တောင်ကိုရီးယား ဆယ်လီ နှစ်ဦး သတ်သေသွားခဲ့ရတဲ့ အွန်လိုင်းပေါ်က ဆဲဆို ရေးသားမှုတွေကို အရေးယူပေးဖို့ တောင်းဆိုနေကြ

တောင်ကိုရီးယားနိုင်ငံမှာ နာမည်ကြီး ဆယ်လီနှစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့အပြီးမှာပဲ အင်တာနက်ပေါ်ကနေ အနိုင်ကျင့် စော်ကားမှုတွေကို အရေးယူဆောင်ရွက်မှုတွေ ပိုလုပ်ပေးဖို့ တောင်းဆိုထားတဲ့ ပန်ကြားစာတစောင်ကို တောင်ကိုရီးယား ပြည်သူ ထောင်‌ပေါင်းများစွာ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

နာမည်ကြီး ဘော်လီဘောကစားသမား ကင်မ် အင်ဟေယော့နဲ့ YouTube မှာ ဗီဒီယိုတွေ တင်ဆက်သူ ချိုဂျန်မီ တို့ နှစ်ဦး တရက်ပဲခြား သေဆုံးခဲ့ကြပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြတာလို့ ယူဆရပါတယ်။

သူတို့နှစ်ယောက်စလုံးဟာ အွန်လိုင်းပေါ်ကနေ ပစ်မှတ်ထားပြီး ဆဲဆိုစော်ကားတာတွေ ခံနေခဲ့ကြရပါတယ်။

တောင်ကိုရီးယားမှာ နာမည်ကျော်ကြားသူတွေကို အွန်လိုင်းပေါ်ကနေ အနိုင်ကျင့် စော်ကား ရေးသားတာမျိုးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြတဲ့ နာမည်ကြီးတွေ အတော်များနေပါပြီ။

YouTube ပေါ်မှာ ဗီဒီယို တင်ဆက်သူ အသက် ၂၇ နှစ်အရွယ် ချိုဂျန်မီ ကို ဖေဖော်ဝါရီလ ၅ ရက်နေ့က သူ့အိမ်မှာ သေဆုံးလျက်သား တွေ့ခဲ့တာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ သူ့ကို မုန်းတီးတဲ့ ကွန်မန့်တွေကြောင့် အခုလို သူ့ကိုယ်သူ သတ်သေသွားခဲ့တာ ဆိုပြီး မိသားစုဝင်တစ်ဦးဆိုသူက ပြောတယ်လို့ ယွန်ဟက်သတင်းမှာ ဖော်ပြထားပါတယ်။

ဘီ‌ဂျေ ဂျမ်မီ လို့ အွန်လိုင်းပေါ်မှာ လူသိများတဲ့ ချိုဂျန်မီ ဟာ ၂၀၁၉ ခုနှစ်တုန်းက သူ့ရဲ့ ဗီဒီယိုတစ်ခုထဲမှာ အမျိုးသားတွေကို သူမုန်းတီးတဲ့ အမူအရာ လုပ်ပြခဲ့တယ် ဆိုပြီး ဝိုင်းစွပ်စွဲတာ ခံနေရတာ ဖြစ်ပါတယ်။ ချိုဂျန်မီ ကိုရေးတဲ့ ကွန်မန့်တွေကို စောင့်ဖတ်နေခဲ့တဲ့ သူ့မိခင်ဟာလည်း ၂၀၂၀ ခုနှစ်တုန်းက သူ့ကိုသူ အဆုံးစီရင်သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့ကို "ယောက်ျားမုန်းတီးသူ" ဆိုပြီး အွန်လိုင်းပေါ်ကနေ ဝိုင်းအနိုင်ကျင့် စော်ကား ရေးသား နေတာတွေကို ရပ်ကြဖို့ သူပန်ကြားခဲ့တယ်လို့ ချိုဂျန်မီ က ပြောခဲ့ဖူးပါတယ်။

လူတစ်သိန်းခွဲနီးပါး လက်မှတ်ထိုးထားတဲ့ အဲဒီ ပန်ကြားစာထဲမှာ ချိုဂျန်မီအကြောင်း ကောလာဟလတွေ ဖြန့်နေသူတွေကို အပြစ်ပေး အရေးယူဖို့ တောင်းဆိုထားပါတယ်။

ချိုဂျန်မီ မကွယ်လွန်ခင် တရက်မှာပဲ အသက် ၂၈ နှစ်အရွယ် Daejeon Samsung Fire Bluefangs ဘော်လီဘောအသင်းက ကစားသမား ကင်မ် အင်ဟေယော့ကို သေဆုံးလျက်သား တွေ့ခဲ့ပါတယ်။

သူလည်းပဲ သူ့ရဲ့ လိင်စိတ်နဲ့ ပုံပန်းသဏ္ဌာန်အကြောင်းကို အွန်လိုင်းပေါ်မှာ ကောလာဟလတွေ ဖြန့်ပြီး ရိုင်းစိုင်းတဲ့ ကွန်မန့်တွေ ရေးနေကြတာကို ရပ်ကြဖို့ တောင်းပန်ခဲ့ပါတယ်။

"ကျွန်တော် ဘယ်လိုလူမျိုးလဲ ဆိုတာကို တကယ်မသိတဲ့ လူတွေက ကျွန်တော့်ဆီ တိုက်ရိုက် မက်ဆေ့ဂျ်တွေ မရေမတွက်နိုင်အောင် ပို့နေကြသလို ကျွန်တော် ဘောလီဘော ကစားတဲ့အချိန်တိုင်းမှာ ရိုင်းစိုင်းစော်ကားတဲ့ ပို့စ်တွေ တင်နေကြတယ်၊ ဒါတွေကို ရင်ဆိုင်ရတာ တကယ့်ကို ခက်လှပါတယ်၊ ကျေးဇူးပြုပြီး ရပ်ကြပါဗျာ" ဆိုပြီး ကင်မ် အင်ဟေယော့က သူမဆုံးခင်မှာ သူ့ရဲ့ အင်စတာဂရမ် မှာ ရေးခဲ့ပါတယ်။

သူကွယ်လွန်အပြီးမှာ ရုပ်ရှင်သရုပ်ဆောင် ဟွန် ဆီယော့ချွန်းက ကင်မ် အင်ဟေယော့အပေါ် ဝိုင်းစော်ကားရေးသားနေတာတွေနဲ့ ပတ်သက်လို့ ဝေဖန် ပြောဆိုခဲ့ပါတယ်။ နာမည်ကြီး ဆယ်လီတဦးအနေနဲ့ ဒီလိုဝေဖန်ပြောတာမျိုး သိပ်မတွေ့ရတတ်ပါဘူး။

လက်ထိပ်ကလေးနဲ့ စလိုက်တဲ့ ဒီဓားသွားကြောင့် လူဘယ်နှစ်ယောက် သေခဲ့ကြရပြီလဲဆိုတာ ကျွန်တော် အမှတ်ရနေမှာပါ၊ ထပ်ပြောလိုက်ပါဦးမယ်၊ အနိုင်ကျင့် စော်ကားတဲ့ ကွန်မန့်တွေ ရေးနေသူတွေဟာ လူသတ်သမားတွေပဲ လို့ ရုပ်ရှင်သရုပ်ဆောင် ဟွန် ဆီယော့ချွန်းက သူ့ရဲ့ အင်စတာဂရမ် မှာ ရေးခဲ့ပါတယ်။

"တောင်ကိုရီးယားမှာ အွန်လိုင်းပေါ်ကနေ အနိုင်ကျင့် စော်ကားနေတာတွေဟာ အဆိပ်အတောက်တွေပဲ၊ ကီးဘုတ်ပေါ်ကနေ ပုန်းပြီး အနိုင်ကျင့်နေကြတာ" ဆိုပြီး တချို့က ဆိုရှယ်မီဒီယာမှာ ဝေဖန်ရေးသားခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ နာမည်ကြီး ဆယ်လီတဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာကြောင့် အွန်လိုင်းပေါ်က အနိုင်ကျင့် စော်ကားရေးသားမှုတွေအကြောင်း မီးမောင်းထိုး ဖော်ပြခံရတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။

၂၀၁၉ ခုနှစ်တုန်းကလည်း သရုပ်ဆောင် အဆိုတော် ‌‌ဆော်လီ အွန်လိုင်းပေါ်မှာ နှစ်ပေါင်းများစွာ အနိုင်ကျင့် စော်ကားရေးသားခံခဲ့ရအပြီး သူ့ကို သေဆုံးလျက်သား တွေ့ခဲ့ရပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ကေပေါ့ပ် ဂီတလောကသားတွေ ကြုံတွေ့နေရတဲ့ ဖိအားပြဿနာတွေအပေါ် နားလည်စာနာပြီး အားပေးထောက်ပံ့မှုတွေ ပိုပေးကြဖို့ နာမည်ကြီး ဆယ်လီအများအပြားထံက ပန်ကြားမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။