ကေပေါ့ - လူတူ ဖန်တီးထားတဲ့ အဖွဲ့တွေ ထွန်းတောက်လာမှု

တောင်ကိုရီးယားနိုင်ငံမှာ Eternity ဆိုတဲ့ အပြင်မှာ တကယ်မရှိဘဲ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ အေအိုင် ကေပေါ့ အဖွဲ့ တခုဟာ ၂၀၂၁ ခုနှစ်မှာ ‘I’m Real’ ငါက တကယ်ရှိပါတယ် ဆိုတဲ့ သီချင်းတပုဒ်ကို စတင် ထုတ်ပြန်ခဲ့ပါတယ်။ 

အခုလို ထုတ်ပြန်ပြီးနောက်ပိုင်းမှာတော့ သူတို့ရဲ့ သီချင်းတွေဟာ အွန်လိုင်းပေါ်မှာ သန်းနဲ့ ချီ အကြိမ်ရေရှိတဲ့ နားဆင်မှုတွေ ရရှိနေပါတယ်။

ဒီ ကေပေါ့အဖွဲ့ဟာ အေအိုင်နဲ့ ဖန်တီးထားတယ် ဆိုပေမယ့်လည်း တကယ့် ကေပေါ့အဖွဲ့တွေလိုပဲ သီချင်းဆိုတာအပြင်၊ ကပြတာတွေနဲ့ ပရိသတ်တွေနဲ့ ပြောဆိုဆက်ဆံတာတွေလည်း သဘာဝကျကျ လုပ်နိုင်တာကို တွေ့ရပါတယ်။

ဒီ အေအိုင် ကေပေါ့အဖွဲ့ ကို ဖန်တီးတဲ့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သူ ပါ့ခ်ဂျီအွန်း ကတော့ အခုလို တကယ်လူမဟုတ်ပဲ ဖန်တီးထားတဲ့ အနုပညာရှင်တွေနဲ့ စီးပွားရေးလုပ်ရတာ လူတွေနဲ့ လုပ်ရတာထက် အားသာချက်တွေ ရှိတယ်လို့ ဆိုပါတယ်။ 

ဒီအကျိုးကျေးဇူးတွေကတော့ လူ့ကိုယ်ခန္ဓာကြောင့်ရှိတဲ့ အကန့်အသတ်နဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားပြဿနာတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

ကေပေါ့ ယဉ်ကျေးမှု လှိုင်းလုံးကြီးဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ဘီလျံနဲ့ ချီပြီး တန်ကြေးရှိလာပြီး တောင်ကိုရီးယားက ကမ္ဘာတလွှားကို တင်ပို့နေတဲ့ အကျိုးအမြတ်အများဆုံးနဲ့ လွှမ်းမိုးနိုင်မှု အရှိဆုံး ပို့ကုန်တွေထဲက တခု ဖြစ်လာနေပါပြီ။ 

အခုလို ကြီးထွားလာတဲ့ ကေပေါ့ နယ်ပယ်ထဲက အဆိုတော်တွေ၊ ပရိသတ်တွေနဲ့ ထုတ်ဝေသူ စီးပွားရေး ပိုင်ရှင်တွေဟာ နောင် အနာဂတ် နည်းပညာဆိုင်ရာ ဖြစ်နိုင်ခြေတွေကို အသုံးချဖို့ ရှေးရှုနေကြတာကို တွေ့ရပါတယ်။ 

အေအိုင်သာမကပဲ တကယ့်လူရဲ့ ရုပ်သံ အချက်အလက်တွေသုံးပြီး တကယ်မဟုတ်တဲ့ deepfake ဗီဒီယိုဖန်တီးတာတွေ၊ ကိုယ်စားပြု avatar ဖန်တီးတဲ့ နည်းပညာတွေကို ကေပေါ့အဖွဲ့တွေက နာမည်ပိုကြီးအောင် လုပ်တဲ့နေရာမှာ သုံးလာကြပါတယ်။ 

Eternity ဆိုတဲ့အဖွဲ့ ကို Pulse9 ဆိုတဲ့ နည်းပညာကုမ္ပဏီက ဖန်တီးထားတာ ဖြစ်ပြီး ဒီကုမ္ပဏီဟာ လူ့ ဦးနှောက် အလုပ်လုပ်ပုံကို အတူယူတဲ့ ကွန်ပျူတာနည်းပညာဖြစ်တဲ့ deep learning ကို အဓိက ထားသော ကုမ္ပဏီ တခု ဖြစ်ပါတယ်။

ဒီကုမ္ပဏီဟာ Eternity အဖွဲ့ကို စတင်ဖန်တီးတဲ့အခါမှာ အပြင်မှာ တကယ်မရှိတဲ့ လူမျက်နှာ ၁၀၁ ခု ကို အရင်ဆုံး စတင် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို ဖန်တီးပြီးတဲ့အခါမှာတော့ ချစ်စရာကောင်းမှု၊ လိင်ဆွဲဆောင်နိုင်မှု၊ အပြစ်ကင်းတဲ့ ပုံစံပေါက်မှုနဲ့ ပညာဉာဏ်ရှိတဲ့ ပုံစံပေါက်မှု အစရှိတဲ့ လေးမျိုးနဲ့ ခွဲခြားလိုက်တယ်လို့ ဆိုပါတယ်။

အခုလို ခွဲခြားပြီးသွားတဲ့အခါမှာတော့ ပရိသတ်တွေကို သူတို့ ကြိုက်တဲ့ မျက်နှာတွေကို မဲပေးရွေးချယ်စေပြီး အဲဒီကနေမှ နောက်ဆုံး ရွေးလိုက်တဲ့ အေအိုင် ကေပေါ့ အဖွဲ့ဝင်တွေကို ပရိသတ်တွေ စိတ်ကြိုက် ကုမ္ပဏီရဲ့ ဒီဇိုင်နာတွေက ပုံဖော်ပေးလိုက်တာ ဖြစ်ပါတယ်။

အဲဒီ အေအိုင် ကေပေါ့ အဖွဲ့ဝင်တွေက အွန်လိုင်းနဲ့ ဗီဒီယိုချက် လုပ်တဲ့အခါမှာတော့ Pulse9 ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ အမည်မဖော်လိုတဲ့ သီချင်းဆိုသူ၊ သရုပ်ဆောင်သူနဲ့ ကသူတွေရဲ့ မျက်နှာတွေပေါ်မှာ အဲဒီ အေအိုင် ကေပေါ့ အဖွဲ့ ဝင် မျက်နှာတွေ ထပ်ပြီး လုပ်စေတာ ဖြစ်ပါတယ်။

အခုလို လုပ်တဲ့ နည်းပညာဟာ deepfake နည်းပညာနဲ့ နီးစပ်တဲ့ filter တမျိုး ဖြစ်တယ်လို့ လည်း ဆိုနိုင်ပါတယ်။

ဒီလို ပုံစံနဲ့ လုပ်တဲ့အတွက် အေအိုင်နဲ့ ဖန်တီးထားတဲ့ ကေပေါ့ အဖွဲ့ ဝင်တွေဟာ လူသားဆန်တာထက်ကိုတောင် ပိုပြီး လူသားဆန်ဆန် ပိုမြင်ရမယ်လို့ ပါ့ခ်ဂျီအွန်းက ဘီဘီစီကို ပြောပါတယ်။ 

တိုးတက်လာတဲ့ နည်းပညာ အသုံးချမှုတွေထဲမှာ deepfake ဖန်တီးမှုတွေဟာ လူသိများ တွင်ကျယ်လာနေပါတယ်။ 

ဒီလို တွင်ကျယ်လာရာမှာ လူတွေရဲ့ မျက်နှာ ပုံပန်းသဏ္ဍန်တွေကို ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲ အသုံးချတာတွေနဲ့ အန္တရာယ်ရှိတဲ့ သတင်းမှား ဖြန့် ချိတာတွေ လုပ်ကြမှာကိုလည်း စိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။ 

လက်တွေ့မှာ ဆိုရင်လည်း အမျိုးသမီးတွေဟာ လိင်ဖျော်ဖြေရေး ရုပ်သံတွေမှာ မျက်နှာအစားထိုး deepfake လုပ်ခံရတာတွေ ရှိလာခဲ့တာကို တွေ့ ရပြီး ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇလန်းစကီးတို့ ရဲ့ deepfake ဗီဒီယိုတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့် ချိထားတာကိုလည်း တွေ့ ကြရပြီး ဖြစ်ပါတယ်။ 

Pulse9 ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ပါ့ခ်ဂျီအွန်းကတော့ သူတို့ အေအိုင် ကေပေါ့အဖွဲ့ကို စပြီး ဖန်တီးကတည်းက လူသားအစစ်တွေမဟုတ်ဘဲ ဖန်တီးထားတယ်ဆိုပြီး အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောထားဖို့ ကြိုးစားနေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Pulse9 က အခုလို အေအိုင် ကေပေါ့ အဖွဲ့ ဝင်တွေ ဖန်တီးရာမှာလည်း ဥရောပသမဂ္ဂက မူကြမ်းအဖြစ် ထုတ်ပြန်ထားတဲ့ အေအိုင်ဆိုင်ရာ လူ့ ကျင့်ဝတ် လမ်းညွှန်ချက်တွေနဲ့ အညီ ဖန်တီးထားတာ ဖြစ်တယ်လို့ ပါ့ခ်ဂျီအွန်းက ဆိုပါတယ်။

ပါ့ခ်ဂျီအွန်းအနေနဲ့ အခုလို အေအိုင် ကေပေါ့အဖွဲ့ ဝင်တွေ ဖန်တီးတာကြောင့် လက်ရှိ ကေပေါ့ နယ်ပယ်ရဲ့ ဖိအားတွေကြောင့် လူအစစ် ကေပေါ့အဖွဲ့တွေအပေါ် စိတ်ဖိစီးမှု ရှိနေတာကိုလည်း လျော့ပါးစေမယ်လို့ ဆိုပါတယ်။

လတ်တလောနှစ်တွေမှာဆိုရင် ကေပေါ့နယ်ပယ် အတွင်းမှာ လူမှုပြဿနာ အမျိုးမျိုး ရှိနေတာကို သတင်းခေါင်းကြီးပိုင်းတွေကတဆင့် တွေ့ ခဲ့ကြပြီး ဖြစ်ရာမှာ ကေပေါ့ အဖွဲ့ ဝင်တွေ အွန်လိုင်းကနေ နှောင့်ယှက်ခံရတာ၊ ဝ တယ် ဆိုပြီး ရှုတ်ချခံရတာနဲ့ ကေပေါ့အဖွဲ့ ဝင်တွေ ပိန်ပိန်ပါးပါး ဖြစ်အောင် အလွန်အကျွံ အစားရှောင်တဲ့ ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် နာမည်ကြီး ကေပေါ့ အဆိုတော်တွေ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ရှိလာရာကနေ သူတို့ ရဲ့ စိတ်ကျန်းမာရေးနဲ့ တကွ အွန်လိုင်းကနေ လှောင်ပြောင် ရှုတ်ချမှုရဲ့ သက်ရောက်မှုတွေကိုလည်း မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။ 

ကေပေါ့ နယ်ပယ်က အေအိုင် ကေပေါ့ကို ဘယ်လို တုံ့ ပြန်ကြသလဲ 

ကေပေါ့ အဆိုတော် တယောက်ဖြစ်ဖို့အတွက် တနေ့ ၁၂ နာရီ ပတ်ဝန်းကျင်နှုန်းနဲ့ လေးနှစ်လောက် အချိန်ယူ လေ့ကျင့်ရပြီး လစဉ် အကဲဖြတ်လည်း ခံရရာမှာ လုံလောက်တဲ့ တိုးတက်မှု မရှိရင် အဖြုတ်လည်း ခံရလေ့ ရှိပါတယ်။ 

ဒါ့အပြင် နှစ်စဉ်လိုလိုလည်း ကေပေါ့ အဖွဲ့သစ်တွေ ထွက်ရှိနေရာမှာ အဲဒီအထဲက ထူးခြားကောင်းမွန်ပြနေဖို့ လည်း ခက်ခဲလေ့ ရှိပါတယ်။

အခုလို ကြိုးစားနေရချိန်မှာ နည်းပညာနဲ့ ဖန်တီးထားတဲ့ အေအိုင် ကေပေါ့ အဆိုတော်တွေက လူသား အဆိုတော်တွေကို အစားထိုးသွားမှာကို တက်သစ်စ ကေပေါ့အဆိုတော် ဟန်ယီဝန်က စိုးရိမ်နေပါတယ်။

ဟန်ယီဝန်ဟာ YES IM ဖျော်ဖြေရေး ကုမ္ပဏီရဲ့ လောလောလတ်လတ် ဖော်ထုတ်လိုက်တဲ့ mimiirose အဖွဲ့ ရဲ့ ခေါင်းဆောင် အဆိုတော် ဖြစ်ပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း အခုလို ဆင်တူယိုးမှား နည်းပညာကိုပဲ အသုံးပြုပြီး ဈေးကွက်ချဲ့ထွင်ဖို့ အသုံးချနေတဲ့ ကေပေါ့ အဖွဲ့ တွေလည်း ရှိနေပါတယ်။

လက်ရှိမှာ ကေပေါ့ ထုတ်တဲ့ ဖျော်ဖြေရေး ကုမ္ပဏီကြီး အနည်းဆုံး လေးခုက သူတို့ ကေပေါ့အဖွဲ့ တွေရဲ့ ပုံရိပ်ယောင်တွေ ဖန်တီးတဲ့ နေရာမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေတာ တွေ့ ရပြီး ကေပေါ့အဖွဲ့ ငါးခုလောက်က ဒီနည်းပညာကို လက်တွေ့ အသုံးပြုလာကြတာကို တွေ့ ရပါတယ်။

အခုလို လူသားအစစ်လိုပဲ ပုံစံတူ ဖန်တီးမှုကနေ စံတော်ချိန် မတူညီတဲ့ ကမ္ဘာ့ဒေသ အသီးသီးကို ဖြန့်ကျက် ဖျော်ဖြေနိုင်မှုအပြင် အဲဒီ ဒေသအလိုက် ပရိသတ်ပြောဆိုတဲ့ ဘာသာစကားကို လူအစစ်က သင်စရာမလိုပဲ ပုံရိပ်ယောင်တွေကတဆင့် ထိတွေ့ ဆက်ဆံ စေနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိတယ်လို့ ဆိုပါတယ်။ 

အမျိုးသမီး ကေပေါ့အဖွဲ့ တခုဖြစ်တဲ့ aespa အဖွဲ့ ဆိုရင် သူတို့ ရဲ့ အဖွဲ့ ဝင် လေးယောက်အတွက် ကာတွန်းပုံစံ avatar လေးယောက် ထပ်မံ ဖန်တီးပြီး ဖျော်ဖြေမှုတွေ ပြုလုပ်နေသလို နာမည်ကျော် Blackpink အဖွဲ့ ဆိုရင်လည်း လက်ရှိ ၂၀၂၂ ခုနှစ်မှာ MTV က ပေးတဲ့ avatar နဲ့ ဖျော်ဖြေတဲ့ Best Metaverse Performance ဆုကို ပထမဆုံး ရရှိထားပါတယ်။ 

Billlie ကေပေါ့အဖွဲ့ ဝင် မွန်ဆူအာက ဆိုရင်လည်း သူတို့ အနေနဲ့ ပရိသတ်တွေနဲ့ လူကိုယ်တိုင်တွေ့ ရတာကို သဘောကျပေမယ့် ပြီးခဲ့တဲ့ ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် avatar တွေကတဆင့်ပဲ ပရိသတ်တွေနဲ့ ထိတွေ့ ဆက်ဆံခဲ့ရတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ဒီလို နည်းပညာတွေက သူတို့ လို လူသား ကေပေါ့ အဆိုတော်တွေအတွက် ခြိမ်းခြောက်မှုလို့ မမြင်တဲ့အပြင် အဲဒီ အေအိုင် ကေပေါ့ အဖွဲ့ ဝင်တွေဆီက ကျွမ်းကျင်မှုတွေကို အတုယူရင်တောင် ယူရနိုင်တယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။

ဒီလို ကေပေါ့ အဆိုတော်တွေ ကိုယ်တိုင်က မတူညီတဲ့ အမြင်တွေ ရှိကြသလိုပဲ အခြားတဖက်မှာလည်း ကျင့်ဝတ်နဲ့ မူပိုင်ခွင့် ရှုထောင့်အရ မေးခွန်းထုတ်စရာတွေလည်း ရှိနေတာကို တွေ့ ရပါတယ်။ 

လူအစစ်တွေကို ပုံတူကူးထားတဲ့ ပုံရိပ်ယောင်တွေ အတွက် ကိုယ်စားပြုထားတဲ့ လူတွေက မပိုင်တော့ပဲ အလွန်အကျွံနဲ့ တလွဲ အသုံးချတာမျိုးတွေလည်း ရှိလာနိုင်တယ်လို့ Billboard ဖျော်ဖြေရေး မဂ္ဂဇင်းရဲ့ ကေပေါ့ဆိုင်ရာ ရေးသားသူ ဂျက်ဖ် ဘန်ဂျမင်က ဆိုပါတယ်။ 

အခုလို နည်းပညာ အခြေပြု ကေပေါ့ ပုံရိပ်ယောင်ကမ္ဘာမှာ အွန်လိုင်းပေါ် လှောင်ပြောင်မှုနဲ့ စော်ကားမှုတွေနဲ့ ပတ်သက်တဲ့ စည်းကြပ်မှုတွေ အတည်တကျ မရှိသေးတဲ့အတွက် ကေပေါ့ အဆိုတော်တွေ အတွက်ရော ပရိသတ်တွေအတွက်ပါ မဝံ့မရဲ ဖြစ်စရာလည်း ဖြစ်နေနိုင်ပါတယ်။

အခုလို ပုံရိပ်ယောင် ဖန်တီးမှုတွေကြောင့် ကူးလူးဆက်ဆံမှုတွေမှာ စစ်မှန်မှု မရှိတဲ့ ပြဿနာလည်း ဖြစ်နိုင်ပြီး အထူးသဖြင့် ပုံရိပ်ယောင် ကမ္ဘာမှာ လူတွေက အပြင်မှာ မလုပ်လောက်တာတွေ လုပ်လာနိုင်တာက အကျိုးဆက် အမျိုးမျိုး ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား မြို့ တော် ဆိုးလ် အခြေစိုက် ကလေးနဲ့ လူကြီး စိတ်ပညာရှင် ဂျောင်ယူကင်က ဆိုပါတယ်။