ရုရှားအကျဉ်းထောင်တွေထဲက အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုတွေအကြောင်း ထွက်ဆိုချက်တွေ

    • ရေးသားသူ, Eye Investigations ဘီဘီစီဌာန၊ အော်လ်ဂါ ပရော့စ်ဗီရိုဗာ၊ အိုလက်ဂ် ဘိုလ်ဒီရက်ဗ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း

ရုရှားအကျဉ်းထောင်တွေမှာ ဖြစ်ပွားနေတဲ့ အုပ်စုလိုက် အဓမ္မပြုကျင့်မှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေအကြောင်း ခံခဲ့ရသူ အကျဉ်းသားဟောင်းတွေက ဘီဘီစီကို ပြောပြခဲ့ကြပါတယ်။ ဒီလိုမတော်မတရား ပြုကျင့်နေတာကို ရိုက်ကူးထားတဲ့ ဗီဒီယိုပုံတွေကို မနှစ်တုန်းက အတွင်းလူတစ်ဦးက အပြင်ကို ဖြန့်ခဲ့တာ ဖြစ်ပြီး မတော်မတရား ပြုကျင့်ခံခဲ့ရသူ အကျဉ်းသားဟောင်းတွေက ဘာ့ကြောင့် ဒီလို ဖြစ်ခဲ့တာလဲ၊ ဥပဒေကြောင်းအရ အရေးယူနိုင်အောင် သူတို့ ဘယ်လို ကြိုးပမ်းနေသလဲ ဆိုတာတွေကို ဘီဘီစီကို ပြောပြထားကြပါတယ်။

သတိပေးချက်-ဒီသတင်းဆောင်းပါးထဲမှာ စိတ်မချမ်းမြေ့စရာ ပုံရိပ်တွေနဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှု၊ လိင်အကြမ်းဖက်မှုအကြောင်းတွေ ပါဝင်တယ် ဆိုတာကို ကြိုတင် သတိပေးပါရစေ။

မနှစ်တုန်းက ရုရှားနိုင်ငံ အနောက်တောင်ပိုင်းမှာ ရှိတဲ့ ဆာရာတော့ဗ် ဆေးရုံအကျဉ်းထောင်မှာ အကျဉ်းသားတွေကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့ပုံ ဗီဒီယိုတွေ လူ့အခွင့်အရေး အဖွဲ့တစ်ဖွဲ့ဆီ ပေါက်ကြားလာခဲ့ပြီး နိုင်ငံတကာ သတင်းမီဒီယာမှာ ဖော်ပြခဲ့တာကြောင့် ဒီအကြောင်း လူတွေအာရုံစိုက်မိလာခဲ့ကြတာ ဖြစ်ပါတယ်။

နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အဲဒီဆေးရုံအကျဉ်းထောင်အကြောင်းကို အလက်ဆေ မာကာရော့ဗ် သိထားပါတယ်။ သူဟာ ကိုယ်ထိလက်ရောက် ထိုးကြိတ်မှုနဲ့ ထောင်ဒဏ် ၆ နှစ် ကျခံခဲ့ရအပြီး ၂၀၁၈ ခုနှစ်မှာ ဆာရာတော့ဗ် ဆေးရုံအကျဉ်းထောင်ကို အပို့မခံရခင်ကတည်းက ဒါကို သိထားပြီး ဖြစ်ပါတယ်။

အဲဒီဒေသက တခြားအကျဉ်းထောင်တွေကနေ ဆာရာတော့ဗ် ဆေးရုံအကျဉ်းထောင်ကို အပို့ခံရတဲ့ အကျဉ်းသားတွေက သူတို့ကို လူတွေမမြင်နိုင်တဲ့ မျက်ကွယ်ရာမှာ နှိပ်စက်ညှင်းပန်းနိုင်အောင် မဟုတ်မမှန်တဲ့ ကျန်းမာရေးအကြောင်းပြချက်တွေနဲ့ အဲဒီကို အပို့ခံခဲ့ရတယ်လို့ တိုင်တန်းပြောဆိုခဲ့ကြပါတယ်။

ရုရှားအကျဉ်းထောင်တွေမှာ သီးခြားလွတ်လပ်တဲ့ ကြီးကြပ်စောင့်ကြည့်မှုမျိုး မရှိသလောက် နီးပါး အခြေအနေမျိုး ရှိနေပြီး ဆေးရုံအကျဉ်းထောင်တွေမှာဆို ကျန်းမာရေး ကွာရန်တင်း စည်းမျဉ်းတွေကြောင့် သီးခြားလွတ်လပ်တဲ့ ကြီးကြပ်စောင့်ကြည့်မှုက ပိုတောင် နည်းပါသေးတယ်။

မာကာရော့ဗ်ဟာ တကယ်ပဲ နာမကျန်း ဖြစ်ခဲ့တာဖြစ်ပြီး တီဘီ အဆုတ်ရောဂါ ရှိတယ်လို့ ဆေးစစ် တွေ့ထားတာမို့ အနှိပ်စက် မခံရဘဲ ချမ်းသာရာ ရမယ်လို့ မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီဆေးရုံအကျဉ်းထောင်မှာ ထိန်းသိမ်း ခံထားရစဉ်အတွင်း နှစ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ မာကာရော့ဗ်က ပြောပါတယ်။

မာရာကော့ဗ်နဲ့ တခြားလူတွေ ကြုံတွေ့ရတဲ့ ဒီမတော်မတရား ပြုကျင့်မှုတွေဟာ အကျဉ်းထောင် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေတာဖြစ်ပြီး အကျဉ်းသားတွေကို ငွေညှစ်ဖို့၊ ခြိမ်းခြောက်ဖို့ ဒါမှမဟုတ် ပြစ်မှုကျူးလွန်ပါတယ်လို့ အဓမ္မ ထွက်ဆိုခိုင်းဖို့အတွက် လုပ်တာ ဖြစ်တယ်လို့ ခံရသူတွေနဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

လူသိရှင်ကြား ပေါက်ကြားပေါ်ထွက်လာတဲ့ ဒီပုံတွေကြောင့် ရုရှားအစိုးရအနေနဲ့ သိက္ခာကျစရာ ဒီနှိပ်စက်ညှင်းပန်းမှုကိစ္စတွေကို မဖြစ်မနေ တုန့်ပြန်ခဲ့ရပါတယ်။

၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း ရုရှားနိုင်ငံရဲ့ ဒေသ ၉၀ ရာခိုင်နှုန်းမှာ မတရား နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိခဲ့တယ်လို့ Proekt လို့ခေါ်တဲ့ သီးခြားလွတ်လပ်တဲ့ ရုရှားမီဒီယာက ဆိုပါတယ်။

ဒါပေမဲ့ အရေးယူဆောင်ရွက်မှုကတော့ နှေးကွေးနေဆဲ ဖြစ်ပါတယ်။ အဲဒီကာလအတွင်း တရားရုံးစာရွက်စာတမ်း ထောင်ပေါင်းများစွာကို ဘီဘီစီက အသေးစိတ် လေ့လာခဲ့ရာမှာ အကျဉ်းသားတွေအပေါ် မတရား နှိပ်စက်ညှဉ်းပန်းမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ကြားနာစစ်ဆေးမှုတွေမှာ အကျဉ်းထောင် အမှုထမ်း ၄၁ ဦး ပြစ်မှုထင်ရှားခဲ့တာကို တွေ့ရပါတယ်။

ဒါပေမဲ့ အဲဒီထဲက တစ်ဝက်နီးပါးလောက်ဟာ ဆိုင်းငံ့ပြစ်ဒဏ်တွေပဲ ချမှတ်ခံခဲ့ရပါတယ်။ ရုရှားအကျဉ်းထောင်စနစ်အတွင်း သူတို့ရင်ဆိုင် ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်လို့ မာကာရော့ဗ် အပါအဝင် အကျဉ်းသားတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မာကာရော့ဗ် ပထမဆုံးအကြိမ် နှိပ်စက်ခံခဲ့ရတာက ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာလို့ သူက ပြောပြပါတယ်။ အကျဉ်းထောင် အုပ်ချုပ်ရေးအဖွဲ့ကို ဆန့်ကျင်ပုန်ကန်တဲ့ ကြံစည်မှုတစ်ခု လုပ်ခဲ့တယ် ဆိုပြီး မဟုတ်မမှန် ဝန်ခံခိုင်းတာကို သူက ငြင်းဆိုခဲ့ရာမှာ အမျိုးသား ၃ ဦးက သူ့ကို ကြမ်းတမ်းတဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုတွေ အဆက်မပြတ် လုပ်ခဲ့တယ်လို့ သူက ပြောပြပါတယ်။

"၁၀ မိနစ်လောက် ကျွန်တော့်ကို သူတို့ ရိုက်ပါတယ်၊ အင်္ကျီကို ဆွဲဖြဲပစ်တယ်၊ အဲဒီနောက် ၂ နာရီလောက် ကြာအောင် ကြမ်းသုတ် လက်ကိုင်တုတ်တွေနဲ့ ကျွန်တော့်ကို အဓမ္မကျင့်ခဲ့ပါတယ်"

"ကျွန်တော် မေ့လဲကျသွားရင် ရေအေးနဲ့ ပက်ပြီး သတိပြန်ရအောင် လုပ်တယ်၊ ပြီးရင် ကျွန်တော့်ကို စားပွဲပေါ် ပြန်ပစ်တင်ပါတယ်"

နောက် နှစ်လကြာတဲ့အခါ အဲဒီလို ထပ်အလုပ်ခံရပြန်ပါတယ်။ သူ့ကို မတော်မတရား လုပ်ခဲ့သူတွေကို စတာလင်ပေါင် ၇၃၅ ပေါင်နဲ့ ညီမျှတဲ့ ရုရှား ရူဘဲလ်ငွေ ၅ သောင်း အတင်းအကျပ် ပေးခိုင်းပါတယ်။ ဒီအကြောင်း နှုတ်ပိတ်ဖို့ ကြိုးစားတဲ့အနေနဲ့ သူ့ကို အဓမ္မ ပြုကျင့်ခဲ့တာလို့ မာကာရော့ဗ်က ပြောပါတယ်။

သူ့ကို ထောင်ထဲမှာ မတော်မတရား ပြုကျင့်နေတဲ့ပုံတွေကို ဗီဒီယို ရိုက်ထားတယ်လို့ မာကာရော့ဗ်က ဘီဘီစီကို ပြောပြပါတယ်။ တကယ်လို့ သူတို့တောင်းဆိုတဲအတိုင်း မလိုက်နာဘူး ဆိုရင် အကျဉ်းထောင်တစ်ခုလုံးကို ဒီပုံတွေ ဖြန့်ပစ်မယ် ဆိုတာကို အကျဉ်းသားတွေ သိနေကြပါတယ်။

အဓမ္မပြုကျင့်သူတွေဟာ အကျဉ်းကျဖက် ထောင်သားတွေ ဖြစ်ပြီး အကျဉ်းထောင် အကြီးအကဲတွေရဲ့ ညွှန်ကြားချက်နဲ့ လုပ်နေကြတာလို့ မာရာကော့ဗ်နဲ့ တခြားခံခဲ့ရသူတွေက တထစ်ချ ယုံကြည်ထားကြပါတယ်။

ဒီလို မတော်မတရား ပြုကျင့် နှိပ်စက်နေချိန်မှာ အော်သံတွေ ဖုံးသွားအောင် သီချင်းသံတွေ အကျယ်ကြီး ဖွင့်ထားလေ့ ရှိတယ်လို့ မာကာရော့ဗ် က ပြောပါတယ်။

ဆာရာတော့ဗ် ဆေးရုံအကျဉ်းထောင်ကနေ မနှစ်က ပေါက်ကြား ပေါ်ထွက်လာတဲ့ ပုံတွေကို အကျဉ်းထောင်ထဲက နောက်အကျဉ်းသားဟောင်း တစ်ဦးရဲ့ အကူအညီနဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ အကျဉ်းသား ဒါဇင်နဲ့ချီ အရှက်ခွဲခံရ၊ အကြမ်းဖက်ခံရတဲ့ ပုံတွေကို ဆာဂေး ဆဗယ်လ်ယက်ဗ်က အပြင်ကို ခိုးထုတ်နိုင်ခဲ့ပါတယ်။ ဒီလို မတရားနှိပ်စက်တာတွေကို အမြင့်ဆုံးအဆင့် အကြီးအကဲတွေကနေ စနစ်တကျ အကွက်ချပြီး ခွင့်ပြုမိန့်ပေးထားတာလို့ သူက ယူဆထားပါတယ်။

ထောင်ဝန်ထမ်း မလုံလောက်တဲ့ လုံခြုံရေးဌာနမှာ သူ့ကို အလုပ်လုပ်ခိုင်းတဲ့အတွက် ဒီပုံတွေကို ဆဗယ်လ်ယက်ဗ် ကြည့်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ထောင်အရာရှိတွေ ကိုယ်မှာ တပ်ဆင်ထားလေ့ ရှိတဲ့ ကင်မရာတွေနဲ့ ရိုက်ထားတဲ့ ပုံတွေကို စောင့်ကြည့်၊ စစ်ဆေး၊ စာရင်းပြုစုရတဲ့ အလုပ်ကို သူလုပ်ခဲ့ရပါတယ်။

"ကိုယ်ပေါ်မှာတပ်တဲ့ ကင်မရာတွေ ထုတ်ပေးဖို့ လုံခြုံရေးဌာနအကြီးအကဲဆီက အမိန့်ကို ကျွန်တော် ရလေ့ ရှိပါတယ်" လို့ သူက ပြောပါတယ်။

အဲဒီနောက် ဒီလို မတော်မတရား ပြုကျင့် နှိပ်စက်ထားတာကို ရိုက်ထားတဲ့ ပုံတွေကို လုံခြုံရေးဌာနကို ပြဖို့အတွက် မှတ်တမ်းတင် သိမ်းထားဖို့ သူ့ကို ခိုင်းလေ့ရှိပြီး တစ်ခါတလေ ပိုရာထူးကြီးတဲ့ ဝန်ထမ်းတွေကို ပြနိုင်အောင် ကွန်ပျူတာထဲ ထည့်သိမ်းခိုင်းတတ်ပါတယ်။

လူမမြင်ရာ မျက်ကွယ်မှာ ဖြစ်နေတဲ့ စက်ဆုပ်စရာ ဒီကိစ္စတွေအကြောင်း သူ မျက်ဝါးထင်ထင် တွေ့ခဲ့အပြီးမှာ အဲဒီပုံတွေ၊ ဗီဒီယိုဖိုင်တွေကို သူကော်ပီယူပြီး ဖွက်ထားတာတွေ စလုပ်ခဲ့ပါတော့တယ်။

"အခြေအနေတွေက ပုံမှန်ပဲ ဆိုတာပြဖို့ ဘာမှမဖြစ်သလို နေနေကြတာပါ။"

ဗီဒီယိုပုံတချို့မှာ လက်ထိပ်လို ပစ္စည်းတွေသုံးပြီး မတော်မတရားပြုကျင့်တာ၊ ညှဥ်းပန်းနှိပ်စက်တာတွေ လုပ်နေတဲ့ပုံတွေ တွေ့ရပါတယ်။ ကိုယ်ပေါ်မှာ တပ်တဲ့ ကင်မရာတွေလိုပဲ ဒီပစ္စည်းတွေဟာ ထောင်ဝန်ထမ်းတွေကိုသာ ထုတ်ပေးလေ့ရှိတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။

ဒီညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်တဲ့ အကျဉ်းသားတွေဟာ အကြမ်းဖက်ရာဇဝတ်မှုတွေနဲ့ ပြစ်မှုထင်ရှားထားသူတွေ ဖြစ်ရမယ်လို့ စည်းကမ်းချက် ထုတ်ထားပြီး ထောင်ဒဏ် နှစ်ရှည် ကျခံထားရသူတွေ ဖြစ်တယ်လို့ ဆဗယ်လ်ယက်ဗ် က ပြောပါတယ်။ အဲဒီလူတွေဟာ ထောင်ထဲမှာ သူတို့ကို ကောင်းကောင်း ဆက်ဆံခံရဖို့အတွက် အာဏာပိုင်တွေအလိုကျ လုပ်ပေးချင်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုအကျဉ်းသားတွေကို "ပရက်ဆော့ဗ်စ်ချီကီ" "ထောင်လူမိုက်တွေ"လို့ နာမည်ပေးထားပါတယ်။

"နှစ်ရှည်ထောင်ဒဏ် ကျနေစဉ်ကာလအတွင်း ကောင်းကောင်းစား၊ ကောင်းကောင်းနေရဖို့နဲ့ အခွင့်အရေးတချို့ ရနိုင်ဖို့အတွက် အဲဒီထောင်လူမိုက်တွေက ထောင်အုပ်ချုပ်ရေးအဖွဲ့ အပေါ် သူတို့ သစ္စာရှိတယ်၊ ခိုင်းသမျှလုပ်ပေးမယ် ဆိုတာကို ပြချင်နေကြတာ" လို့ ဆဗယ်လ်ယက်ဗ် က ရှင်းပြပါတယ်။

ပေါက်ကြားလာတဲ့ ဗီဒီယိုတွေကို လူ့အခွင့်အရေး လှုပ်ရှားသူ ဗလာဒီမီယာ အိုလက်ချ်ကင်ရဲ့ Gulagu.net အဖွဲ့က ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။ အဲဒီဗီဒီယိုတွေထဲက ကလစ်တစ်ခုမှာဆိုရင် မတော်မတရား ပြုကျင့် နှိပ်စက်သူတွေဟာ အထက်က တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း တသွေမတိမ်း လိုက်နာ လုပ်ဆောင်ခဲ့ပုံ တွေ့ရပြီး အသေအချာ လေ့ကျင့်ထားပုံရတယ်လို့ ဖော်ပြထားပါတယ်။

"အဲဒီလူတွေဟာ အသေအချာ လေ့ကျင့်ထားတဲ့ စနစ်အတိုင်း လိုက်နာ လုပ်ဆောင်နေကြတာကြောင့် အချင်းချင်း လက်ဟန်ခြေဟန် ပြရုံ၊ အသံထွက်စရာမလို၊ စကားပြောစရာ မလိုဘဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်တာမျိုးတွေ တွေ့ရပါတယ်။ ဗီဒီယိုထဲမှာ ပါတဲ့ လူက သူတို့ အဓမ္မပြုကျင့်မယ့် အကျဉ်းသားရဲ့ ပေါင်နှစ်ဖက်ကို ဘယ်လိုဖြဲ၊ ဘယ်လိုလိမ်ပြီး အဓမ္မပြုကျင့်ရမလဲ ဆိုတာကို လက်ဟန်ခြေဟန်နဲ့ ပြနေတာကို တွေ့ရမှာပါ"

ဆဗယ်လ်ယက်ဗ် ဖွင့်ချလိုက်တဲ့ သက်သေအထောက်အထားတွေ ပေါ်ထွက်လာအပြီးမှာ ပရက်ဆော့ဗ်ချီကို ထောင်လူမိုက် ၆ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သူတို့က ဒီကိစ္စတွေမှာ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ နောက် နှစ်လ ကြာတဲ့အခါ ဆာရာတော့ဗ် ဆေးရုံအကျဉ်းထောင် ညွှန်ကြားရေးမှူးနဲ့ သူ့လက်ထောက်တို့လည်း အဖမ်းခံခဲ့ရပါတယ်။ သူတို့နှစ်ဦးစလုံး ကလည်း ဒီဗီဒီယိုတွေ ထဲမှာ ပါတဲ့ မတော်မတရားပြုကျင့်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ဆက်နွှယ်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုခဲ့ကြပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ရုရှားအကျဉ်းထောင်ဌာနအကြီးအကဲရဲ့ နေရာမှာ နောက်လူတစ်ယောက်ကို အစားထိုး ခန့်အပ်ခဲ့ပြီး စနစ်ကျတဲ့ ဆောင်ရွက်မှုတွေ ပြောင်းလဲချမှတ်ဖို့ လိုတယ်လို့ ထုတ်ဖော် ကြေညာခဲ့ပါတယ်။ အာဏာအလွဲသုံးစားလုပ်ဖို့ ဒါမှမဟုတ် အထောက်အထား အတင်းအဓမ္မ ညှစ်ထုတ်ဖို့ ရည်ရွယ်ပြီး ညှဉ်းပန်းနှိပ်စက်တာမျိုးကို ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံမှာ ဥပဒေ ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။

ဒါပေမဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို သီးခြားလုပ်တဲ့ ပြစ်မှုတစ်ခုအနေနဲ့ သတ်မှတ်ထားပြီး ခုချိန်ထိ ရာဇဝတ်မှု မသတ်မှတ်သေးဘူး ဆိုတာကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက အလေးအနက်ထား ထောက်ပြနေကြပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးပါ့မယ်လို့ သမ္မတပူတင် ကတိပြုတာ ဒါပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်က ဒီလို ထိတ်လန့်စရာ ဗီဒီယိုပုံတွေ ပထမဆုံးအကြိမ် ပေါက်ကြား ပေါ်ထွက်လာခဲ့အပြီးမှာလည်း အလားတူ ကတိမျိုး ပေးခဲ့ဖူးပါတယ်။ အဲဒီဗီဒီယိုထဲမှာ မော်စကိုမြို့ မြောက်ပိုင်း ယာရော့စ်လက်ဗ်မြို့က အကျဉ်းထောင်တစ်ခုမှာ ထောင်စောင့်တွေက အကျဉ်းသားတွေကို အစုလိုက်အပြုံလိုက် ရိုက်နှက်နေတာကို တွေ့ရပါတယ်။

၂၀၂၀ ခုနှစ်မှာ ယာရော့စ်လက်ဗ် အကျဉ်းထောင် ဝန်ထမ်း ၁၁ ဦး ကို အနည်းဆုံး ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ သူတို့ရဲ့ အကြီးအကဲ နှစ်ဦး အမှုကနေ ကင်းလွတ်သွားခဲ့ပါတယ်။

နှိပ်စက်ညှဉ်းပန်းခံရသူ အကျဉ်းသားတွေဘက်ကနေ အထူး ကိုယ်စားပြု အမှုလိုက်ပေးနေတဲ့ ယူလီယာ ချဗန်နိုဗာ က အကျဉ်းသားတွေအပေါ် အကွက်ချ စီစဉ်ပြီး မတော်မတရား ပြုကျင့်၊ နှိပ်စက်ညှင်းပန်းနေမှုတွေ လုပ်ရတဲ့ ပထမ အကြောင်းရင်းဟာ အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကျဉ်းသားတွေ ဝန်ခံထွက်ဆိုလာစေဖို့ အဓိက ဖြစ်ပါတယ်။ အဲဒါကြောင့် ရာဇဝတ်မှု စုံစမ်းစစ်ဆေးသူ တာဝန်ရှိသူတွေဟာ ရုရှားအကျဉ်းထောင်တွေမှာ မတော်မတရားပြုကျင့်၊ နှိပ်စက်ညှဉ်းပန်းမှုတွေ ဖြစ်လာအောင် ကနဦး လှုံ့ဆော်ပေးသူတွေအဖြစ် တာဝန်ရှိတယ်လို့ ယူလီယာ ချဗန်နိုဗာ က ပြောပါတယ်။

"ဝန်ခံထွက်ဆိုဖို့ကို အရေးကြီးဆုံးနဲ့ ထိပ်ဆုံးအဆင့်မှာ ထားပါတယ်။"

ကိုယ်မကျူးလွန်တဲ့ ရာဇဝတ်မှုကို ဝန်ခံထွက်ဆိုဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ်မှာ နှိပ်စက်ညှဉ်းပန်း ခံခဲ့ရသူ အသက် ၂၂ နှစ်အရွယ် အန်တောန် ရိုမက်ရှော့ဗ် အတွက် လျော်ကြေးငွေ ပြန်တောင်းဖို့ ယူလီယာ ချဗန်နိုဗာ က ကြိုးစားနေပါတယ်။ ရိုမက်ရှော့ဗ်ဟာ ဆေးခြောက်လက်ဝယ် တွေ့ရှိမှုနဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါ့ထက် ပိုပြစ်မှုကြီးတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှု လုပ်နေတယ်လို့ ဝန်ခံထွက်ဆိုဖို့ ရဲတွေက အတင်း ဖိအားပေးနေခဲ့ပါတယ်။ ဝန်ခံထွက်ဆိုဖို့ ငြင်းဆန်ခဲ့တဲ့ ရိုမက်ရှော့ဗ်ကို ကြားနာစစ်ဆေးမှုမတိုင်ခင် အကျဉ်းသားတွေကို ထိန်းသိမ်းထားလေ့ရှိတဲ့ ရုရှားနိုင်ငံ အနောက်ပိုင်း ဗလာဒီမီယာမြို့က စခန်းတစ်ခုကို ၂၀၁၆ ခုနှစ်ကုန်ပိုင်းလောက်မှာ ခေါ်ဆောင်သွားခဲ့ပါတယ်။

"ကျွန်တော့်ကို အကျဉ်းတိုက် ၂၆ ကို ခေါ်သွားပါတယ်။ အဲဒီတိုက်က ဘယ်လို တိုက်မျိုးလဲ ဆိုတာ ကျွန်တော် အသေအချာ သိထားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီနေရာကနေ အော်သံ ဟစ်သံတွေ ကျွန်တော် ကြားခဲ့ရလို့ပါပဲ"

အဲဒီမှာ လူနှစ်ယောက်က သူ့ကို စောင့်နေပါတယ်။ သူ့ကို ကြမ်းပြင်ပေါ် ပစ်ချခဲ့ပြီး သူ့လက်နဲ့ ခြေထောက်တွေကို သူ့ကိုယ်အနောက်မှာ ကြိုးနဲ့ တုပ်ထားခဲ့ပါတယ်။ အဲဒီနောက် တစ်နေ့လုံး သူ့ကို ရိုက်နှက် ထိုးကြိတ်ခဲ့ပါတယ်။ သူ့ဘောင်းဘီကို အဲဒီလူတွေ ဆွဲချွတ်ချတဲ့ အချိန်မှာတော့ သူက ဘာပဲဖြစ်ဖြစ် ဝန်ခံ လက်မှတ်ထိုးပါ့မယ်လို့ ပြောခဲ့ပါတယ်။ နှိပ်စက်ညှဉ်းပန်းခံခဲ့ရလို့ ဝန်ခံထွက်ဆိုခဲ့ရတာပါလို့ တရားခွင်မှာ ထွက်ဆိုခဲ့တဲ့ကြားက ထောင်ဒဏ် ၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။

ဗလာဒီမီယာ ထိန်းသိမ်းရေး စခန်းမှာ မတော်မတရား ပြုကျင့်၊ နှိပ်စက်ညှဉ်းပန်းဖို့ ခြိမ်းခြောက်တဲ့ ပရက်ဆော့ဗ်စ်ချီကီ ထောင်လူမိုက်တစ်ယောက်ကို နောက်အကျဉ်းသား တစ်ဦးက သတ်ခဲ့အပြီးမှာ အဲဒီ ထိန်းသိမ်းရေးစခန်းက နှိပ်စက်ညှဉ်းပန်းမှုတွေအကြောင်း စုံစမ်းစစ်ဆေးမှုတစ်ခု လုပ်ခဲ့ပါတယ်။ သက်သေ ထွက်ဆိုခဲ့တဲ့ ထောင်ဝန်ထမ်းတစ်ယောက်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အဲဒီ အကျဉ်းတိုက် ၂၆ မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ထောင်ဝန်ထမ်းအများစုက သိထားကြတယ်လို့ ပြောပါတယ်။ အန်တော်န်နဲ့ နောက် အကျဉ်းသား နှစ်ယောက် သက်သေ ထွက်ဆိုခဲ့တဲ့ တရားခွင်မှာ အဲဒီ အကျဉ်းတိုက်ကို ကြီးကြပ်တဲ့ ထောင်ဝန်ထမ်းကို ပြစ်မှုထင်ရှားကြောင်း စီရင်ချက်ချခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားနိုင်ငံမှာ ခုချိန်ထိ အကြီးမားဆုံး အရှက်ရစရာ နှိပ်စက်ညှဉ်းပန်းမှုကြီးဟာ ဆိုက်ဘေးရီးယားက အီယာကွတ်စ်ဒေသမှာ ဖြစ်ခဲ့တာပါ။ ၂၀၂၀ နွေဦးကာလတုန်းက အီယာကွတ်စ်ခ်မြို့နားက အန်ဂါစ်ခ် အကျဉ်းထောင် အကျဉ်းတိုက် ၁၅ မှာ ထောင်ဆူမှုတစ်ခု ဖြစ်ခဲ့ချိန်မှာ အာဏာပိုင်တွေက အဓိကရုဏ်းနှိမ်နင်းရေးအဖွဲ့ကို အဲဒီကို စေလွှတ်ခဲ့ပါတယ်။ အကျဉ်းသား ရာပေါင်းများစွာကို ပိတ်ဆို့ လှောင်ထားပြီး အကျဉ်းထောင် ဝန်ထမ်းတွေနဲ့ ပရက်ဆော့စ်ဗ်ချီကီ ထောင်လူမိုက်တွေ စောင့်နေတဲ့ ထိန်းသိမ်းရေး စခန်းနှစ်ခုထဲ ခေါ်သွင်းသွားခဲ့ပါတယ်။

အဲဒီအကျဉ်းစခန်းမှာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့သူတွေထဲက တစ်ဦးကတော့ လိမ်လည်မှုနဲ့ ထောင်ဒဏ် ၃ နှစ် ကျနေတဲ့ ဒန်းနစ်စ် ပိုကူဆေ့ဗ် ဆိုသူ ဖြစ်ပြီး သူတို့ကို ဘာ့ကြောင့် အပြစ်ပေး နှိပ်စက်ညှဉ်းပန်းတာလဲ ဆိုတာနဲ့ ပတ်သက်လို့ ထောင်ဝန်ထမ်းတွေက ပြောင်ပြောင်တင်းတင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့က ကျွန်တော့်ကို ပြောတယ်၊ မင်းမှာ အပြစ်ရှိ မရှိ ဆိုတာကို ငါတို့ ဂရုစိုက်တယ်လို့များ မင်းထင်သလား၊ မင်းက ထောင်ဆူတဲ့ နေရာကနေ ရောက်လာတာဆိုတော့ တရားခံအဖြစ် သတ်မှတ်ခံရမှာပဲ။"

ဒီနှိပ်စက်ညှဉ်းပန်းမှု ဖြစ်စဉ်တွေအကြောင်း ရှေ့နေ ယူလီယာ ချဗန်နိုဗာ က အခုလို ရှင်းပြပါတယ်။

"စုံစမ်းစစ်ဆေးသူတွေက ဘယ်သူ့ကို စုံစမ်းစစ်ဆေးရမလဲ။ ဘယ်မျက်မြင်သက်သေတွေ၊ ဘယ်စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမယ် ဆိုတာကို ဆုံးဖြတ်ပါတယ်။ အဲဒီနောက် ထောင်ဝန်ထမ်းကို ဆက်သွယ်ပြီး ဘယ်အကျဉ်းသားဆီက ဝန်ခံ ထွက်ဆိုချက်တစ်ခု လိုချင်တယ်ဆိုပြီး ညွှန်ကြားလေ့ ရှိပါတယ်"

နှိပ်စက်ညှင်းပန်းမှုတွေက အရမ်းကို ပြင်းထန်လွန်းလှတယ်လို့ ပိုကူဆေ့ဗ်က ပြောပြပါတယ်။

"စနေ၊ တနင်္ဂနွေက လွဲလို့ ၃ လနီးပါးလောက် နေ့စဉ်ဆက်တိုက် နှိပ်စက်ညှင်းပန်း ခံခဲ့ရတယ်"

နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်တဲ့အထဲမှာ ထောင်ဝန်ထမ်းတွေလည်း ပါတယ်လို့ သူက ပြောပါတယ်။

"လူတစ်ယောက်ကို ပစ္စည်းအမျိုးမျိုးသုံးပြီး မတော်မတရား ပြုကျင့်နေတာကို ထောင်ဝန်ထမ်းတွေက သစ်သီးကိုက်ရင်း ရယ်မော ကြည့်နေကြတယ်၊ ရယ်နေကြတယ်၊ ဒါကို ကြည့်ပြီး ပျော်နေကြတယ်"

ရုရှားအကျဉ်းထောင်တွေနဲ့ ထိန်းသိမ်းရေးစခန်းတွေထဲက နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ အဓမ္မပြုကျင့်မှုတွေအကြောင်း ရုရှားအကျဉ်းထောင်ဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တုန့်ပြန် ဖြေကြားတာမျိုး မရှိခဲ့ပါဘူး။

အဲဒီထောင်ဆူမှုအပြီး အကျဉ်းသား အနည်းဆုံး ၃၅၀ လောက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။

ဒီဖြစ်ရပ်အတွင်း နစ်နာခဲ့သူတွေအဖြစ် ဥပဒေကြောင်းအရ အသိအမှတ်ပြုခံခွင့်ရခဲ့သူ အယောက် ၃၀ လောက်ထဲမှာ ပိုကူဆေ့ဗ်လည်း အပါအဝင် ဖြစ်ပြီး တရားရုံးမှာ လာရောက် အစစ်ခံဖို့ ပြင်ဆင်ထားသူ အနည်းအပါးထဲက တစ်ဦး ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုရဲ့ ရလဒ်အဖြစ် ကြားနာစစ်ဆေးမှုတွေ အများကြီး လုပ်ရဖို့ ရှိပါတယ်။ ဒန်းနစ်စ်ရဲ့ အမှုမှာ သူနဲ့ နောက်အကျဉ်းသား အနည်းငယ်လောက်ဟာ ထောင်ဝန်ထမ်း နှစ်ဦးကို တရားစွဲရာမှာ မကြာခင် သက်သေ ထွက်ဆို ရမှာ ဖြစ်ပါတယ်။ အဲဒီ ထောင်ဝန်ထမ်း နှစ်ဦး စလုံးက သူတို့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

ယူလီယာနဲ့ အခုဒီအမှုမှာ ထွက်ဆိုချက် ပေးထားသူအားလုံးဟာ ဒီအမှုအကြောင်း အပြင်ကို ထုတ်မပြောပါဘူးဆိုတာကို လက်မှတ်ထိုးထားရပါတယ်။ ဒီတွေ့ရှိချက်တွေကနေ အဓိပ္ပာယ်ပြည့်ဝတဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်လာနိုင်မလား ဆိုတာကတော့ အသေအချာ မသိပါဘူး။

ပိုကူဆေ့ဗ်ကတော့ သူကြုံတွေ့ခဲ့တာတွေက ခုချိန်ထိ သူ့ကို ခြောက်လှန့်နေဆဲပဲ လို့ ဆိုပါတယ်။

"ကျွန်တော့်အိမ်နားက တောအုပ်တစ်ခုဆီ ကျွန်တော် နေ့တိုင်းနီးပါး သွားလေ့ ရှိတယ်။ အဲဒီရောက်ရင် ရင်ထဲမှာ ခံစားနေရတာတွေကို ဖွင့်ထုတ်တဲ့အနေနဲ့ အကျယ်ကြီး အော်ပြီး ဆဲပစ်လိုက်တယ်။"

ဒါပေမဲ့ သူက တရားဥပဒေအတိုင်း အရေးယူနိုင်အောင် ကြိုးစားသွားဖို့ အခိုင်အမာ သန္နိဋ္ဌာန် ချထားပါတယ်။ ဖွင့်ပြောဖို့ လူတွေ သတ္တိရှိကြမယ်ဆိုရင် တရားဥပဒေအတိုင်း အရေးယူဖို့ ဖြစ်လာနိုင်တယ်လို့ သူက ယုံကြည်ထားပါတယ်။

"အခုလက်ရှိမှာ ရုရှားမှာရှိတဲ့ ပြည်သူတွေက ထုတ်ဖော် ပြောရမှာကို ကြောက်နေ့ကြတယ်၊ ဘာမှ မပြောကြဘူး။ ဒါ့ကြောင့် ဘာမှ ဖြစ်မလာတာပေါ့"