နှစ် ၃၀ ကျော်ကြာ ထူးဆန်းစွာ ပျောက်ဆုံးနေဆဲ တိဘက်ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, The Tibet Museum
- ရေးသားသူ, ဆွာမိနာသန် နာတာရာဂျန်
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှားအစီအစဉ်
ကမ္ဘာတလွှားက တိဘက် လူမျိုးတွေဟာ ပန်ချန်လားမား ပျောက်ဆုံးမှု နှစ် ၃၀ ပြည့် အခမ်းအနားတွေကို ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့ကြပါတယ်။
၁၉၉၅ မေလ ၁၄ ရက်တုန်းက အဝေးရောက်တိဘက်ခေါင်းဆောင် ဒလိုင်းလားမားက အသက် ၆ နှစ်အရွယ် ဂေဒွန် ချိုကီ နီးမား (Gedhun Choekyi Nyima) ကို သူတို့ရဲ့ ဒုတိယခေါင်းဆောင် ပန်ချန်လားမား လူဝင်စားအဖြစ် အသိအမှတ်ပြုပေးခဲ့တာပါ။
အဲဒီလို အသိအမှတ်ပြုပြီး ၃ ရက်အကြာမှာ ၁၁ ယောက်မြောက် ပန်ချန်လာမား ပျောက်ဆုံးသွားခဲ့ပြီး သူနဲ့ပတ်သက်တဲ့ သီးခြား လွတ်လပ်တဲ့သတင်း အစအန မရခဲ့သလို အဲဒီကတည်းက သူ့ကံကြမ္မာကိုလည်း မသိရတော့ပါဘူး။
တရုတ်အာဏာပိုင်တွေကတော့ နီးမား ဘယ်မှာလဲ ဆိုတာ သိတယ်လို့ ဝန်ခံခဲ့ပေမဲ့ သူနဲ့ပတ်သက်လို့ သတင်းအချက်အလက်ထုတ်ပြန်ပေးတာ သိပ်မရှိခဲ့ပါဘူး။ အခုအချိန် နီးမား သက်ရှိထင်ရှားရှိသေးရင် သူ့အသက်က ၃၆ နှစ် ရှိပါပြီ။
ဘီဘီစီ အနေနဲ့ တရုတ်အစိုးရ ထံကို ဆက်သွယ်ပြီး ပန်ချန်လားမား ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ လက်ရှိ သူ့အခြေအနေကို ရှင်းပြပေးဖို့ ဆက်သွယ်ခဲ့ပါတယ်။ ဘီဘီစီက ဆက်သွယ် ''စုံစမ်းခံရတဲ့ အဲဒီပုဂ္ဂိုလ်ဟာ သာမန်တရုတ်နိုင်ငံသားတယောက်အနေနဲ့ ပုံမှန်ဘဝကို ဖြတ်သန်း နေထိုင်လျက် ရှိပါတယ်။ သူ ဒါမှမဟုတ် သူ့မိသားစုဟာ မလိုအပ်ဘဲ အများသူငါ အာရုံစိုက်မှု မခံလိုဘူး''လို့ လို့ လန်ဒန်က တရုတ် သံရုံးက အကြောင်းပြန်ခဲ့ပြီး ဘီဘီစီ အနေနဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး ဆက်မလုပ်တော့ဘဲ 'ရှေ့ဆက်သွားဖို့ကိုပဲ စဉ်းစား' သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
ဝေးလံခေါင်ဖျားဒေသမှာ ရှိတဲ့ ဗုဒ္ဓဘာသာ ထွန်းကားရာ တိဘက်ဒေသဟာ တရုတ်လက်အောက် က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်ပြီး တရုတ်ဟာ ဘာသာရေးနဲ့ ယဥ်ကျေးမှု ဆိုင်ရာ လွတ်လပ်ခွင့်တွေ ဖိနှိပ်နေတယ်လို့ စွပ်စွဲခံနေရပါတယ်။
လူ့အခွင့်အရေး အဖွဲ့တွေ ကတော့ နီးမား ကို ''ကမ္ဘာ့အသက်အငယ်ဆုံး နိုင်ငံရေးအကျဥ်းသား'' အဖြစ် သတ်မှတ်ခေါ်ဆိုကြပြီး သူ့ကို ပြန်လွှတ်ပေးဖို့ တိဘက်လူမျိုးတွေရဲ့ အစဥ်တစိုက် တောင်းဆိုမှုကို ထောက်ခံကြပါတယ်။
ပန်ချန်လားမား ဘယ်တုန်းက စတင် ပျောက်ဆုံးခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗုဒ္ဓဘာသာဝင် တိဘက်တွေဟာ လူဝင်စားတာကို ယုံကြည်ကြပြီး ဘာသာရေးအရ အဆင့်မြင့်အကြားအမြင်ရသူတွေကသာ ဘယ်နေရာ၊ ဘယ်အချိန်မှာ လူဝင်စားမလဲဆိုတာ ဆုံးဖြတ်နိုင်တယ်လို့ လက်ခံထားကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၁၉၈၉ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့မှာ ၁၀ ယောက်မြောက် ပန်ချန်လားမား သံသယဖြစ်ဖွယ် သေဆုံးသွားခဲ့ပြီးနောက် သူ့အရိုက်အရာ ခံယူမယ့်သူကို စတင် ရှာဖွေခဲ့ကြပါတယ်။
၁၀ ယောက်မြောက် ပန်ချန်လားမားဟာ အဆိပ်ခတ်ခံရပြီး သေဆုံးသွားတာလို့ တချို့က ယူဆထားကြပါတယ်။
ထိပ်တန်းတိဘက်ဘုန်းတော်ကြီးတပါး ဦးဆောင်ပြီး ရှာဖွေရာမှာ ၁၉၈၉ ခုနှစ် ဧပြီ ၂၅ ရက်မှာ မွေးဖွားတဲ့ ကလေးငယ်တယောက်ကို တွေ့ရှိခဲ့ပါတယ်။ သူ့ ဖခင်ဖြစ်သူ Kunchok Phuntsog နဲ့ မိခင် Dechen Chodon တို့က တိဘက်က Nagchu ပြည်နယ် Lhari ဒေသမှာ မွေးဖွားခဲ့တဲ့ ကလေးဟာ လန်ချန်လားမား လူဝင်စားလို့ သတ်မှတ်ခဲ့ကြပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် နဲ့ ညှိနှိုင်းဆွေးနွေးနိင်တဲ့ အဆင့်ရှိပြီး အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ Society for Threatened Peoples အဖွဲ့က တင်ပြတဲ့ အစီရင်ခံစာမှာ တရုတ် အစိုးရဟာ သူတို့မိသားစုတခုလုံးကို ပြန်ပေးဆွဲခဲ့ပြီး လာချန်လားမား ရှာဖွေရေး အဖွဲ့ကို ဦးဆောင်တဲ့ ဘုန်းကြီးကိုလည်း ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
အဝေးရောက် တိဘက်အစိုးရအဖွဲ့ ကတော့ နီးမား ပျောက်ဆုံးနေတာကို ကြည့်ခြင်းအားဖြင့် တရုတ်အစိုးရရဲ့ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြနေတယ်လို့ ပြောပါတယ်။
''အဲဒီကတည်းက သူဘယ်မှာလဲ၊ သူ့အခြေအနေ ဘယ်လိုရှိလဲ စတဲ့အချက်တွေကို မသိရဘဲ တရုတ်အစိုးရက ဖုံးကွယ်ထားတယ်၊ တရုတ်အစိုးရကို ပန်ချန်လားမားနဲ့ ပတ်သက်လို့ သူ့ကို ဘယ်မှာထားလဲ၊ သူ့ကျန်းမာရေး ဘယ်လိုရှိလဲ စတာတွေကို အမြန် ထုတ်ဖော်ပြောကြား ပေးဖို့ တောင်းဆိုထားတယ်''လို့ တိဘက် ဗဟိုအစိုးရ ပြောခွင့်ရ တန်ဇန် လက်ရှေးက ဘီဘီစီကို ပြောပါတယ်။
ဘယ်အစိုးရကမှ အဝေးရောက် တိဘက် အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာ မရှိသေးပါဘူး။
'ပန်ချန် အတု'

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်အစိုးရဟာ ဒလိုင်းလားမားက ခန့်အပ်တဲ့ ပန်ချန်လားမားကို အသိအမှတ်မပြုဘဲ ၁၉၉၅ ခုနှစ်မှာ ဂတ်ဆင် နော်ဘု (Gyaltsen Norbu) ကို သူတို့ကိုယ်တိုင် ရွေးချယ်ပြီး ၁၁ ယောက်မြောက် ပန်ချန်လားမား အဖြစ် ခန့်အပ်ပေးခဲ့ပါတယ်။
သူဟာ တရုတ် ကွန်မြူနစ်ပါတီ ညီလာခံနဲ့ တရားဝင် အခမ်းအနားတွေကို တက်ခွင့်ရပေမဲ့ သူ့ကို လူထုက ထောက်ခံမှုနည်းပြီး အဝေးရောက် တိဘက် လူမျိုးတွေကတော့ 'ပန်ချန်အတု' လို့ ခေါ်ဝေါ်ကြပါတယ်။
တိဘက်အတွင်းမှာ နီးမားကို ပိုမို အသိအမှတ်ပြုခံရကောင်း ခံရပေမဲ့ ဒလိုင်းလားမားနဲ့ ပန်ချန်လားမားတို့ရဲ့ ဓါတ်ပုံတွေကိုတော့ တားမြစ်ခံထားရပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက 'အာဏာပိုင်တွေ ဖမ်းခေါ်သွားတာ ခံခဲ့ရတဲ့' လူငယ်လေးရဲ့ ပုံကတော့ လူထုကြား ပျံ့နှံ့နေတဲ့ တခုတည်းသောပုံ ဖြစ်ပါတယ်။
ပန်ချန်လားမားက တိဘက်အတွက် ဘာကြောင့် အရေးကြီးလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တိဘက်ဗုဒ္ဓဘာသာမှာ ပန်ချန်လားမားက ဒလိုင်းလားမားပြီးရင် ဒုတိယရာထူးအကြီးဆုံးဖြစ်ပါတယ်။ ၁၉၅၉ ကတည်းက ပြည်ပထွက်ပြေးခဲ့ရတဲ့ ဒလိုင်းလားမားကို ဒီဒေသအပေါ် တရုတ်အစိုးရထိန်းချုပ်မှုကို ဆန့်ကျင်တဲ့ သင်္ကေတအဖြစ် ရှုမြင်ကြပါတယ်။ လာမယ့် ဇူလိုင်မှာတော့ သူ့အသက် ၉၀ ပြည့်မှာ ဖြစ်ပါတယ်။
ဒါကြောင့် လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက ပျောက်ဆုံးနေတဲ့ လူငယ်လေးကို ရှာပုံတော် ဖွင့်ဖို့ အခုအခါ အရေးကြီးဆုံး ဖြစ်နေပြီး အကြောင်းရင်းခံကတော့ ဒလိုင်း လားမားနဲ့ ပန်ချန်လားမား တို့ဟာ တယောက်နဲ့ တယောက် "လူဝင်စားမှု" ဆိုတာကို အသိအမှတ်ပြုထားကြသူတွေပါ။
''တရုတ် အစိုးရဟာ ၆ နှစ်သားလေးနဲ့ သူ့မိသားစုကို ပြန်ပေးဆွဲခဲ့ပြီး ဒလိုင်းလားမား အရိုက်အရာ ခံမယ့်သူကို လူမြင်ကွင်းက ပျောက်သွားအောင်၊ နောက်ပြီး တိဘက်ဒေသအပေါ် ထိန်းချုပ်နိုင်အောင် လုပ်ခဲ့တယ်'' လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW က တရုတ်အရေးဆိုင်ရာ သုတေသီ Yalkun Uluyol က ဆိုပါတယ်။
''ဒီလို ရက်စက်မှုကို တရုတ်အစိုးရ အနေနဲ့ အဆုံးသတ်သွားအောင် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ဖိအားပေးသင့်ပြီး နီးမားနဲ့ သူ့မိသားစု လွတ်လပ်မှုရအောင် ဖော်ဆောင်ပေးသင့်တယ်''လို့ Yalkun Uluyol က တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tenzin Tsundue
ပန်ချန်လားမားနဲ့ ပတ်သက်လို့ တရုတ် အစိုးရက ဘာပြောလဲ
တရုတ်အစိုးရဟာ နီးမား ပျောက်ကွယ်သွားပြီးပြီးချင်း ကုလသမဂ္ဂ ဆိုင်ရာ အလုပ်အဖွဲ့တဖွဲ့ကို ပြောကြားရာမှာ လူဝင်စား ကလေးရဲ့ မိသားစုကို ပြန်ပေးဆွဲတာ၊ အစဖျောက်တာမျိုး ဘယ်တုန်းကမှ မလုပ်ပါဘူးလို့ ပြောပါတယ်။
နောက်တနှစ်မှာတော့ 'မလိုတမာသူ' တချို့က ဒီကလေးကို ပြည်ပကို ခိုးထုတ်ဖို့ ကြိုးစားခဲ့တယ်၊ ဒါကြောင့် သူ့မိဘတွေက သူတို့ကို အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့တဲ့အတွက် ဒါကို ဖြည့်ဆည်းပေးခဲ့တယ်လို့ တရုတ်အစိုးရက ဆိုပါတယ်။
လူငယ်လေးနဲ့ သူ့မိသားစုဟာ ပုံမှန်အတိုင်း နေထိုင်နေပြီး သူတို့ကို အနှောက်အယှက်ပေးတာလည်း မကြိုက်ဘူးလို့ ပြောပါတယ်။ ဒီအတိုင်းပဲ တရုတ်ဘက်က အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။
၁၉၉၈ မှာတော့ တရုတ်အစိုးရက ကုလသမဂ္ဂဆိုင်ရာအလုပ်အဖွဲ့ကို ပြောရာမှာ ပန်ချန်လားမားရဲ့ အမေဟာ ထောင်ကျနေတယ်လို့ ဆိုခဲ့ပေမဲ့ ဘာကြောင့် ဆိုတာမျိုး ၊ ဘယ်လောက် ကြာကြာ ကျခဲ့သလဲဆိုတာမျိုး ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။
၂၀၀၀ ခုနှစ်မှာတော့ အဲဒီတုန်းက ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်တဲ့ ရော်ဘင်ကွတ်ခ် က တရုတ်အစိုးရဟာ ယူကေ အရာရှိတွေကို ဓါတ်ပုံ ၂ ပုံ ထုတ်ပြခဲ့ပြီး ပျောက်ဆုံးနေတဲ့ ပန်ချန် လားမားလေးရဲ့ပုံလို့ ဆိုပါတယ်။ သူတို့အနေနဲ့ ကြည့်ခွင့်ရခဲ့ပြီး ယူသိမ်းခွင့်တော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။
လတ်တလော ဒီကိစ္စနဲ့ ပတ်သက်လို့ ဘီဘီစီရဲ့ ဆက်သွယ် စုံစမ်းမှုကိုတော့ တရုတ်သံရုံးက တုံ့ပြန်ရာမှာ နီးမားဟာ သာမန် တရုတ်ပြည်သား အဖြစ် သူ့မိသားစုနဲ့အတူ ပုံမှန် ဘဝကို ဖြတ်သန်း နေထိုင်လျက် ရှိတယ်လို့ ဆိုပါတယ်။ သူတို့ကိုယ်တိုင်က လူအများစိတ်ဝင်စားမှုကို မခံယူလိုတာမျိုး ၊ အငြင်းပွားဖွယ် ကိစ္စမှာ ပါဝင်တာမျိုး မဖြစ်လိုဘူးလို့ ထုတ်ပြောလာတဲ့အတွက် သက်ဆိုင်ရာ အဖွဲ့ အားလုံး အနေနဲ့ သူတို့ရဲ့ ပုဂ္ဂလိကဆန္ဒနဲ့ လုံခြုံရေးကို အပြည့်အဝ လိုက်နာကြဖို့ ပန်ကြားလိုတယ်လို့ တရုတ်သံရုံးက ပြောပါတယ်။
ဒါ့အပြင် ဒလိုင်းလားမား ကိုလည်း ဘာသာရေး အကြောင်းပြပြီး ခွဲထွက်ရေး လုပ်ဆောင်တဲ့ တရုတ်အစိုးရ ဆန့်ကျင်ရေးသမားလို့ ပုံဖော် စွပ်စွဲထားတဲ့အပြင် နီးမားလို့ နာမည်ပေးတာကလည်း 'တရားမဝင်ဘူး၊ အကျုံးမဝင်ဘူး'လို့ ဆိုပါတယ်။
ပြန်ရှာတွေ့ဖို့ မျှော်လင့်ချက် ရှိသလား

ဓာတ်ပုံ ရင်းမြစ်, INTERNATIONAL TIBET NETWORK
ယူကေ အခြေစိုက် မူခင်းဆိုင်ရာပညာရှင် တင်မ် ဝတ်ဒန် ရဲ့ အကူအညီနဲ့ တိဘက် အရေး လှုပ်ရှားသူတွေက ပန်ချန်လားမား အသက် ၃၀ အရွယ်မှာ ရှိလာမယ့် ပုံကို ဖန်တီးကြည့်ခဲ့ကြပါတယ်။
ဒါပေမဲ့ ပန်းသွေးရောင် ပါးဖောင်းဖောင်းလေးနဲ့ လူငယ်လေး ဘယ်မှာ ရှိနေသလဲ ဆိုတာကိုတော့ မဖော်ထုတ် နိုင်ကြသေးပါဘူး။
တိဘက် ပြည်သူတွေကတော့ ပန်ချန်လားမားရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး တိတိကျကျ ဘာမှ မသိဘဲ ဖြစ်နေရတာဟာ စိတ်ဒဏ်ရာ တခုလိုတောင် ဖြစ်နေပါတယ်။
အိန္ဒိယနဲ့ ဥရောပ တလွှားက တိဘက် အသိုင်းအဝိုင်းကတော့ သူ့ကို ပြန်လွှတ်ပေးဖို့ လှုပ်ရှားမှုကို ဆက်လက် တောင်းဆို လုပ်ဆောင် နေကြဆဲပါ။
''နှစ်သုံးဆယ်ကျော် အကျဉ်းချခံနေရတာကို တွေးကြည့်ရင် နာကျင်ဖွယ်ကောင်းပါတယ်။ သူ ချက်ချင်း အမြန် ပြန်လွတ်လာဖို့ နေ့စဥ်နဲ့အမျှ ဆုတောင်းပြီး စည်းရုံး လှုပ်ရှားမှုတွေ လုပ်နေပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ ဘာသာရေး ခေါင်းဆောင် သာမက တိဘက် ဒေသရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်လည်း ဖြစ်ပါတယ်''လို့ အိန္ဒိယ အခြေစိုက် တိဘက် စာရေးဆရာလည်းဖြစ် ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်း ဖြစ်တဲ့ Tenzin Tsundue က ဘီဘီစီကို ပြောပါတယ်။
သူအသက်ရှင် ရှိနေဆဲလို့ ယုံကြည်ပြီး သူ့ကို တနေ့တွေ့မယ်လို့ မျှော်လင့်ကြောင်း Tenzin Tsundue က ပြောပါတယ်။ တရုတ်အစိုးရဟာ သူ့ကို အသုံးချကာ ဒလိုင်းလားမားကို ဆက်ခံမယ့် နောက်တယောက်ကို ရွေးတဲ့ကိစ္စမှာ ဝင်ရောက်ချုပ်ကိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။
အဝေးရောက် တိဘက် အစိုးရကတော့ ပန်ချန်လားမား ပျောက်ဆုံးနေတဲ့ ကိစ္စအပေါ် နက်နက်နဲနဲ ပူပင်သောက ဖြစ်ရတယ်လို့ ဆိုပါတယ်။
၁၀ ယောက်မြောက် ပန်ချန်လားမားက တရုတ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်က တိဘက် ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနဲ့ ယဥ်ကျေးမှု ဆိုင်ရာ အမွေအနှစ်တွေကို ကာကွယ် စောင့်ရှောက်တဲ့နေရာမှာ အရေးပါတဲ့ နေရာက ပါဝင်နေတယ်လို့ Tenzin Tsundue က ပြောပါတယ်။
''သူ့အသံနဲ့ သူ့အမြော်အမြင်တွေကို ဒီနေ့ခေတ် တိဘက် ပြည်သူတွေက သတိရနေကြတယ်''လို့ သူက ပြောပါတယ်။
ဒီဆောင်းပါးထဲမှာ ဘီဘီစီ သတင်းထောက် မိုက်ကယ် ဘရစ်စတို ၂၀၂၀ ခုနှစ်က ရေးခဲ့တဲ့ ဆောင်းပါးထဲက စာပိုဒ်တချို့ပါဝင်ပါတယ်။









