ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကေပေါ့ကို အေအိုင်နဲ့ဖန်တီးမှု ပရိသတ်လက်ခံလာနိုင်ခြေရှိလား
- ရေးသားသူ, မက်ဂန် လောတန်
- ရာထူးတာဝန်, စီးပွားရေးသတင်းထောက်
ဉာဏ်ရည်တု အသုံးပြုမှုနဲ့ ပတ်သက်ပြီး ကေပေါ့ ပရိသတ်ကြား မတူတဲ့အမြင် ရှိနေကြပါတယ်။
Seventeen ဆိုတဲ့ အမျိုးသား ဂီတအဖွဲ့အပါအဝင် နာမည်ကြီး တော်တော်များများ ဟာ ဉာဏ်ရည်တု နည်းပညာအသုံးပြုပြီး သီချင်း ဗီဒီယိုတွေ၊ သီချင်းတွေ ထုတ်လုပ်ဖန်တီးလာကြပါတယ်။
မနှစ်ကဆိုရင် Seventeen အဖွဲ့က တေးအယ်လ်ဘမ်ပေါင်း ၁၆ သန်း ရောင်းချခဲ့ကြပြီး ဒါဟာ ကေပေါ့ သမိုင်းမှာ အောင်မြင်မှုတွေထဲက တခုပါ။
ဒါပေမယ့် သူတို့ လတ်တလော ထုတ်တဲ့ Maestro တေးအယ်လ်ဘမ်နဲ့ ပတ်သက်ပြီး လူတွေကြား ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
ဒီသီချင်း ဗီဒီယိုမှာ ဉာဏ်ရည်တု နည်းပညာကို ထည့်သွင်း အသုံးချထားတယ်လို့ ဆိုးလ်မြို့မှာ ပြုလုပ်တဲ့ တေးအယ်လ်ဘမ် မိတ်ဆက်ပွဲမှာ Seventeen ဂီတအဖွဲ့သား Woozi က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သူတို့ အနေနဲ့ ဝေဖန်ပြောဆိုမှုတွေထက် နည်းပညာ တိုးတက်မှုနဲ့အတူ ဖန်တီး ချင်တာကြောင့် သီချင်းတွေ ဖန်တီးရာမှာ ဉာဏ်ရည်တု သုံးခဲ့တယ်လို့ သူက ပြောပါတယ်။
''ဉာဏ်ရည်တု အသုံးပြုပြီး ကောင်းတဲ့အချက်တွေနဲ့ ဆိုးတဲ့အချက်တွေကို လေ့လာချင်လို့ စမ်းကြည့်တာပါ၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ တိုးတက်လာတဲ့ အခြေအနေနဲ့အညီ လိုက်လုပ်ကြည့်ဖို့ လိုပါတယ်'' လို့ သူက ထောက်ပြပါတယ်။
ဒါပေမယ့် Seventeen အဖွဲ့ရဲ့ သီချင်းတွေကို လူသား ဖန်တီးရှင်တွေက ရေးသား တီးခတ် ထားတာပါလို့ Woozi က အင်စတာဂရမ်ပေါ်ကနေ ပြောကြားထားပါတယ်။
ကေပေါ့ပ် နဲ့ ပတ်သက်တဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာတော့ ဉာဏ်ရည်တု သုံးပြီး အနုပညာ ဖန်တီးမှုအပေါ် ပရိသတ်တွေက ဝေဖန် နေကြပြီး တချို့ဆိုရင် ဒီလို အသုံးချတဲ့ နည်းပညာ ယဉ်ပါးမှု ဖြစ်မလာခင် စည်းမျဉ်း ဥပဒေတွေနဲ့ ကန့်သတ်ထားဖို့ လိုတယ်လို့ ပြောနေကြပါတယ်။
တကယ့်အမာခံပရိသတ်တစ်ယောက်ဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ်ရှိ အက်ရှ်လေ ပီရယ်လ်တာ အပါအဝင် အမြင်ကျယ်သူတွေ ကတော့ ဉာဏ်ရည်တုသုံးပြီး အနုပညာဖန်တီးမှုတွေအပေါ် သူတို့ အနေနဲ့တော့ အဆင်ပြေပါတယ်လို့ မှတ်ချက်ပေးပါတယ်။
ဒါပေမယ့် တေးအယ်လ်ဘမ် တခုလုံးရဲ့ သီချင်းစာသားတွေကို ဉာဏ်ရည်တု နည်းပညာ သုံးပြီး ထုတ်မယ့် ဆိုရင်ပရိသတ်က သူတို့ချစ်ရတဲ့ ဂီတပညာရှင်တွေနဲ့ ရင်ဘတ်ချင်း နီးစပ်မှု ရှိလာမှာ မဟုတ်တော့တဲ့အပေါ် စိုးရိမ်မိတယ်လို့ အက်ရှ်လေက ပြောပါတယ်။
အနုပညာရှင်နဲ့ သူတို့ရဲ့ ရင်တွင်းဖြစ် ခံစားမှုတွေက သူတို့ဖန်တီးမှုအပေါ် သက်ရောက်တာကို မြတ်နိုး လေးစားမိတယ်၊ ကကွက်တွေ ၊ သီချင်းစာသားနဲ့ တီးခတ်မှုတွေကို ကေပေါ့ အနုပညာရှင်တွေက ဖန်တီးတဲ့အခါ သူတို့ကို လေးစား တန်ဖိုးထားမိတယ် ၊ သူတို့တွေးတော ခံစားမှုတွေကို ပရိသတ်က တပါတည်း ခံစား နားလည်ရလိုပဲ ဖြစ်တယ်၊ ဒီနေရာမှာ ဉာဏ်ရည်တုကို အသုံးချလိုက်ရင် ပရိသတ်နဲ့ အနုပညာရှင်ကြား ချိတ်ဆက်မှု ပျောက်သွားမှာ စိုးရိမ်မိတယ်လို့ သူက ဆိုပါတယ်။
တကယ်လို့ တေးအယ်လ်ဘမ် တခုလုံးက သီချင်းစာသားတွေကို လူကိုယ်တိုင်မရေးဘဲ ဉာဏ်ရည်တုနဲ့ချည်းပဲ အသုံးချဖန်တီးတာမျိုးဆိုရင် ပရိသတ်က Seventeen ရဲ့ လက်ရာ အရသာကို ခံစားရရှိတော့မှာ မဟုတ်တော့ဘူးလို့လည်း သူက ရှင်းပြပါတယ်။
အက်ရှ်လေဟာ သူငယ်ချင်း ဖြစ်သူ ချယ်လ်စီး တိုလီဒို နဲ့ပေါင်းကာ Spill the Soju ဆိုတဲ့ ကေပေါ့ ပရိတ်သတ်တွေအတွက် ရည်ရွယ်ထုတ်လုပ်တဲ့ ပေါ့ဒ်ကတ်စ်ကို တင်ဆက်ထားပါတယ်။
ချယ်လ်စီး ကတော့ Seventeen အဖွဲ့ရဲ့ ကိုယ်ပိုင်တေးသွား၊ ကကွက် ဖန်တီးမှုတွေကြောင့် သူတို့အဖွဲ့ကို ကြိုက်တာဖြစ်ပြီး ဒီနေရာမှာ ဉာဏ်ရည်တု အသုံးပြုပြီး ဖန်တီးမယ်ဆိုရင် သူတို့ပုံရိပ်ကို ကျဆင်းစေလိမ့်မယ်လို့ ထောက်ပြထားပါတယ်။
ကေပေါ့ ဖျော်ဖြေမှု ထုတ်လုပ်ရေး လောကက လူတွေကတော့ ဖန်တီးမှု အနုပညာရှင်တွေရဲ့ နည်းပညာသစ် အသုံးချမှု အပေါ်ကြိုဆိုတာကို သူ့အနေနဲ့ အံအားသင့်တာမျိုး မရှိဘူးလို့ ပြောပါတယ်။
အဇိုဒီ ဆိုတဲ့ နာမည်နဲ့ သီချင်းရေး၊ ထုတ်ဝေ တီးခတ်သူ ခရစ်စ် နာရင်းမ် ကတော့ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း ကင်မ်ဝူဂျင်းနဲ့ ထိပ်တန်းဖျော်ဖြေရေး အေဂျင်စီ SM Entertainment အပါအဝင် ကေပေါ့ အနုပညာရှင် တော်တော်များများရဲ့ သီချင်တွေကို ရေးပေးခဲ့သူ ဖြစ်ပါတယ်။
ယူကေက ဘရိုက်တန်မြို့မှာ နေထိုင်ဖူးပြီး တောင်ကိုရီးယားမှာ နှစ်အတန်ကြာ နေထိုင်ကာ ကေပေါ့အနုပညာရှင်တွေနဲ့ အတူလက်တွဲ လုပ်ခဲ့သူ ခရစ်က ''လက်ရှိ ဂီတလောကဟာ တိုးတက်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်'' လို့ ဆိုပါတယ်။
ဆိုးလ်မြို့မှာ နေထိုင်ရင်း သတိထားမိတာက ကိုရီးယားတွေဟာ ဆန်းသစ် တီထွင်ဉာဏ် ၏ရှိကြတယ် ၊ ရှေ့ဘာလုပ်ရမလဲ ဆိုတဲ့ အကြံကြီးဉာဏ်ကြီးရှိကြတယ် ၊ သူများထက် ရှေ့တလှမ်းသာအောင် ဘာလုပ်ရမလဲ ဆိုတာကိုပဲ မေးလေ့ရှိကြတယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် သူ့အဖို့ကတော့ ကေပေါ့ပ် ဖျော်ဖြေမှု လောကမှာ သီချင်းစာသားတွေကို ဉာဏ်ရည်တုနဲ့ ဖန်တီးတာကို အံ့အားသင့်မှု မရှိခဲ့ဘူး၊ ဒါဟာ နည်းပညာရဲ့ တိုးတက်မှုကို ဆန်းစစ်ကြည့်တာသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒါဆိုရင် ကေပေါ့ရဲ့ အနာဂတ်က ဉာဏ်ရည်တု အသုံးပြုမှုအပေါ် မူတည်နေမှာလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ ခရစ်ကတော့ သူ့အနေနဲ့ သေသေချာချာ မပြောနိုင်ဘူးလို့ ဆိုပါတယ်။
ဉာဏ်ရည်တုသုံးပြီး ဖန်တီး ထားတဲ့ သီချင်းစာသားတွေဟာ နာမည်ကြီး အနုပညာရှင်တွေ အတွက်ဆိုရင်တော့ လေးနက်မှု မရှိဘူးလို့ ထင်ကြောင်း သူက ထောက်ပြပါတယ်။
ဉာဏ်ရည်တုသုံးပြီး ထုတ်တဲ့ အနုပညာ အရည်အသွေးက အထိုက်အလျောက် ကောင်းတယ်လို့ ဆိုရပေမယ့် ထိပ်တန်း အနုပညာရှင်တွေ ၊ သီချင်းကောင်းတွေ တီထွင်ဖန်တီးမှု အသစ်တွေနဲ့ ထုတ်လုပ်သူတွေဆိုရင်တော့ တီထွင်မှုတွေ ဖန်တီးမှုတွေနဲ့ အသစ် အသစ်တွေကို ထုတ်ဖို့ သူက ပြောပါတယ်။
ဉာဏ်ရည်တုဟာ ရှိပြီးသား ဖန်တီးမှုတွေကတဆင့် ယူ အသုံးချထားတာမို့ သူ့ဖန်တီးမှုက ဆန်းသစ်တီထွင်မှုမရှိဘူးလို့ သူက ဆိုပါတယ်။
လူတွေ ဖန်တီးထားတဲ့ သီချင်းမျိုး ကေပေါ့လောကမှာ ဉာဏ်ရည်တု အသုံးချ ထုတ်လုပ်မှု ပိုတိုးလာနိုင်တယ်လို့ ခရစ်က ခန့်မှန်းထားပြီး ပရိသတ်တွေကလည်း အနုပညာရှင်ကိုယ်တိုင်က ရေးသားတဲ့ သီချင်းတွေ ကြားရဖို့ ဖိအားတွေ ပေးလာနိုင်တဲ့အပြင် ဉာဏ်ရည်တုသုံးပြီး ထုတ်ထားတာမတူတဲ့ သီချင်းတွေ ပိုမိုတောင်းဆိုလာလိမ့်မယ်လို့ သူက အနာဂတ်ကို ကြိုတင်မှန်းဆ ထားပါတယ်။
ဉာဏ်ရည်တု အသုံးပြုတဲ့ ကေပေါ့ပ်တွေကတော့ Seventeen အဖွဲ့တခုတည်း မဟုတ်ပါဘူး။ အမျိုးသမီး ဂီတအဖွဲ့ Aespa ဆိုရင် ဉာဏ်ရည်တု အဖွဲ့သားတွေသာမက လူသား အဖွဲ့သားတွေပါ ပါဝင်တာပါ။ ဒီအဖွဲ့ဟာ နည်းပညာကို အသုံးချပြီး နောက်ဆုံးပေါ် သီချင်း ဗီဒီယို ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
Supernova အဖွဲ့ ဆိုရင်လည်း သူတို့ရဲ့ တင်ဆက်မှုမှာ အဖွဲ့သားတွေပုံနဲ့တင်ဆက်ထားပေမယ့် ပါးစပ်လှုပ်တာကတော့ ဉာဏ်ရည်တု အသုံးပြုပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။
ပေါ့ဒ်ကတ်စ် ထုတ်လုပ်သူ ၊ ကေပေါ့အမာခံပရိသတ် ချယ်လ်စီး ကတော့ နည်းပညာအသုံးချပြီး လူတော်တော်များများကို ဆွဲဆောင်နိုင်တယ်လို့ ပြောပါတယ်။
ကေပေါ့ ဖျော်ဖြေမှုတွေနဲ့ ပတ်သက်လို့ တည်းဖြတ် ထုတ်လုပ်ရတာ အံ့သြပျော်ရွှင်စရာကောင်းတာကြောင့် ဒီမှာ ဉာဏ်ရည်တု ကိုပါ အသုံးချ ဖန်တီးတဲ့အခါ လူတွေရဲ့ အာရုံကို ပိုဖမ်းစားနိုင်တာပေါ့လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
တချိန်တည်းမှာ အနုပညာရှင်တွေ အနေနဲ့ ထိုက်သင့်တဲ့ လေးစားမှတ်တမ်းတင်မှုတွေ မရကြမှာကိုလည်း စိုးရိမ်မိတယ်လို့လည်း ချယ်လ်စီးက ဆိုပါတယ်။ ဉာဏ်ရည်တုနဲ့ ဖန်တီးထားတဲ့ ဗီဒီယို ဆိုရင် မူလဖန်တီးသူဆီက ကူးချထားတာလား ဆိုတာ သိဖို့ ခက်ခဲတယ်၊ ဒါဟာ နက်နဲလှတဲ့ ကိစ္စရပ်ပဲလို့ သူက ပြောပါတယ်။
Arpita Adhya ဆိုတဲ့ ၊ သူ့ကိုယ်သူ ကေပေါ့ အမာခံ ပရိသတ်လို့ သတ်မှတ်ထားတဲ့ အနုပညာရေးရာ သတင်းသမားကတော့ ဉာဏ်ရည်တု သုံးပြီး အနုပညာ ဖန်တီးသူတွေ အနေနဲ့ အသစ်အဆန်းတွေ တီထွင်နိုင်ပါ့မလား ဆိုတဲ့အပေါ် ဖိအားတွေ ရှိလာနိုင်တယ်လို့ ယုံကြည်နေပါတယ်။
အနုပညာရှင် အများစု ဟာ ၂ နှစ် တခါ တေးအယ်လ်ဘမ်သစ် ထုတ်နိုင်ပေမယ့် ကေပေါ့အဖွဲ့တွေကတော့ ၆လ ကနေ ၈လ တိုင်းမှာ ထုတ်နေကြတယ် ဘာလို့လဲဆိုတော့ သူတို့ရဲ့ စန်းထမှု အရှိန်က ကြီးမားလှတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဉာဏ်ရည်တု အသုံးပြုမှုဟာ ဂီတနယ်ပယ်မှာ အလေ့အထ တခုလို ဖြစ်လာပြီး ဒါကို အသုံးချဖန်တီးထားတဲ့ တေးအယ်လ်ဘမ် မိတ်ဆက် သီချင်းတွေက YouTube ပေါ်မှာ ဝက်ဝက်ကွဲ ထင်ရှား ကျော်ကြားလာနိုင်တယ်လို့ သူက တွက်ဆ ထားပါတယ်။ ဒီမိတ်ဆက် သီချင်း သံစဉ်တွေကို ပရိသတ်က ဖန်တီးထားပြီး နည်းပညာကို အသုံးပြုကာ တခြား အနုပညာရှင်တယောက်ရဲ့ အသံကို ကူးချထားတာကြောင့်လို့ သူက ထောက်ပြပါတယ်။
ဒီကိစ္စတွေကို စည်းမျဉ်း ဥပဒေတွေနဲ့ ထိန်းချုပ်ပေးစေလိုပြီး အနောက်နိုင်ငံတွေက အနုပညာရှင်တွေကလည်း အလားတူ တောင်းဆိုမှုတွေ လုပ်ပေးဖို့ Arpita က ပန်ကြားထားပါတယ်။
ပြီးခဲ့တဲ့ လတုန်းကပဲ နာမယ်ကြီး အမျိုးသမီး အကျော်အမော်အဆိုတော် Billie Eilish နဲ့ Nicki Minaj တို့က ဂီတအနုပညာလောကမှာ ဉာဏ်ရည်တု အသုံးပြုပြီး ခေါင်းပုံဖြတ်လုပ်နေမှု ရပ်တန့်ဖို့ အိတ်ဖွင့်စာတစောင် ထုတ်ပြန် ပန်ကြားထားပါတယ်။
ဒါ့အပြင် နည်းပညာ ကုမ္ပဏီကြီးတွေအနေနဲ့ လူသား တေးရေး၊ အနုပညာရှင်တွေရဲ့ ဖန်တီးထားတာတွေကို အစားထိုးမှု၊ လျော့ပါးစေမှု ဖြစ်လာနိုင်တဲ့ဉာဏ်ရည်တုနဲ့ ဂီတဆိုင်ရာအနုပညာ ဖန်တီးမယ့် အရာတွေ၊ ဒါမှမဟုတ် လူသားအနုပညာရှင်တွေရဲ့ လက်ရာတွေကို အသုံးပြုမှုအပေါ် ထိုက်သင့်မျှတတဲ့ နစ်နာကြေးပေးဖို့ ငြင်းဆိုတာတွေကို ဟန့်တားပေးဖို့ ကတိပေးပါလို့ သူတို့က တောင်းဆိုထားပါတယ်။
စည်းမျဉ်းဥပဒေတွေနဲ့ ကန့်သတ်မှု မရှိခဲ့ရင် ပရိသတ်ကလည်း ဘယ်ဟာကို လိုက်နာသင့်တယ်၊ မလိုက်နာသင့်ဘူး ဆိုတာ မသိဘဲ ဖြစ်နေလိမ့်မယ်လို့ Arpita က ပြောပါတယ်။
အနုပညာရှင်တွေအနေနဲ့ ဉာဏ်ရည်တုကို ဘယ်လောက်အထိ အသုံးပြုဖို့ သင့် မသင့်ဆိုတာနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ စည်းမျဉ်းတွေ မရှိတဲ့အတွက် ၊ အကန့်အသတ်တွေထားရှိဖို့ကိစ္စမှာ အခက်ကြုံနေရတယ်၊ အမှားအမှန်ကိုလည်း တချိန်လုံး မေးမြန်း ဆန်းစစ်နေရတယ်လို့ သူက ဆိုပါတယ်။
ကံကောင်း ထောက်မစွာနဲ့ ကေပေါ့ အနုပညာရှင်တွေဟာ လူထုအကြံဉာဏ်နဲ့ မျှော်လင့်တာတွေကို ဂရုထားတာ တွေက အပြောင်းအလဲတွေ ဖြစ်လာစေနိုင်တယ်လို့ ခံစားရကြောင်း သူက ရှင်းပြပါတယ်။
ဒီနေရာမှာ ပရိသတ်က အခရာကျလှပြီး သူတို့ရဲ့ အင်အားက အနုပညာရှင်တွေ အပေါ် လွှမ်းမိုးမှု ရှိတယ်။ ကေပေါ့ပ် အဖွဲ့တွေဟာ လေ့လာသင်ယူဖို့ ပရိသတ် အသံ နားထောင်ဖို့ အမြဲတမ်း စိတ်အားထက်သန်ကြပြီး Seventeen နဲ့ Aespa ကေပေါ့ပ် အဖွဲ့တွေက သူတို့ရဲ့ပရိသတ် မကြိုက်မယ့်အလုပ်မျိုးတွေ ဆိုရင် ရှောင်ကြလိမ့်မယ်လို့ Arpita က ပြောပါတယ်။