စစ်ဖြစ်နေတဲ့ ဆူဒန်မှာ လူမျိုးရေးအခြေခံတဲ့ သတ်ဖြတ်မှုတွေဖြစ် - ဇွန်လ ၁၆ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဒါဖာ အနောက်ပိုင်းမှာ တိုက်ခိုက်မှု တိုးလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆူဒန်က လက်နက်ကိုင်အဖွဲ့တွေတိုက်ခိုက်မှု ပိုမို ပြင်းထန်လာ

ဆူဒန်က ဒါဖော အနောက်ဘက်ပိုင်းမှာ အာရပ် လက်နက်ကိုင်အဖွဲ့နဲ့ Rapid Support Forces ( RSF) အဖွဲ့တို့ကြား လူမျိုးရေးကို အခြေခံတဲ့ သတ်ဖြတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

သေနတ် ဒဏ်ရာနဲ့ လူတချို့လည်း ချာ့ဒ် နိုင်ငံထဲကို ဆက်လက်ထွက်ပြေး ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။

ဒါဖောမှာ ကလေး နှစ်သိန်းခွဲကျော်လောက် လတ်တလောမှာ အိုးအိမ်မဲ့ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ ယူနီဆက်ဖ်က ပြောပါတယ်။

RSF က ရွာလုံးကျွတ် ဖျက်ဆီးမှုတွေ၊မုဒိမ်းကျင့်၊လူသတ်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ ရထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းကလည်း လက်နက်ကိုင် အဖွဲ့တခုဟာ ဒါဖော အနောက်ဘက်က ဒေသန္တရ အုပ်ချုပ်ရေးမှူးတယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲ ခံထားရပါတယ်။

RSF နဲ့ မဟာမိတ် အာရပ်ဘ် လက်နက်ကိုင် အဖွဲ့တွေက မာဆာလစ် လူမျိုးစုတွေကို လူမျိုးတုန်း သတ်ဖြတ်မှု ကျူးခွန်ခဲ့တယ်လို့ သူက စွပ်စွဲခဲ့ပြီးတဲ့နောက် အခုလို အသတ်ခံရတာ ဖြစ်ပါတယ်။

မုဒိမ်းမှုနဲ့ လိင်တူချစ်သူ အခွင့်အရေး ဆိုင်ရာ ဥပဒေ ၂ ရပ်ကို ပြုပြင်ပြောင်းလဲဖို့ ဂျပန်ပါလီမန် သဘောတူ

ဂျပန်နဲ့ လိင်တူချစ်သူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လိင်အဓမ္မကျင့်မှုနဲ့ လိင်တူချစ်သူ အခွင့်အရေးဆိုင်ရာ ဥပဒေ ၂ခုကို ပြုပြင်ပြောင်းလဲပစ်တော့မယ်

ဂျပန်ပါလီမန်မှာ အရေးပါတဲ့ ဥပဒေနှစ်ရပ်ကို အတည်ပြုပေးလိုက်ပါတယ်။

တခုကတော့ မုဒိမ်းမှုနဲ့ဆိုင်တဲ့ ဥပဒေ ဖြစ်ပြီး နောက်တခုကတော့ လိင်တူချစ်သူအခွင့်အရေးနဲ့ ဆိုင်တာ ဖြစ်ပါတယ်။

ဒီလို ခေတ်နောက်ကျနေပြီး ရှေးရိုးဆန်လှတဲ့ ဥပဒေတွေကို ပြောင်းလဲပစ်ဖို့ စည်းရုံး လှုပ်ရှားမှုတွေ ပေါ်ထွက်လာခဲ့အပြီးမှာ အပြောင်းအလဲတွေ ဖြစ်လာတာပါ။

မုဒိမ်းးကျင့်ခံရသူတွေကို ပိုပြီး အကာအကွယ်ပေးဖို့ ဥပဒေပြု အမတ်တွေက မုဒိမ်းမှုဆိုတာကို ပြန်လည် သုံးသပ်သတ်မှတ်ခဲ့ကြပါတယ်။

အခုတော့ မုဒိမ်းမှုတွေကို အတင်းအဓမ္မ ဆိုတာထက် ဆန္ဒသဘောထားမပါဘဲ လိင်ဆက်ဆံ ခံရမှု အဖြစ် ဖွင့်ဆိုကြပါတယ်။

ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ်ဆုံးဖြတ်နိုင်တဲ့ အသက်အပိုင်းအခြားကိုလည်း ၁၃ နှစ်ကနေ ၁၆ နှစ် အထိ တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

နောက်ဖြစ်ရပ်တခုမှာတော့ လိင်တူချစ်သူတွေ ၊ လိင်ပြောင်းထားသူတွေကို ခွဲခြားကန့်သတ်ထားတဲ့ ဥပဒေကို ပါလီမန်မှာ အတည်ပြုခဲ့ပြီး နိုင်ငံရေး သုံးသပ်သူတွေကတော့ ဂျပန်မှာ အခုလုပ်ဆောင်တာထက် ပိုတိုးလုပ်ဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။

လိင်တူချင်း လက်ထပ်မှုကို အသိအမှတ်မပြုဘဲ ထားတဲ့ ကိစ္စက ဂျပန်မှာ ဆက်ရှိနေပြီး ပြုပြင်ပြောင်းလဲဖို့ လိုနေသေးတာ ဖြစ်ပါတယ်။

ဘေပါဂျွိုင်းမုန်တိုင်း ကုန်းတွင်း၀င်ရောက်သွားပြီ

ကုန်းတွင်းပိုင်း၀င်သွားပြီမို့ မုန်တိုင်းအားလျော့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘေပါဂျွိုင်းမုန်တိုင်းသင့်တဲ့ နေရာမှာ ပျက်စီး ထိခိုက်မှု ဆိုးရွား

အိန္ဒိယ အနောက်ဖက်နဲ့ ပါကစ္စတန် တောင်ပိုင်း ကမ်းရိုးတန်းမှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဟာ ကုန်းတွင်းကို ဝင်တော့မှာမို့ ဆက်ပြီး မိုးကြီးမယ်လို့ အိန္ဒိယ မိုးဇလက ခန့်မှန်းပါတယ်။

ဘေပါဂျွိုင်း ဆိုင်ကလုန်း မုန်တိုင်းကြောင့် မနေ့ ကြာသပတေးနေ့က လျှပ်စစ်မီးလိုင်းတွေ ပြတ်တောက်ကာ သစ်ပင်တွေလဲပြိုကျခဲ့ပါတယ်။

အခုတော့ ဒီမုန်တိုင်းဟာ အိန္ဒိယက ရာဂျစ်သန် ပြည်နယ်ကို ဦးတည်နေပေမယ့် လေတိုက်နှုန်းတော့ လျော့ကျလာပြီလို့ ဆိုပါတယ်။

လက်ရှိမှာ ရာသီဥတု ဆိုးရွားမှုတွေကြောင့် အာဏာပိုင်တွေအနေနဲ့ အပျက်အစီး စာရင်းကောက်ဖို့ အခက်အခဲ ကြုံနေရဆဲပါ။

ပါကစ္စတန်မှာတော့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကရာချိမှာ ထိခိုက်ပျက်စီးမှုတွေ အများအပြား ရှိခဲ့ပါတယ်။

သူဌေးကြီး ဘီလ်ဂိတ်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် တွေ့ဆုံ

ဘေလ်ဂိတ်ကို မိတ်ဆွေဟောင်းကြီးလို့ ရှီကျင့်ဖျင် ခေါ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မိုက်ခရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် Bill Gates နဲ့ တရုတ်ခေါင်းဆောင် Xi Jinping တွေ့ဆုံ

နည်းပညာ ကုမ္ပဏီ သူဌေးကြီး ဘီလ်ဂိတ်ဟာ ဘေဂျင်းမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ အမေရိကန်က ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တယောက် တရုတ်နိုင်ငံကို အခုနောက်ဆုံး သွားရောက်မှုပါ။

အဲဒီလို တွေ့ဆုံရာမှာ မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ပူးတွဲ တည်ထောင်သူ ဘီလ်ဂိတ်ကို မစ္စတာ ရှီက မိတ်ဆွေဟောင်းကြီးလို့ ခေါ်ဝေါ်သုံးစွဲ ခဲ့ပါတယ်။

မစ္စတာ ဂိတ်ကတော့ ၄ နှစ်လောက် အလှမ်းကွာနေတဲ့ တရုတ်နိုင်ငံကို ပြန်လာရတာ ဝမ်းသာစရာပါလို့ ပြောကြားလိုက်ပါတယ်။

လက်ရှိ အမေရိကန် နဲ့ တရုတ်အစိုးရ ဆက်ဆံရေးဟာ တင်းမာနေတာ ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဘေဂျင်းမြို့ကို လာရောက်မှာ ဖြစ်ပါတယ်။