အဓမ္မကျင့်ခံရပြီး မွေးလာတဲ့ကလေးက အမေအတွက် တရားမျှတမှု ပြန်ရှာပေး

    • ရေးသားသူ, အန်နန့် ဇန်နနီ
    • ရာထူးတာဝန်, ဘီဘီစီ ဟင်ဒီဘာသာဌာန

အိန္ဒိယအမျိုးသမီးတယောက်ကို စွပ်စွဲခံ ညီအစ်ကို အမျိုးသား ၂ ယောက်က အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြပြီး ဆယ်စုနှစ် ၃ စုနီးပါး အကြာမှာ ဒီအမျိုးသမီး အနေနဲ့ တရားမျှတမှု အတွက် မျှော်လင့်စရာရှိလာပါတယ်။ သူ့ကို ကူညီတဲ့သူကတော့ အဓမ္မပြုကျင့်ခံရပြီး ရခဲ့တဲ့ ကိုယ်ဝန်က မွေးလာတဲ့ သူ့ရဲ့ သားပါ။

နိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်က အမျိုးသမီးဟာ သူ ၁၂ နှစ်အရွယ်မှာ လူ ၂ ယောက်က သူ့ကို ၆ လတာကာလ ကြာအတွင်း အကြိမ်ကြိမ် မုဒိမ်းကျင့်တာကို ခံခဲ့ရပါတယ်။

အဲဒီကနေရလာတဲ့ သူ့သားကို မွေးစားဖို့ ပေးခဲ့ပြီးတဲ့နောက် ၁၃ နှစ်အကြာမှာတော့ သူ့အပေါ် အဓမ္မကျင့်ကြံခဲ့တဲ့သူတွေကို တရားစွဲဆိုဖို့ သူ့သားက သူ့ကို ပြန်အားပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်လောက်က ရဲတွေက မုဒိမ်းသမားလို့ စွပ်စွဲခံရသူတယောက်ကို ဖမ်းဆီးလိုက်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ နောက်တယောက် ကို ထပ်ဖမ်းလိုက်ပါတယ်။

"ဖြစ်ခဲ့တာ သိပ်ကိုကြာနေပြီဖြစ်ပေမယ့် အဲဒီအဖြစ်ကပေးခဲ့တဲ့ ဒဏ်ရာတွေက ခုထိ မပျောက်သေးပါဘူး" လို့ ကာယကံရှင် အမျိုးသမီးက ဘီဘီစီကို ပြောပါတယ်။ "ကျွန်မဘဝ ဘာမှ ရှေ့ဆက်လို့မရအောင် ဒီဖြစ်ရပ်တွေက လုပ်ခဲ့တာ၊ အဲဒီအဖြစ်တွေက စိတ်ထဲမှာ ထပ်ခါထပ်ခါ ပြန်ပြန်ပေါ်လာတာ။"

ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ကြတဲ့ အမှုပေါင်း ထောင်‌ပေါင်းများစွာကို နှစ်စဉ် အိန္ဒိယမှာ တိုင်ကြားခဲ့ကြပါတယ်။ နောက်ဆုံးထွက်လာတဲ့ နှစ်စဉ်စာရင်းတွေ ပြန်ကြည့် လို့ရတဲ့ ၂၀၂၀ ပြည့်နှစ် စာရင်းမှာ ဆိုရင် ကလေးသူငယ်များ လိင်စော်ကားကျူးလွန်ခံရခြင်းမှ အကာအကွယ်ပေးတဲ့ ဥပဒေနဲ့ အရေးယူပေးဖို့ အမှုစွဲတင်ကြတဲ့ အမှုပေါင်း ၄၇,၀၀၀ ရှိခဲ့ ပါတယ်။

ကလေးတွေဟာ သူတို့ဖြစ်ခဲ့ကြတဲ့အဖြစ်တွေက ဘာလဲဆိုတာ နားမလည်ကြတာရယ်၊ ဒါတွေကို ထုတ်ပြောပြဖို့ ကြောက်ရွံ့နေကြတာတွေကြောင့် ထုတ်ဖော်တိုင်ကြားကြတဲ့ အဖြစ်တွေထက် တကယ်ဖြစ်နေကြတာတွေက အများကြီး ပိုများနိုင်တယ်လို့ လှုပ်ရှားတက်ကြွသူတွေက ဆိုပါတယ်။ မိသားစုတွေကလည်း ဒါတွေကို ထုတ်ဖော်တိုင်ကြားရင် သူတို့ကိုယ်တိုင်ပဲ အရှက်ရကြမှာ ဒါမှမဟုတ် ကျူးလွန်သူတွေက သိသွားပြီး ဒုက္ခပေးမှာကို စိုးရွံ့ပြီး မတိုင်ရဲကြတာ များပါတယ်။

'သူတို့ကို ကြောက်ရွံ့ထိတ်လန့်တာက ရင်ထဲမှာစွဲနေတုန်းပဲ'

ဥပဒေအရ အမည်ဖော်လို့ မရတဲ့ အဲဒီ အမျိုးသမီးဟာ အူတာပရာဒက်ရှ်ပြည်နယ်ကဖြစ်ပြီး မုဒိမ်းကျင့်ခံရတဲ့ အဖြစ်တွေက ရှာဂျာအန်ပူးမြို့ မှာ ၁၉၉၄ ခုနှစ်အတွင်းက ဖြစ်ခဲ့တာလို့ ပြောပြပါတယ်။ မုဒိမ်းသမားအဖြစ် စွပ်စွဲခံရသူတွေက သူ့ အိမ်နီးနားချင်းတွေ ဖြစ်ပြီး အဲဒီ မိုဟာမက် ရာဇီ နဲ့ နာကီ ဟာဆန် ညီအစ်ကိုတို့ဟာ သူအိမ်ထဲမှာ တယောက်ထဲ ရှိနေချိန်ဆိုရင် သူ့အိမ်ဝင်းခြံစည်းရိုးကို ကျော်၊ အိမ်ထဲဝင်လာပြီး သူ့ကို အဓမ္မပြုကျင့်ခဲ့ကြတာပါ။

ကျန်းမာရေးမကောင်းဖြစ်လာတဲ့ သူ့ကို သူ့အစ်မက ဆရာဝန်ဆီခေါ်ပြတဲ့အခါ သူ့မှာ ကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရပါတော့တယ်။ သူ့အသက်ရော၊ သူ့ကျန်းမာရေး အခြေအနေ အရရောကြောင့် ဆရာဝန်က ကိုယ်ဝန်ဖျက်ချတာကို လုပ်မပေးခဲ့ပါဘူး။ ကလေးမီးဖွားပြီးပြီးချင်းပဲ ကလေးကို မွေးစားမယ့်သူတွေ လက်ထဲ အပ်ခဲ့ကြပါတယ်။

"ဒီကလေးအတွက် ကျွန်မ အများကြီးခံစားခဲ့ရတယ်၊ ကျွန်မ သူ့မျက်နှာကိုတောင် ကြည့်ခွင့်မရခဲ့ဘူး၊ သူ့ကိုတွေ့ချင်တယ်လို့ ကျွန်မအမေကို ပြောတော့ အမေက 'သမီးအခု ဘဝမှာ ဒုတိယအကြိမ် အခွင့်အရေး ပြန်ရနေပါပြီ'လို့ ပြောတယ်။"

ဒုက္ခကြားက ရှင်သန်ကျန်ရစ်သူအမျိုးသမီးနဲ့ သူ့မိသားစုဟာ ရဲကို မတိုင်ခဲ့ကြပါဘူး၊ ကျူးလွန်သူတွေကို ကြောက်ရွံ့ရင်းနဲ့ သူတသက်လုံးနေခဲ့ရတယ်လို့ အမျိုးသမီးက ပြောပြပါတယ်။

"တကယ်လို့ မုဒိမ်းမှုအကြောင်း တယောက်ယောက်ကို ပြောမိရင် သူတို့ ကျွန်မ မိသားစုကို သတ်မယ်၊ ကျွန်မတို့ အိမ်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်ကြမှာပဲ"လို့ သူက ပြောပါတယ်။ "ကျွန်မက ကြီးလာရင် ရဲတပ်ဖွဲ့ထဲ ဝင်ချင်ခဲ့တဲ့သူပါ၊ ဒါပေမယ့် ဒီလူ ၂ ယောက်ကြောင့် ကျွန်မ အိပ်မက်တွေ ပျက်သုဉ်းသွားပြီ။ ကျွန်မ ကျောင်းလည်း မသွားခဲ့ရဘူး၊ စာလည်း မသင်နိုင်ခဲ့ဘူး။"

အရင်အိမ်မှာ ဆက်နေရင် ဖြစ်ခဲ့တဲ့အဖြစ်တွေကို အမှတ်ပြန်ရနေပြီး နာကျင်နေမှာမို့ သူနဲ့ သူ့မိသားစုဟာ နောက်ပိုင်းမှာ ရမ်ပူးလ် ခရိုင်ဘက်ကို ‌ရွှေ့နေခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာတော့ သူအိမ်ထောင်ကျပြီး ကလေး တ‌ယောက် ထပ်ရခဲ့ပါတယ်။ ဘဝစာမျက်နှာသစ်ဖွင့်နိုင်တာက သူ့အတိတ်ကို ပြည်ဖုံးကားချနိုင်ပြီး မေ့ပစ်နိုင်မယ်လို့ သူမျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် လက်ထပ်ပြီး ၆ နှစ်လောက် အကြာမှာ သူ့ခင်ပွန်းက သူ အဓမ္မအကျင့်ခံရတဲ့ အဖြစ်တွေကို သိသွားပြီး သူ့အပေါ် အပြစ်ပုံပါတော့တယ်။

သူ့သားနဲ့ သူ့ကို မောင်းထုတ်တဲ့အတွက် သူဟာ သူ့အစ်မ နဲ့ သူ့မိသားစုဆီကို ပြန်လာ နေရပါတော့တယ်။

အမှန်တရားကို ရှာဖွေတဲ့ သူ့ ပထမ သား

မွေးစားဖို့ ပေးလိုက်တဲ့ သူ့ ပထမသား ဟာလည်း မိဘအရင်းနဲ့ နေရသူမဟုတ်လို့ ခွဲခြားဆက်ဆံမှုတွေကို အကြီးအမား ခံခဲ့ရပါတယ်။

သူ့သားရဲ့ အိမ်နီးချင်းတွေက သူ့မိဘတွေဟာ သူ့ မိဘအရင်းတွေ မဟုတ်ဘူးပြောကြတဲ့အတွက် သူဟာ မွေးစားသားမှန်း သိသွားခဲ့ရပါတယ်။

၁၃ နှစ်လောက် အမေနဲ့ သားခွဲခွာနေကြရပြီးတဲ့နောက် မွေးစားထားတဲ့ မိဘတွေက သားကို သူ့အမေလက်ထဲ ပြန်လွှဲပေးခဲ့ပါတယ်။

သူ့သားက သူ့အဖေ ဘယ်သူလဲဆိုတာကို သိပ်ကို သိချင်ပါတယ်။ အိန္ဒိယမှာ မျိုးရိုးနာမည် ထည့်ခေါ်မှည့်လေ့ရှိပြီး များသောအားဖြင့် အဖေနာမည်ကို ယူကြပါတယ်။ မျိုးရိုးနာမည် မရှိတဲ့ သူ့သားဟာ ကျောင်းမှာ နောက်ပြောင်ခံ ရပြန်ပါတယ်။

သားဖြစ်သူက သူ့အဖေဘယ်သူလဲဆိုတာကို အကြိမ်ကြိမ်မေးပြီး အမေ့ဆီက အဖြေမရတဲ့အခါ သိပ်ကို စိတ်မကောင်းဖြစ်သွားတာ အခါခါပါပဲ။ သူ့သားက "သူ့မှာ (မျိုးရိုး) နာမည်မရှိဘဲနဲ့ မနေချင်ဘူး"လို့ပြောတဲ့အပြင် "အဖေ့နာမည် မပြောပြရင် သူ့ကိုယ်သူ သတ်သေမယ်လို့ ခြိမ်းခြောက်တယ်"လို့ အမျိုးသမီးက ပြန်ပြောပြပါတယ်။

ပထမတော့ သူက ဒါတွေမမေးနဲ့လို့ ဆူပေမယ့် တဖြည်းဖြည်းနဲ့ သူ့သားကို အမှန်အတိုင်း ပြောပြမယ်လို့ ဆုံးဖြတ်ပြီး ထုတ်ပြောခဲ့ပါတယ်။

သူ့သားက သူ့ကို စိတ်ပျက်သွားမယ့်အစား သားဖြစ်သူဟာ သူ့ကို အားအပေးဆုံးသူ ဖြစ်လာပါတယ်။ "ကျူးလွန်သူတွေကို သင်ခန်းစာပေးရအောင် တိုက်ပွဲဝင်ကြစို့" လို့လည်း သားက သူ့အမေကို ပြောပါတယ်။

"ဘာတွေကြုံခဲ့ရလဲဆိုတာ အမေ ထုတ်ပြောလိုက်ရင် နောက်ထပ် အဲဒီလို ကြုံခဲ့ကြသူတွေလည်း အလားတူ ပြောလာကြမှာ။ ဒါဆိုရင် ဒီအမှုက ပိုအားကောင်းသွားပြီး အဲဒီသူတွေ အပြစ်ပေး ခံရမှာ။ ရာဇဝတ်မှု ကျူးလွန်ထားသူတိုင်း အပြစ်ဒဏ် ပေးဆပ်ရမယ်ဆိုတာ ဒီလူမှုအသိုင်းအဝိုင်းကို သတင်းပါးနိုင်မှာ အမေ "တဲ့။

တရားမျှတမှုအတွက် တိုက်ပွဲ

သူ့ရဲ့သားက အားပေးတဲ့အတွက် အမျိုးသမီးဟာ ၂၀၂၀ ခုနှစ်မှာ ရှာဂျာအန်ပူးမြို့ကို ပြန်သွားခဲ့ပါတယ်၊ ဒါပေမယ့် ကျူးလွန်သူတွေကို အမှုစွဲတင်ဖို့က သိပ်ခက်ခဲတာကို တွေ့လိုက်ရ ပါတယ်။

အမှုဖြစ်ခဲ့တာ သိပ်ကိုကြာနေပြီဖြစ်တဲ့ အတွက် တိုင်ကြားတာကို ရဲတွေက လက်မခံဘဲ ငြင်းခဲ့ကြပါတယ်။ ဒါနဲ့ သူ ရှေ့နေတယောက်ဆီ သွားတွေ့ပါတယ်။ ရှေ့နေကလည်း ဆယ်စုနှစ် ၃ စုကြာမြင့်နေပြီဖြစ်တဲ့ ဒီအမှုကို လိုက်ပေးဖို့ တုံ့ဆိုင်းနေပါတယ်။

သူငယ်စဉ်ကလေးဘဝကနေခဲ့တဲ့ နေရာဝန်းကျင်ဟာလည်း ဘယ်သူမှ မမှတ်မိနိုင်လောက်အောင် ‌ပြောင်းလဲသွားပါပြီ။ သူ့အိမ်ဟောင်းကိုလည်း ရှာမတွေ့တော့သလို ကျူးလွန်သူတွေ ဘယ်ဆီရောက်နေလဲလည်း ဘယ်သူမှ မသိကြတော့ပါဘူး။

"ပြီးခဲ့တဲ့ နှစ် ၃၀ လောက်က ခင်ဗျား နေခဲ့တဲ့ နေရာကို ဘယ်လို သက်သေပြမလဲ၊ အဲဒီနေရာက ခင်ဗျား အဓမ္မကျင့်ခံရတဲ့ အိမ်နေရာ" လို့ သူ့ရှေ့နေက မေးပါတယ်။

"ကျွန်မက သူ့ကိုပြောလိုက်တယ်၊ ကျွန်မ အထောက်အထားတွေ ပြပါ့မယ်၊ အမှုသာ လက်ခံပေးပါ" လို့ အမျိုးသမီးက ပြောပြပါတယ်။

ရှေ့နေက အမှုကို စီရင်ပေးဖို့ တရားရုံးကို တင်ပြပါတယ်။ ရှာဂျာအန်ပူးမြို့တရားရုံးက တရားသူကြီးချုပ်ရဲ့ အမိန့်နဲ့ ကျူးလွန်တယ်လို့ စွပ်စွဲခံရသူ ၂ ယောက်ကို ၂၀၂၁ ခုနှစ် မတ်လမှာ အမှုစွဲတင်ပါတော့တယ်။

ကျူးလွန်တယ်လို့ စွပ်စွဲထားသူတွေကို ရှာဖွေပေးဖို့ ရဲတွေက သူ့ကို ပြောတယ်လို့ အမျိုးသမီးက ‌ပြောပါတယ်။

"ကျွန်မ သူတို့ကို ရှာနိုင်ခဲ့ပြီး ဖုန်းနဲ့ စကားပြောနိုင်ခဲ့တယ်။ သူတို့က ကျွန်မကို မှတ်မိတယ်။ နင် ဘာကြောင့် မသေသေးတာလဲလို့ ပြောကြတယ်" လို့ အမျိုးသမီးက ပြန်ပြောပြပါတယ်။ "'ဒီတခါ သေဖို့က နင်တို့အလှည့်လို့ ပြောလိုက်တယ်။"

အထောက်အထားတွေနဲ့ ဖမ်းဆီးမှု

စွပ်စွဲခံရသူတွေကို ခြေရာခံနိုင်ပြီဖြစ်ပေမယ့် ရာဇဝတ်ကျူးလွန်ထားတယ်ဆိုပြီး ချိတ်ဆက်လို့ရတဲ့ အ‌ထောက်အထားက မရှိသေးပါဘူး။ ဖေဖော်ဝါရီလက လုပ်ခဲ့တဲ့ ဒီအန်အေ(မျိုးဗီဇ) စမ်းသပ်မှု နဲ့ အထောက်အထား ရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရှာဂျာအန်ပူးမြို့ ရဲတပ်ဖွဲ့မှူး အက်စ် အာနန်က "အမှုက တကယ့်ကို မမှန်းထားတဲ့ အမှုမျိုးပါ။ အမျိုးသမီးက ရဲဌာနဆီလာပြီး အမှုဖွင့်တော့ ကျွန်တော်တို့ သိပ်ကို အံ့သြခဲ့ရပါတယ်။ ကျွန်တော်တို့ သူ့သားဆီက ဒီအန်အေ ဓာတ်ခွဲခန်း နမူနာတွေ ယူလိုက်ပြီး အမှုကို ကြိုးစားလိုက်ကြည့်လိုက်တယ်" လို့ ဘီဘီစီကို ပြောပါတယ်။

အမှုကို မနှစ်က တနှစ်လုံး လိုက်နေတဲ့ ရဲစုံစမ်းရေးမှူး ဒြာမန်ဒရာ ကူးမား ဂုပတက "စွပ်စွဲခံရသူတွေဆီက ဒီအန်အေကို ယူပြီး ကျွန်တော်တို့ စစ်ကြည့်တယ်။ တယောက်ရဲ့ ဒီအန်အေနဲ့ သားဖြစ်သူရဲ့ ဒီအန်အေက သွားတူတာကို တွေ့ရတယ်" လို့ ဆိုပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့မှာ စွပ်စွဲခံရသူထဲက တယောက်ကို ဖမ်းလိုက်ပြီး၊ ဗုဒ္ဓဟူးနေ့မှာတော့ ရဲတွေက နောက်တ‌ယောက်ကိုလည်း အချုပ်ထဲ ထည့်ထားပြီလို့ ပြောပါတယ်။ သူတို့ကို စွပ်စွဲထားတဲ့ အမှုတွေကျူးလွန်ခဲ့ကြောင်းတော့ အဲဒီလူတွေက ဝန်မခံသေးပါဘူး။

သူလို ကျူးလွန်တာကို ခံခဲ့ကြရသူတွေ ရှေ့ထွက်လာပြီး ပြောကြစေဖို့ သူ့ဇာတ်လမ်းက အားပေးနိုင်တာမျိုးဖြစ်စေချင်တယ်လို့ အမျိုးသမီးက ပြောပြီး ဒီလူတွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို တရားစွဲကြပါလို့လည်း ဆိုပါတယ်။ "လူတွေက ထုတ်မပြောဘဲ ငြိမ်ခံကြတယ်။ ကျွန်မလည်း နှုတ်ဆိတ်နေခဲ့ပြီးပြီ။ ကျွန်မ ကံပဲလေလို့ပဲ ထားလိုက်မိခဲ့တယ်။ ဒါပေမယ့် ဒါဟာ ကံကြောင့် မဟုတ်ဘူး။ ကျွန်မတို့ ရဲကို သွားတိုင်ရမယ်။ ဒါမှ ကျွန်မတို့ ခံစားခဲ့ရတာတွေ ဘယ်သူမှ မကြုံရတော့မှာ။"

သားဖြစ်သူကတော့ ဒီလူတွေကို ဖမ်းမိထားပြီဖြစ်လို့ သူကျေနပ်ရတယ် လို့ ပြောပြပါတယ်။