟာ စစ်သားတယောက်အဖြစ် ဂျာမနီ၊ ဆိုက်ပရပ်၊ ဘလိစ်၊ မြောက်ပိုင်း အိုင်ယာလန်တို့မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြောက်ပိုင်း အိုင်ယာလန်မှာ အိုင်ယာလန် ပြည်သူ့သမ္မတနိုင်ငံ စစ်တပ် (IRA) က ဗြိတိသျှစစ်သား တွေကို ဗုံးခွဲတိုက်ခိုက်မယ့် အစီအစဥ်တခုကို ဟန့်တားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သူက သူဝင်အရွေးခံဖို့ မရှိဘူးလို့ သောကြာနေ့က ထုတ်ပြောလိုက်ပြီး ဘောရစ်ဂျွန်ဆင်ကို ထောက်ခံအားပေးသွားမယ်လို့ ဆိုပါတယ်။
ကမ်မီ ဘေဒန်နော့

ဓာတ်ပုံ ရင်းမြစ်, PA Media
ကမ်မီ ဘေဒန်နော့က ပြီးခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်ရွေးပွဲမှာ အံ့အားသင့်စရာ ကောင်းအောင် ထင်ရှား လာခဲ့ပေမယ့် သူ အနိုင်မရခဲ့ပါဘူး။ အဲဒီ ရွေးချယ်ပွဲကြောင့် သူဂုဏ်သတင်း တက်လာတာ တွေတော့ ရှိပါတယ်။
လန်ဒန် တောင်ပိုင်းက ဝင်ဘယ်တန် အရပ်မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့အမေ စိတ်ပညာ ဘာသာ ပါမောက္ခ စာတွေသင်ပေးတဲ့ တက္ကသိုလ်တွေရှိရာ အမေရိကန်နဲ့ နိုင်ဂျီးရီးယားမှာ လူလားမြောက်ခဲ့သူပါ။
လွှတ်တော် အမတ် မဖြစ်ခင်က မစ္စ ဘေဒန်နော့ ဟာ Coutts လို့ခေါ်တဲ့ ပုဂ္ဂလိက ဘဏ်တခုမှာ အမှုထမ်းဖူးပြီး Spectator မဂ္ဂဇင်းမှာလည်း အလုပ်လုပ်ဖူးပါတယ်။
အစိုးရပိုင်းမှာ အမြင့်ဆုံးတာဝန်ယူဖူးတာကတော့ ဝန်ကြီးချုပ် လစ်ဇ် ထရပ်စ် လက်ထက် နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီး တာဝန် ဖြစ်ပါတယ်။
ဆူဝယ်လာ ဘရာ့ဗာမန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရင် ပြည်ထဲရေးဝန်ကြီး ဖြစ်ခဲ့ပြီး သူနုတ်ထွက်လိုက်တဲ့ အရေးက လစ်ဇ် ထရပ်စ် အပေါ် ဖိအားတွေ ပိုများလာခဲ့ကာ နောက် ၂၄ နာရီ အတွင်း ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်သွားပါတယ်။
မစ္စ ဘရာ့ဗာမန် နုတ်ထွက်ရတဲ့အကြောင်းက သတင်း အချက်အလက်ဆိုင်ရာ စည်းမျဥ်း ချိုးဖောက်မှုကြောင့်လို့ ဆိုကြပေမဲ့ သူ့ရဲ့ ဒေါသသံနဲ့ ရေးထားတဲ့ နုတ်ထွက်လွှာကို ကြည့်ရင် ဝန်ကြီးချုပ်နဲ့ သူ့အကြား လူဝင်မှု ကြီးကြပ်ရေးမှာ သဘောထားတွေ ကွဲခဲ့တဲ့ သဘောကို တွေ့ရပါတယ်။
လူမှုရေးဆိုင်ရာအရေးကိစ္စတွေမှာ သူက ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရဝမ်ဒါပို့မယ် ဆိုတဲ့ သူ့အမြင်ကို ပြောထားပြီး ပါတီထဲက လက်ယာဝါဒီတွေရဲ့ အားကိုယူ မယ့်ပုံရှိပါတယ်။
အရင်တုန်းက ရှေ့နေဘဝမှာ ဘရက်ဇစ်ကို ထောက်ခံခဲ့ပြီး ဘောရစ် ဂျွန်ဆင်အစိုးရ လက်ထက်မှာ ရှေ့နေချုပ်ဖြစ်ခဲ့ပါတယ်။ အရင် တိုရီပါတီ ခေါင်းဆောင်ရွေးပွဲကို ဝင်ခဲ့ပြီး ဒုတိယ အကျော့မှာ သူထွက်ခဲ့ရပါတယ်။
သူ့မိဘတွေက ကင်ညာနဲ့ မောရိသျှနိုင်ငံတွေကနေ ယူကေကို ရွှေ့ပြောင်းဝင်ရောက် ခဲ့သူတွေဖြစ်ပြီး သူတို့နှစ်ယောက်ဟာလည်း မြို့နယ်အဆင့် နိုင်ငံရေးတွေမှာ တက်ကြွ ခဲ့ကြသူတွေပါ။ သူ့ အမေက မြို့နယ် ကောင်စီလူကြီးအဖြစ် ၁၆ နှစ်ကြာ လုပ်ခဲ့ ပါတယ်။ လန်ဒန် အနောက်မြောက်ပိုင်းမှာ မွေးဖွားခဲ့သူ ဖြစ်ပြီး ဗုဒ္ဓဘာသာ ယုံကြည် သက်ဝင်သူပါ။
ဘောရစ် ဂျွန်ဆင် ဗြိတိန်ဝန်ကြီးချုပ် အဖြစ် ပြန်လာမှာလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
တပတ်အတွင်း ခေါင်းဆောင်သစ်ကို ရွေးကြတဲ့အခါ ပြိုင်ဖို့ စာရင်းသွင်း နိုင်ကြတဲ့ လူတွေထဲ အရင်းနှီးဆုံးမျက်နှာက အရင် လပိုင်းတွေ အတွင်းက နုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ်ပါ။
အစိုးရဝန်ကြီးတွေကရော၊ သူ့ပါတီအမတ်တွေကပါ အုံနဲ့ကျင်းနဲ့ ဝိုင်းဆန့်ကျင်ကြတဲ့နောက် ဘောရစ် ဂျွန်ဆင် တယောက် ဇူလိုင်လက နုတ်ထွက်ကြောင်း ကြေညာ ခဲ့ရပါတယ်။ လော့ခ်ဒေါင်းချထားတဲ့ အချိန်မှာ ဒေါင်းနင်းလမ်းက သူ့အိမ်တော်မှာ ပါတီပွဲတွေ လုပ်တာကအစ တခြား အငြင်းပွားစရာ ကိစ္စတွေ၊ ဥပမာ - “မသင့်တော် တဲ့ အပြုအမူ အပြောအဆိုတွေလုပ်ထားတဲ့” အမတ် လို့ ပြောနေကြတဲ့ ခရစ် ပင်ချာ ကို လွှတ်တော်အတွင်း လက်ထောက် စည်းကမ်း ထိန်းသိမ်းရေးမှူး နေရာပေးတာ စတဲ့ ကိစ္စတွေ ကြောင့် သူနုတ်ထွက်ရတဲ့ အထိ ဖြစ်သွားတာပါ။
ဒါပေမယ့် လွှတ်တော်ထဲမှာရော၊ ပါတီထဲမှာပါ သူက မဟာမိတ်တွေ ရှိနေပါသေး တယ်။ သူ့ကို ရေရှည် ထောက်ခံခဲ့တဲ့ နာဒင်း ဒေါ်ရစ်က သူဟာ ၂၀၁၉ ရွေးကောက်ပွဲ မှာ ဗြိတိန်လူထုရဲ့ တာဝန်ပေးချက်အရ ဝန်ကြီးချုပ် ရာထူးကို ရခဲ့သူမို့ သူ ပြန်လာ လုပ်သင့် တယ်လို့ ဆိုပါတယ်။
ဆိုတော့ ဒေါင်းနင်းလမ်း အမှတ် ၁၀ နေအိမ်ကို ဘောရစ် ပြန်လာနိုင်ပါသေးတယ်။
ခေါင်းဆောင်သစ်ကို ဘယ်လို ရွေးကြမှာပါလဲ

ပါတီခေါင်းဆောင်သစ်ဟာ ဝန်ကြီးချုပ်ဖြစ်လာမှာဖြစ်ပေမယ့် သူ့ကို လူထုမဲနဲ့ရွေး ကြမှာမဟုတ်ပါဘူး။ ပါတီခေါင်းဆောင်သစ် ရွေးပွဲကို ဝင်မယ့် ကိုယ်စားလှယ်လောင်း တွေဖြစ်လာဖို့ သူတို့အနေနဲ့ ရွေးချယ်ရေးလုပ်ငန်းစဥ် တခုကို အရင် ဖြတ်သန်းရပါ လိမ့်မယ်။
ပထဆုံး သူတို့ဟာ အနည်းဆုံး သူတို့ တိုရီပါတီ အမတ်ပေါင်း ၁၀၀ ဆီကနေ သူတို့ကို ထောက်ခံပါတယ်ဆိုတဲ့ မဲလိုအပ်ပါတယ်။ တိုရီပါတီ အမတ် က ၃၅၇ ယောက်သာ ရှိတာမို့ ကိုယ်စားလှယ်လောင်းက သုံးယောက်ထက်များမယ့်ပုံ မတွေ့ရပါဘူး။
လက်တွေ့မှာ ကိုယ်စားလှယ်လောင်းက နှစ်ယောက်ပဲလည်း ဖြစ်သွားနိုင်သလို၊ တစ်ယောက်တည်းလည်း ဖြစ်သွားနိုင်ပါတယ်။ သူတို့ဟာ ပါတီဝင်တွေဆီက ထောက်ခံမဲ ယူစရာ မလိုအပ်ဘဲ ပါတီခေါင်းဆောင် ဖြစ်သွားနိုင်ပါတယ်။
တနင်္လာနေ့ကျ အမတ်တွေ မဲထည့်ကြရင် ကိုယ်စားလှယ်လောင်း တယောက် တည်းကပဲ လိုအပ်တဲ့ အမတ် ၁၀၀ ဆိုတာကို ရတယ်ဆိုရင် သူဟာ ပါတီ ခေါင်းဆောင် ဖြစ်လာမှာ ဖြစ်သလို၊ ဝန်ကြီးချုပ်သစ်လည်း ဖြစ်လာမှာပါ။ နောက်ထပ် ရွေးချယ်ပွဲ အဆင့်တွေ ရှိစရာ မလိုတော့ပါဘူး။
တကယ်လို့ ကိုယ်စားလှယ်လောင်း တယောက်ထက်ပိုပြီး အမတ်တွေရဲ့ ထောက်ခံ ချက် လုံလောက်အောင် ရတယ်ဆိုရင် ကွန်ဆာဗေးတစ် ပါတီ အမတ်တွေရဲ့ မဲနဲ့ ရွေးကြမယ့် ခေါင်းဆောင်ရွေးချယ်ပွဲ ဖြစ်လာမှာပါ။
အဲလို အမတ်တွေ မဲပေးကြရာမှာ နောက်ဆုံး နှစ်ယောက်ပဲ ကျန်တဲ့ အထိရောက် လာပြီး မဲရတာက သူမသာ ကိုယ်မသာနဲ့ ရှိနေချိန်၊ ဘယ်သူကမှလည်း သူ အရွေးချယ်ခံ ပြိုင်ပွဲက ထွက်ပြီလို့ မကြေညာကြဘူးဆိုရင် ကွန်ဆာဗေးတစ် ပါတီဝင်တွေက မဲပေးတဲ့ အဆင့်ကို ရောက်သွားပါလိမ့်မယ်။ ပါတီဝင်တွေက အွန်လိုင်းက တဆင့်မဲပေးကြပြီး ပါတီခေါင်းဆောင်ကို ရွေးပါလိမ့်မယ်။
ဘယ်သူ အနိုင်ရသလဲဆိုတာကို အောက်တိုဘာ ၂၈ ရက် သောကြာနေ့မှာ ကြေညာ ပါလိမ့်မယ်။
ဒီလို နည်းတွေနဲ့ ပြိုင်ကြမှာဖြစ်ပြီး နောက်ဆုံး ဗြိတိန်ဟာ သူ့ရဲ့ ဝန်ကြီးချုပ်သစ်ကို ရလာမှာပါ။








