ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာစစ်တပ်ကို အာဆီယံအဖွဲ့ဝင် တီမောမှာ တရားစွဲဆိုမှု ဘယ်လောက်လက်တွေ့ကျနိုင်လဲ
မြန်မာစစ်တပ်က စစ်ရာဇဝတ်မှု ကျုးလွန်တယ်လို့ဆိုပြီး စွပ်စွဲလာတဲ့တိုင်ကြားချက်အမှုကို အာဆီယံအဖွဲ့ဝင်သစ်နိုင်ငံဖြစ်လာတဲ့ တီမောလက်စတေနိုင်ငံရဲ့တရားရေးက ကိုင်တွယ်တော့မှာဖြစ်ပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်အာဏာပိုင်တွေရဲ့စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲပြီး ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က တီမော တရားရေးမှာ အမှုဖွင့် တိုင်ကြားခဲ့တာပါ။
ဇန်နဝါရီနောက်ဆုံးပတ်မှာ တီမောရှေ့နေချုပ်ရုံးက CHRO ရဲ့အမှုဖွင့်မှုကို လက်ခံခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်ကော်မရှင်ကတော့ တီမောရဲ့အဲဒီလိုလက်ခံမှုကို ကန့်ကွက်ရှုတ်ချပြီး တီမောဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ စွပ်စွဲပါတယ်။
ဒါအပြင် စစ်ကော်မရှင်က ရန်ကုန်မှာရှိတဲ့ တီမောသံရုံးအကြီးအကဲကို နေပြည်တော် နိုင်ငံခြားရေးဌာနကို ဆင့်ခေါ်ပြီး ရက်ပိုင်းအတွင်း မြန်မာကနေ ထွက်ဖို့ စာထုတ်ပါတယ်။
တီမောနိုင်ငံက အခုလိုအမှုလက်ခံလိုက်တာဟာ အာဆီယံပဋိညာဉ်ထဲမှာပါတဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့အရေးကို အခြားအဖွဲ့ဝင်နိုင်ငံက ဝင်မစွက်ဖက်ရဘူးဆိုတာနဲ့ စစ်တပ်ရဲ့စွပ်စွဲချက်နဲ့ ကိုက်ညီလား။ ဒီအမှုရဲ့နောက်ဆက်တွဲ အခင်းကျင်းက ဘယ်လိုဖြစ်လာနိုင်ပါသလဲ။
ဘာကြောင့် တီမောလဲ
ချင်းပြည်နယ်ထဲမှာ စစ်တပ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အဖွဲ့ဝင် ၁၀ ဦးကို ၂၀၂၃ ခုနှစ်တုန်းက ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲဆိုဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က ကြိုးစားခဲ့ဖူးပါတယ်။
ဒါပေမဲ့ အဲဒီအချိန်က ဖိလစ်ပိုင်တရားရေးဘက်ကို အမှုကို တင်ခဲ့ပြီး ခိုင်လုံ၊မလုံ စစ်ဆေးခဲ့တဲ့အဆင့်ကနေ နောက်ထပ်ထူးခြားမှုမရှိသေးတဲ့အခြေအနေဖြစ်ပါတယ်။ အခုတော့ တီမောနိုင်ငံ က မြန်မာစစ်တပ်နဲ့ သူ့ရဲ့အာဏာပိုင်တွေအပေါ် စွဲဆိုတဲ့အမှုကို လက်ခံတဲ့ ပထမဆုံးအာဆီယံနိုင်ငံဖြစ်လာပါတယ်။
ဘာကြောင့် တီမောနိုင်ငံကို ရွေးချယ်ခဲ့သလဲဆိုတာ ဒီအမှုမှာ လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ မြန်မာ့အရေးတာဝန်ခံမှုရှိစေရေး (MAP)အဖွဲ့ရဲ့အမှုဆောင် ဒါရိုက်တာ ခရစ္စဂန်းနက်စ်ကို ဘီဘီစီကမေးခွန်းထုတ်ခဲ့ပါတယ်။
"တီမော လက်စတေဟာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို အသိအမှတ်ပြု လက်ခံတယ်ဆိုတဲ့ဥပဒေ အခြေခံမျိုးရှိနေတဲ့အတွက်ဖြစ်ပါတယ်။ တီမောလက်စတေ နိုင်ငံရဲ့ရာဇသတ်ကြီးဥပဒေထဲမှာ Universal Jurisdiction ကို လက်ခံတဲ့ အကြောင်း အတိတကျ ထည့်သွင်းထားတဲ့ပုဒ်မတွေ ပါဝင်ပါတယ်" လို့ ခရစ္စဂန်းနက်စ်က ရှင်းပြပါတယ်။
တီမောနိုင်ငံဟာ ပေါ်တူဂီနဲ့ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ အုပ်ချုပ်မှုအောက်ကနေ လွတ်လပ်ရေးရခဲ့ပြီး နိုင်ငံရေးအရ ဖြတ်သန်းခဲ့ရတဲ့ခက်ခဲကြမ်းတမ်းတဲ့ သမိုင်းကြောင်းတွေကလည်း ချင်းလူမျိုးတွေနဲ့ ဆင်တူတယ်လို့ CHRO ရဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။
နောက်ပြီး တီမောသမ္မတရုံးခန်းကို အသွားလမ်းမှာ အာဆီယံနိုင်ငံတွေရဲ့ ခေါင်းဆောင်ဓာတ်ပုံတွေ ချိတ်ဆွဲထားတဲ့ အာဆီယံခန်းမှာ ဒေါ်အောင်ဆန်းစုကြည်ပုံကို ချိတ်ဆွဲထားတာကလည်း တီမော သမ္မတရဲ့ရပ်တည်ချက်ကို ပိုပြီးပေါ်လွင်စေခဲ့တယ်လို့ ခရစ္စဂန်းနက်စ်က ပြောပါတယ်။
တီမောလက်စတေနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံမှုအားကောင်းတဲ့ ဒေသတွင်းနိုင်ငံဖြစ်ပါတယ်။
ဒါကို စစ်ကော်မရှင်က လုံးဝလက်မခံဘဲ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စတေ သံရုံအကြီးအကဲကိုလည်း ခေါ်ယူသတိပေးခဲ့ဖူးပါတယ်။ အဲဒီကာလက တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင်ဖြစ်လာရေး စစ်ကော်မရှင်က ကန့်ကွက်ခဲ့ပါသေးတယ်။
ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်ဖြစ်လုနီးကာလမှာ တီမောက မြန်မာစစ်ကော်မရှင်နဲ့ နေပြည်တော်မှာ တွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပါတယ်။
တီမောနိုင်ငံက CHRO ရဲ့တိုင်ကြားမှုကို လက်ခံလိုက်တဲ့နောက်မှာတော့ ချင်းလူ့အခွင့်အရေးအဖွဲ့ကို တီမောလက်စ်တေနိုင်ငံက လက်ခံတွေ့ဆုံပြီး အားပေးအားမြှောက်ပြုတာဟာ မြန်မာပြည်တွင်းရေး ဝင်ရောက်စွက်ဖက်တာလို့ စစ်ကော်မရှင်က စွပ်စွဲပြောဆိုပါတယ်။
အာဆီယံပဋိညာဉ်ထဲမှာ ပါတဲ့ အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးဝင်မစွက်ဖက်ဘူးဆိုတဲ့အချက်ကိုလည်း ပြောင်ပြောင်တင်းတင်းချိုးဖောက်တယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။
တီမောဘက်ကတော့ စစ်ကော်မရှင်ရဲ့ ပြောဆိုမှုတွေကို တုံ့ပြန်မှု မလုပ်သေးပါဘူး။
တီမောသံရုံးအကြီးအကဲကို နှင်ထုတ်မှု ၂ ကြိမ်အထိရှိလာ
တီမောနိုင်ငံရဲ့သမ္မတက မြန်မာနိုင်ငံအရေးကို မကြာခဏ ဝင်ရောက်စွက်ဖက်နေလို့ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ တီမောသံရုံးအကြီးအကဲ မစ္စတာ မစ္စတာ အဲလီစီယို ဒို ရိုဆားရီရို ဒီ ဆော်ဆာကို ဖေဖော်ဝါရီ ၁၃ ရက်မှာ နေပြည်တော်ကို ဆင့်ခေါ် ပါတယ်။ အဲဒီနောက် သူ့ကို မြန်မာနိုင်ငံက အပြီးအပိုင်ထွက်ခွာဖို့ ညွှန်ကြားထားခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၅ ရက်မှာ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက် မတိုင်မီ မြန်မာကနေ အပြီးအပိုင်ထွက်ခွာဖို့ ညွှန်ကြားထားတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
တီမောနိုင်ငံရဲ့ ရပ်တည်ချက်သဘောထားတွေ အပြောင်းအလဲ မရှိပါက ပိုပြီး ပြင်းထန်တဲ့ အစီအမံတွေ ချမှတ်သွားမယ်လို့ စစ်ကော်မရှင်က အသိပေးပါတယ်။
တီမောလက်စတေအစိုးရက ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ တရားစွဲဆိုမှုကို လက်ခံကြည့်ရှုဖို့ ရှေ့နေတစ်ဦး ခန့်အပ်တာဝန်ပေးတဲ့သတင်းကလည်း " စိတ်ပျက်ဖွယ်ရာ " ဖြစ်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
အခုလို မြန်မာနိုင်ငံဆိုင်ရာ တီမော သံရုံးအကြီးအကဲကို နှင်ထုတ်တာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
၂၀၂၃ ခုနှစ်၊ သြဂုတ်လတုန်းကလည်း တီမောက အမျိုးသားညီညွတ်ရေးအစိုး (NUG)နဲ့ သံတမန်ရေးဆက်ဆံမှုတွေလုပ်လို့ ခေါ်ယူ သတိပေးမှုတွေရှိခဲ့ပြီး အဲဒီတုန်းက သံရုံးအကြီးအကဲနဲ့ တီမောနိုင်ငံသားသံဝန်ထမ်းတချို့ကို မြန်မာနိုင်ငံတွင်းကနေ ထွက်ခွာစေခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် အခုတစ်ကြိမ် တီမောသံရုံးအကြီးအကဲကို နေပြည်တော်က နိုင်ငံထဲကနေ ထွက်ခွာခိုင်းတာဟာ ၂ နှစ်ကျော်အတွင်းမှာ ဒုတိယအကြိမ်ဖြစ်လာပါတယ်။
ဒီမတိုင်ခင် ၂၀၂၅ ခုနှစ်၊ မေလပိုင်း ကတော့ အာရက္ခတပ်တော်(AA)နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ ထိတွေ့ဆက်ဆံမှုတွေကို စစ်ကော်မရှင်က ကန့်ကွက် ရှုတ်ချပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်အစိုးရက သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးနဲ့ စစ်သံမှူးတွေကို ပြန်ခေါ်ခဲ့ဖူးပါတယ်။ ဘင်္ဂလားဒေ့ရှ် - မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတလျှောက် ပထမဆုံးအကြိမ် နှစ်ဖက်သံတမန်ရေးတင်းမာမှုတွေ အမြင့်ဆုံးရောက်ခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနဲ့ စစ်သံမှူးတို့ဟာ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နှင်ထုတ်ခြင်း မခံရပေမဲ့ တီမောသံရုံအကြီးအကဲကတော့ မြန်မာကနေ ၇ ရက်အတွင်း ထွက်ဖို့ သတိပေးချက်ထုတ်ခံရပါတယ်။
ဒီအခြေအနေဟာ တီမောတရားရုံးရဲ့ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေအပေါ်မှာတော့ သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ CHRO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။
"လွတ်လပ်တဲ့ တီမောနိုင်ငံတရားစီရင်ရေးဖြစ်တဲ့အတွက်ကြောင့် တီမောနိုင်ငံအစိုးရကလည်း သူတို့ရဲ့ တရားရေးကို ဝင်ရောက်စွက်ဖက်တာ မလုပ်ဘူး။ သူတို့ တရားရေးနဲ့ အုပ်ချုပ်ရေးက သပ်သပ်စီဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးစွက်ဖက်မှု မဟုတ်ဘူးဆိုတာကို ထပ်လောင်းပြောချင်တယ်" CHRO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။
"သူတို့ (စစ်ကော်မရှင်) အခုလို တုံ့ပြန်လိုက်ခြင်းအားဖြင့် စစ်ရာဇဝတ်မှုတွေ ပြီးရင် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတာ တစ်ဖက်ကနေ ဝန်ခံတဲ့သဘောလို့ ယူဆလို့ရတယ်" လို့ သူက ပြောပါတယ်။
အာဆီယံပဋိညာဉ်ကို တီမောက ချိုးဖောက်သလား
မလေးရှားနိုင်ငံ၊ တက္ကသိုလ်တစ်ခုက အာဆီယံရေးရာစောင့်ကြည့်သူတစ်ဦးကတော့ အခုလို တရားစွဲဆိုမှုလက်ခံတာဟာ တီမောနိုင်ငံရဲ့တရားရေးရာသာဖြစ်ပြီး သံတမန်အရေးအရ ဝင်ရောက်စွက်ဖက်တယ်လို့ ပြောလို့မရကြောင်း ပြောထားပါတယ်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကလည်း အလားတူပြောပါတယ်။
"မစွက်ဖက်ရဘူးဆိုတာတော့ မှန်တယ်။ သံခင်း၊ တမန်ခင်းအရ မစွက်ဖက်တာလေ။ ဒါကတော့ Universal Jurisdiction ကို သွားတာဆိုတော့ တရားရုံးနဲ့ ပတ်သက်ပြီး ဖြစ်သွားတာကိုး။ အခုချိန်က စွက်ဖက်လို့ရတယ်ဆိုတဲ့အနေအထားလည်း မဟုတ်သေးဘူး။ အခုမှ ကနဦး process ပဲရှိသေးတာဖြစ်တဲ့အတွက် ဒါကို လက်ခံလိုက်တာက စွက်ဖက်ရာလည်း မရောက်သလို၊ အဲဒီအဆင့်လည်း နည်းနည်းလိုသေးတယ်" လို့ ဒေါ်ဇာလီအေးက ပြောပါတယ်။
တဖက်မှာလည်း တီမောမှာ တရားစွဲဆိုတာက တကယ်ထိရောက်သလားဆိုတဲ့ မေးခွန်းတွေထွက်လာပါတယ်။ နိုင်ငံတကာဥပဒေပညာရှင် ဦးအောင်ထူးကတော့ ချီလီနိုင်ငံ အာဏာရှင်ဟောင်း ပီနိုချေးကို ဗြိတိန်က ဖမ်းဆီးပြီး စပိန်ကို လွှဲပြောင်းပေးခဲ့တဲ့အမှုနဲ့ ဥပမာခိုင်းနှိုင်းပြီး ထိရောက်တယ်လို့ပြောပါတယ်။
ချီလီအာဏာရှင်ဟောင်းက ပီနိုချေးက သူကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ကျူးလွန်ခံရသူတွေ၊ တက်ကြွလှုပ်ရှားသူတွေက အပြည်ပြည်ဆိုင်ရာတရားစီရင်ခွင့် Universal Jurisdiction ကျင့်သုံးတဲ့စပိန်နိုင်ငံမှာ တရားစွဲခဲ့တဲ့ဥပမာဖြစ်ပါတယ်။
စပိန်နိုင်ငံက ဒီအမှုကို လက်ခံပြီး ချီလီနိုင်ငံအာဏာရှင် ပီနိုချေးကို ဖမ်းဝရမ်းထုတ်ခဲ့တာပါ။
"ချီလီ အာဏာရှင် ပီနိုချေးက သမ္မတပြုတ်သွားပြီးတဲ့အချိန်မှာ အထက်လွှတ်တော်အမတ်ဆက်ဖြစ်နေတယ်။ ပီနိုချေးက ချီလီကနေ လန်ဒန်ကို ဆေးသွားကုတယ်။ အဲအချိန်မှာ ချီလီက ကျူးလွန်ခံရသူတွေ၊ တက်ကြွလှုပ်ရှားသူတွေက Universal Jurisdiction သုံးတဲ့ စပိန်ကို သွားပြီး တရားစွဲတယ်။ စပိန်က ဒီအမှုကို လက်ခံပြီးတော့ ပီနိုချေးကို ဖမ်းဝရမ်းထုတ်လိုက်တယ်။ အဲဒီဖမ်းဝရမ်းကို လန်ဒန်ကို ပို့ခဲ့တယ်။" လို့ ဦးအောင်ထူးက ရှင်းပြပါတယ်။
"Sovereign Immunity ဆိုတဲ့ အချုပ်အခြာအာဏာပိုင်တွေ ကင်းလွတ်ခွင့်ပေါ့။ Sovereign ဖြစ်တုန်းကဖြစ်တဲ့ကိစ္စ ကျွန်တော့်ကို စွဲလို့မရဘူးဆိုပြီး ပီနိုချေးက ပြန်ငြင်းတယ်။ အတော်ကို အငြင်းခုန်ဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ လန်ဒန်က Sovereign Immunity က ကျန်တဲ့အမှုတွေမှာ တရားဝင်တယ်။ ဒီ The Greatest Crime Of International Concern လို့ခေါ်တဲ့ အပြင်းထန်ဆုံးအမှုမှာ အကျုံးမဝင်ဘူးဆိုပြီး ဖမ်းပြီးစပိန်ကို လွှဲပေးလိုက်တယ်"
CHRO ရဲ့ လိုလားချက်က ဘာလဲ
အခုဆိုရင် တီမောနိုင်ငံတရားရေးက ဒီအမှုကို စတင်စုံစမ်းစစ်ဆေးဖို့ အစိုးရတရားရုံးရှေ့နေကြီး တစ်ဦးကိုလည်း ခန့်အပ်ထားပြီလို့ CHRO က ပြောပါတယ်။ ဇန်နဝါရီလ ဒုတိယအပတ်ထဲမှာ CHRO က တီမောနိုင်ငံအစိုးရတရားရုံးမှာ တိုင်ကြားထားတဲ့ အဓိကဖြစ်ရပ်တွေကတော့ -
- ကိုယ်ဝန် ၇ လရှိနေတဲ့အမျိုးသမီးတစ်ယောက်ကို သူ့ခင်ပွန်းသည်ရဲ့ မျက်စိရှေ့မှာတင် အုပ်စုဖွဲ့ မုဒိန်းကျင့်မှု
- လူ ၁၀ ယောက် အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရမှု (၁၃ နှစ်အရွယ် ယောက်ျားလေး တစ်ယောက်နဲ့ သတင်းသမားတစ်ယောက် အပါအဝင် လူ ၈ ယောက်ဟာ လက်ပြန်ကြိုး တုပ်အနေအထားနဲ့ လည်လှီးသတ်ဖြတ်ခံခဲ့ရတယ်လို့ဆို)
- ဆေးရုံတစ်ခုကို လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံ သုံးတိုက်ခိုက်ခဲ့တာကြောင့် ဆေးဝန်ထမ်း ၄ ယောက်နဲ့ လူနာ ၄ ယောက် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်
- ခရစ်ယာန်သင်းအုပ်ဆရာတစ်ယောက်နဲ့ ဘုရားကျောင်းတာဝန်ရှိသူ ၃ ဦးသတ်ဖြတ်ခံခဲ့ရမှု
- ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ တရဆက်တိုက်ခိုက်ခံရမှုတို့ ဖြစ်ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကတော့ အမှုဟာ စတင်နေဆဲ ကာလဖြစ်လို့ ဒီအမှုရဲ့ ရှေ့အလားအလာကိုတော့ ပြောဖို့ စောသေးတယ်လို့ ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက နိုင်ငံရေးအကျဉ်းသားတွေရဲ့အမှုတွေလိုက်ပါဆောင်ရွက်ပေးသူလည်းဖြစ်သလို အပြည်အပြည်ဆိုင်ရာတရားရုံး (ICJ) ကြားနာမှုတွေကို လေ့လာစောင့်ကြည့်သူလည်းဖြစ်ပါတယ်။
"ဥပဒေရုံးကို တင်သွင်းထားတဲ့အဆင့်ဆိုတော့ ဘာအမှုပါ၊ ဘယ်ဥပဒေနဲ့ သွားမှာလည်းဆိုတာ မသိသေးဘူး။ စစ်ကော်မရှင်အနေနဲ့ ဘယ်လိုဖြစ်လာနိုင်လဲဆိုတာတော့ ပြောဖို့ စောသေးတယ်" တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။
CHRO က မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ ထိခိုက်နစ်နာသူတွေရဲ့ သက်သေထွက်ဆိုချက်တွေ၊ ဗီဒီယို ဓာတ်ပုံ သက်သေတွေအပါအဝင် သက်သေအချက်အလက်တွေအားလုံး တီမောတရားရေးဌာနဆီ တင်ပြထားတယ်လို့လည်း ဆိုပါတယ်။
အခုလို တီမော လက်စတေနိုင်ငံထဲ အမှုဖွင့်လိုက်နိုင်တာဟာ မြန်မာပြည်သူတွေအတွက် တရားမျှတမှု ရှာဖွေနိုင်ရေးမှာ အရေးကြီးတဲ့မှတ်တိုင်ဖြစ်တယ်လို့ MAP အဖွဲ့ကို ဦးဆောင်သူ ခရစ္စဂန်းနက်စ်က ဆိုပါတယ်။
ရာဇဝတ်မှုတိုင်ကြားခဲ့တဲ့ CHRO အဖွဲ့ ရဲ့ စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်ကတော့ " စစ်ဗိုလ်ချုပ်တွေကို လူ့အခွင့်အရေးချိုးဖောက်မှု၊ သတ်ဖြတ်မှုတွေမှာပါတဲ့သူတွေကို ချက်ချင်းဖမ်းပေးမယ်ဆိုတာတွေကို ကျွန်တော်တို့ မမျှော်လင့်ဘူး။ ဒါပေမဲ့ သူတို့လုပ်တဲ့ လူသတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ထပ်မလုပ်အောင် ရာဇသံပေးတယ်လို့တော့ ယူဆတယ်" လို့ ပြောပါတယ်။
"တခြားနိုင်ငံမဟုတ်ဘဲ၊ အာဆီယံနိုင်ငံဖြစ်တဲ့ အတွက် ပိုပြီး အရေးပါတယ်လို့ ယုံကြည်တယ်။ ... ဖျောက်ဖျက်လို့မရနိုင်တဲ့မှတ်တိုင်တစ်ခု တင်သွားတယ်"