တောင်ကိုရီးယား ကေပေါ့ စတား ဆော်လီ သေဆုံး

တောင်ကိုရီးယား ကေပေါ့ စတား ဆော်လီ ဆိုးလ်မြို့တော်နားမှာရှိတဲ့ နေအိမ်မှာ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

အဆိုတော်ရဲ့ မန်နေဂျာက တွေ့ခဲ့တာလို့ ရဲက ဘီဘီစီကို ပြောပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စစ်ဆေးနေပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။

အင်စတာဂရမ် ဝက်ဆိုက်မှာ ပရိသတ် ငါးသန်းကျော် ရှိတဲ့ ဆော်လီဟာ မိန်းကလေး အဖွဲ့ f(x) ရဲ့ အဆိုတော်လည်း ဖြစ်ခဲ့သလို ၂ဝ၁၅ ကမှ သရုပ်ဆောင်အလုပ်ကို အာရုံစိုက်ဖို့ အဲဒီအဖွဲ့က နားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဆော်လီရဲ့ နာမည်က ချွိုင် ဂျင်ရီပါ။ ‎

အသံအားကောင်းတဲ့အသံရှိသူတဦးအဖြစ်သူ့ကို သတ် မှတ်ထားကြပေမယ့် သူ့ရဲ့ ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီး သူ့က အွန်လိုင်းကနေ မတော်မတရား ပြောဆိုမှုတွေ ခံခဲ့ရပါတယ်။

ဒီလို စော်ကားပြောဆိုမှုတွေက ရုန်းထွက်ဖို့ အဆိုတော် အလုပ်ကို နားတာလို့လည်း ယူဆနေကြပါတယ်။

ဆော်လီဟာ လွတ်လပ်တဲ့စိတ် ရှိသူလို့လည်း ဂီတသတင်းထောက် တေလာဂလပ်စ်ဘီက ပြောပါတယ်။

"ဘဝကို သူနေချင်သလို နေတဲ့သူ၊ လူတွေကြားမှာလည်းသူက သိပ်ဂရုစိုက်တာ မဟုတ်ဘူး" လို့ တေလာက ရေဒီယို ဝမ်း အစီအစဉ်ကို ပြောပါတယ်။

တောင်ကိုရီးယားမှာ ပေါ့ဂီတအဆိုတော်တွေကို အရူးအမူး စွဲလမ်းကြပါတယ်။

"ဒီလိုလူတွေ ဘာလုပ်လုပ် စောင့်ကြည့်ခံနေရပါတယ်။ ဒီအမျိုးသမီးကတော့ သူ့ကိုယ်သူ ဂရုတစိုက်ရှိသူ မဟုတ်ဘူး၊ လူတွေ အမြင်ကျဉ်းတာကို သူက ဂရုစိုက်တာ မဟုတ်ဘူး"

ဆော်လီရဲ့ အရင်အဖွဲ့ f(x)က ကေပေါ့ရေစီးကို ပြောင်းလဲခဲ့တယ်လို့လည်း တေလာက ဆိုပါတယ်။

"သူတို့အဖွဲ့က ထင်ရာလုပ်ကြတာ၊ သူတို့သီချင်းတွေက ပိုပြီး ကြမ်းရှတယ်၊ တီထွင်မှုပါတယ်၊ ဆန်းပြားတယ် ကေပေါ့ထဲမှာ မိန်းကလေးဝိုင်း ပုံစံသစ်ပေါ်အောင် လမ်းဖောက်ခဲ့တာ။

"သူထွက်သွားတော့ သူ့နာမည်က တင်ကျန်ခဲ့တယ်လေ"‎

ဆော်လီရဲ့ အဖွဲ့ဟောင်းက အမ်ဘာ လျိုးကတော့ ဒီသတင်းကြောင့် တုန်လှုပ်ရကြောင်း အင်တာနက်မှာ ရေးသားခဲ့ပါတယ်။

ကိုယ့်ခန္ဓာကိုယ်ကို ဘယ်လိုလှစ်ပြရမယ် ဆိုရာမှာ ကိုယ်ပိုင်အခွင့်အရေး ရှိတယ်ဆိုပြီး ဆော်လီက သူ့ပရိသတ်တွေကို မရှက်မကြောက် ပြောတတ်ပါတယ်။‎

ဘရာစီယာ မဝတ်တဲ့ လှုပ်ရှားမှု တခုမှာလည်း သူပါခဲ့ပြီး ပွဲတော်တော်များများမှာ သူ့သားမြတ်ကို ဖော်ပြတာတွေ လုပ်ခဲ့ဖူးပါတယ်။

ဒီလိုပုံတွေကို ၂ဝ၁၆ မေလမှာ သူ့အင်စတာဂရမ်မှာ စတင်ခဲ့တော့ လူမှုကွန်ရက်မှာ စော်ကားပုတ်ခတ်မှုတွေ အများကြီး ကြုံခဲ့ရပါတယ်။

အရင်လကပဲ အင်စတာဂရမ်က တိုက်ရိုက်လွှင့်ပြရင်း သူ့ရင်သားကို မတော်တဆ ပြမိပါတယ်။ ရှေးရိုးဆန်တဲ့ တောင်ကိုရီးယားမှာတော့ ဒါက ထပ်ပြီး လှုပ်ခတ်ခဲ့ပြန်ပါတယ်။

ဆော်လီဟာ အသက် ၂၇ နှစ်မှာ သတ်သေသွားတဲ့ ကေပေါ့အဆိုတော် ဂျွန်ဟီယန်းနဲ့လည်း မိတ်ဆွေတွေ ဖြစ်ခဲ့ပါတယ်။