ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၃ မှာ လက်တွေ့ ခေတ်စားလာနိုင်တဲ့ နည်းပညာတွေက ဘာတွေ ဖြစ်မလဲ
၂၀၂၃ မှာ လက်တွေ့ ခေတ်စားလာနိုင်တဲ့ နည်းပညာတချို့ကို ဘီဘီစီက ရွေးချယ်ခဲ့ရာမှာ နျူးကလီးယား ပေါင်းစည်းစွမ်းအင် နည်းပညာ၊ ကားပျံ တက္ကစီနဲ့ စမတ်ဖုန်းတွေအတွက် ဂြိုဟ်တု တိုက်ရိုက် သုံးနိုင်မှု တို့ ဖြစ်ပါတယ်။
နျူးကလီးယား ပေါင်းစည်းစွမ်းအင်
ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလ အစောပိုင်းမှာ အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ်က Lawrence Livermore National Laboratory မှာ ကမ္ဘာ့ပေါ်မှာ အားအပြင်းဆုံး စံချိန်တင်တဲ့ လေဆာ အသုံးပြု စမ်းသပ် အောင်မြင်မှုတခုက ရူပဗေဒ လောကနဲ့ တကွ ကမ္ဘာတလွှားကို စိတ်လှုပ်ရှားသွားစေခဲ့ပါတယ်။
အဲဒီ လေဆာကို ငရုတ်ကောင်းစေ့လောက်သာသာ ရှိတဲ့ လောင်စာကို ချိန်ရွယ် ပစ်ခတ်ပြီး လိုအပ်တဲ့ အပူချိန်နဲ့ ဖိအားဖြစ်ပေါ်စေခြင်းအားဖြင့် နျူးကလီးယား ပေါင်းစည်း စွမ်းအင်ကို ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီ နျူးကလီးယား ပေါင်းစည်းစွမ်းအင်ဟာ နေကို ရှင်သန်နေစေတဲ့ စွမ်းအင်လည်း ဖြစ်ပါတယ်။
ယခင်ကလည်း အခုလို စမ်းသပ်မှုမျိုး အဲဒီမှာပဲ လုပ်ခဲ့ဖူးပေမယ့် ဒီတကြိမ်မှာတော့ အသုံးပြုတဲ့ လေဆာစွမ်းအင်တဲ့ ပိုတဲ့ စွမ်းအင်ထွက်လာတာကတော့ အခုတကြိမ်မှ ဖြစ်ပါတယ်။
အခုလို လုပ်နိုင်တာဟာ နျူးကလီးယား ပေါင်းစည်း စွမ်းအင်ဆိုင်ရာ သုတေသီတွေအတွက် သမိုင်းမှတ်တိုင်တခုလည်း ဖြစ်ပါတယ်။
နျူးကလီးယား ပေါင်းစည်းစွမ်းအင်ကို အခြေခံထားတဲ့ ဓာတ်ပေါင်းဖိုတွေ အသုံးပြုပြီး လျှပ်စစ်စွမ်းအင် ထုတ်နိုင်ဖို့ အထိကတော့ အလှမ်းဝေးနေသေးပေမယ့် ရူပဗေဒ သဘောတရားအရ တကယ်လုပ်ကြည့်လို့ ဖြစ်နိုင်တဲ့အရာ ဖြစ်ကြောင်း လက်တွေ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ဓာတ်ပေါင်းဖို တကယ်လုပ်နိုင်ပြီ ဆိုရင် လောင်စာနည်းနည်းနဲ့ စွမ်းအင်များများထွက်အောင် လုပ်နိုင်မှာ ဖြစ်တဲ့အပြင် ကမ္ဘာ့ရာသီဥတုကို ဖောက်ပြန်စေတဲ့ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့ လည်း မထွက်စေတဲ့အတွက် အတော် စိတ်လှုပ်ရှားစရာကောင်းတဲ့ စွမ်းအင် ထုတ်လုပ်နိုင်မှု ဖြစ်လာမှာပါ။
နျူးကလီးယား အခြေခံဖြစ်ပေမယ့် လက်ရှိ သာမန် နျူးကလီးယား စွမ်းအင်သုံး ဓာတ်ပေါင်းဖိုတွေနဲ့ ယှဉ်ရင် နျူးကလီးယား အညစ်အကြေး မထွက်သလောက် နည်းပါးတဲ့ အကျိုးကျေးဇူးလည်း ရှိပါတယ်။
အခုလို လက်တွေ့ ဖြစ်လာနိုင်ဖို့အတွက် ဒါဇင်နဲ့ ချီတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေက ကြိုးစားနေကြရာမှာ ယူကေ အခြေစိုက် First Light Fusion ကုမ္ပဏီ တခုလည်း အပါအဝင် ဖြစ်ပါတယ်။
ယူကေနိုင်ငံ အောက်စဖို့ မြို့ အပြင်ဘက်မှာ ဒီနည်းပညာကို စမ်းသပ်နေတဲ့ ကုမ္ပဏီဟာ နျူးကလီးယား ပေါင်းစည်းမှု စွမ်းအင် ထွက်ပေါ်အောင် လုပ်ရာမှာ ထူးခြားတဲ့ နည်းလမ်းကို အသုံးပြုနေပါတယ်။
ဒီ ကုမ္ပဏီဟာ လေဆာအစား အလူမီနီယံပြားလေးတခုကို တစက္ကန့်ကို ကီလိုမီတာ ၂၀ အမြန်နှုန်းနဲ့ လောင်စာ ပစ်မှတ်ကို ပစ်ခတ်ပြီး နျူးကလီးယား ပေါင်းစည်း စွမ်းအင် ထွက်လာအောင် လုပ်တာဖြစ်ပြီး စမ်းသပ်မှု အပိုင်းတော့ အောင်မြင်ထားတယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ ၂၀၂၃ မှာတော့ ဒီ ကုမ္ပဏီဟာ Machine 4 လို့ ခေါ်တဲ့ ဓာတ်ပေါင်းဖို အကြီးစားတခုကို အသုံးပြုပြီး သုံးတဲ့ လောင်စာထက် ပိုထွက်တဲ့ နျူးကလီးယား ပေါင်းစည်း စွမ်းအင် ရရှိအောင်မြင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
First Light Fusion ဟာ တခြား ဒါဇင်နဲ့ချီတဲ့ ကုမ္ပဏီတွေနဲ့ အပြိုင် အရင်အောင်မြင်အောင် ကြိုးစားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံမှာတော့ ယခု ၂၀၂၃ အစောပိုင်းမှာ နျူးကလီးယား ပေါင်းစည်း စွမ်းအင်သုံး ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် ဘယ် ပုဂ္ဂလိက ကုမ္ပဏီက ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ရရှိမလဲ ဆိုတာကို ကြေညာမှာ ဖြစ်ပြီး ၂၀၃၀ အစောပိုင်းလောက်မှာ လက်တွေ့ အလုပ်ဖြစ်တဲ့ ဒီစွမ်းအင်သုံး ဓါတ်ပေါင်းဖိုတွေ စတင် ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။
ကားပျံ တက္ကစီ
ခရီးတို အသုံးပြုဖို့အတွက် ကားပျံ တက္ကစီတွေကို ပုံစံအမျိုးမျိုးနဲ့ စမ်းသပ် ထုတ်လုပ်ကြည့်နေကြတာ ကာလအတော်ကြာပြီ ဖြစ်ပါတယ်။
ကားပျံ တက္ကစီဆိုတဲ့နေရာမှာ လေယာဉ်လို အရှိန်ယူတက်ရတဲ့ အမျိုးအစားတွေလည်း ထုတ်လုပ်ကြတဲ့အထဲမှာ ပါဝင်ခဲ့ပြီး လက်ရှိ အချိန်မှာတော့ ရဟတ်ယာဉ်လို ဆင်းတက်နိုင်ပြီး ပုံမှန် ရဟတ်ယာဉ်လို အသံဆူညံမှုမရှိပဲ ကုန်ကျစရိတ်လည်း ပိုနည်းမယ့် လျှပ်စစ်သုံး ကားပျံ တက္ကစီတွေ လက်တွေ့ ပြေးဆွဲလာနိုင်ခြေ ရှိနေပါတယ်။
ဒီလို ယာဉ်အမျိုးအစားကို ဒေါင်လိုက် ဆင်းတက်နိုင်တဲ့ လျှပ်စစ်ယာဉ် (eVTOL – electric vertical take-off and landing vehicle) လို့ အမည်ပေးထားကြပြီး ဒါတွေကို ထုတ်လုပ်ဖို့ လုပ်နေတဲ့ ကုမ္ပဏီတွေ ကမ္ဘာတလွှားမှာ ဒါဇင်နဲ့ချီပြီး ရှိနေပါတယ်။
ဒီလို ယာဉ်တွေရဲ့ လျှပ်စစ်မော်တာတွေ မောင်းနှင်မှုနဲ့ ထိန်းသိမ်းမှုက သမားရိုးကျ ရဟတ်ယာဉ်တွေရဲ့ အင်ဂျင် မောင်းနှင် ထိန်းသိမ်းမှုထက်လည်း သက်သာတဲ့အပြင် အသံဆူညံမှုလည်း သက်သာပြီး ကာဗွန်ထုတ်လွှတ်မှုလည်း မရှိဘူးလို့ ဆိုပါတယ်။
ယူကေနိုင်ငံ ဘရစ်စတိုမြို့ အခြေစိုက် Vertical Aerospace ကုမ္ပဏီဟာ အခုလို ကားပျံ တက္ကစီ ထုတ်လုပ်မယ့် ကုမ္ပဏီတွေထဲက တခုဖြစ်ပါတယ်။
ဒီ ကုမ္ပဏီရဲ့ VX4 ယာဉ်ဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ အမြင့်ပျံ အမြန်နှုန်းနဲ့ အစမ်းပျံသန်းမှု အပါအဝင် အစမ်းပျံသန်းမှု အမျိုးမျိုး ပြုလုပ်မှာ ဖြစ်ပြီး နောက်လာမယ့် ၂ နှစ်အတွင်း ခရီးသည်တင် ပြေးဆွဲခွင့်ရအောင် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
Vertical Aerospace မှာလည်း သူနဲ့ အပြိုင်လုပ်နေတဲ့ eVTOL ကုမ္ပဏီတွေ ရှိနေပြီး ဂျာမနီက Volocopter ဆိုတဲ့ ကုမ္ပဏီကလည်း ၂၀၂၄ မှာ သူတို့ရဲ့ VoloCity အမျိုးအစား ယာဉ်ကို ခရီးသည်တင် ပြေးဆွဲခွင့်ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
Volocopter ဟာ လက်ရှိ ၂၀၂၃ မှာ သူတို့ ရဲ့ VoloCity ယာဉ်ကို အများသူငါ ရှေ့မှာ စမ်းသပ်မှုတွေ ပြုလုပ်ပြီး ၂၀၂၄ မှာ စင်္ကာပူ၊ ပါရီနဲ့ ရောမမြို့တွေမှာ စတင်ပြေးဆွဲနိုင်ဖို့အထိ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
လက်ရှိ ၂၀၂၃ မှာပဲ eVTOL အမျိုးအစားသစ်ကို တည်ဆောက်မယ့် ကုမ္ပဏီကတော့ ဂျာမနီ အခြေစိုက်ပဲ ဖြစ်တဲ့ Lilium ကုမ္ပဏီ ဖြစ်ပြီး ဒီ ကုမ္ပဏီဟာ ၂၀၁၇ ကစလို့ ဒီလို ယာဉ်ပုံစံသစ် ငါးမျိုး တည်ဆောက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
Lilium eVTOL ရဲ့ ထူးခြားချက်ကတော့ Vertical Aerospace နဲ့ Volocopter တို့လို လျှပ်စစ်ပန်ကာ သုံးမှာ မဟုတ်ပဲ လျှပ်စစ်ဓါတ်အားသုံး ဂျက်အင်ဂျင် အသေးစား အခု ၃၀ လောက်က တပြိုင်နက် ဒေါင်လိုက်နဲ့ အလျားလိုက် ပြောင်းလဲ မောင်းနှင်ကြခြင်းအားဖြင့် အပေါ်အတက်နဲ့ အရှေ့ ပျံသန်းမှုကို လုပ်နိုင်ဖို့ ပုံစံထုတ်ထားတာ ဖြစ်ပါတယ်။
ဒီကားပျံ တက္ကစီ ထုတ်မယ့် ကုမ္ပဏီတွေအားလုံး ကြုံရမယ့် အဓိက အခက်အခဲကြီးကတော့ လေကြောင်းစည်းကြပ်ရေး အာဏာပိုင်တွေဆီကနေ အမှန်တကယ် ခရီးသည်တင် ပြေးဆွဲခွင့် ရရှိဖို့ ဖြစ်ပြီး တင်းကျပ်တဲ့ လိုက်နာရမှုတွေနဲ့ အတူ ကုန်ကျစရိတ်လည်း ကြီးမားပြီး နှစ်နဲ့ ချီလည်း ကြာနိုင်ပါတယ်။
စမတ်ဖုန်းတွေအတွက် ဂြိုဟ်တု တိုက်ရိုက်သုံးနိုင်မှု
လက်ကိုင် စမတ်ဖုန်းတွေ အသုံးပြုရာမှာ ချမ်းသာတဲ့ နိုင်ငံကြီးတွေမှာတောင် ဖုန်းလိုင်း ကောင်းကောင်း မမိတဲ့ နေရာမျိုးတွေ ရှိတတ်ပါတယ်။
ဒါ့အပြင် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေနဲ့တကွ ဖုန်းလိုင်းကောင်းဖို့ အတွက် လိုအပ်တဲ့ တာဝါတိုင် ကောင်းကောင်းနဲ့ များများမရှိတဲ့ နေရာဒေသတွေလည်း ရှိနေရာမှာ လက်ကိုင်ဖုန်းတွေကို အာကာသထဲက ကမ္ဘာကို ပတ်နေတဲ့ ဆက်သွယ်ရေး ဂြိုဟ်တု တိုက်ရိုက်အသုံးပြုပြီး ဆက်သွယ်နိုင်ဖို့ လုပ်နေသူတွေ ရှိလာပါတယ်။
အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် အခြေစိုက် AST SpaceMobile ကုမ္ပဏီဟာ လက်ကိုင်ဖုန်း ခေါ်ဆိုမှု သက်သက်ကနေ စပြီး 4G ဖုန်းအင်တာနက် အမြန်နှုန်းထက် ၁၀ ဆ လောက် ပိုမြန်နိုင်တဲ့ 5G အမြန်နှုန်းနဲ့ ဖုန်းနဲ့ အင်တာနက်သုံးမှုတွေကို ဂြိုဟ်တုနဲ့ တိုက်ရိုက်ချိတ်ဆက် အသုံးပြုနိုင်မယ့် နည်းပညာကို ဖော်ဆောင်နေပါတယ်။
ဒီ AST SpaceMobile ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ပေးနေတဲ့ ကုမ္ပဏီတွေထဲမှာ လက်ကိုင်ဖုန်း နယ်ပယ်မှာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Vodafone နဲ့ AT&T ကုမ္ပဏီကြီးတွေလည်း အပါအဝင် ဖြစ်ပါတယ်။
ဒီ ကုမ္ပဏီဟာ လောလောဆယ်မှာ ကမ္ဘာပတ် ဂြိုဟ်တုလမ်းကြောင်း အနိမ့်ပေါ်မှာက ဂြိုဟ်တုတလုံးနဲ့ စမ်းသပ်နေပြီ ဖြစ်ပြီး လက်ရှိ ၂၀၂၃ မှာ နောက်ထပ် ဂြိုဟ်တု ငါးလုံးအထိ လွှတ်တင် စမ်းသပ်ဖို့ ပြင်ဆင်နေပါတယ်။
၂၀၂၄ မှာတော့ ဒီကုမ္ပဏီဟာ တကမ္ဘာလုံးက လက်ကိုင်ဖုန်းတွေက လှမ်းအသုံးပြုနိုင်ဖို့အတွက် ဂြိုဟ်တု အလုံး ၁၀ဝ လွှတ်တင်ဖို့ မျှော်မှန်းထားပါတယ်။
AST ကုမ္ပဏီဟာ အခုလို ဂြိုဟ်တုသုံး ဖုန်းဝန်ဆောင်မှုကို ဖုန်းသုံးမယ့်သူကို တိုက်ရိုက်ရောင်းချမှာ မဟုတ်ဘဲ ဖုန်းကွန်ရက်နဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကို အပိုဆောင်း ဝန်ဆောင်မှု အနေနဲ့ ရောင်းချမယ်လို့ ဆိုပါတယ်။
ဒီကုမ္ပဏီဟာ အီလွန်မတ်က်စ်ရဲ့ Starlink ဂြိုဟ်တုသုံး အင်တာနက်ဝန်ဆောင်မှုပေးတာနဲ့ အပြိုင်အဆိုင်ဖြစ်လာနိုင်ပြီး Starlink ဂြိုဟ်တုအင်တာနက်သုံးချင်ရင် စလောင်းပြား အသေးစားလေးသုံးမှ Starlink ဂြိုဟ်တုကို ချိတ်လို့ ရတာ ဖြစ်ပါတယ်။