'ကျွန်မဓာတ်ပုံတိုင်းကို ညစ်ညမ်းပုံဖြစ်အောင် သူလုပ်ခဲ့တယ်' - အခင်ဆုံးသူငယ်ချင်း ဖြန့်ခဲ့တဲ့ ဖြတ်ညှပ်ဆက် ဓာတ်ပုံများ

    • ရေးသားသူ, တစ်ဖနီ တန်းဘူးလ်
    • ရာထူးတာဝန်, ဘီဘီစီ သတင်း၊ ဆစ်ဒနီ

အသိပေးချက် - စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အသုံးအနှုန်းတွေနဲ့ လိင်အကြမ်းဖက်မှုဆိုင်ရာသရုပ်ဖော် ပြောဆိုချက်တွေ ပါဝင်ပါတယ်။

ဆစ်ဒနီမြို့ရဲ့ ပူနွေးတဲ့ ဖေဖော်ဝါရီညတစ်ညမှာ ဟန်နာ ဂရမ်ဒီရဲ့ အီးမေးလ်ထဲကို နိမိတ်မကောင်းတဲ့စကားလုံးတွေပါတဲ့ မက်ဆေ့ချ်တစ်ခု ဝင်လာပါတယ်။

"မင်း သတိထားသင့်တယ်ထင်လို့ ငါ ဒီအီးမေးလ်တွေကို ဆက်တိုက် ပို့ပေးနေမယ်'' လို့ဆိုပြီး ဘယ်သူ ဘယ်ဝါမှန်းမသိသူတဲ့သူက ပို့လာပါတယ်။

အီးမေးလ်ထဲမှာ လင့်ခ်တစ်ခု ပါပါတယ်။ ပြီးတော့ စာလုံးအမည်းနဲ့ရေးထားတဲ့ ''စိတ်အနှောင့်အယှက်ဖြစ်စရာအကြောင်းအရာများ ပါဝင်သည်" ဆိုတဲ့ စာကြောင်းကိုလည်း တွေ့ရပါတယ်။

အွန်လိုင်းလိမ်လည်မှုတစ်ခုလားဆိုပြီး သူ အစောပိုင်းမှာတော့ နှိပ်ကြည့်ဖို့ တုံ့ဆိုင်းဆိုင်း ဖြစ်ခဲ့ပါတယ်။

တကယ်တမ်း လက်တွေ့မြင်လိုက်ရတာကတော့ အတော် ဆိုးရွားပါတယ်။ အဲဒီလင့်ခ်ကနေ သွားရင် ဟန်နာ့ဓာတ်ပုံနဲ့ ညစ်ညမ်းဓာတ်ပုံအတုတွေလုပ်ထားတဲ့ စာမျက်နှာတွေ တစ်ခုပြီးတစ်ခု တွေ့ရပါတယ်။ ပုံတွေဘေးမှာလည်း စိတ်ကူးယဉ် မုဒိမ်းကျင့်မှုပုံစံ အသေးစိတ် ရေးသားချက်တွေနဲ့ ကြမ်းတမ်းတဲ့ခြိမ်းခြောက်မှု အရေးအသားတွေ ပါနေပါတယ်။

"အဲဒီပုံထဲမှာ ကျွန်မကို ကြိုးတုပ်ထားတယ်" လို့သူမက ပြန်ပြောပြပါတယ်။ "ကြောက်ရွံ့နေတယ်။ မျက်ဝန်းထဲမှာလည်း မျက်ရည်တွေနဲ့။ လှောင်အိမ်ထဲကို ရောက်နေတယ်။"

တချို့ဓါတ်ပုံတွေမှာလည်း အလွန်အကြူး ပုံဖော်ရေးသားထားတဲ့ စာသားတွေနဲ့အတူ ဟန်နာရဲ့ နာမည် အပြည့်အစုံ ထည့်သွင်းထားပါတယ်။ ဟန်နာရဲ့ အင်စတာဂရမ် လိပ်စာနာမည်နဲ့ သူနေထိုင်တဲ့ ဆင်ခြေဖုံး ရပ်ကွက်နာမည်ကိုလည်း တင်ထားပါတယ်။ သူ့ရဲ့ ဖုန်းနံပါတ်ကိုတောင် ဖြန့်ဝေထားတာကို နောက်ပိုင်းမှာ ဟန်နာ သိခဲ့ရပါတယ်။

အဲဒီအီးမေးလ်ကနေပဲ ဟန်နာရဲ့ ရုပ်ရှင်ဆန်တဲ့ ဒီဇာတ်လမ်း အစပြုခဲ့တာပါ။

ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့ သူ့ရဲ့အရင်းနှီးဆုံးသူတစ်ယောက်ရဲ့ သစ္စာဖောက်မှုကို ဖော်ထုတ်ရင်း သူကိုယ်တိုင် စုံထောက်တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရပါတယ်။ အဲဒီနောက် သူ့ဘဝကို ပြောင်းလဲစေခဲ့တဲ့ အမှုတစ်ခုကို တည်ဆောက်ရင်း ဒီအမှုက သြစတြေးလျ နိုင်ငံရဲ့ ဥပဒေစံချိန်စံညွှန်းတွေကိုပါ ပြောင်းလဲစေခဲ့ပါတယ်။

အံ့သြတုန်လှုပ်ထိတ်လန့်စရာ အခြေအနေ

"ဟန်နာကို ဖျက်ဆီးခြင်း"ဆိုတဲ့ နာမည်နဲ့ ဝက်ဆိုက်စာမျက်နှာရဲ့ ထိပ်ဆုံးမှာတော့ စမ်းတမ်းကောက်ယူတဲ့နေရာတစ်ခု ရှိပြီး အဲဒီမှာ ဘယ်လို ရိုင်းစိုင်းကြမ်းတမ်းတဲ့ နည်းလမ်းတွေနဲ့ ဟန်နာကို ပြုမူချင်သလဲဆိုတဲ့ စစ်တမ်းအပေါ် ရာနဲ့ချီတဲ့လူတွေက ဆန္ဒပြုထားကြပါတယ်။

အဲဒီအောက်မှာတော့ ဟန်နာ့မျက်နှာကို ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ ညစ်ညမ်းတဲ့ ဓါတ်ပုံ ၆၀၀ ကျော်ကို တသီတတန်းကြီး ထည့်ထားတာပါ။ ဓါတ်ပုံတွေကြားမှာလည်း ကျောချမ်းဖို့ ကောင်းတဲ့ ခြိမ်းခြောက်မှုတွေကို ထည့်သွင်းထားပါသေးတယ်။

"ငါ ဒီမိန်းမနားကို သွားနေပြီ" လို့ အဓိက တင်တဲ့သူက ရိုင်းရိုင်းစိုင်းစိုင်းပုံစံနဲ့ ရေးထားပါတယ်။

"သူ့အိမ်ထဲမှာ ပုန်းနေပြီး သူတစ်ယောက်တည်းရှိတဲ့အချိန်အထိစောင့်ပြီး သူရဲ့အနောက်ကနေ လှမ်းဖက်လိုက်မယ်။ ပြီးတော့ သူ ရုန်းကန်နေတာကို ခံစားမယ်။"

ဒီဖြစ်စဉ်က ၃ နှစ်ကြာခဲ့ပါပြီ။ ဒါပေမဲ့ အသက် ၃၅ နှစ်အရွယ် ကျောင်းဆရာမတစ်ဦးဖြစ်တဲ့ ဟန်နာနဲ့ အသက် ၃၃ နှစ်အရွယ် သူ့ချစ်သူ ခရစ် ဗန်ကျူရာတို့ အဲဒီဝက်ဆိုက်စာမျက်နှာကို စဖွင့်ကြည့်ခဲ့ပြီးနောက် တစ်လျှောက်လုံးခံစားခဲ့ကြရတဲ့ 'လုံးဝ ထိတ်လန့်တုန်လှုပ်မှု' ကို ဟန်နာအတွက် ပြန်ပြောင်းမမှတ်မိစရာ လုံးဝမရှိပါဘူး။

"ချက်ချင်းကို မလုံခြုံသလို ခံစားရတယ်" လို့ သူ့ရဲ့ ဧည့်ခန်းအတွင်း ပက်ပါမင့် ရေနွေးကြမ်းခွက်ကို ကိုင်ထားရင်း မျက်လုံးအဝိုင်းသားနဲ့ ဟန်နာက ကျွန်မကို ပြောပါတယ်။

ဝက်ဘ်ဆိုက်ထဲ ခရစ် ဝင်ကြည့်တဲ့အခါ သူတို့နဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေကို‌တွေ့ခဲ့ရ သလို အမျိုးသမီးအနည်းဆုံး ၆၀ လောက်ရဲ့ ဓါတ်ပုံတွေ တွေ့ရပါတယ်။ အဲဒီထဲ ဆစ်ဒနီက အမျိုးသမီး အများအပြားလည်း ပါဝင်ပါတယ်။

ဒီပုံတွေဟာ သူတို့ရဲ့ ပုဂ္ဂလိက ဆိုရှယ်မီဒီယာတွေက ပုံတွေကို ရယူပြီး သူတို့ကိုယ်တိုင်လို့ အမှန်တကယ်အထင်ခံရနိုင်လောက်တဲ့အထိ တူအောင်လုပ်ထားတဲ့ (deepfake) ဖြတ်ညှပ်ကပ်ပုံတွေဆိုတာကို သူတို့စုံတွဲ သဘောပေါက်နားလည်ခဲ့ကြပါတယ်။ သူတို့သိတဲ့သူတစ်ဦးဦးက လုပ်တယ်ဆိုတာ ခဏအကြာမှာ သူတို့ စဉ်းစားမိလိုက်ကြပါတယ်။

ဘယ်သူဘယ်ဝါလဲဆိုတာကို အသည်းအသန် သိချင်နေတဲ့ ဟန်နာနဲ့ ခရစ်တို့ဟာ မီးဖိုချောင်က စားပွဲမှာ ထိုင်ရင်း ဘယ်အမျိုးသမီးက ဘယ်သူနဲ့ ဆိုရှယ်မီဒီယာမှာ မိတ်ဆွေအဖြစ် သိနေကြသလဲ၊ ဘယ်သူတွေမှာ တူတဲ့ မိတ်ဆွေ ရှိသလဲဆိုတာတွေကို နာရီအတော်ကြာအောင် တိုက်ဆိုင်စစ်ဆေးကြပါတယ်။ နည်းစနစ်တစ်ခုထားပြီး သက်သေအထောက်အထားတွေကို စုစည်းခဲ့ကြပါတယ်။

အဲဒီနောက် လေးနာရီအတွင်း ဖြစ်နိုင်ခြေအရှိဆုံး သံသယရှိသူ ၃ ဦးစာရင်းကို ရခဲ့ပါတယ်။

အဲဒီထဲမှာမှ တက္ကသိုလ်မှာ ရင်းနှီးခဲ့တဲ့သူငယ်ချင်းဖြစ်သူ အင်ဒရူး ဟေလာကို စာရင်းထဲကနေ ချက်ချင်း ဖယ်ထားခဲ့ပါတယ်။ သူတို့သုံးယောက်က ကျောင်းရဲ့ အရက်ဘားမှာ အလုပ်လုပ်ကြရင်း တွေ့ဆုံခဲ့ကြပြီး အလျင်အမြန်ပဲ အရမ်းရင်းနှီးသွားခဲ့တာပါ။

သူတို့က သူ့ကို အန်ဒီလို့ ခေါ်ပြီး အန်ဒီက ဆိုင်ရဲ့ ကြီးကြပ်ရေးမှူးဖြစ်ပါတယ်။ သူတို့အုပ်စုထဲမှာ သူက အဓိက စုစည်းပေးသူလည်း ဖြစ်ပါတယ်။

သူက လူတွေကို ဂရုစိုက်ပေးတတ်သလို ဖော်ရွေတယ်။ ညဘက်ဘားတွေမှာ သူ့အသိအမျိုးသမီးတွေကို ဂရုစိုက်ပေးတတ်သလို မိန်းကလေးသူငယ်ချင်းတွေ အိမ်ကို ဘေးရန်ကင်းကင်း ပြန်ရောက်အောင် လုပ်ပေးတတ်သူမျိုးလို့ ဟန်နာက ပြောပါတယ်။

သူတို့တွေဟာ ပုံမှန် ညဘက်ဘား သွားကြတာတွေ၊ အတူ အလည်အပတ်ထွက်ကြတာတွေ ရှိခဲ့တဲ့အပြင် အချင်းချင်း ချစ်ခင်ယုံကြည်ခဲ့ကြပါတယ်။

"သူ့ကို အရမ်းရင်းနှီးတဲ့ သူငယ်ချင်းလို့ ထင်ခဲ့မိတယ်" လို့ ဟန်နာက ပြောပါတယ်။

"သူ့ကို လူကောင်းအနေနဲ့ ကျွန်မတို့ သေသေချာချာကို သိထားခဲ့တာ။"

ဒါပေမဲ့ မကြာခင်မှာပဲ သူတို့ရဲ့ စာရင်းကို စစ်ချလိုက်တဲ့အခါမှာ နာမည်တစ်ခုပဲ ကျန်ပါတော့တယ်။ အဲဒါက သူ့နာမည်ပါပဲ။

အာဏာပိုင်တွေရဲ့ နှောင့်နှေးကြန့်ကြာမှုများ

နောက်နေ့မနက် ဟန်နာ အိပ်ရာက ထပြီးနောက် ရဲစခန်းကိုသွားခဲ့ပါတယ်။ အံသြမှုတွေ၊ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့အတူ အဆိုးထက် အကောင်းပဲ ဖြစ်လာမှာပါဆိုပြီး မျက်စိမှိတ် ယုံကြည်ထားခဲ့ပါတယ်။

"သူ့ကို အဲဒီနေ့ခင်းမှာတောင် သွားဖမ်းမယ်လို့ ကျွန်တော်တို့ ထင်ထားခဲ့တာ"လို့ ခနဲ့ပြုံးနဲ့ ခရစ်က ပြောပါတယ်။

အဲဒီအစား မလေးမစားဆက်ဆံမှုမျိုးနဲ့သာ ကြုံခဲ့ရတယ်လို့ ဟန်နာက ပြောပါတယ်။

အန်ဒီကို သူ ဘာလုပ်ခဲ့လဲဆိုပြီး နယူးဆောက်သ်ဝေးလ်စ်ပြည်နယ် ရဲအရာရှိက သူ့ကို မေးမြန်းခဲ့တာကို ဟန်နာက ပြန်ပြောင်းပြောပြပါတယ်။ အန်ဒီကို သူလုပ်နေတာတွေ ရပ်ဖို့ ရိုးရိုးသားသားပဲ ပြောလိုက်ဖို့ ရဲဘက်က အကြံပေးခဲ့ပါတယ်။ နောက်ပြီး မလုံတလုံဝတ်စုံနဲ့ သူမရဲ့ ပုံတစ်ပုံကိုထောက်ပြပြီး "ဒီပုံထဲမှာ မင်းက ချစ်စရာကောင်းတယ်" လို့ ပြောခဲ့ကြောင်း ဟန်နာက ပြန်ပြောပြပါတယ်။

ဟန်နာအမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို နယူးဆောက်သ်ဝေးလ်စ်ပြည်နယ် ရဲတပ်ဖွဲ့ကို ဘီဘီစီက မေးမြန်းခဲ့ပေမဲ့ ရဲတပ်ဖွဲ့က ဖြေဆိုဖို့ ငြင်းခဲ့ပါတယ်။

ဒါပေမဲ့ သူရဲ့တိုင်ကြားမှုကို ရဲတွေ ကိုယ်တွယ်ပုံက သူဟာ "ဘာမှကြီးကျယ်တဲ့အရာ မဟုတ်တာကို အရေးအရာလုပ်နေတဲ့ပုံမျိုး''လို့ ရဲတွေရဲ့ တုံ့ပြန်မှုအပေါ် ခံစားမိစေခဲ့တဲ့အကြောင်း ဟန်နာကပြောပါ တယ်။

"ပြီးတော့ ကျွန်မအတွက်တော့ ဘဝမှာ အပြောင်းအလဲကြီး ဖြစ်သွားသလို ခံစားခဲ့ရတာ" လို့ ဟန်နာက ပြောပါတယ်။

ရဲတွေ ကူညီနိုင်လိမ့်ဦးမယ်ဆိုတဲ့ သူ့ရဲ့ ယုံကြည်ချက်အကြွင်းအကျန်တွေလည်း အလျင်အမြန်ဘဲ လျော့ကျသွားခဲ့ပါတယ်။

နှောင့်‌နှေးကြန့်ကြာမှုတွေကြုံနေရချိန်မှာ သြစတြေးလျရဲ့ အီလက်ထရောနစ် ဘေးကင်းလုံခြုံရေးကော်မရှင်နာကို သူဆက်သွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီစည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့ရဲ့ လုပ်နိုင်စွမ်းအတိုင်းအတာကလည်း လူမှုကွန်ရက်မှာ တင်ထားတာတွေကို ပြန်ဖြုတ်ချနိုင်ဖို့အတွက်သာ တတ်နိုင်ခဲ့ပါတယ်။

ကြံရာမရအခြေအနေမှာ သူတို့လင်မယားနှစ်ဦးလည်း ရှေ့နေတစ်ဦးငှားလိုက်သလို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်စေဖို့အတွက် အင်တာနက်နဲ့ အီလက်ထရောနစ်ပစ္စည်းတွေထဲက အချက်အလက် ဒေတာတွေကို ရှာဖွေစိစစ်ဖော်ထုတ်မယ့် ဒီဂျစ်တယ်မှုခင်းကျွမ်းကျင်သူတစ်ဦးကိုလည်း ငှားရမ်းခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အန်ဒီဆီ သတင်းမရောက်နိုင်အောင် နဲ့ သူတို့လုံခြုံမှု ရှိအောင် သူတို့ဟာ လူရှေ့မထွက်ဘဲ သိုသိုသိပ်သိပ်ပဲ နေခဲ့ကြပါတယ်။

"ကိုယ့်ရဲ့ကမ္ဘာက ပိုသေးလာတယ်။ လူတွေနဲ့ စကားပြောလို့ မရဘူး။ အပြင်ထွက်လို့ မရတော့ဘူး" လို့ ဟန်နာက ပြောပါတယ်။

အဲဒီအချိန်မှာ ပြင်းထန်တဲ့အကြောက်တရားနဲ့ အထီးကျန်မှုတွေသာ ဖုံးလွှမ်းလို့နေပါတယ်။

"ဒီကိစ္စတွေကို သူလုပ်ခဲ့တာလို့ နားလည်ထားတဲ့ ယုံကြည်မှုတွေကို ကျွန်မတို့ ရပ်ဆိုင်းထားခဲ့ရပါတယ်။ ဒါမှပဲ ကိုယ့်ဆီကို သူတကယ်လာပြီး မုဒိန်းကျင့်ဖို့ကြိုးစားမယ် ဒါမှမဟုတ် ထိခိုက်အောင် လုပ်မယ်ဆိုတဲ့ အတွေးက သိပ်ကြီးကြီးမားမား မရှိတော့ဘူးပေါ့။"

သူတို့စုံတွဲက တစ်အိမ်လုံးမှာ ကင်မရာတွေကို တပ်ထားလိုက်ပြီး ဟန်နာရဲ့ စက်ပစ္စည်းတွေမှာလည်း ခြေရာခံ စနစ်တွေထည့်သွင်းထားလိုက်သလို ကျန်းမာရေးလက်ပတ်နာရီကို ၂၄ နာရီပတ်လုံး ဝတ်ထားခဲ့ပါတယ်။ ဒါမှ သူ့ရဲ့ နှလုံးခုန်နှုန်းက တက်သွားသလား၊ ရပ်သွားသလားဆိုတာကို အခြားတစ်ယောက်က သိနိုင်မယ်။

"ပြတင်းပေါက်တွေကိုတောင် မဖွင့်တော့ဘူး။ တစ်ယောက်ယောက် အထဲ ဝင်လာမလားဆိုပြီး ကြောက်နေခဲ့လို့လေ" လို့ ဟန်နာက ရှင်းပြပါတယ်။

"တကယ်လို့ တစ်ခုခု ဖြစ်ခဲ့သည်ရှိသော်ဆိုတဲ့အတွေးနဲ့ အိပ်ယာဘေးကခုံပေါ်မှာ ဓါးကိုအသင့်ထားပြီး ကျွန်မတို့ အိပ်ခဲ့ရတယ်။"

သူတို့အမှုကို ရဲက ပစ်ပယ်ထားတယ်လို့ ဆက်ပြီး ခံစားနေရချိန်မှာ ခရစ်ဟာ ဟန်နာ့ဆီကို အသေးငယ်ဆုံးအနှောက်အယှက်တောင် မကျရောက်စေဖို့ သူတို့အိမ်ကို စောင့်ကြည့်ရတဲ့ တာဝန်ယူခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို မထိခိုက်စေဖိုအတွက် သူတို့သူငယ်ချင်းတွေကိုလည်း ဒီအကြောင်း ဘာမှ မသိစေခဲ့ကြပါဘူး။

ဒါက သူတို့အတွက် အပြစ်ရှိသလို ခံစားရစေပါတယ်။ "သူတို့ကို မပြောပဲထားတာက မှန်ကန်ရဲ့လားဆိုတာဟာ ကျွန်မတို့ ဆက်တိုက်ခံစားခဲ့ရတဲ့ ဒုက္ခတစ်ခုပါပဲ။''

စုံစမ်းစစ်ဆေးမှုတွေ ရပ်ဆိုင်းထားတယ်လို့ သူတို့ဆီ ပြောတဲ့အချိန်တစ်ခုမှာတော့ ဟန်နာနဲ့ ခရစ်တို့ဟာ အသေးစိတ်မှုခင်းအစီရင်ခံစာတစ်စောင်ရဖို့ ငွေတွေ ထပ်ပြီး သုံးစွဲခဲ့ပါတယ်။ နောက်ပြီး ရဲစောင့်ကြည့်ရေးအဖွဲ့ ဆီ တရားဝင်တိုင်ကြားစာပို့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အဲဒီလို အခြေအနေတွေအားလုံးအတွက် သြစတြေးလျဒေါ်လာ ၂၀,၀၀၀ (အမေရိကန်ဒေါ်လာအားဖြင့် ၁၂,၄၀၀) အထိသုံးပြီး သူတို့ကိုယ်သူတို့ကာကွယ်ဖို့နဲ့ အန်ဒီကို ဟန့်တားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ စုံထောက်အသစ်တစ်ယောက်ကို တာဝန်ချပြီးနောက် နှစ်ပတ်အတွင်းမှာ အန်ဒီအိမ်ကို ရဲတွေက ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ဖြစ်စဉ်အားလုံးကို သူ ဝန်ခံခဲ့ပါတယ်။

စိတ်သက်သာရပေမဲ့ အဲဒီနောက် စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ ဟန်နာဟာ သူ့သူငယ်ချင်းတွေကို ဒီသတင်း စပြီး ဖွင့်ပြောလိုက်ပါတယ်။

"ကျွန်မ အရမ်းကြောက်ရွံ့ထိတ်လန့်သွားတယ်" လို့ ဂျက်စီကာ စတူးဝပ်က ဟန်နာ့ရဲ့ ဓါတ်ပုံတွေကို အန်ဒီ ဘယ်လိုတွေတောင်လုပ်ခဲ့တယ်ဆိုတာ သိလိုက်ရတဲ့အခိုက်အတန့်ကို ပြန်လည်သတိရရင်း ပြောပြပါတယ်။

"တကယ်ကို အကြမ်းဖက်ခံခဲ့ရတယ်လို့ ခံစားမိတယ်၊ ဒါပေမယ့် အခြေအနေအားလုံးကို နားလည်တယ်လို့ မထင်မိဘူး။"

သူ့အတွက်တော့ အငိုက်မှာ အရှိုက်ထိုးခဲ့သူ ဒီရာဇဝတ်မှုနောက်ကွယ်က လူဟာ 'မိသားစု' လို ချစ်ခင်ခဲ့ရတဲ့ သူငယ်ချင်းတစ်ဦး ဖြစ်နေခဲ့ပါတယ်။ အန်ဒီဟာ အမြဲတမ်း "ကျိုးနွံပုံရပြီး" "တကယ်ကို စိတ်ကောင်းရှိပုံ" ပေါ်နေခဲ့သူ ဖြစ်ပါတယ်၊ ကိုယ်ဒုက္ခရောက်တဲ့အခါတိုင်း အကူအညီခေါ်နိုင်တဲ့သူမျိုး ဖြစ်နေခဲ့ပါတယ်။

"ဒီလူနှစ်ဦးက တကယ်တမ်းမှာ တစ်ယောက်တည်း ဖြစ်နေတယ်ဆိုတာကို လက်ခံနိုင်ဖို့က အတော် ခက်ခဲတယ်။''

အထင်ကရ အမှု

ဒီအမှုက သြစတြေးလျနိုင်ငံမှာ မကြုံစဖူး အမှုတစ်ခုဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုမက အချိန်အတွင်း ကျွမ်းကျင်သူတွေဟာ နည်းပညာတိုးတက်လာမှုက ဉာဏ်ရည်တု AI ရာဇဝတ်အမှုအခင်း လှိုင်းတစ်ခုဆီ ဦးတည်လာနိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အာဏာပိုင်တွေရဲ့ တုံ့ပြန်လုပ်ဆောင်မှုက နောက်ကောက်ကျနေခဲ့တာက ဖြတ်ညှပ်ကပ် ညစ်ညမ်းပုံ အလုပ်ခံရသူတွေကို ပိုပြီး ထိခိုက်လွယ်စေခဲ့ပါတယ်။ အဲဒီထဲက အများအပြားက အမျိုးသမီးတွေပါ။

၂၀၂၂ ခုနှစ် အန်ဒီ အဖမ်းခံရချိန်က နယူးဆောက်သ်ဝေးလ်စ်ပြည်နယ် ဒါမှမဟုတ် သြစတြေးလျရဲ့ ဘယ်နေရာမှာမှ ဖြတ်ညှပ်ဆက်ပြီး ညစ်ညမ်းပုံတွေပြုလုပ်တဲ့အမှုနဲ့ ဖြန့်ဝေတဲ့ အမှုမျိုး မရှိခဲ့ပါဘူး။ ပြီးတော့လည်း အရင်က ဒီလိုကြီးမားတဲ့အတိုင်းအတာနဲ့ ဖြစ်တဲ့အမှုမျိုး ဒီနိုင်ငံမှာ မတွေ့ခဲ့ကြဖူးပါဘူး။

အသက် ၃၉ နှစ်အရွယ် အန်ဒီကို ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှု၊ သို့မဟုတ် ပြစ်မှုကျူးလွန်စေရန် ဆက်သွယ်ရေးနည်းလမ်းတစ်ခုခု အသုံးပြုမှုနဲ့ တရားစွဲခဲ့ပါတယ်။ ဒီပြစ်မှုက အင်တာနက်ရာဇဝတ်မှု အများအပြားအတွက် ဖမ်းဆီးအရေးယူနိုင်တဲ့ အဆင့်နိမ့်ပြစ်မှုမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ဟန်နာ့အနေနဲ့ မျှော်လင့်ချက်ကြီးကြီးမားမား မထားဖို့ သတိပေးကြပါတယ်။

"သူ ပြစ်ဒဏ်ငယ်တစ်ခု ကျခံစေဖို့ ကျွန်မတို့တရားရုံးကိုသွားဖို့ ပြင်ဆင်ခဲ့ကြပါတယ်" လို့ သူက ပြောပါတယ်။

ဒါပေမဲ့လည်း ဟန်နာနဲ့အတူ ဒီအမှုမှာပါဖို့ ဆုံးဖြတ်ထားကြတဲ့ နောက်ထပ်အမျိုးသမီး ၂၅ ဦးစလုံးက အန်ဒီ တာဝန်ခံမှု ရှိအောင်ထိ လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက သူ့အပေါ် စီရင်ချက်ချတဲ့ ကြားနားမှုမှာ အမျိုးသမီးတွေက ခြောက်ခြားဖွယ်ရာ ဖြစ်စဉ်တွေကို တစ်ခုပြီးတစ်ခု ထုတ်ဖော်ထွက်ဆိုခဲ့ကြပါတယ်။

''ရှင်က သူငယ်ချင်းဆက်ဆံရေးကို သစ္စာဖောက်ခဲ့ရုံသာ မကဘူး၊ အရင်တုန်းက ဘေးကင်းလုံခြုံပါတယ်လို့ တထစ်ချ ယုံကြည်ထားခဲ့တဲ့စိတ်ကိုပါ ဖျက်ဆီးခြေမွခဲ့တယ်" လို့ ဂျက်စီကာက တရားရုံးမှာ ပြောခဲ့ပါတယ်။

"ကမ္ဘာကြီးက ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတော့သလို အန္တရာယ်ရှိတယ်လို့ ခံစားလာရတယ်။ ကျွန်မ အမြဲစိတ်ပူပန်နေမိတယ်။ အိပ်ပျော်နိုင်ချိန်မှာလည်း အိပ်မက်ဆိုးတွေ မက်နေတော့တယ်။"

"သူငယ်ချင်းအသစ်တွေ ရှာဖို့တောင် မဖြစ်နိုင်လောက်အောင် ခံစားမိတယ်။ 'ဒီလူက ရှင့်လိုလူမျိုး ဖြစ်နေမလား' ဆိုတဲ့ မေးခွန်းတွေ အထပ်ထပ်မေးမိရင်း မွန်းကျပ်နေရတယ်။''

အန်ဒီအတွက် သူပစ်မှတ်ထားခဲ့တဲ့အမျိုးသမီးတွေအပေါ် တောင်းပန်ဖို့ အချိန်ရောက်လာတဲ့အခါမှာတော့ ဂျက်စီကာနဲ့ ဟန်နာတို့က အခန်းထဲမှာ ဆက်ပြီး သည်းခံနိုင်စွမ်းမရှိတော့တာကြောင့် အခန်းအပြင်ဘက် ထွက်သွားခဲ့ကြပါတယ်။

"သူဘာပဲပြောပြော ကျွန်မစိတ်ကို သက်သာစေနိုင်မှာ မဟုတ်ပါဘူး။ ဒါကိုတော့ သူ့ကို သိစေချင်တယ်" လို့ ဟန်နာက ပြောပါတယ်။

အခုလိုရုပ်ပုံတွေကို ဖန်တီးရတာက သူ့အစ္ဇျတ္တစိတ်ရဲ့ "အမှောင်" အစိတ်အပိုင်းအတွက် "ထွက်ပေါက်" အဖြစ် "ခွန်အား"ကို ခံစားခဲ့ရတယ်၊ ဒါပေမဲ့ ဒါတွေက အမှန်တကယ် ထိခိုက် နစ်နာမှုတွေ ဖြစ်စေလိမ့်မယ်လို့ မထင်ခဲ့ကြောင်း အန်ဒီက တရားရုံးကို လျှောက်ထားခဲ့ပါတယ်။

"အရမ်းဆိုးဝါးတဲ့အရာတစ်ခုကို ကျွန်တော် လုပ်ခဲ့မိတယ်။ ဒါကြောင့် အရမ်းဝမ်းနည်းရပါတယ်" လို့ သူက ပြောပါတယ်။

အန်ဒီမှာ "ဝမ်းနည်းပူပန်မှုတချို့" ရှိနေပေမဲ့ သူ နောင်တရနေတယ်လို့ တရားသူကြီး ဂျိန်း ကာလ်ဗာကတော့ မယုံကြည်ပါဘူး။ သူရဲ့ 'မြောက်မြားလှတဲ့'၊ နောက်ပြီး 'စိတ်ထိခိုက်ဖွယ်ကောင်းတဲ့' ကျူးလွန်မှုတွေကြောင့် ထင်ထင်ရှားရှားနဲ့ ''နက်နက်နဲနဲ ဆက်ဖြစ်နေတဲ့'' ဒုက္ခတွေကို သူ နားလည်ပုံ မပေါ်ဘူးလို့ တရားသူကြီးက ပြောပါတယ်။

တရားသူကြီးက အန်ဒီကို ထောင် ၉ နှစ်ချမှတ်ခဲ့ပါတယ်။ ဒီအမိန့်ကို အထင်ကရအမိန့်လို့ လူတွေက သတ်မှတ်ကြပါတယ်။

''တရားရုံးတစ်ခုလုံးမှာ သက်ပြင်းချတဲ့အသံတွေ ကြားခဲ့ရတယ်။ ဘယ်လောက် စိတ်သက်သာစရာ ကောင်းလိုက်သလဲ" လို့ ဂျက်စီကာက ပြောပါတယ်။

"ကျွန်မတို့စကားကို အမှန်တကယ် နားထောင်ခဲ့ကြတယ်လို့ ခံစားရတာ အဲဒါ ပထမဆုံးအကြိမ်ပဲ။"

အန်ဒီဟာ ၂၀၂၉ ဒီဇင်ဘာမှာ ခံဝန်ချုပ်နဲ့ လွတ်မြောက်နိုင်ခွင့်ရှိပေမဲ့လည်း သူ့ ပြစ်ဒဏ်အပေါ် အယူခံဝင်ဖို့ ရည်ရွယ်ထားတယ်လို့ သူက တရားရုံးကို ပြောခဲ့ပါတယ်။

နည်းပညာနဲ့ ကျားမရေးရာ သုတေသနလုပ်နေတဲ့ ဥပဒေရေးရာကျွမ်းကျင်သူ နီကိုး ရှက်ကယ်လ်တန်က "မကြုံစဖူးတဲ့" ဒီအမှုဟာ အနာဂတ်အမှုတွေအတွက် အံသြဖို့ကောင်းတဲ့၊ အရေးကြီးတဲ့ ဥပဒေစံနှုန်းတစ်ခု ဖြစ်နေပြီလို့ ဘီဘီစီကို ပြောပါတယ်။

"ဒါမျိုးက အွန်လိုင်းမှာပဲ ဖြစ်ပျက်ခဲ့တာ မဟုတ်ဘူး၊ ဒီလိုအပြုအမူဟာ "အမျိုးသမီးတွေအပေါ် အွန်လိုင်းပြင်ပက အကြမ်းဖက်မှုတွေနဲ့လည်း ဆက်စပ်နေတယ်" ဆိုတာ တရားသူကြီးက အသိအမှတ်ပြုလိုက်တာ ဖြစ်ကြောင်း သြစတြေးလျ၊ မဲလ်ဘုန်း RMIT တက္ကသိုလ်က ဒေါက်တာရှက်ကယ်လ်တန်က ပြောပါတယ်။

ဒါပေမဲ့ သြစ‌တြေးလျနဲ့ အခြားနိုင်ငံတွေဟာ အေအိုင်နည်းပညာအသုံးပြုမှုအပေါ် စည်းမျဉ်းစည်းကမ်းချမှတ်ရာမှာ အားနည်းနေသေးသလို ဒီနည်းပညာအလွဲသုံးမှုအပေါ် တက်တက်ကြွကြွ စုံစမ်းစစ်ဆေးမှုမှာလည်း အားနည်းနေသေးတယ်လို့ သူ့လို ကျွမ်းကျင်သူတွေက ပြောကြပါတယ်။

ဖြတ်ညှပ်ဆက်ပြီး ညစ်ညမ်းဓါတ်ပုံတွေ ပြုလုပ်တာ၊ မျှဝေတာမျိုးတွေကို နိုင်ငံအဆင့် ပြစ်မှု မြောက်တဲ့ ရာဇဝတ်မှုအဖြစ် သြစတြေးလျမှာ မကြာသေးခင်ကမှ သတ်မှတ်လိုက်ပါတယ်။

ဒါပေမဲ့ တခြားနိုင်ငံအများအပြားက ဥပ‌ဒေပြုရေးအပိုင်းမှာ ယိုပေါက်တွေ ဟာကွက်တွေ ရှိနေတာ ဒါမှမဟုတ် ဖြတ်ညှပ်ကပ်ညစ်ညမ်းပုံပြုလုပ်မှုအပေါ် ပြစ်မှုအဖြစ် လုံးဝ မသတ်မှတ်တာမျိုးတွေလည်း ရှိနေပါတယ်။

ဗြိတိန်မှာတော့ အခုလိုပုံမျိုးတွေကို မျှဝေတာက ပြစ်မှုဖြစ်ပေမဲ့ ဒီပုံတွေ ဖန်တီးပြုလုပ်မှု ဒါမှမဟုတ် တောင်းယူမှုကတော့ ပြစ်မှု မမြောက်သေးပါဘူး။ ဒါပေမဲ့ ဒါကို မကြာခင် ပြောင်းလဲဖို့ ရှိပါတယ်။

လေ့ကျင့်သင်တန်းပေးတာနည်းပါးပြီး အရင်းအမြစ်မလုံလောက်တဲ့ ရဲတပ်ဖွဲ့တွေ ရှိတဲ့နေရာတွေမှာတော့ ဟန်နာ ဒါမှမဟုတ် ဟန်နာကို လျှို့ဝှက်သတင်းပေးခဲ့သူလို ပုဂ္ဂလိကစုံစမ်းဖော်ထုတ်သူအများအပြားဟာ လက်တွေ့ဘဝထဲက ဖြစ်လာတဲ့ စုံထောက်တွေ ဖြစ်လာသလို စည်းမျဉ်းစည်းကမ်းထိန်းကျောင်းသူတွေ ဖြစ်လာကြရပါတယ်။

နယူးဆောက်သ်ဝေးလ်စ် ရဲတပ်ဖွဲ့ကတော့ ဉာဏ်ရည်တုနည်းပညာ မှုခင်းတွေက စိန်ခေါ် မှုတစ်ခုဖြစ်ပြီး "ရင်းမြစ်နဲ့ အချိန် အထူးလိုအပ်တဲ့ လုပ်ငန်းစဉ်" ဖြစ်တယ်၊ 'အရာရှိတိုင်းက ဒီလိုအမှုအခင်းတွေအပေါ် ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်လာအောင် ရည်မှန်းချက်ထားပြီး လတ်တလောမှာ သင်တန်းပေးတာတွေ တိုးမြှင့်လုပ်ဆောင်ထားတယ်လို့ ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။

အဲဒါအပြင် ရဲတပ်ဖွဲ့ဟာ အီလက်ထရောနစ်ဘေးကင်းလုံခြုံရေးကော်မရှင်နာနဲ့ နည်းပညာကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ညစ်ညမ်းဖြတ်ညှပ်ဆက်ပုံတွေကို ဖြုတ်ချနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စရာပုံတွေကို ဖယ်ရှားတာက နစ်နာသူအများစုအတွက် အဓိကဦးစားပေး ဖြစ်ပြီး အဲဒီလို လုပ်ဆောင်ရာမှာ သူတို့အဖွဲ့ရဲ့ အောင်မြင်မှုနှုန်းတွေလည်း အလွန်မြင့်မားတယ်လို့ အီလက်ထရောနစ်ဘေးကင်းလုံခြုံရေးကော်မရှင်နာ ဂျူလီ အင်မန် ဂရန့်က ပြောပါတယ်။

ဒါပေမဲ့ အီလက်ထရောနစ်ဘေးကင်းလုံခြုံရေးကော်မရှင်မှာ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးနဲ့ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အခွင့်အာဏာတွေတော့ မရှိဘူးလို့ ဘီဘီစီကို ပေးပို့တဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ပြောထားပါတယ်။

"ဘယ်လိုဥပဒေမျိုး ရှိနေပါစေ၊ အရည်အချင်းမပြည့်မီတဲ့ ရဲတပ်ဖွဲ့ရှိနေလို့ကတော့ ... " ခရစ်ရဲ့အသံက စကားမဆုံးခင်မှာပဲ တိမ်ဝင်သွားပါတယ်။

"ကျွန်တော်တို့ အန်ဒီကို ဒေါသထွက်တာတော့ အသိသာကြီးပဲ၊ ဒါပေမဲ့ ဒီအမှုမှာလို တရားမျှတမှုရဖို့ တစ်ခုတည်းသောနည်းလမ်းက ရဲတွေကို ဗိုလ်ကျနိုင်အောင်ထိ ငွေကြေးတတ်နိုင်တဲ့ အသက် ၃၀ ကျော်အရွယ် လူနှစ်ယောက် ဖြစ်နေမှ ရမယ်ဆိုတဲ့အချက်က တော်တော် ရွံရှာဖို့ ကောင်းတယ်။"

အနာဂတ်မှာ ခံလာရနိုင်သူတွေအတွက် လက်ရှိအခြေအနေတွေ ပြောင်းလဲပစ်နိုင်ဖို့ သူတို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။ ပြီးခဲ့တဲ့ ၆ လအတွင်းမှာတင် နယူးဆောက်သ်ဝေးစ်လ် နဲ့ ဗစ်တိုးရီးယားက မတူညီတဲ့အမှုတွေမှာ ကျောင်းသား ၂ ယောက်က သူတို့အတန်းဖော်တွေရဲ့ ကိုယ်လုံးတီးဖြတ်ညှပ်ဆက်ပုံတွေ အမြောက်အမြား ပြုလုပ်ဖန်တီးခဲ့တယ်ဆိုပြီး ရဲဆီ တိုင်ကြားခံထားရပါတယ်။

ငရဲတွင်းထဲ နှစ်အတော်ကြာ ခံစားခဲ့ရပြီးနောက် ဟန်နာတစ်ယောက်လည်း ဘဝကို ရှေ့ဆက်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဒါပေမဲ့ အန်ဒီ အယူခံတက်လာနိုင်တဲ့ ကိစ္စက သူခက်ခက်ခဲခဲ ပြန်တည်ဆောက်ထားခဲ့ရတဲ့ သူ့ဘဝနဲ့ သူ့စိတ်ကျန်းမာရေးကို ခြိမ်းခြောက်နေပါတယ်။

အန်ဒီဟာ သူနဲ့ထိုက်တန်တဲ့ပြစ်ဒဏ် ခံခဲ့ရတာလို့ ဆိုဖာပေါ်မှာ ဒူးကိုရင်ဘတ်နားကပ်ကာ ထိုင်ရင်း ဟန်နာက ပြောပါတယ်။

"ဘာကြောင့်လဲဆိုရင် ကျွန်မနဲ့ တခြားမိန်းကလေးတွေအတွက်က ဒါက ထာဝရဖြစ်နေမယ့် အရာပါ... ဆိုလိုတာက သူတို့ဟာ အင်တာနက်ပေါ်မှာ အမြဲတမ်း ရှိနေကြမှာလေ" လို့ ပြောပါတယ်။

လိုင်းပေါ်မှာ ဓါတ်ပုံတွေ တွေ့တာနဲ့ ရှင်းလင်းပေးတဲ့ ဝန်ဆောင်မှုတစ်ခုကို သူအခကြေးငွေပေးပြီး ဆက်လုပ်ဆောင်နေသလို သူ့ရဲ့ အနာဂတ်သူငယ်ချင်းတွေ၊ အလုပ်ရှင်တွေ၊ ကျောင်းသားတွေနဲ့ သူ့ကလေးတွေကိုယ်တိုင် အဲဒါတွေကို တွေ့သွားမှာကို သူစိုးရိမ်နေပါတယ်။

အကြီးမားဆုံးအကြောက်တရားတစ်ခုကတော့ သူ့ရဲ့အကောင်းဆုံးအမှတ်တရတွေ ပြန်မရနိုင်တော့မှာကိုပါ။

"ဘဝရဲ့ပျော်စရာအကောင်းဆုံးအခိုက်အတန့်တွေမို့ ဖေ့စ်ဘွတ်ခ်နဲ့ အင်စရာဂရမ်တို့မှာ ပုံတွေ တင်ကြတယ်။ ခွေးလေး မွေးတဲ့အခါ၊ အိမ်ဝယ်တဲ့အခါ ၊ စေ့စပ်ကြောင်းလမ်းတဲ့အခါ ဓါတ်ပုံတွေ တင်ကြတယ်။

"အဲဒီလို ကျွန်မတို့ရဲ့ အမှတ်တရဖြစ်ရပ်အားလုံးကို သူကညစ်ညမ်းဓါတ်ပုံတွေအဖြစ် ပြောင်းလိုက်တာ။ အခုတော့ အဲဒီဓာတ်ပုံ မြင်တဲ့အခါ ကျွန်မ မုဒိမ်းကျင့်ခံနေရတဲ့ပုံအဖြစ်ပဲ မြင်နေရတယ်။"

ဒီသတင်းဆောင်းပါးထဲက အကြောင်းအရာတွေနဲ့ပတ်သက်လို့ ကိုယ်တိုင်ထိခိုက်ခဲ့တာမျိုးရှိရင် အကူအညီတောင်းခံနိုင်ပါတယ်။ ယူကေမှာရှိတဲ့ အဖွဲ့အစည်းတွေဆီကို ဆက်သွယ်ချင်ရင်တော့ ဒီလင့်ခ်ကနေ BBC Action Line သွားကြည့်နိုင်ပါတယ်။​