အနောက်အုပ်စု အကြောက်ဆုံး ရုရှားရဲ့ ဆိုင်ဘာတိုက်ခိုက်မှု ၃ ခု

    • ရေးသားသူ, ဂျိုးတိုင်ဒီ
    • ရာထူးတာဝန်, ဆိုင်ဘာ သတင်းထောက်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်နိုင်ငံအပေါ် ဆိုင်ဘာတိုက်ခိုက်မှုတစ်ခု လုပ်ဖို့ ရုရှားက စီစဉ်နေကြောင်း ထောက်လှမ်းရေးအဖွဲ့တွေက ပြောတယ်လို့ ဆိုပြီး နိုင်ငံတွင်းက ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေကို သူတို့ရဲ့ ဒစ်ဂျစ်တယ် တံခါးတွေ လုံခြုံအောင် ပိတ်ထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆိုင်ဘာလုံခြုံရေးနဲ့ ပတ်သက်လို့ ကြိုတင် သတိထား ကာကွယ်မှုတွေ ပိုတိုးလုပ်ကြဖို့ အမေရိကန်အစိုးရရဲ့ တိုက်တွန်းချက်ကို ယူကေ ဆိုင်ဘာတာဝန်ရှိသူတွေကလည်း ထောက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ရုရှားက ဆိုင်ဘာတိုက်ခိုက်မှုတစ်ခု လုပ်နေတယ်ဆိုတာကိုတော့ သက်သေအထောက်အထား တစ်စုံတရာ မပြခဲ့ကြပါဘူး။

ရုရှားဘက်ကတော့ ဒီလိုစွပ်စွဲမှုမျိုးတွေဟာ ရုရှားကို ကြောက်ရွံ့မုန်းတီးတဲ့စိတ်နဲ့ လုပ်တဲ့ စွပ်စွဲမှုတွေသာ ဖြစ်တယ်လို့ အရင်ကတည်းက ပြောထားပါတယ်။

ဒါပေမဲ့လည်း ရုရှားနိုင်ငံဟာ အရေးပါတဲ့ ဆိုင်ဘာ ကိရိယာတွေ အများကြီး သိုလှောင်ထားတဲ့ ဆိုင်ဘာ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်ပြီး ကြားဖြတ်နှောင့်ယှက်တာမျိုးတွေတင်မက အဖျက်အမှောင့်လုပ်ငန်းလို ဆိုင်ဘာတိုက်ခိုက်မှုမျိုးတွေကိုတောင် လုပ်နိုင်စွမ်းရှိတဲ့ ဟက်ကာတွေ ရှိနေပါတယ်။

လောလောဆယ်မှာ ယူကရိန်းနိုင်ငံဟာ ရုရှားရဲ့ ဆိုင်ဘာ ထိုးစစ်ဆင် တိုက်ခိုက်မှုမျိုး သိပ်မခံရသေးပါဘူး။ ဒါပေမဲ့ ယူကရိန်းရဲ့ မဟာမိတ်နိုင်ငံတွေကိုတော့ ရုရှားက ဆိုင်ဘာတိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက အခုအခါ စိုးရိမ်နေကြပါတယ်။

"သမ္မတ ဘိုင်ဒန်ရဲ့ သတိပေးချက်က ဖြစ်နိုင်ခြေ ရှိပုံရပါတယ်။ အထူးသဖြင့် အနောက်အုပ်စုနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုတိုးလုပ်လာနေချိန်မှာ ဆိုင်ဘာအချက်အလက် ထိုးဖောက် ခိုးယူသူ ဟက်ကာတွေကပါ ဒီအခြေအနေထဲ ဝင်ပါလာနေကြတာမို့ ဒဏ်ခတ်ပိတ်ဆို့မှုကနေ လိုချင်တဲ့ရလဒ်မျိုး ရမလာတဲ့ပုံ တွေ့နေရတယ်"လို့ Rapid7 ဆိုင်ဘာလုံခြုံရေးကုမ္ပဏီက ဂျန် အဲလစ်စ် က ပြောပါတယ်။

ကျွမ်းကျင်သူတွေ အစိုးရိမ်ဆုံး ဆိုင်ဘာအချက်အလက် ထိုးဖောက်ဝင်ရောက်မှုများ

BlackEnergy အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု

ယူကရိန်းနိုင်ငံဟာ ရုရှားရဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေ မကြာခဏ ခံရလေ့ ရှိတဲ့ နိုင်ငံဖြစ်ပြီး ရုရှားက သူတို့ရဲ့ နည်းပညာတွေနဲ့ ဆိုင်ဘာကိရိယာတွေ စမ်းသပ်သုံးတဲ့အနေနဲ့ လုပ်ခဲ့တာမျိုး တွေ့ရပါတယ်။

၂၀၁၅ ခုနှစ်တုန်းက BlackEnergy လို့ခေါ်တဲ့ ဆိုင်ဘာတိုက်ခိုက်မှုတစ်ခုကြောင့် ယူကရိန်းနိုင်ငံမှာ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်သွားခဲ့ရပြီး ယူကရိန်းနိုင်ငံအနောက်ပိုင်းက စွမ်းအင်နဲ့ ရေကုမ္ပဏီတစ်ခုကို အသုံးပြုသူ ၈ သောင်းလောက် မီး၊ ရေ ပြတ်တောက်မှုတွေ ယာယီ ဖြစ်သွားခဲ့ရပါတယ်။

တစ်နှစ်နီးပါးအကြာမှာ Industroyer လို့ အများသိကြတဲ့ နောက်ဆိုင်ဘာတိုက်ခိုက်မှုတစ်ခု ထပ်ဖြစ်ခဲ့ပြီး ကိယက်ဗ်မြို့တော်ရဲ့ နေရာ ၅ ပုံ ၁ ပုံလောက်မှာ တနာရီလောက် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားခဲ့ပါတယ်။

ဒါဟာ ရုရှား စစ်ဘက်ဆိုင်ရာ ဟက်ကာတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေက စွပ်စွဲခဲ့ကြပါတယ်။

"ရုရှားက ဒီလို ဆိုင်ဘာတိုက်ခိုက်မှုမျိုး သူတို့ လုပ်နိုင်ပါတယ် ဆိုတာကို ပြချင်တဲ့အတွက် အနောက်အုပ်စု နိုင်ငံတွေအပေါ် ဒီလိုတိုက်ခိုက်မှုမျိုးတစ်ခု လုပ်ဖို့ လုံးဝကို ကြိုးစားလာနိုင်ပါတယ်" လို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခံရမှု စုံစမ်းစစ်ဆေးရာမှာ ပါဝင်ကူညီခဲ့သူ ယူကရိန်း ဆိုင်ဘာလုံခြုံရေး တာဝန်ရှိပုဂ္ဂိုလ် မာရီနာ ခရိုတိုဖေးလ် က ပြောပါတယ်။

"ဒါပေမဲ့လည်း လျှပ်စစ်ဓာတ်အားလိုင်း တစ်ခုအပေါ် လုပ်တဲ့ ဆိုင်ဘာတိုက်ခိုက်မှုကြောင့်တော့ လျှပ်စစ်စွမ်းအင် ထောက်ပံ့ ဖြည့်ဆည်းမှုအပေါ် အကြီးအကျယ် ထိခိုက်တာမျိုး ဖြစ်မှာ မဟုတ်ပါဘူး။ လုံခြုံစိတ်ချရတဲ့ နည်းတွေနဲ့ ချမှတ် လုပ်ဆောင်နေတဲ့ နက်နဲရှုပ်ထွေးတဲ့ အင်ဂျင်နီယာစနစ်တွေအပေါ် ဆိုင်ဘာတိုက်ခိုက်မှုတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့ကတော့ အရမ်းကို ခက်ခဲပါတယ်။ အကာအကွယ်တွေ နက်နက်နဲနဲ လုပ်ထားတာမို့ ရေရှည် ထိခိုက်မှုမျိုးတွေ ဖြစ်သွားအောင် လုပ်ဖို့ကတော့ သိပ်မဖြစ်နိုင်ပါဘူး" လို့ သူက ပြောပါတယ်။

အနောက်အုပ်စုနိုင်ငံတွေကလည်း ရုရှားကွန်ရက်တွေမှာ အသင့်အတင့် ခြေကုပ်ယူထားတာမျိုးတွေ ရှိနေနိုင်တာမို့ ဒီလို တိုက်ခိုက်မှုမျိုးက ရုရှားအပေါ် တန်ပြန်ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့ လည်း မာရီနာ လို ကျွမ်းကျင်သူတွေက ယူဆထားကြပါတယ်။

NotPetya ထိန်းချုပ်လို့ မရနိုင်လောက်တဲ့ ဖျက်ဆီးတိုက်ခိုက်မှု

NotPetya ဆိုတဲ့ ဆိုင်ဘာတိုက်ခိုက်မှုမျိုးကတော့ ဆိုင်ဘာသမိုင်းမှာ အထိအခိုက် အများဆုံး ဖြစ်ခဲ့ရတဲ့ ဆိုင်ဘာတိုက်ခိုက်မှုမျိုးလို့ ယူဆရပြီး ရုရှား စစ်ဘက်ဆိုင်ရာ ဟက်ကာအုပ်စုတစ်စုက လုပ်တဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ အမေရိကန်၊ ယူကေနဲ့ ဥရောပသမဂ္ဂ အာဏာပိုင်တွေက စွပ်စွဲထားကြတာပါ။

ဖျက်ဆီးမှုတွေ လုပ်နိုင်တဲ့ ဆော့ဖ်ဝဲကို ယူကရိန်းနိုင်ငံမှာ အသုံးများတဲ့ စာရင်းအင်း ဆော့ဖ်ဝဲသစ်တစ်ခုထဲ ခိုးထည့်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုက ကမ္ဘာတဝန်းက ကုမ္ပဏီ ထောင်ပေါင်းများစွာရဲ့ ကွန်ပျူတာ စနစ်တွေကို ဖျက်ဆီးပစ်ခဲ့ပြီး ဒေါ်လာ ၁၀ ဘီလျံဖိုး ထိခိုက်ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီမတိုင်ခင် တစ်လလောက်က အလားတူ တိုက်ခိုက်မှုမျိုးတစ်ခုကြောင့် ထိခိုက်နှောင့်ယှက်မှုကြီးတစ်ခု ဖြစ်ခဲ့ရပြီး ဒါဟာ မြောက်ကိုရီးယား ဟက်ကာတွေရဲ့ လက်ချက် ဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

The WannaCry လို့ခေါ်တဲ့ ကွန်ပျူတာ ဗိုင်းရပ်စ်က နိုင်ငံပေါင်း ၁၅၀ က ကွန်ပျူတာပေါင်း ၃ သိန်းလောက်ရဲ့ အချက်အလက်တွေကို မွှေနှောက် ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီဗိုင်းရပ်စ်ကြောင့် ယူကေနိုင်ငံမှာ NHS ကျန်းမာရေးဝန်ဆောင်မှုဌာနက ဆေးကုသရေးဆိုင်ရာ ကြိုတင်ချိန်းဆိုထားတဲ့ အစီအစဉ်တွေ အတော်များများ ဆိုင်းငံ့ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

"ဒီလို တိုက်ခိုက်မှုမျိုးတွေကြောင့် အကြီးအကျယ် ဝရုန်းသုန်းကား အခြေအနေ ဖြစ်လာနိုင်သလို စီးပွားရေး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်ပါတယ်၊ လူ့အသက် ဆုံးရှုံးမှုတွေအထိတောင် ဖြစ်လာစေနိုင်ပါတယ်"လို့ ဂျန် အဲလစ်စ် က ပြောပါတယ်။

"ဒါက မဖြစ်နိုင်လောက်ဘူးလို့ ထင်စရာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ လက်ရှိ လူနေမှုဘဝ အစိတ်အပိုင်းတွေလိုပဲ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကလည်း နည်းပညာတွေအပေါ် မှီခို အားထားနေကြတာပါ။ WannaCry ဗိုင်းရပ်စ်ကြောင့် ယူကေနိုင်ငံက ဆေးရုံတွေရဲ့ ကွန်ပျူတာစနစ် အကြီးအကျယ် ထိခိုက်ခဲ့ရတာကို ကြည့်ရင် ဒါမျိုး ဖြစ်လာနိုင်တယ်ဆိုတာကို သိနိုင်မှာပါ" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ကွန်ပျူတာ သိပ္ပံပညာရှင် ပါမောက္ခ အယ်လန် ဝုဒ်ဝါ့ဒ် ကတော့ ဒီလို တိုက်ခိုက်မှုမျိုးလုပ်ရင် ရုရှားအတွက်လည်း အန္တရာယ် ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

"ထိန်းချုပ်လို့ မရနိုင်လောက်တဲ့ ဒီလို ဆိုင်ဘာတိုက်ခိုက်မှုမျိုးဟာ ဇီဝလက်နက် အသုံးပြုတိုက်ခိုက်တဲ့ စစ်ဆင်မှုမျိုးနဲ့ အလားတူပြီး နေရာအတိအကျက အရေးပါတဲ့ အခြေခံအဆောက်အဦတွေကို အသေအချာ ပစ်မှတ်ထား တိုက်ခိုက်ဖို့ ခက်ခဲလှပါတယ်၊ WannaCry နဲ့ NotPetya ဆိုင်ဘာတိုက်ခိုက်မှုတွေကြောင့် ရုရှားမှာလည်း ထိခိုက်ခဲ့သူတွေ ရှိခဲ့ပါတယ်" လို့ သူက ပြောပါတယ်။

Colonial Pipeline ကုမ္ပဏီ အပေါ် ရာဇဝတ်သားတွေရဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေ ပိုကြီးထွားလာနိုင်

၂၀၂၁ ခုနှစ် မေလတုန်းက အမေရိကန်နိုင်ငံမှာ ဟက်ကာတွေကြောင့် အရေးပါတဲ့ ရေနံပိုက်လိုင်းတစ်ခု ပိတ်လိုက်ရအပြီး ပြည်နယ်အတော်များများမှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ရပါတယ်။

Colonial Pipeline ဟာ အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ အသုံးပြုနေတဲ့ ဒီဇယ်၊ ဓာတ်ဆီနဲ့ တိုက်လေယာဉ်ဆီ စုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းကို ပို့ဆောင်ပေးနေတာ ဖြစ်ပြီး အဲဒီ ပိုက်လိုင်း ပိတ်ခဲ့တဲ့အတွက် ဓာတ်ဆီဖြည့်တဲ့ဆိုင်တွေမှာ အထိတ်တလန့်နဲ့ ဓာတ်ဆီ ဝယ်စုတာတွေ ဖြစ်ခဲ့ရပါတယ်။

ဒီတိုက်ခိုက်မှုကို ရုရှားအစိုးရ ဟက်ကာတွေက လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရုရှားမှာ အခြေစိုက်တယ်လို့ ယူဆရတဲ့ DarkSide ငွေညှစ်တဲ့ ဟက်ကာအဖွဲ့တဖွဲ့က လုပ်ခဲ့တာ ဖြစ်ပါတယ်။

ကွန်ပျူတာစနစ် ပြန်သုံးလို့ရအောင် အဲဒီအဖွဲ့ကို ပြန်ပေးငွေ ဒေါ်လာ ၄ သန်း ၄ သိန်းကို ငွေသားအစား ခြေရာခံဖို့ ခက်တဲ့ Bitcoin နဲ့ ပေးခဲ့ရတယ်လို့ Colonial Pipeline ကုမ္ပဏီက ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

အဲဒီနောက် သီတင်းပတ်အနည်းငယ် အကြာမှာ REvil လို့ခေါ်တဲ့ နောက် ဟက်ကာအုပ်စုတစ်စုက ကမ္ဘာပေါ်မှာ အကြီးဆုံး အမဲသား ကြိတ်စက်ကုမ္ပဏီကြီး ဖြစ်တဲ့ JBS ရဲ့ ကွန်ပျူတာစနစ်ထဲ ထိုးဖောက် တိုက်ခိုက်ခဲ့တဲ့အတွက် အသားထောက်ပံ့မှုတွေ အကြီးအကျယ် ထိခိုက်သွားခဲ့ရပါတယ်။

ရုရှားရဲ့ ဆိုင်ဘာတိုက်ခိုက်မှု လုပ်နိုင်စွမ်းအားနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတွေ အကြီးအကျယ် စိုးရိမ်နေကြတာ တစ်ခုက ထိခိုက်ပျက်စီးမှု ပမာဏ အများဆုံး ဖြစ်လာအောင် အမေရိကန်နိုင်ငံက ပစ်မှတ်တွေကို အချိန်ကိုက် တိုက်ခိုက်ကြဖို့ ဆိုင်ဘာ ရာဇဝတ်သား အုပ်စုတွေကို ရုရှား အစိုးရက ညွှန်ကြားခိုင်းစေလာမှာကို ဖြစ်ပါတယ်။

ကွန်ပျူတာတွေထဲ ထိုးဖောက် ဝင်ရောက်ပြီး ငွေညှစ်တာမျိုး လုပ်ဖို့ ဆိုင်ဘာ ရာဇဝတ်သားတွေကို ခိုင်းစေ ညွှန်ကြားခြင်းအားဖြင့် ရုရှားတို့အတွက် အကျိုးရလဒ်က ဝရုန်းသုန်းကား အခြေအနေတွေ အနှံ့အပြား ဖြစ်သွားစေပြီး နေရာအများအပြားမှာ စီးပွားရေး ထိခိုက်မှုတွေ အကြီးအကျယ် ဖြစ်လာစေနိုင်မယ့် အချက်ဖြစ်တယ် လို့ ပါမောက္ခ ဝုဒ်ဝါ့ဒ် က ပြောပါတယ်။

ဒါ့အပြင် ရုရှားက ကိုယ်တိုင်လုပ်စရာ မလိုဘဲ ဒါဟာ ဒီရာဇဝတ်သား အုပ်စုတွေရဲ့ လက်ချက်ပါ ဆိုပြီး ငြင်းဆိုနိုင်မယ့် အားသာချက်တစ်ခုလည်း ရသွားမှာ ဖြစ်ပါတယ်။

အမေရိကန်ဘက်က ဘယ်လိုတုံ့ပြန်နိုင်သလဲ

အဆုံးစွန်အခြေအနေကို ပြောရရင် နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုမှာ လူ့အသက်တွေ ဆုံးရှုံးနိုင်တဲ့ ဒါမှမဟုတ် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား ဖြစ်နိုင်တဲ့ ဆိုင်ဘာတိုက်ခိုက်မှုမျိုး တစ်ခု ခံလာရပြီ ဆိုရင်တော့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူချက်ပါ စည်းမျဉ်းတစ်ခု ဖြစ်တဲ့ Article 5 အတိုင်း နေတိုးအဖွဲ့ဝင် နိုင်ငံတွေ ပူးပေါင်းပြီး တုံ့ပြန်တိုက်ခိုက်ရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ ဒီအချက်က စစ်ပွဲမှာ မပါချင်တဲ့ နေတိုးအဖွဲ့ကို စစ်ပွဲထဲ ဆွဲသွင်းသလို ဖြစ်နေမှာကြောင့် ဘယ်လို တုံ့ပြန်တိုက်ခိုက်မှုမျိုးပဲ ဖြစ်ဖြစ် အမေရိကန်နဲ့ သူ့နဲ့ နီးစပ်တဲ့ မဟာမိတ်နိုင်ငံတွေဆီကနေပဲ တုံ့ပြန် တိုက်ခိုက်တာမျိုး ဖြစ်လာဖို့ ပိုများတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တကယ်လို့ အမေရိကန်အပေါ် ရုရှားက ကြီးမားတဲ့ တိုက်ခိုက်မှုကြီးတစ်ခု လုပ်လာမယ် ဆိုရင် "တုံ့ပြန်ဖို့ သူတို့ ပြင်ဆင်ထားတယ်"လို့ သမ္မတ ဘိုင်ဒန်က ပြောထားပြီး ဖြစ်ပါတယ်။

ဒါပေမဲ့လည်း စစ်ပွဲမှာပါတဲ့ နှစ်ဖက်စလုံးရဲ့ ဟက်ကာတွေကြောင့် လတ်တလော သီတင်းပတ်တွေအတွင်း ယူကရိန်းနိုင်ငံမှာ မကြုံစဖူး ဆိုင်ဘာအကျပ်အတည်းတွေ ဖြစ်လာနေတာကို ကြည့်ခြင်းအားဖြင့် အခြေအနေတွေ တမဟုတ်ချင်း ဆိုးရွားလာနိုင်တယ် ဆိုတာကို ပြနေပါတယ်။ ဒီတော့ ဘယ်လို လုပ်ရပ်မျိုးကိုမဆို အထူး သတိထား ထည့်သွင်း စဉ်းစားသုံးသပ်ရမယ့် ပုံမျိုး ရှိနေပါတယ်။